အထက်ဘုံနံပါတ်တစ်
Vol. 124 Ch. 1723
ချင်လင်း၏ အရှိန်အဝါက အားကောင်းလွန်းသည်။ မိုးပြာမဟာဧကရာဇ်သည် ၎င်းအရှိန်အဝါကို ရုတ်ခြည်း အာရုံခံနိုင်ပေသည်။ သို့သော် ကျန်းရီ၏ အရှိန်အဝါက အားမကောင်းရာ ချင်လင်း၏ အရှိန်အဝါ၏ ဖုံးလွှမ်းမှုကို ခံထားရသည်။ ထို့ကြောင့် သူ့အရှိန်အဝါကိုတော့ မိုးပြာမဟာဧကရာဇ် အာရုံမခံမိပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရီက ချင်လင်းနှင့် ရှိနေရမည် တစ်ထစ်ချတွက်ကာ မိုးပြာမဟာဧကရာဇ်သည် အနောက်ဘက်သို့ လိုက်သွားလေသည်။
ဝှစ်...ဝှစ်...
သစ်ကိုင်းက မိုင်သန်းဆယ်ချီ ပျံသန်းပြီးသွားပေပြီ။ သို့တစေ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ပျံသန်းနေသေးသည်။ ဟင်းလင်းပြင်ထဲတွင် အာကာသလှိုင်းများ ပေါ်လာလျှင် သစ်ကိုင်းသည် ၎င်းလှိုင်းများကို အလိုလိုရှောင်ကွင်းပြီးလျှင် မူလလမ်းကြောင်းအတိုင်း ဆက်သွားပေသည်။
သစ်ကိုင်း၏ အမြန်နှုန်းကြောင့် ကျန်းရီ မျက်လုံးပင် မဖွင့်နိုင်ပေ။ သူသည် လွတ်ထွက်မသွားစေရန် သစ်ကိုင်းကိုင်သာ တင်းကြပ်စွာ ဖက်တွယ်ထားသည်။ သစ်ကိုင်းက သူ့ကို ဘုံတစ်ခုနှင့် ဝင်ဆောင့်စေမည်ဆိုလျှင်ပင် သူ အရေးမစိုက်ပေ။
ငါးမိနစ်၊ ဆယ်မိနစ်၊ တစ်နာရီ... နှစ်နာရီ...
ကျန်းရီသည် အချိန်မည်မျှ ကြာသွားပြီဖြစ်ကြောင်းကိုပင် မသိတော့ပေ။ နောက်ဆုံးတွင် သစ်ကိုင်းက စတင်၍ အရှိန်လျော့လာသည်။ အလင်းရောင်လည်း မှိန်လာသည်။ ထို့နောက် သစ်ကိုင်းက ခွမ်းခနဲ ကွဲသွားပြီး ကျန်းရီတစ်ယောက် အာကာသထဲ လွင့်မျောသွားလေသည်။
ဟူး...
ကျန်းရီသည် သူ့ပတ်ပတ်လည်ရှိ မည်းမှောင်နေသော အာကာသဟင်းလင်းပြင်ကို ကြည့်ရင်း အေးချမ်းငြိမ်သက်မှုကို ခံစားလိုက်ရပြီး သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်သည်။
ကျန်းရီသည် ငှက်တောင်ပျံတပ်မှနေ၍ ယန်ကိုးပါးတောင်ကြား၊ ထိုမှတဆင့် အာကာသထဲ၊ ၎င်းနောက် လုံထန်ဆန်းကြယ်နယ်မြေဆီ၊ ပြီးလျှင် အဆိပ်နတ်ဆိုးမြေရိုင်းသို့ သွားခဲ့ရသည်။ နောက်ဆုံးတွင် သူသည် နတ်ဘုရားရှောင်တိမ်းအဆောင်ကိုသုံး၍ မိုးပြာသူရိန်တောင်ထွတ်သို့ ဆက်သွားသည်။ မိုးပြာသူရိန်တောင်ထွတ်သို့ ရောက်သောအခါ မိုးပြာမဟာဧကရာဇ်တောင်ထွတ်ဆီသို့ သတ်ဖြတ်၍ သွားခဲ့သည်။ မိုးပြာမဟာဧကရာဇ်တွင်လည်း သတ်ဖြတ်မှုများ လုပ်ခဲ့သည်။ ပြီးနောက် မိုးပြာမဟာဧကရာဇ် ရောက်မလာခင်လေးတွင် ချင်လင်းက သူ့ကို ကယ်ခဲ့သည်။ ယခုတွင် သူ အာကာသထဲသို့ ပြန်ရောက်လာပေပြီ။
ကျန်းရီသည် သူတွေ့ကြုံခဲ့ရသည်များက အိပ်မက်လိုလို၊ အစစ်အမှန်လိုလို ခံစားမိနေ၏။ သူ လွတ်လာခဲ့သည်ကိုလည်း မယုံနိုင်ဖြစ်နေသည်။ သူသည် အချိန်တိုလေးအတွင်း များစွာတွေ့ကြုံခဲ့ရသည်။ လူများစွာကို သတ်ဖြတ်ခဲ့သည်။ ဖိအားများစွာကို တောင့်ခံခဲ့သည်။ ယင်းတို့က သူ့အား ကိုယ်ရောစိတ်ပါ ပင်ပန်းနေစေပေသည်။
သို့သော် ချင်လင်းက သူ့ကို ကယ်ရန်အတွက် မိုးပြာမဟာဧကရာဇ်၏ လိုက်သတ်မှုကို ခံနေရကြောင်း တွေးမိသောအခါ ကျန်းရီ ခေါင်းခါ၍ စိတ်ကို ပြန်စုစည်းလိုက်သည်။ သူသည် အလောင်းကြီးကို ထုတ်၍ ၎င်း၏ကိုယ်ထဲသို့ မိုးမြေစွမ်းအား ထည့်သွင်းကာ ၎င်းအား မြောက်ဘက်သို့ တစ်ဖြောင့်တည်း ပျံသန်းသွားစေလိုက်လေသည်။
အလောင်းကြီးမှာ ရုပ်သေးတစ်ရုပ်ပင်။ ဤလောကထဲရှိ စွမ်းအားအကြီးဆုံး ရုပ်သေးရုပ်ဟု ဆိုနိုင်သည်။ ကျန်းရီက အမိန့်ပေးလိုက်သည်နှင့် အလောင်းကြီးက ချက်ချင်း အမိန့်နာခံသည်။ ကျန်းရီသည် ကိုယ်တိုင်ပျံသန်းရန်ပင် မလိုဘဲ အလောင်းကြီး၏ ပခုံးထက်တွင် တင်ပျဉ်ခွေထိုင်လျက် အနားယူရင်းသာ လိုက်ပါသွားပေသည်။
အာကာသထဲတွင် ပျံသန်းရခြင်းက အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်။ အာကာသက အလွန်မှောင်မည်းတိတ်ဆိတ်နေရာ လူတစ်ယောက်ကို အထီးကျန်စေသည်။ ပတ်ဝန်းကျင်ဖိအားများကလည်း လူကို ရူးသွပ်၍ပင် သွားစေနိုင်သည်။ ထို့ပြင် ယခုတွင် ကျန်းရီက စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်ဖြစ်ရာ သူ စိတ်ဓာတ်ပြိုလဲလုနီးနီးပင်ဖြစ်နေပေသည်။
တစ်နာရီကြာပြီးနောက် ကျန်းရီ သတိပြန်ကပ်လာသည်။ သူက ကိုယ်တိုင်ပျံသန်းရန် မလိုဘဲ အလောင်းကြီး၏ ပခုံးထက်တွင် တင်ပျဉ်ခွေထိုင်၍ လိုက်လာရ၍သာ တော်သေးသည်။ ထို့ကြောင့် သူ အနားယူချိန် ရပေသည်။
ကျန်းရီသည် လွင့်မျောနေသော အတွေးရိုင်းအားလုံးကို ဖယ်ရှားလိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ချင်လင်းက သူ့ကို ပေးခဲ့သော ဆန်းကြယ်စွမ်းရည်ကို စတင်ကျင့်ကြံလိုက်သည်။
ချင်လင်းက ကျန်းရီကို လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခု ပေးခဲ့သည်။ ယခုတွင် သူ့၌လည်း ထိုနည်းလမ်းသာရှိတော့သည်။ သူ ကောင်းကင်မိစ္ဆာဘုံထဲ မဝင်နိုင်လျှင် လောကအဆုံးအထိ ပြေးမည်ဆိုလျှင်ပင် မိုးပြာမဟာဧကရာဇ်က သူ့ကို လိုက်လံသတ်ဖြတ်နိုင်ပေသေးသည်။
ချင်လင်း၏ ပြောစကားအရ ကောင်းကင်မိစ္ဆာဘုံမှာ မိစ္ဆာမျိုးနွယ်၏ဘုံပင်။ အလွန်ထူးခြားသော နေရာတစ်ခုဟုလည်းဆိုသည်။ မည်သည့်လူသားကမှ ထိုဘုံအကြောင်းကို သိမထား။ အကယ်၍ ကျန်းရီသာ ကောင်းကင်မိစ္ဆာဘုံသို့ သွားနိုင်လျှင် မိုးပြာမဟာဧကရာဇ်က သူ့အား ရှာတွေ့လိမ့်မည် မဟုတ်ချေ။
သို့သော် ကောင်းကင်မိစ္ဆာဘုံက မိစ္ဆာမျိုးနွယ်၏ဘုံ ဖြစ်ရာ လူသားတစ်ယောက်ဖြစ်သော ကျန်းရီအနေဖြင့် ထိုဘုံသို့ရောက်သည်နှင့် ချက်ချင်း အဖမ်းခံရပြီး သူလျှိုတစ်ယောက်ဟု စွပ်စွဲခံရလျက် နေရာမှာပင် အသတ်ခံလိုက်ရနိုင်သည်။ သို့ဖြစ်ရာ ကျန်းရီသည် အဆိပ်နတ်ဆိုးမြေရိုင်းသို့ မရောက်ခင် ချင်လင်းပေးလိုက်သော ဆန်းကြယ်စွမ်းရည်ကို တတ်မြောက်နေမှ ရပေလိမ့်မည်။ သူ ကောင်းကင်မိစ္ဆာဘုံသို့ ဘေးကင်းကင်းနှင့် ရောက်နိုင်၊ မရောက်နိုင်မှာမူ သူထိန်းချုပ်နိုင်သောအရာ မဟုတ်ပေ။ သူအနေဖြင့် အကောင်းဆုံးသာ ကြိုးစားနိုင်ပြီး ကျန်အရာများကို ကောင်းကင်၏လက်ထဲသာ လွဲပေးထားရပေမည်။
“ဝိညာဉ်တံလျှပ်စွမ်းရည်”
ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို လက်ကကိုင်ရင်း အာရုံစိုက်ကာ တွေးတောနေ၏။ မကြာခင်တွင် သူသည် ဆန်းကြယ်စွမ်းရည်ကို ဦးနှောက်ထဲတွင် အကြိမ်များစွာ အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးသွားသည်။ ထိုဆန်းကြယ်စွမ်းရည်က သူ၏ ရုပ်သွင်နှင့် အရှိန်အဝါကို ပြောင်းလဲပေးနိုင်သော စွမ်းရည်တစ်ခုပင်။
ကျန်းရီ အတန်ငယ် အံ့ဩနေသည်။ သူ့တွင်လည်း ထိုစွမ်းရည်နှင့်ဆင်တူသည့် သူ့အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သော စွမ်းရည်တစ်ခုရှိသည်။ သို့သော် သူ၏ရန်သူများက ပို၍စွမ်းအားကြီးလာနေသဖြင့် ထိုဆန်းကြယ်စွမ်းရည်၏ အသုံးဝင်မှုက လျော့ကျခဲ့ရသည်။ ထိုဆန်းကြယ်စွမ်းရည်မှာလည်း သူ၏ ရုပ်သွင်နှင့် အရှိန်အဝါကို ပြောင်းလဲပေးနိုင်ပြီး ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ဟု ခေါ်ပေသည်။
ဝိညာဉ်တံလျှပ်စွမ်းရည်က ပုံရိပ်ယောင်စွမ်းရည်တစ်ခုသာလော။ ထိုစွမ်းရည်မှနေ၍ သူက အဘယ်သို့ မိစ္ဆာအရှိန်အဝါကို ရမည်နည်း။ ယင်းက ပုံရိပ်ယောင်စွမ်းရည်တစ်ခုသာ ဆိုလျှင် အကယ်၍ စွမ်းအားကြီးသော မိစ္ဆာများနှင့် တွေ့ဆုံရလျှင် သူ့အကြောင်း ပေါ်မသွားနိုင်သလော။
‘အများကြီး အရေးစိုက်မနေတော့ဘူးကွာ။ အရင်ဆုံး ကျင့်ကြံကြည့်တာပေါ့။ ငါ့မှာ အချိန် နေ့တစ်ဝက်ပဲရှိတယ်။ လမ်းမှာ ဘာတွေမှားသွားနိုင်မလဲဆိုတာ ဘယ်သူသိမလဲ’
ကျန်းရီသည် သူ့ခေါင်းထဲမှ အတွေးများကို ဖယ်ရှားလိုက်၏။ ချင်လင်းက သူ့အား အန္တရာယ်မပေးလောက်သလို လိမ်လည်း မလိမ်လောက်ပေ။ ထိုဆန်းကြယ်စွမ်းရည်ကို ကျင့်ကြံလျှင် သူ့အတွက် သေချာပေါက် အကျိုးရှိပေလိမ့်မည်။
ကျန်းရီက အတော်လေး ကံကောင်းသည်။ နတ်ဘုရားသစ်ရွက် ရှိနေ၍ သူ၏ သိမြင်နားလည်နိုင်စွမ်းက အလွန်မြန်နေသည်။ ထို့ပြင် ထိုဝိညာဉ်တံလျှပ်စွမ်းရည်က ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်နှင့် အတန်ငယ် ဆင်တူသည်။ သို့သော် ဝိညာဉ်တံလျှပ်စွမ်းရည်မှာ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ထက် ပိုအစွမ်းထက်ပြီး အဆတစ်ထောင်၊ အဆတစ်သောင်းလောက်လည်း ပိုရှုပ်ထွေးပေသည်။
ကျန်းရီသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်ထား၏။ ထို့ကြောင့် ဝိညာဉ်တံလျှပ်စွမ်းရည်၏ ကနဦးအဆင့်ကို အလွယ်တကူပင် နားလည်သွားသည်။ ထိုဆန်းကြယ်စွမ်းရည်ကို အပြည့်အဝ နားလည်နိုင်ရန် နေ့တစ်ဝက်လောက်သာ လိုမည်ဖြစ်ကြောင်း သူ ယုံကြည်မှုရှိပေသည်။
***
ကျန်းရီက အာကာသထဲတွင် ပျံသန်းနေချိန်၌ မိုးပြာမဟာဧကရာဇ်က ချင်လင်းနောက်သို့ အသည်းအသန် လိုက်နေပေသည်။
ချင်လင်းက အပြောကြီးခဲ့ခြင်း မဟုတ်ပေ။ နာရီများစွာ လိုက်ပြီးနောက်တွင်ပင် မိုးပြာမဟာဧကရာဇ်က သူမကို လိုက်မမီသေးချေ။ မိုးပြာမဟာဧကရာဇ်က နီးကပ်လာတိုင်း ချင်လင်းသည် ကျန်းရီကို အဝေးသို့ ပို့ခဲ့သည့် ဆန်းကြယ်စွမ်းရည်ကို ထုတ်သုံး၏။ ထိုအခါ သစ်ကိုင်းတစ်ကိုင်း ထွက်ပေါ်လာပြီး သူမက အဝေးသို့ လျင်မြန်စွာ ပျံထွက်သွား၍ မိုးပြာမဟာဧကရာဇ်ကို အလွယ်တကူ နောက်ကောက်ချချန်ခဲ့ပေသည်။
‘သစ်ဓာတ်မူလဇာစ်မြစ်’
မိုးပြာမဟာဧကရာဇ်သည် မအံ့ဩပေ။ ချင်လင်း၏ ထိုစွမ်းရည်ကို သူ ကောင်းစွာသိသည်။ ယင်းမှာ ချင်လင်း နှစ်ပေါင်းများစွာ ကျင့်ကြံထားသော သစ်ဓာတ်မူလဇာစ်မြစ်သာ။ ၎င်းစွမ်းရည်ကို အသုံးပြုလျှင် သူမ၏ အင်အားနှင့် အမြန်နှုန်းက တိုးတက်သွားမည်ဖြစ်သည်။
သို့သော် ချင်လင်းထံ၌ သစ်ဓာတ်မူလဇာစ်မြစ်အနည်းငယ်သာ ရှိကြောင်း မိုးပြာမဟာဧကရာဇ်သိသည်။ သူမက နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့လျှင်ပင် သစ်ဓာတ်မူလဇာစ်မြစ်ကို အများအပြား ရမထားနိုင်ပေ။ ၎င်းတို့ ကုန်သွားလျှင် သူမ မည်သည့်နေရာသို့ ပြေးနိုင်ပါဦးမည်နည်း။
ကျန်းရီက ချင်လင်းနှင့်အတူ ရှိမနေပေ။ မိုးပြာမဟာဧကရာဇ် သံသယအနည်းငယ် ဖြစ်လာသည်။ ချင်လင်းက ကျန်းရီကို ဝှက်ထားခဲ့ခြင်းလော။ သို့မဟုတ် သူမ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်ထားခြင်းလော။ သို့သော် ဤမျှကြာအောင် လိုက်လာပြီးမှ မိုးပြာမဟာဧကရာဇ် မည်သို့ လက်လျှော့နိုင်တော့မည်နည်း။ သူ လျှပ်တပြက်ပြောင်းရွှေ့စွမ်းရည်ကို အသုံးပြု၍သာ ချင်လင်းနောက်သို့ ဆက်လိုက်ရပေမည်။
အဆိပ်နတ်ဆိုးမြေရိုင်းထဲတွင် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က တောက်နုနှင့် တောက်လန်တို့ကို ဆွဲထားကြဆဲပင်။ တောက်နူမှာမူ ရှေးဟောင်းနယ်မြေထဲမှ ပြန်ထွက်လာပြီဖြစ်သည်။ အချိန်အတော်ကြာခဲ့ပြီဖြစ်၍ တောက်နုက အောင်မြင်သွားလောက်ပြီဟု တွေးကာ တောက်နူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်းကို စိတ်လှုပ်ရှားစွာ သိလိုနေပေသည်။
“ဘာ...”
ရှေးဟောင်းနယ်မြေထဲမှ ထွက်လာသောအခါ တောက်နူ၏ ကျောက်စိမ်းအဆောင်က အဆက်မပြတ် လင်းလက်လာ၏။ သူ ၎င်းကို ကြည့်လိုက်ပြီးနောက် မျက်နှာက အလွန်ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။ သူသည် ဒေါသတကြီးနှင့် သူ့အရှေ့ရှိ တောင်ထွတ်တစ်ခုကိုလည်း လက်သီးဖြင့် နှစ်ခြိမ်းထိုးခွဲလိုက်သည်။
ချင်လင်းက ကျန်းရီကို မိုးပြာမဟာဧကရာဇ်မြို့ထဲမှနေ၍ ကယ်ထုတ်သွားသည်မှာ ဆယ့်နှစ်နာရီလောက် ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းများက ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးတွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့နေပေပြီ။
တောက်မျိုးနွယ်က ယန်ကိုးပါးစစ်တပ်ထဲတွင် သူလျှိုထည့်ထားနိုင်သလို မျိုးနွယ်အသီးသီးကလည်း မိုးပြာမဟာဧကရာဇ်စစ်တပ်ထဲတွင် သူလျှိုများ ထည့်ထားနိုင်ပေသည်။ မိုးပြာမဟာဧကရာဇ်မြို့ထဲရှိ မျိုးနွယ်အသီးသီးမှ သူလျှိုများ၏ အရေအတွက်က အနည်းဆုံး တစ်သောင်းလောက်ရှိပေမည်။ သူတို့ထဲမှ အချို့မှာ ကျန်းရီကြောင့် မီးလောင်သေဆုံးသွားခဲ့ကြသည်။
ထိုသို့သော ကိစ္စကြီးတစ်ခု ဖြစ်ခဲ့ရာ အခြေအနေများ တည်ငြိမ်လာပြီးနောက်တွင် အသက်ရှင်ကျန်ခဲ့သော သူလျှိုများသည် သူတို့၏ မျိုးနွယ်များဆီသို့ သတင်းပြန်ပို့ကြသည်မှာ ပုံမှန်သာဖြစ်သည်။ မကြာခင်မှာပင် ထိုသတင်းသည် နှင်းပွင့်များအလား ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးတွင် ပျံ့နှံ့သွားပေသည်။
ဘုံတစ်ခုလုံး တုန်လှုပ်သွားသည်။
ယန်ကိုးပါးမြို့မှနေ၍ အထက်ဘုံသို့ သွားသည့် တည်နေရာပြောင်းရွှေ့အစီအရင်မှာလည်း လင်းလက်နေသည်။ ထိုသတင်းသည် ဟွင့်သွမ့်ပင်လယ်သို့ ပျံ့နှံ့သွားပြီး ထိုမှတဆင့် အထက်ဘုံသို့ ရောက်ရှိသွားသည်။ အထက်ဘုံတစ်ခုလုံးလည်း တုန်လှုပ်သွားပေသည်။
သိမ်းငှက်စိမ်းဘုရင်ပင် အံ့အားသင့်နေသည်။ သူသည် အခန်းအောင်းကျင့်ကြံရာမှ ထွက်လာပြီးနောက် တင်ပြချက်များကို အချိန်အတော်ကြာအောင် ဖတ်ရှုနေသည်။ သတင်းကို အကြိမ်ကြိမ် အတည်ပြုပြီးလျှင် သူ ကောင်းကင်ထက်သို့ မော့ကြည့်၍ သက်ပြင်းချကာ ရေရွတ်လိုက်သည်။
“အဲ့တုန်းက ကောင်လေးက တကယ်ပဲ မိုးပြာမဟာဧကရာဇ်မြို့ကို သွေးနဲ့ဆေးခဲ့ပြီလား။ ခေတ်တွေက တကယ်ပြောင်းလဲသွားပြီလား။ အထက်ဘုံနံပါတ်တစ်ဖြစ်တဲ့ ငါကတော့ ကောင်းကင်ဘုံကိုတောင် မသွားရဲဘူးတဲ့လား...”
“ကြည့်ရတာ အခု အဲ့ဂုဏ်ပုဒ်ကို အဲ့ကောင်လေးဆီ လွှဲပေးရတော့မဲ့ပုံပဲ။ သူရဲ့ တိုက်ခိုက်စွမ်းအားက ဘယ်လိုဖြစ်ဖြစ် သူလုပ်ခဲ့တဲ့ကိစ္စတွေကို ကြည့်ရင် သူက အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်။ ကျန်းရီ... မင်း ဒီတစ်ခေါက်မှာ ရှင်သန်နိုင်ခဲ့ရင် ငါ မင်းကို ငါ့သမီးတော်နဲ့ ပေးစားမယ်”
***