စစ်ဖြိုခွင်း
Vol. 124 Ch. 1725
ရူးသွပ်မဟာဧကရာဇ်စစ်တပ်၏ ဟွင့်သွမ့်နတ်ဘုရားလှေနှင့် သွားရခြင်းကြောင့် လမ်းခရီးတစ်လျှောက်လုံး များစွာပို၍ လုံခြုံခဲ့သည်။ သာမန်လူများသည် ထိုလှေထဲကို ဖောက်၍အာရုံမခံနိုင်ကြပေ။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများသာ ထိုသို့အာရုံခံနိုင်သည်။
သို့သော် လောကထဲတွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများက အနည်းငယ်သာရှိသည်။ ထိုသိုင်းသမားများသည် အာကာသထဲသို့ ကိုယ်တိုင်လာ၍ ထောက်လှမ်းလိမ့်မည်လည်း မဟုတ်ပေ။ ကျန်းရီက ကံဆိုးလျှင်တော့ မပြောတတ်ချေ။ ထိုသို့ဖြစ်လာလျှင် သူ မည်သည့်နည်းနှင့်မှ ရှောင်နိုင်တော့မည် မဟုတ်ပေ။
လမ်းတစ်လျှောက်တွင် ဟွင့်သွမ့်နတ်ဘုရားလှေများ ပို၍ ပို၍ ထွက်ပေါ်လာသည်။ နာရီဝက်လျှင်တစ်ခါ အခြားလှေတစ်စင်းကို တွေ့ရသည်။ ထိုလှေများထဲတွင် စစ်တပ်အသီးသီးမှ လှေများသာမက မျိုးနွယ်ကြီးများမှ လှေများလည်း ပါဝင်ပေသည်။
ရူးသွပ်မဟာဧကရာဇ်စစ်တပ်၏ တပ်မှူးက တစ်ခုမှ အလျင်စလို မလုပ်ခဲ့ချေ။ ကျန်းရီကလည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းမှနေ၍ ထိုတပ်မှူးကို မပြတ်စောင့်ကြည့်နေသည်။ အလောင်းကြီးကလည်း တပ်မှူးဘေးတွင်ရပ်နေပြီး သူ့ကို အချိန်မရွေး တိုက်ခိုက်ရန် လက်သည်းများကို အသင့်ပြင်ထားပေသည်။
ထိုတပ်မှူးနှင့် ရူးသွပ်မဟာဧကရာဇ်စစ်တပ်၏ ဟွင့်သွမ့်နတ်ဘုရားလှေကြောင့် ကင်းလှည့်နေသော အမဲလိုက်တမန်တော်များနှင့် စစ်တပ်များက သူတို့ကို မတားခဲ့ပေ။ လက်ရှိတွင် အာကာသတစ်ခွင်လုံး၌လည်း ဟွင့်သွမ့်နတ်ဘုရားလှေများ ရှိနေသည် မဟုတ်လော။ စစ်တပ်များနှင့် မျိုးနွယ်ကြီးများမှ လှေများကို မည်သူကမှ သံသယဝင်ကြမည် မဟုတ်ချေ။
ကျန်းရီသည် ချင်လင်းအကြောင်းကို မတွေးမိအောင် သူ့ကိုယ်သူ ဖိအားပေးရင်း ဝိညာဉ်တံလျှပ်စွမ်းရည်ကို ဆက်လေ့လာနေသည်။ သူ၏ စိုးရိမ်ပူပန်မှုများက မှန်ကန်သည်။ လက်ရှိတွင် ချင်လင်းက အမှန်ပင် ပြဿနာကြီးတစ်ခုထဲ ရောက်နေပေသည်။
ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကလည်း ချင်လင်းကို စတင်အမဲလိုက်ကြသည်။ သူတို့နှစ်ယောက်သည် သူမ ထွက်ပြေးနိုင်သောဘက်ကို ခန့်မှန်း၍ ရှေ့မှကြိုသွားကာ လမ်းပိတ်ထားကြသည်။ သူတို့သည် သူမကို ထိခိုက်အောင် မလုပ်လိုပေ။ ကျန်းရီကိုသာ လိုချင်ခြင်းဖြစ်သည်။ ကျန်းရီက မည်သည့်မကောင်းမှုကိုမဆို လုပ်နိုင်သူဖြစ်၍ လောကအေးချမ်းရေးအတွက် သူ့ကို ရှင်းထုတ်ပစ်ရပေမည်။
ချင်လင်းသည် ရွေးချယ်စရာမရှိတော့ဘဲ သစ်သားဓာတ်ဇာစ်မြစ်များကို အသုံးပြု၍ လမ်းကြောင်းပြောင်းကာ ဆက်ထွက်ပြေးရသည်။ မိုးပြာမဟာဧကရာဇ်ကလည်း လက်မလျှော့သေးဘဲ ဆက်လိုက်နေသေးသည်။ ယခုတွင် ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကလည်း အမဲလိုက်ပွဲတွင် ပါဝင်လာပြီဖြစ်သည်။ ပေါ်မလာသူဟူ၍ ချီလင်းဧကရီသာ ကျန်တော့ပေသည်။
မဟာဧကရာဇ်သုံးပါးက ချင်လင်းကို ကိုယ်တိုင်အမဲလိုက်နေကြသည်။ မကြာခဏဆိုသလို သူတို့သည် သူမ၏အရှေ့ကို ကြိုသွား၍ လမ်းပိတ်ထားရန် ကြိုးစားကြ၏။ အစတွင် သူမသည် သူတို့ကို နေ့တစ်ဝက်ကြာအောင် မျှားခေါ်သွားနိုင်မည်ဟု ထင်ထားခဲ့သော်လည်း ယခုတွင်မူ သိပ်ကြာကြာ မျှားခေါ်နိုင်မည့်ပုံ မပေါ်တော့ချေ။
***
မဟာဧကရာဇ်များက ချင်လင်းကို အမဲလိုက်နေစဉ်အတွင်း အဆိပ်နတ်ဆိုးမြေရိုင်းမှာ တိုက်ပွဲက အဆုံးသတ်သွားသည်။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည် ကျန်းရီက အမှန်ပင် မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ ရောက်လာခဲ့ကြောင်း သတင်းလက်ခံရလိုက်သည်။ မိုးပြာမဟာဧကရာဇ်ကိုယ်တိုင်ပင် ကျန်းရီကို လိုက်သတ်နေသည်။ သို့ဖြစ်ရာ တောက်နု၊ တောက်လန်တို့နှင့် ဆက်တိုက်ခိုက်နေရန် အကြောင်းမရှိတော့ပေ။
တောက်နုနှင့် တောက်လန်တို့သည် အစွမ်းကုန် ထုတ်သုံးလိုခဲ့သော်လည်း သူတို့၏ တိုက်ခိုက်စွမ်းရည်များက ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့၏ တိုက်ခိုက်စွမ်းရည်များကို မယှဉ်နိုင်ခဲ့ပေ။ တောက်နူရှိနေလျှင်ပင် သူတို့ အသာစီးရနိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်ဘုရင်ဝေးက ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးထဲတွင် ပထမ မဟုတ်ပါလား။
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ထွက်သွားကြသည်။ တောက်နုနှင့် တောက်လန်တို့သာ ဒေါသတကြီးနှင့် ကျန်ခဲ့ရသည်။ ထို့နောက် သူတို့သည် လျှို့ဝှက်တည်နေရာပြောင်းရွှေ့အစီအရင်ကို ရှာ၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ တည်နေရာပြောင်းရွှေ့လိုက်ကြသည်။ ပြီးလျှင် အနားပင်မယူဘဲ ချင်လင်းရှိနေခဲ့သည်ဟု ဆိုသော အာကာသထဲသို့ တည်နေရာထပ်ပြောင်းရွှေ့လိုက်သည်။ သူတို့သည် တောက်နူထံမှ အမိန့်ရသည်နှင့် တပ်သားများကို ဦးဆောင်၍ ကျန်းရီကို ရှာရန် အာကာသထဲသို့ ထွက်သွားခြင်းဖြစ်သည်။
မိုးပြာမဟာဧကရာဇ်သည် ချင်လင်းက ကျန်းရီကို တစ်နေရာရာတွင် ဝှက်ခဲ့ခြင်း ဖြစ်မည်ဟု သံသယရှိနေသည်။ ထို့ကြောင့် သူသည် တောက်နူထံ အသံပို့လွှတ်ကာ လူများစေလွှတ်၍ ကျန်းရီကို ရှာဖွေရန် စေခိုင်းလိုက်လေသည်။
မိုးပြာမဟာဧကရာဇ်စစ်တပ်တစ်ခုလုံး လှုပ်ရှားနေသည်။ သောင်းချီသော တပ်သားများက ချင်လင်းနှင့် ကျန်းရီတို့ ထွက်သွားခဲ့သော ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသည်။ ထို့နောက် တပ်ဖြန့်ကာ နေရာအနှံ့တွင် လိုက်ရှာကြသည်။ သို့သော် ကျန်းရီမှာ ကီလိုမီတာသန်းငါးဆယ်အကွာသို့ ရောက်နေပြီဖြစ်သည်။ လူမည်မျှ စေလွှတ်ပါစေ သူ့ကို ရှာတွေ့ရန် အလွန်ခက်ခဲမည်သာ။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။ မကြာခင်တွင် အနိမ့်ဘုံအချိန် ဆယ်ရက် ကုန်ဆုံးသွားသည်။ မဟာဧကရာဇ်သုံးပါးသည် သူတို့က ချင်လင်းနောက်ကို လိုက်ရင်း မည်မျှဝေးဝေးသို့ ရောက်လာကြောင်းကိုပင် မသိတော့ပေ။ သူတို့လေးယောက်သည် ကမ္ဘာဦးကောင်းကင်ဘုံနှင့် အနီးဆုံးဘုံဖြစ်သော ကောင်းကင်ဝိညာဉ်ဘုံအနီးကို ရောက်လာပေပြီ။ ချင်လင်းသည် သစ်သားဓာတ်ဇာစ်မြစ်များကို အကြိမ်များစွာ အသုံးပြု၍ နောက်မှလိုက်လာသူသုံးယောက်ကို နောက်ကောက်ချထားခဲ့ရန် ကြိုးစားနေလေသည်။
အနိမ့်ဘုံအချိန်နှစ်ရက် ထပ်ကြာပြီးနောက် ချင်လင်းထံတွင် သစ်သားဓာတ်ဇာစ်မြစ်များ ကုန်သွားသည်။ ယခုတွင် သူမသည် ကောင်းကင်ဝိညာဉ်ဘုံနှင့် ပို၍နီးကပ်နေပြီဖြစ်သည်။ အာကာသဟင်းလင်းပြင်ထဲတွင် လှည့်ပတ်သွားလာနေကြသော တမလွန်ဘုံမျိုးနွယ်ဝင်များကိုပင် တွေ့လာရပေပြီ။ ချင်လင်း ရပ်တန့်လိုက်ပြီး ဟင်းလင်းပြင်ထဲတွင် တည်ငြိမ်စွာနေလျက် မိုးပြာမဟာဧကရာဇ်တို့ ရောက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် မိုးပြာမဟာဧကရာဇ်က အရင်ဆုံး ရောက်ရှိလာ၏။ သူသည် ချင်လင်းက ဟင်းလင်းပြင်ထဲ၌ ရပ်နေသည်ကို တွေ့သောအခါ ပြုံး၍ ပြောလိုက်၏။
“ပြေးလေ... ဘာလို့ ဆက်မပြေးတော့တာလဲ။ ကောင်းကင်ဝိညာဉ်ဘုံက အရှေ့မှာပဲ။ ဘာလို့ အဲ့ဘုံထဲ ဝင်မသွားတာလဲ”
ချင်လင်းက ပြန်မဖြေဘဲ မိုးပြာမဟာဧကရာဇ်ကို စိုက်ကြည့်၍ လှောင်ပြုံးပြုံးနေပေသည်။ မိုးပြာမဟာဧကရာဇ်သည် သူမ၏လှောင်ပြုံးကို မကျေမနပ်ဖြစ်သွားဟန်ဖြင့် အေးစက်စက် အော်ပြောလိုက်၏။
“ချင်လင်း... ကျန်းရီကို လွှဲပေးပါ။ အဲ့လိုဆို မင်း လူသားမျိုးနွယ်အတွက် လုပ်ပေးခဲ့တာတွေကို ထောက်ထားပြီး မင်းကို အသက်ချမ်းသာခွင့်ပေးမယ်”
“ဟင်းဟင်း...”
ချင်လင်း ရယ်လိုက်သည်။ ထိုအခါ နဂိုလှပြီးသား မျက်နှာလေးက ပို၍ပင် ဆွဲဆောင်မှုရှိသွားသည်။ အဝေးမှနေ၍ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ လာနေသည်ကို သူမ မြင်လိုက်ရသည်။ ရုတ်တရက် သူမ ရင်တုန်သွားသည်။ သို့သော် ဆက်၍ လှောင်ရယ်ရယ်၍ ပြောလိုက်လေသည်။
“မိုးပြာမဟာဧကရာဇ်... ဘာလို့ ရှင်က ကောင်းကင်ဧကရာဇ်ရဲ့အဆင့်ကို မရောက်နိုင်တာလဲဆိုတာကို သိလား။ ရှင်က အရမ်းပါရမီထူးပါတယ်။ ရှင့်ရဲ့တာအိုနှလုံးသားကလည်း တည်ငြိမ်တယ်။ ရှင်က ကြိုးစားပြီး ကံလည်းကောင်းတယ်...”
“ဒါပေမဲ့... ရှင့်မှာ လျစ်လျူရှုလို့ မရနိုင်တဲ့ ပြစ်ချက်ကြီးတစ်ခု ရှိနေတယ်။ ရှင့်ရဲ့ နှလုံးသားက မှန်ကန်တဲ့နေရာမှာ ရှိမနေဘူး။ ရှင့်မှာ ကောင်းကင်ဧကရာဇ်လို အကြင်နာ၊ မေတ္တာတွေမရှိဘူး။ ကောင်းကင်ဧကရာဇ်လောက်လည်း သတ္တိမကောင်းဘူး။ အဲ့ဒါကြောင့် ရှင်က ကောင်းကင်ဧကရာဇ်ရောက်ခဲ့တဲ့ အဆင့်ကို မရောက်နိုင်တာပဲ”
မိုးပြာမဟာဧကရာဇ်က မျက်နှာသေနှင့် ဆက်ရှိနေသည်။ သူသည် ချင်လင်း၏ စကားများကို ပြန်မတုံ့ပြန်သလို ငြင်းလည်းမငြင်းပေ။
“ငါ့ကိုပြော... မင်း သူ့ကို လွှဲပေးမှာလား”
ဝှစ်...
ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ ရောက်ရှိလာပြီး မိုးပြာမဟာဧကရာဇ်၏ တစ်ဘက်တစ်ချက်စီတွင် ရပ်လိုက်ကြသည်။ ယန်မဟာဧကရာဇ်က ကျန်းရီလိုပင် ဆံပင်အနီရောင်နှင့် ဖြစ်သည်။ သူသည် မီးဓာတ်အနှစ်သာရကို ကျင့်ကြံသဖြင့် မီးတောက်လုံးတစ်လုံးနှင့်ပင် ဆင်တူသည်။ သူ မှိုင်းညို့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ချင်လင်း... ကျန်းရီက အပြစ်မဲ့တဲ့လူတွေအများကြီးကို သတ်ခဲ့တာ။ ဘာလို့ မင်းက သူ့ကို ကာကွယ်ပေးနေရတာလဲ။ အဲ့လိုဆို ငါတို့ လူသားမျိုးနွယ်ကို ရှင်းပြရ ခက်လိမ့်မယ်။ သူ့ကို လွှဲပေးပါ။ ငါတို့ သူ့ကို တရားနည်းလမ်းတကျ စီရင်မှာပါ”
“ဟုတ်တယ်...”
ရူးသွပ်မဟာဧကရာဇ်မှာ အမည်နှင့်လိုက်ဖက်ပေသည်။ သူက ဘုံကျောင်းထဲရှိ ရူးသွပ်ဒေါသထွက်နေသော နတ်ဘုရားရုပ်တုတစ်ရုပ်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်။ သူသည် ချင်လင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ သူ့ကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် စည်းမျဉ်းဥပဒေတွေက ကပြောင်းကပြန် ဖြစ်ကုန်လိမ့်မယ်။ ဒီနေ့ ကျန်းရီက မိုးပြာမဟာဧကရာဇ်မြို့ထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ကျူးလွန်ခဲ့တယ်။ မနက်ဖြန်ကျရင် တခြားသူတွေက ယန်မဟာဧကရာဇ်မြို့နဲ့ ရူးသွပ်မဟာဧကရာဇ်မြို့ထဲမှာ အဲ့လိုတစ်ပုံစံတည်း ကျူးလွန်လာနိုင်တယ်...”
“ငါတို့ ကျန်းရီကို အသက်ရှင်ခွင့် ပေးထားရင် လောကကြီးရဲ့ စည်းမျဉ်းဥပဒေတွေကို ထိန်းသိမ်းနိုင်ပါဦးမလား။ တမလွန်ဘုံမျိုးနွယ်ဝင်တွေက ငါတို့ကို အချိန်မရွေး တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ ကျန်းရီက အဲ့လိုမကောင်းမှုတစ်ခုကို ကျူးလွန်ခဲ့တယ်။ ငါတို့ သူ့ကို မသတ်ရင် ငါတို့ရဲ့ လူသားတွေကို ဘယ်လို ဖြေရှင်းချက်ပေးနိုင်မှာလဲ”
“ဟင်းဟင်း...”
မဟာဧကရာဇ်သုံးပါး ပြန်ရလိုက်သော တုံ့ပြန်မှုမှာ လှောင်ရယ်သံဖျော့ဖျော့တစ်ခုသာ။ ချင်လင်းသည် အပိုစကားများ ပြောမနေလိုပေ။ သူမ၏ မျက်လုံးများ တောက်ပလာသည်။ သူမ မူလပုံစံကို ပြန်ပြောင်းလိုက်သည်။ ဟင်းလင်းပြင်ထဲတွင် အလွန်မြင့်မားသော နတ်ဘုရားသစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာပေသည်။
ရုတ်တရက် နတ်ဘုရားသစ်ပင်က မီးလောင်ကျွမ်းလာပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက သစ်ပင်မှနေ၍ မဟာဧကရာဇ်သုံးပါးထံ ဦးတည်ထွက်သွား၏။ သူတို့ ချက်ချင်းပင် မျက်နှာထားပြောင်းသွားပြီး ပြန်ဆုတ်လိုက်ကြသည်။
“စစ်ဖြိုခွင်းလား၊ ချင်လင်း.. မင်း ရူးသွားပြီလား။ မင်းရဲ့ နှစ်ထောင်ချီ ကြိုးစားခဲ့မှုကို ကောင်စုတ်လေးတစ်ယောက်အတွက် စတေးပစ်တော့မလို့လား”
မိုးပြာမဟာဧကရာဇ်က ဒေါသတကြီး အော်ပြောလိုက်၏။ စစ်ဖြိုခွင်းမှာ အတိတ်တွင် ချင်လင်းက တမလွန်ဘုံဧကရာဇ်ကို တိုက်ခိုက်ရန် သုံးခဲ့သော စွမ်းရည်ပင်။ စစ်ဖြိုခွင်းကို သုံးလိုက်သည်နှင့် ချင်လင်း ကျင့်ကြံထားသော စွမ်းရည်များက ပျက်စီးသွားမည်ဖြစ်သည်။ ထိုအခါ သူမ အစမှနေ၍ ပြန်ကျင့်ကြံရမည်ဖြစ်သည်။ ချင်လင်း၏ အစွမ်းအစများအရ နှစ်ထောင်ကျော်အတွင်း ဧကရာဇ်အဆင့်သို့ ပြန်ရောက်နိုင်သော်လည်း သူမက ထိုမျှကြာကြာ ရှင်သန်နိုင်ပါမည်လော။ ကျန်းရီတစ်ယောက်ကို ကာကွယ်ရန်အတွက် နှစ်ထောင်ချီသော အထီးကျန်မှုကို ခံစားရရန် တန်ပါသလော။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံက ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ ထို့နောက် ဟင်းလင်းပြင်က စုတ်ပြဲကာ ကြောက်မက်ဖွယ်အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာ၏။ ၎င်းအပေါက်ကြီးက ကီလိုမီတာတစ်သန်းကျော်အထိ ဆန့်တန်းသွားသည်။ ပေါက်ကွဲမှုကြီးက အနီးရှိ တမလွန်ဘုံမျိုးနွယ်ဝင်များကိုလည်း တုန်လှုပ်သွားစေ၏။ မိုးပြာမဟာဧကရာဇ်နှင့် သူ၏အဖော်နှစ်ယောက်သည် အနောက်သို့ ကီလိုမီတာထောင်ချီ ဆုတ်သွား၏။ သို့သော် သူတို့သည် ပေါက်ကွဲမှုအဟုန်ကို ခံစားနေရပေသေးသည်။
“အတိတ်တုန်းက ကျွန်မက လူသားမျိုးနွယ်အတွက် စစ်ဖြိုခွင်းကို သုံးဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒီတစ်ခေါက် ကျွန်မ ကျန်းရီအတွက် စစ်ဖြိုခွင်းကို ထပ်သုံးလိုက်ပြီ။ ပထမတစ်ခေါက်တုန်းက ကျွန်မမှာ ဘာနောင်တမှ မရှိခဲ့လို ဒီတစ်ခေါက်မှာလည်း ဘာနောင်တမှ မရှိဘူး။ ဘာလို့ဆို အရာအားလုံးက ထိုက်တန်တယ်ဆိုတာကို သူက သက်သေပြမှာမို့လို့ပဲ”
ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ထင်ရှားသော အသံတစ်သံ ပျံ့လွင့်သွား၏။ သစ်ကိုင်းများနှင့် သစ်မြစ်များကလည်း အလင်းတန်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားသည်။ ၎င်းတို့ကို ရပ်တန့်၍ မရနိုင်ပေ။ မိုးပြာမဟာဧကရာဇ်တို့သည် ချင်လင်း၏ မူလစိတ်ဝိညာဉ်က မည်သည့်သစ်ကိုင်းထဲတွင် ပုန်းအောင်းနေကြောင်းကို မသိနိုင်ပေ။ အတိတ်တွင် တမလွန်ဘုံဧကရာဇ်က သူမ၏ မူလစိတ်ဝိညာဉ်ကို မဖျက်ဆီးနိုင်ခဲ့သလို ယခုတွင်လည်း သူတို့ ထိုသို့မလုပ်နိုင်ပါပေ။
စစ်ဖြိုခွင်း... ယင်းမှာ ချင်လင်း၏ ထူးခြားသော နောက်ဆုံးတိုက်ကွက်ဖြစ်သည်။ သူမ၏ မူလစိတ်ဝိညာဉ်က သစ်ကိုင်းတစ်ကိုင်း သို့မဟုတ် သစ်ပင်၏ အခြားအစိတ်အပိုင်းတစ်ခုထဲတွင် ပုန်းအောင်းကာ အာကာသဟင်းလင်းပြင်ကို ဖြတ်သန်း၍ လုံခြုံသောနေရာတစ်ခုတွင် သွားရောက်ပုန်းအောင်းနိုင်ပေသည်။ ထို့နောက် သစ်ကိုင်း သို့မဟုတ် သစ်ပင်၏အစိတ်အပိုင်းက သစ်စေ့အဖြစ်ပြောင်းလဲကာ တဖြည်းဖြည်း ကြီးထွားလာရင်း ကျင့်ကြံလျက် နှစ်ထောင်ချီသော အထီးကျန်မှုကို ခံစားရမည်ဖြစ်သည်။
“ဟူး...”
ကီလိုမီတာသောင်းချီအဝေးတွင် လှပသောမျက်နှာတစ်ခု ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် ချီလင်းဧကရီသည် လူလုံးထွက်ပြပေပြီ။ သူမ၏ မျက်နှာပေါ်တွင် သနားမှုနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည်။ သူမသည် မည်သို့မှ မပြောဘဲ သက်ပြင်းတစ်ချက်သာ ခပ်သဲ့သဲ့ချလိုက်သည်။ ၎င်းနောက် မျက်နှာက ဟင်းလင်းပြင်ထဲတွင် ပြန်လည်ပျောက်ကွယ်သွားပေသည်။
***