ရူးသွပ်မဟာဧကရာဇ်စစ်တပ်
Vol. 124 Ch. 1724
ဤတစ်ခေါက်တွင် တောက်မျိုးနွယ်က အလွန်လျှို့ဝှက်ခဲ့သည်။ သူတို့သည် သူတို့၏လုပ်ရပ်များအတွက် သက်သေတစ်ခုမှ မချန်ခဲ့ပေ။ အထက်ဘုံမှ အရှင်သုံးပါးနှင့် ပတ်သတ်သော သတင်းများကို ကောင်းကင်ဘုံမှ သာမန်မျိုးနွယ်များက မသိကြချေ။ ထိုအကြောင်းကို အထက်ဘုံသို့လည်း သတင်းမပေါက်ကြားစေပေ။
သို့သော် မိုလင်းချိုး၊ ချီချင်ချန်နှင့် ရီထူတို့သည် တစ်ခုခု မှားနေပြီဟု ခံစားလာရသည်။ ယခင်တွင် ကျန်းရီက ဆန်းကြယ်နယ်မြေတစ်ခုထဲ၌ ပိတ်မိနေသည်ဆိုသော သတင်းများ ပျံ့နှံ့လာခဲ့သည်။ သို့သော် အဘယ်ကြောင့် ကောင်းကင်ဘုံသို့သွားသော ဝိညာဉ်ဘုရင်တို့ထံက သတင်းမရရသနည်း။ ထို့ပြင် ကျန်းရီက ရုတ်တရက်ကြီး မိုးပြာဒေသထဲတွင် ထွက်ပေါ်လာသည်လော။ သူက မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ပင် သတ်ဖြတ်၍ သွားခဲ့သည်လော။
မိုလင်းချိုးသည် ထိုအကြောင်းကို တွေးလေလေ၊ စိတ်မသက်မသာ ဖြစ်လာလေလေပင်။ ထို့ကြောင့် မိုမျိုးနွယ်ဝင်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးလိုက်သည်။ ရီထူနှင့် ချီချင်ချန်တို့သည်လည်း ထိုနည်းအတိုင်းလိုက်၍ သူတို့၏ မျိုးနွယ်ဝင်များကို လုံခြုံသောနေရာများတွင် စတင်ပုန်းအောင်းနေစေလိုက်သည်။
အကြောင်းမှာ မည်သို့ဖြစ်စေ ဤတစ်ခေါက်တွင် ကျန်းရီက ကိစ္စကြီးတစ်ခုကို လုပ်လိုက်ပေပြီ။ သူသည် မိုးပြာမဟာဧကရာဇ်မြို့ကို သွေးနှင့်ဆေးခဲ့ပြီး တောက်မျိုးနွယ်ဝင်များစွာကို သတ်ဖြတ်ခဲ့သည်။ မိုးပြာမဟာဧကရာဇ်ကိုလည်း အလွန်အရှက်ရစေခဲ့ပေသည်။
တောက်မျိုးနွယ်က လက်စားချေရန်အတွက် မည်သို့လုပ်မည်ကို မည်သူသိပါမည်နည်း။
မျိုးနွယ်သုံးခုသည် ၎င်းတို့၏ မျိုးနွယ်ဝင်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနေကြသည်။ ထိုမှ တစ်စုံတစ်ခု ဖြစ်လာလျှင် သူတို့၏မျိုးနွယ်ဝင်အားလုံး ရှင်းပစ်မခံရမည်ဖြစ်သည်။ အဆိပ်ဝိညာဉ်၊ မိုယောင်အာ၊ ကျန်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်းနှင့် အဖော်များကိုလည်း မိုလင်းချိုးက အတင်းရွှေ့ပြောင်းပေးခဲ့သည်။ ထိုလူများက အန္တရာယ်အရှိဆုံးသူများဖြစ်သည်။ သူတို့သာ ကျန်းရီစီရင်စုနယ်ထဲတွင် ဆက်နေမည်ဆိုလျှင် တောက်မျိုးနွယ် ဒေါသဖြေနိုင်ရန်အတွက် အလွယ်တကူ လုပ်ကြံခံရနိုင်ပေသည်။
ရီထူသည် ရီဖျောင်ဖျောင်ကိုလည်း အဝေးသို့ ပို့ထားလို၏။ သို့သော် သူမ၏ အကျင့်စရိုက်ကို တွေးမိသောအခါ ထိုအကြံကို လက်လျှော့လိုက်သည်။ သူသာ ရီဖျောင်ဖျောင်ကို ထိုအကြောင်း ပြောပြလိုက်လျှင် သူမက ကောင်းကင်ဘုံသို့ ကိုယ်တိုင်သွားပေလိမ့်မည်။ ထိုအခါ ပြဿနာများက ပိုကြီးထွားလာမည်ဖြစ်သည်။
ချီချင်ချန်သည် ဆောင်းဥတုအရှင် ထွက်သွားပြီးနောက် နေ့ချင်းညချင်း ရင့်ကျင်လာသလို ထင်ရသည်။ သူမသည် စိုးရိမ်မှုများကို မျိုသိပ်၍ ဆောင်းဥတုမြို့ကို အခိုင်အမာ စောင့်ကြပ်နေသည်။ စောင့်ကြပ်နေရင်းလည်း ကြိုးစားပမ်းစား ကျင့်ကြံ၍ ကျန်းရီ၊ ဆောင်းဥတုအရှင်နှင့် ကျန်လူများထံမှ သတင်းကို စောင့်စားနေပေသည်။
***
ယခုတွင် ကောင်းကင်ဘုံက လှုပ်လှုပ်ရှားရှားဖြစ်နေရာ ဟယ်နုန်ယင်းသည်လည်း သတင်းများကို နားထောင်ရင်း အတန်ငယ် မှင်တက်နေပေသည်။ ချီလင်းဧကရီလည်း အံ့အားသင့်ပုံပြခဲ့သည်။ ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ်မေးမြန်းပြီးနောက် ချီလင်းဧကရီက ချီလင်းဧကရီထောင်ထွတ်သို့ ပြန်ကာ အာကာပြင်ကို စုတ်ဖြဲ၍ ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့လည်း တင်ပြချက်များကို လက်ခံရရှိခဲ့သည်။ သူတို့သည် အာကာပြင်ကို စုတ်ဖြဲကာ မိုးပြာမဟာဧကရာဇ်ရှိနေရာသို့ ဦးတည်သွားလိုက်ကြလေသည်။
မဟာဧကရာဇ်သုံးပါး၏ အရှိန်အဝါများက မတူကြပေ။ သတင်းများကို ကြားရပြီးနောက် သူတို့သည် မရေရာသော ကောက်ချက်အနည်းငယ် ချခဲ့ကြသည်။ ဝေပင်းပင်းက ကျန်းရီအတွက် သူ၏လက်တစ်ဘက်ကို ဖြတ်ပစ်ခဲ့သည်။ တောက်မျိုးနွယ်ကလည်း ကျန်းရီကို အပြင်သို့ မျှားထုတ်ရန် ဒုက္ခများစွာ ခံခဲ့သည်။ ကျန်းရီပြန်တုံ့ပြန်သော ခက်ထန်ရူးသွပ်သည့် လုပ်ရပ်များကြောင့် ချင်လင်းက သူ့ကို မိုးပြာမဟာဧကရာဇ်၏ လက်ထဲမှနေ၍ ကယ်တင်ရန် ကြိုးစားခဲ့ရသည်။
အရာအားလုံးက ကျန်းရီနှင့် ပတ်သတ်၍ တစ်ခုခု မှားနေသည်ဟု သူတို့ကို ခံစားနေရစေသည်။ အရေးကြီးပုဂ္ဂိုလ်များစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရရာ ကျန်းရီနှင့် ပတ်သတ်၍ အမှန်ပင် ကိစ္စကြီးတစ်ခုခု ရှိနေနိုင်ပေသည်။
မဟာဧကရာဇ်သုံးပါးသည် မသေချာသေးသော်လည်း မည်သည့်ကိစ္စများကို ဖြစ်ပျက်နေကြောင်း သိနိုင်ရန် ချင်လင်းနှင့် ကျန်းရီနောက်သို့ လိုက်ရန် ဆုံးဖြတ်ထားကြပေသည်။
မဟာဧကရာဇ်သုံးပါးက စတင်လှုပ်ရှားသောအခါ ကောင်းကင်ဘုံတစ်ခုလုံး ပို၍ပင် လှုပ်ခတ်သွားသည်။ မျိုးနွယ်အားလုံးသည် သူတို့၏ ထောက်လှမ်းရေးများနှင့် သူလျှိုများကို စေလွှတ်လိုက်ကြသည်။ အမဲလိုက်တမန်တော်အားလုံးကလည်း အာကာသထဲသို့ သွား၍ သတင်းအချက်အလက်များ စုဆောင်းကြသည်။ တောက်နုကလည်း အာကာသတစ်ခွင်တွင် ကင်းလှည့်နေသော မိုးပြာမဟာဧကရာဇ်စစ်တပ်ဆီ သတင်းပို့၍ ချင်လင်းကို ရှာကာ အခြေအနေအလိုက် သင့်တော်သလို ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။
ရုတ်ခြည်းအတွင်းမှာပင် ကမ္ဘာဦးကောင်းကင်ဘုံအပြင်ဘက်၌ တပ်သားများ ပြည့်နှက်သွားတော့သည်။ ဆန်းကြယ်နယ်မြေ ကြီးကြီးငယ်ငယ်များထဲတွင် ပုန်းအောင်းနေကြသော တမလွန်ဘုံမျိုးနွယ်မှ ထောက်လှမ်းရေးများလည်း တုန်လှုပ်ကြောက်ရွံ့ကုန်၏။ ၎င်းတို့သည် လူသားမျိုးနွယ်က အလုံးအရင်းနှင့် တန်ပြန်တိုက်စစ်ဆင်တော့မည်ဟု တွေးထင်နေကြပေသည်။
***
ကျန်းရီသည် ဆယ့်ခြောက်နာရီနီးပါး ပျံသန်းပြီးနောက် ရပ်တန့်ခံလိုက်ရ၏။ အရှေ့မှနေ၍ လေခွင်းသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အာကာသလှိုင်း၏ အသံမဟုတ်ပေ။ ဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်းက သူ့ထံသို့ ပျံသန်းလာနေခြင်းပင်။
နာရီများစွာကြာပြီးနောက်တွင် ကျန်းရီသည် ဝိညာဉ်တံလျှပ်စွမ်းရည်ကို ကျင့်ကြံရာတွင် အတော်လေး ခရီးပေါက်ခဲ့သည်။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး အလောင်းကြီးကို သိမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်ကလည်း အဖြူရောင်အလင်း လင်းလက်လာကာ တုတ်ခိုင်သောပုံစံအဖြစ် ပြောင်းလဲသွားသည်။ ဤဝိညာဉ်တံလျှပ်စွမ်းရည်က ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်နှင့် ကွာခြားသည်။ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်မှာ ပုံရိပ်ယောင်ကို အသုံးပြု၍ ရန်သူများက မြင်ရသည့် ပုံစံကို ပြောင်းလဲခြင်းဖြစ်သည်။ ဝိညာဉ်တံလျှပ်စွမ်းရည်မှာမူ မိမိ၏ပုံစံကို အမှန်တကယ် ပြောင်းလဲခြင်း ဖြစ်ပေသည်။
ကျန်းရီသည် တုတ်ခိုင်သော သူရဲကောင်းတစ်ယောက်အဖြစ် ပြောင်းလဲ၍ ဟင်းလင်းပြင်ထဲတွင် မားမားမတ်မတ် ရပ်နေလိုက်သည်။ သူ၏အကြည့်က သူ့အရှေ့တွင်သာ သံမှိုဆွဲထားသည်။ မကြာခင်တွင် ဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်းက အာကာသဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရောက်လာသည်။ သူ့အပေါ်သို့လည်း ကောင်းကင်စိတ်အာရုံတစ်ထောင်ကျော် ကျရောက်လာလေသည်။
ကျန်းရီလည်း ပြန်၍ အာရုံခံလိုက်၏။ သို့သော် သူသည် ဟွင့်သွမ့်နတ်ဘုရားလှေ၏ အကာအရံများကို ဖောက်ထွင်းအာရုံမခံနိုင်ပေ။ ထိုလှေပေါ်ရှိ တံဆိပ်ကိုလည်း သူ မသိချေ။ သို့သော် ၎င်းက အမဲလိုက်တမန်တော်လှေတစ်စင်းဖြစ်ကြောင်းကိုတော့ သူ သေချာပေသည်။
“မင်းက ဘယ်သူလဲ။ မင်းရဲ့ အမိန့်ပြားကိုပြပါ”
အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ ဟွင့်သွမ့်နတ်ဘုရားလှေ၏ အကာအရံများက ပိတ်မသွားသေးသဖြင့် ကျန်းရီ မျက်လုံးပင့်ကာ ပြန်ပြောလိုက်သည်။
“ငါက ဘယ်သူလို့ ထင်လဲ။ မင်းတို့က ငါ့ကို မေးခွန်းထုတ်ရဲတယ်လား”
ကျန်းရီက အုပ်ချုပ်သူအဆင့်ဖြစ်ပြီး အမဲလိုက်တမန်တော်များမှာ များသောအားဖြင့် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အဆင့်တွင်သာ ရှိတတ်ကြသည်။ ထို့ကြောင့် ကျန်းရီက အောက်ကျို့၍ မဖြစ်ပေ။ မဟုတ်လျှင် သူတို့ သံသယဝင်သွားနိုင်ပေသည်။ ကျန်းရီသည် အထက်ပါအတိုင်း ပြန်ပြောပြီးနောက် အလင်းတန်းတစ်တန်းအလား အဝေးသို့ ပျံထွက်သွားလိုက်သည်။
ဝှစ်...
ဟွင့်သွမ့်နတ်ဘုရားလှေက အရှိန်မြှင့်၍ ကျန်းရီအနောက်မှ လိုက်လာ၏။ သူနှင့် ပေတစ်သောင်းအကွာသို့ ရောက်သောအခါ လှေ၏အကာအရံများ ပိတ်သွားပြီး တပ်သားများ ပျံထွက်လာသည်။ တပ်မှူးတစ်ယောက်နှင့် တူသော ပုဂ္ဂိုလ်တစ်ယောက်က အရှေ့သို့ ပျံသန်းလျက် အမိန့်ပြားတစ်ပြားကို ထုတ်ပြကာ ပြောလိုက်သည်။
“အရှင်... ကျွန်တော်တို့က ရူးသွပ်မဟာဧကရာဇ်စစ်တပ်ကပါ။ ကျွန်တော်တို့က ဒီတစ်ဝိုက်မှာ ကင်းလှည့်ဖို့ တာဝန်ကျပါတယ်။ ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ”
“ကောင်းပြီ”
တပ်သားအုပ်စု ပျံထွက်လာသောအခါ ကျန်းရီ၏ မျက်လုံးများက အရောင်လက်သွားပြီး ဗျပ်စောင်းတစ်လက် လျင်မြန်စွာ ထွက်ပေါ်လာသည်။ ထို့နောက် သူ ဗျပ်စောင်းကို ခပ်ကြမ်းကြမ်း တီးခတ်လိုက်သည်။ ထို့ပြင် အလောင်းကြီးကိုလည်း ထုတ်ကာ ၎င်း၏ပခုံးပေါ်သို့တက်လိုက်၏။ ပြီးနောက် အလောင်းကြီးက ခံစားချက်ကင်းမဲ့စွာနှင့် စတင်သတ်ဖြတ်လေတော့သည်။
ဤကဲ့သို့သောအချိန်မျိုးတွင် ကျန်းရီ စိတ်ပျော့နေ၍ မရပေ။ မဟုတ်လျှင် သူ သေရပေလိမ့်မည်။ ထိုအမဲလိုက်တမန်တော်များက သူ့ကို ရှာဖွေနေခြင်းဖြစ်မည်။
အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ယောက်မှ မပါရာ သတ်ဖြတ်မှုက ကျန်းရီအတွက် အလွန်လွယ်ကူခဲ့သည်။ သူသည် ထိုလူတစ်ထောင်ကျော်စလုံးကို အလွယ်တကူ သတ်ပစ်လိုက်ပြီး တပ်မှူးကိုသာ အရှင်ထားလိုက်သည်။
သတ်ဖြတ်မှုများ အဆုံးသတ်သွားပြီးနောက် ကျန်းရီသည် အလောင်းကြီးအား တပ်မှူးကို ဆုပ်ကိုင်စေလိုက်၏။ ထို့နောက် သူက မီးတောက်များကို ထုတ်လွှတ်ကာ ပတ်ပတ်လည်မှ အလောင်းများအားလုံးကို ပြာချလိုက်သည်။ အလောင်းအားလုံး ပြာကျသွားမှ အလောင်းကြီးကို ဟွင့်သွမ့်နတ်ဘုရားလှေထဲသို့ ပျံသန်းသွားစေလိုက်ပေသည်။
“အာ...”
တပ်မှူး၏ မကောင်းသောအရှိန်အဝါက တဖြည်းဖြည်း အားနည်းလာ၏။ သူသည် ကြောက်ရွံ့ဟန်ဖြင့် ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ အားလုံး ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူသိလိုက်ရသည်။ သူ အလောင်းကြီး၏ လက်ထဲမှ ထွက်ပြေးလိုသော်လည်း ကျန်းရီကို မတိုက်ခိုက်ဝံ့ပါပေ။
“ကျွန်တော့်နာမည်က ကျန်းရီပဲ။ ကျွန်တော် မိုးပြာမဟာဧကရာဇ်မြို့ထဲမှာ လူသန်းနဲ့ချီပြီး သတ်ခဲ့တယ်။ ခင်ဗျားလည်း သူတို့ထဲကတစ်ယောက် ဖြစ်ချင်လား”
ကျန်းရီ၏ အေးစက်စက်အသံက တပ်မှူးကို တုန်သွားစေ၏။ သူ မည်သို့ပြန်ပြောရမည်ကို မသိပေ။ ကျန်းရီက မျက်နှာသေနှင့် ဆက်ပြောသည်။
“ကျွန်တော်က ထွက်ပြေးချင်ရုံပဲ။ ခင်ဗျား ပူးပေါင်းမယ်ဆိုရင် ကျုပ် ခင်ဗျားကို အသက်ချမ်းသာပေးမယ်၊ နတ်ဘုရားအမြစ်သန်းတစ်ရာလည်း ပေးဦးမယ်။ ကျွန်တော်က ခင်ဗျားကို ပုရွက်ဆိတ်သတ်သလို အလွယ်လေး သတ်လိုက်လို့ရတယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား။ ခင်ဗျား ရှင်ချင်လား၊ သေချင်လား... ရွေးပါ”
တပ်မှူးသည် ငါးမိနစ်ကြာအောင် နှုတ်ဆိတ်နေပြီးမှ အံကြိတ်ကာ ပြန်ပြောလိုက်၏။
“ကျုပ် ရှင်ချင်ပါတယ်”
ကျန်းရီ၏ ခြိမ်းခြောက်မှုက ထိုတပ်မှူးကို ကြောက်လန့်သွားစေခဲ့ပေသည်။ သို့သော် ကျန်းရီသည် သတိကြီးကြီးထား၍ တပ်မှူး၏ သိုလှောင်လက်စွပ်များနှင့် လက်နက်များကို သိမ်းပြီးမှ တပ်မှူးကို အရှေ့လှေဝမ်းထဲ ခေါ်သွားလိုက်သည်။ ထို့နောက် လှေ၏အကာအရံများကို နှိုးကာ တပ်မှူးအား လှေကို အဆိပ်နတ်ဆိုးမြေရိုင်းဆီ မောင်းနှင်သွားရန် အမိန့်ပေးလိုက်လေသည်။
ထိုတပ်မှူးသည် များစွာသိမထားပေ။ သူက သူ၏အထက်အရာရှိထံမှနေ၍ ဤနေရာတစ်ဝိုက်ကို ကင်းလှည့်ကာ မသင်္ကာစရာလူများကိုရှာရန် အမိန့်ရခဲ့ခြင်းသာ။ သူသည် ကျန်းရီနှင့် ချင်လင်းတို့၏ ပုံတူပန်းချီများကိုလည်း ရထားသည်။
‘ရူးသွပ်မဟာဧကရာဇ်စစ်တပ်’
ကျန်းရီ သက်ပြင်းချလိုက်၏။ အစောတွင် သူ ထိုတပ်မှူးကို မသတ်ခဲ့၍ တော်သေးသည်။ မဟုတ်လျှင် သူ အဆိပ်နတ်ဆိုးမြေရိုင်းဆီသို့ ရောက်ရှိနိုင်လောက်မည် မဟုတ်ချေ။ ယခုတွင် အာကာသဟင်းလင်းပြင်ထဲ၌ အမဲလိုက်တမန်တော်များ မရေမတွက်နိုင်အောင် ရှိနေလောက်ပြီဖြစ်သည်။
သို့သော် ဤဟွင့်သွမ့်နတ်ဘုရားလှေ၊ ဤတပ်မှူးနှင့်ဆိုလျှင် သူ၏လမ်းခရီးက များစွာပို၍ လုံခြုံနိုင်သည်။ ရူးသွပ်မဟာဧကရာဇ်စစ်တပ်ကို ဒေါသထွက်သွားအောင် လုပ်ဝံ့သူများမှာ အများကြီး မရှိပါပေ။
“ခင်ဗျား ယီးတီးယားတား မလုပ်တာ ကောင်းလိမ့်မယ်။ မသင်္ကာစရာတစ်ခုခု တွေ့ရင် ကျွန်တော် ခင်ဗျားကို ချက်ချင်း သတ်ပစ်မယ်။ အလစ်တိုက်ခိုက်ဖို့လည်း တွေးတောင်မတွေးနဲ့။ ကျွန်တော်က တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ထားတယ်။ ခင်ဗျား ကျွန်တော့်ကို လုံးဝ သတ်နိုင်မှာ မဟုတ်ဘူး”
ကျန်းရီသည် အေးစက်စက် ပြောပြီးနောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ကာ ဝိညာဉ်တံလျှပ်စွမ်းရည်ကို ဆက်လေ့လာလိုက်လေသည်။ သူက ထိုတပ်မှူးကို လိမ်ခဲ့ခြင်း မဟုတ်ပေ။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း၌ဆိုလျှင် သူ တပ်မှူးကို မျက်ခြည်မပြတ် စောင့်ကြည့်နေနိုင်ပေသည်။ တပ်မှူးက ယီးတီးယားတား လုပ်သည်နှင့် သူ တပ်မှူးကို ချက်ချင်း သတ်ပစ်မည်ဖြစ်သည်။
‘ရူးသွပ်မဟာဧကရာဇ်စစ်တပ်တောင် လှုပ်ရှားနေပြီ၊ ကြည့်ရတာ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ ချီလင်းဧကရီနဲ့ တခြားသူတွေလည်း လှုပ်ရှားနေပုံပဲ။ အခု အရှင်မချင်လင်း ဘယ်လိုဖြစ်နေလောက်ပြီလဲ’
ကျန်းရီ ရင်ထဲမှနေ၍ သက်ပြင်းချလိုက်၏။ အရှင်မချင်လင်း မထိခိုက်ပါစေနှင့်ဟုသာ သူ ဆုတောင်းနိုင်သည်။ အကယ်၍ သူမသာ တစ်ခုခုဖြစ်သွားလျှင် သူ တစ်ဘဝလုံး လိပ်ပြာလုံနိုင်တော့မည် မဟုတ်ပေ။
***