အဝေးသို့ ထွက်သွားခြင်း
Vol. 124 Ch. 1726
“ငါ လှည့်စားခံလိုက်ရပြီ”
မိုးပြာမဟာဧကရာဇ်သည် ဟင်းလင်းပြင်ထဲရှိ အလင်းတန်းများကို ကြည့်၍ ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် ထပ်ခါ ထပ်ခါ အာရုံခံနေ၏။ ချင်လင်းသည် စစ်ဖြိုခွင်းကို သုံးပြီးနောက်တွင် ကျန်းရီကို အဝေးသို့ ခေါ်သွားနိုင်မည် မဟုတ်ပေ။ ပတ်ဝန်းကျင်တွင်လည်း မည်သည့်ထူးဆန်းသောအရာမှ ရှိမနေ။ ထို့ကြောင့် ကျန်းရီက ဤနေရာတွင် မရှိကြောင်း ထင်ရှားသည်။
ချင်လင်းက သူတို့ကို ရည်ရွယ်ချက်ရှိရှိ မျှားခေါ်လာခဲ့ခြင်းဖြစ်မည်။ ကျန်းရီကမူ အခြားတစ်ဘက်သို့ ထွက်ပြေးသွားခဲ့ပေလိမ့်မည်။
ရွှီး...
မိုးပြာမဟာဧကရာဇ်သည် သူ၏ကျောက်စိမ်းအဆောင်ကို ချက်ချင်းထုတ်၍ တောက်နူကို ဆက်သွယ်ကာ မိုးပြာမဟာဧကရာဇ်စစ်တပ် တစ်တပ်လုံးကို သုံးပြီး ကျန်းရီအား လိုက်ရှာရန် အမိန့်ပေးလိုက်သည်။ ကျန်းရီ၏ အမြန်နှုန်းက သိပ်မမြန်ပေ။ ထို့ပြင် သူ ထွက်ပြေးသွားလျှင်ပင် မည်သည့်နေရာသို့ သွားနိုင်မည်နည်း။
“ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်... သူ့ကို ရှာဖို့ ခင်ဗျားတို့ရဲ့ စစ်တပ်တွေကိုလည်း စေခိုင်းလိုက်ပါ။ ကျန်းရီက သေချာပေါက် ပုန်းနေမှာပဲ”
မိုးပြာမဟာဧကရာဇ်သည် ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ကိုကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူ နောက်လှည့်ကာ ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ ပျံသန်းသွားလိုက်လေသည်။
အပေါ်ယံတွင် ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့က မိုးပြာမဟာဧကရာဇ်၏ ဦးဆောင်မှုနောက်သို့ အမြဲလိုက်ခဲ့သည်။ ဤတစ်ခေါက်တွင်လည်း သူတို့သည် တုံ့ဆိုင်းမှုမရှိဘဲ သူတို့၏ ကျောက်စိမ်းအဆောင်များကို ထုတ်၍ သတင်းပို့ကာ သူတို့၏ စစ်တပ်များကို ဘုံတစ်ခွင်လုံးတွင် လိုက်ရှာစေလိုက်ပေသည်။
ကမ္ဘာဦးကောင်းကင်ဘုံမှာ ကြီးမားသည်။ ဘုံအနီးတွင်လည်း မရေမတွက်နိုင်သော ဆန်းကြယ်နယ်မြေများနှင့် မြေရိုင်းများ ရှိသည်။ သို့သော် ကောင်းကင်ဘုံမှ စစ်တပ်အားလုံးကို လှုပ်ရှားစေလျှင် ဘုံတစ်ခုလုံးကိုပင် မြေလှန်ပစ်နိုင်သည်။ ကျန်းရီက တမလွန်ဘုံသို့တော့ ထွက်ပြေးမသွားနိုင်သည် မဟုတ်လော။
မဟာဧကရာဇ်သုံးပါးက အမိန့်ပေးလိုက်သောအခါ မရေမတွက်နိုင်သော တပ်သားများက အာကာသဟင်းလင်းပြင်ထဲ အဆက်မပြတ် တည်နေရာပြောင်းရွှေ့လာကြပြီး တပ်ဖြန့်ကာ ဘုံတစ်ခုလုံးကို ရှာဖွေလေသည်။
မကြာခင်မှာပင် ကမ္ဘာဦးကောင်းကင်ဘုံအပြင်ရှိ အာကာသဟင်းလင်းပြင်ထဲတွင် လူများ၊ ဟွင့်သွမ့်နတ်ဘုရားလှေများနှင့် ပြည့်နှက်လာသည်။ ဆန်းကြယ်နယ်မြေများနှင့် မြေရိုင်းများက အကြိမ်ကြိမ် ရှာဖွေခံရသည်။ တောက်နုနှင့် တောက်လန်တို့သည် မိုးပြာမဟာဧကရာဇ်စစ်တပ်ကို ဦးဆောင်၍ အာကာသထဲ ကိုယ်တိုင်ထွက်လာခဲ့ကြသည်။ သူတို့သည် ကျန်းရီ ပုန်းအောင်းနေနိုင်သော နေရာမှန်သမျှကို တစ်နေရာမှ မလွတ်စေဘဲ ရှာဖွေကြမည်ဖြစ်သည်။
သို့သော်...
အနိမ့်ဘုံအချိန် ရက်နှစ်ဆယ်ကျော်ကြာအောင် ရှာဖွေပြီးနောက် သန်းချီသော ဆန်းကြယ်နယ်မြေများနှင့် မြေရိုင်းများကို ရှာဖွေပြီးသွားသည်။ သို့သော် သူတို့ ကျန်းရီကို ရှာမတွေ့ပေ။ အသုံးဝင်သော သဲလွန်စများကိုလည်း မတွေ့ချေ။ ကျန်းရီက ချင်လင်း၏ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးနှင့်အတူ ပျောက်ကွယ်သွားသလိုပင်။ သူက လောကကြီးထဲမှနေ၍ အငွေ့ပျံသွားသလိုပင်။
ရူးသွပ်မဟာဧကရာဇ်စစ်တပ်နှင့် ယန်မဟာဧကရာဇ်စစ်တပ်သည် ပြန်ဆုတ်ရန် ဟန်ပြင်လာ၏။ မျိုးနွယ်များစွာကလည်း ပြန်ဆုတ်ရန် ပြင်ဆင်လာသည်။ သူတို့က သန်းရာချီသော တပ်သားများကို ရှာဖွေစေခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အကြိမ်များစွာရှာပြီးနောက်တွင်ပင် ကျန်းရီကို ရှာမတွေ့သေးလျှင် သူ့ကို ရှာတွေ့နိုင်ရန်မှာ ခက်ခဲလိမ့်မည်ဟု သူတို့ တွေးပေသည်။
တောက်နုနှင့် တောက်လန်တို့ကမူ လက်မလျှော့ကြသေးပေ။ ကျန်းရီက ပုန်းအောင်းနေခြင်း ဖြစ်မည်ဟု သူတို့ ယုံကြည်နေသည်။ သူတို့နှစ်ယောက်သည် အကောင်းဆုံးကြိုးစား၍ ဟာကွက်များကို လိုက်ရှာကြသည်။ သို့သော် အချည်းနှီးသာ။
နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် ဟာကွက်တစ်ခုကို တွေ့သွား၏။ သူတို့၏ မဟာမိတ်များက ယင်းကို စုံစမ်းရသေးပုံ မပေါ်ပေ။ ကျန်းရီက သူတို့၏ စစ်တပ်များထဲတွင် ပုန်းအောင်းနေလျှင် မည်သို့လုပ်မည်နည်း။ စစ်တပ်များသည် ဆန်းကြယ်နယ်မြေများနှင့် မြေရိုင်းများထဲတွင် လိုက်ရှာခဲ့ကြသော်လည်း မိမိတို့၏စစ်တပ်ထဲကို ပြန်မရှာခဲ့ကြပေ။ ကျန်းရီ၏ အစွမ်းအစနှင့်ဆိုလျှင် သူက မည်သည့်ဟွင့်သွမ့်နတ်ဘုရားလှေထဲကိုမဆို ဝင်ပုန်းနေနိုင်သည် မဟုတ်ပါလား။
တောက်နုနှင့် တောက်လန်တို့သည် စစ်တပ်အသီးသီးသို့ အသံပို့လွှတ်၍ မိမိတို့၏တပ်များထဲတွင် မူမမှန်မှုများ ရှိမရှိ စစ်ဆေးရန် ညွှန်ကြားလိုက်သည်။ ထိုအခါမှ စစ်တပ်များ၏ ခေါင်းဆောင်များသည် ဟုတ်ပေသားဟု တွေးမိကာ ဟွင့်သွမ့်နတ်ဘုရားလှေတိုင်းကို စတင်ရှာဖွေကြလေသည်။
အမျိုးမျိုး စုံစမ်းပြီးနောက်တွင် ရူးသွပ်မဟာဧကရာဇ်စစ်တပ်က မသင်္ကာစရာတစ်ခုကို ရှာတွေ့လိုက်ရ၏။ နေရာတစ်ခုတွင် ကင်းလှည့်နေသင့်သည့် ဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်းက ကီလိုမီတာသန်းရာချီ ပျံသန်းသွားခဲ့သည်။ ယခုတွင် ထိုလှေက အဆိပ်နတ်ဆိုးမြေရိုင်းနှင့် နီးကပ်နေပြီဖြစ်သည်။
အမဲလိုက်တမန်တော်များသည် မိမိတို့အပိုင်းနှင့်မိမိ ကင်းလှည့်ရခြင်းဖြစ်သည်။ ပုံမှန်အခြေအနေအောက်တွင် သူတို့သည် သူတို့အပိုင်းမှနေ၍ ထွက်သွားမည် မဟုတ်ပေ။
သို့ဖြစ်ရာ ထိုဟွင့်သွမ့်နတ်ဘုရားလှေက သေချာပေါက် တစ်ခုခု မှားနေပေသည်။ အရေးအကြီးဆုံးမှာ ၎င်းလှေက ကျန်းရီနှင့် ချင်လင်းတို့ အာကာသထဲ ထွက်လာခဲ့သည့် နေရာတစ်ဝိုက်တွင် ကင်းလှည့်ရန် တာဝန်ကျထားသော လှေတစ်စင်း ဖြစ်နေခြင်းပင်။
***
တောက်နုနှင့် တောက်လန်တို့သည် ကမ္ဘာဦးကောင်းကင်ဘုံသို့ လျင်မြန်စွာ ပြန်၍ အဆိပ်နတ်ဆိုးမြေရိုင်းအနီးရှိ အာကာသဟင်းလင်းပြင်ထဲ တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ ထို့နောက် အဆိပ်နတ်ဆိုးမြေရိုင်းအနီးသို့ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ပျံသန်းသွားလိုက်ကြပေသည်။
“ဟုတ်ပြီ... ခင်ဗျားရဲ့တာဝန် ပြီးပြီ။ ကျွန်တော်က ကတိတည်ပါတယ်။ ဒီမှာ နတ်ဘုရားအမြစ်သန်းတစ်ရာ”
လုံဟယ့်ဆန်းကြယ်နယ်မြေအနီးတွင် ဟွင့်သွမ့်နတ်ဘုရားလှေတစ်စီး ရပ်တန့်သွား၏။ ကျန်းရီက မျက်လုံးဖွင့်ကာ တပ်မှူးကို သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။ ထို့နောက် သူ ညွှန်ကြားလိုက်သည်။
“ကျွန်တော် ထွက်သွားပြီးရင် လှေကို တောင်ဘက်ကို မောင်းသွားလိုက်။ ပြီးရင် ကမ္ဘာဦးကောင်းကင်ဘုံကို မြန်နိုင်သမျှ အမြန်ဆုံး ပြန်တော့။ ခင်ဗျား ဇာတ်မြှုပ်နေဖို့လည်း နည်းလမ်းတစ်ခု မြန်မြန်ရှာ။ ခင်ဗျား သစ္စာဖောက်လိုက်တဲ့အကြောင်းက အနှေးနဲ့အမြန်ဆိုသလို ပေါ်သွားမှာပဲ။ ခင်ဗျား တစ်ရက်အတွင်း မပုန်းနိုင်ဘူးဆိုရင် သေလိမ့်မယ်။ ရူးသွပ်မဟာဧကရာဇ်စစ်တပ်ရဲ့ စစ်စည်းမျဉ်းတွေကို ခင်ဗျားက ကျွန်တော့်ထက် ပိုသိမှာပါ”
ဝှစ်...
ကျန်းရီသည် လှေ၏အကာအရံများကို ပိတ်လိုက်ပြီး အလောင်းကြီးကိုခေါ်၍ အပြင်သို့ ပျံထွက်လိုက်သည်။ ထိုတပ်မှူးသည် သိုလှောင်လက်စွပ်ထဲရှိ နတ်ဘုရားအမြစ်များကို အာရုံခံကြည့်ပြီးနောက်မှ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သူ ဤနေရာတွင် ဆက်မနေဝံ့တော့သလို ရူးသွပ်မဟာဧကရာဇ်စစ်တပ်ဆီလည်း သတင်းမပို့ရဲပေ။ ရူးသွပ်မဟာဧကရာဇ်စစ်တပ်၏ စစ်စည်းမျဉ်းများကို သူက ကျန်းရီထက် ပိုသိသည်။ သူ ကျန်းရီကို အဝေးသို့ ခေါ်သွားပေးခဲ့သည်။ ထိုအကြောင်းသာ ပေါ်သွားပါက သူ သေချာပေါက် သေပေလိမ့်မည်။ ကျန်းရီ၏ အကြံပေးချက်မှာ မှန်ပေသည်။ သူ ကမ္ဘာဦးကောင်းကင်ဘုံသို့ အမြန်ဆုံး ပြန်၍သာ ပုန်းအောင်းရန် နေရာတစ်ခု ရှာရပေမည်။
သို့သော်...
လှေကို ကမ္ဘာဦးကောင်းကင်ဘုံဘက်သို့ ကီလိုမီတာသန်းဂဏန်းအနည်းငယ် မောင်းနှင်ပြီးနောက် မရေမတွက်နိုင်သော ဟွင့်သွမ့်နတ်ဘုရားလှေများ၏ ဝန်းရံမှုကို ခံလိုက်ရသည်။ ထိုဟွင့်သွမ့်နတ်ဘုရားလှေများက မိုးပြာမဟာဧကရာဇ်စစ်တပ်၏ လှေများပင်။ မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများသည် စကားတစ်ခွန်းမှမဆိုဘဲ လှေများထဲမှနေ၍ ပျံထွက်လာကြပေသည်။
ဝုန်း...
ဆယ်ချီသော အုပ်ချုပ်သူအဆင့် သိုင်းသမားများက တိုက်ခိုက်လိုက်ကြ၏။ ဟွင့်သွမ့်နတ်ဘုရားလှေ၏ အကာအရံများ ပျက်စီးသွားပြီး လှေက အမှုန့်ဖြစ်သွားသည်။
တပ်မှူးသည် ခါးသီးသော မျက်နှာထားဖြင့် ဟင်းလင်းပြင်ထဲတွင် ရပ်ကာ အော်ပြောလိုက်သည်။
“ဆက်မတိုက်ပါနဲ့တော့။ ကျွန်တော် အညံ့ခံပါတယ်။ ကျွန်တော် အပြစ်ရှိပါတယ်။ ကျန်းရီက လုံဟယ့်ဆန်းကြယ်နယ်မြေကို သွားတာပါ”
“လုံဟယ့်ဆန်းကြယ်နယ်မြေလား... ကျန်းရီက အဲ့ကို ဘာသွားလုပ်တာလဲ”
ထိုအခိုက်တွင် တောက်နုနှင့် တောက်လန်တို့က လျင်မြန်စွာ ပျံသန်း၍ ရောက်ရှိလာကြ၏။ သူတို့နှစ်ယောက်သည် သတင်းရသည်နှင့် ချက်ချင်း လာခဲ့ကြခြင်းပင်။ သို့သော် သူတို့ နားမလည်နိုင်ဖြစ်သွားကြသည်။ ကျန်းရီက အဘယ်ကြောင့် လုံဟယ့်ဆန်းကြယ်နယ်မြေသို့ သွားရသနည်း။ သူတို့က ထိုနေရာကို မရှာလောက်ဟု သူက ထင်နေခြင်းလော။
“အဆိပ်နတ်ဆိုးမြေရိုင်း”
မကြာခင်တွင် တောက်နုနှင့် တောက်လန်တို့ သဘောပေါက်သွားသည်။ ကျန်းရီက အဆိပ်ငွေ့များကို မကြောက်ပေ။ အဆိပ်နတ်ဆိုးမြေရိုင်းထဲမှ အဆိပ်ငွေ့များက ကောင်းကင်စိတ်အာရုံများကို ဟန့်တားနိုင်သည်။ သာမန်စစ်တပ်များက ထိုမြေရိုင်းထဲ ဝင်ဝံ့မည် မဟုတ်ချေ။ ထို့ကြောင့် သူသာ ထိုမြေရိုင်းထဲ၌ ပုန်းနေလျှင် စစ်တပ်များ၏ လက်မှ သေချာပေါက် လွတ်မြောက်နိုင်ပေသည်။
တောက်နုနှင့် တောက်လန်တို့သည် ထိုသို့တွေးမိသောအခါ အလွန်စိတ်လှုပ်ရှားသွားကြ၏။ သူတို့ တောက်နူထံ အသံပို့လွှတ်ကာ မိုးပြာမဟာဧကရာဇ်ထံ တဆင့်သတင်းပို့ပေးဖို့ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အဆိပ်ဝိညာဉ်မြေရိုင်းဆီသို့ မြန်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွားလိုက်ကြလေသည်။
***
ဝှစ်...
လုံဟယ့်ဆန်းကြယ်နယ်မြေမှာ အဆိပ်နတ်ဆိုးမြေရိုင်းနှင့် သိပ်မဝေးပေ။ တစ်နာရီမပြည့်ခင်မှာပင် ကျန်းရီတစ်ယောက် အဆိပ်နတ်ဆိုးမြေရိုင်းအနီးသို့ ထပ်ရောက်လာသည်။ သူ့ရင်ထဲမှ အလုံးကြီးလည်း ကျသွားပြီဖြစ်သည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ အလောင်းကြီးအား သူ့ကိုခေါ်၍ အာကာသဝဲများကို ဖြတ်ကျော်စေလိုက်ပေသည်။
အတွေ့အကြုံရှိပြီးဖြစ်၍ အာကာသဝဲများကို ယခင်ကထက် ပို၍လျင်မြန်စွာ ဖြတ်ကျော်နိုင်နေသည်။ တစ်နာရီအတွင်းမှာပင် ကျန်းရီ အဆိပ်နတ်ဆိုးမြေရိုင်းထဲ ရောက်သွားသည်။
ရွှီး...
ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို ထုတ်ကာ အဆိပ်ငွေ့များကို ကာ၍ အရှေ့သို့ ပျံသန်းသွားသည်။ အဆိပ်နတ်ဆိုးမြေရိုင်းက ကြီးမား၏။ မြေရိုင်းထဲတွင် မည်းမှောင်နေသည်။ ထို့ကြောင့် အရပ်မျက်နှာကိုပင် မခွဲနိုင်ပေ။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာမရှိတော့ဘဲ အရှေ့သို့သာ ဆက်သွား၍ ချင်လင်းပြောခဲ့သော ချောက်နက်ကို ရှာဖွေနေရလေသည်။
တစ်နာရီကြာပြီးနောက် အဆိပ်နတ်ဆိုးမြေရိုင်းထဲရှိ ချောက်နက်ကို ကျန်းရီ ရှာတွေ့သွား၏။ ချောက်နက်ထဲတွင် ဧရာမအာကာသဝဲကြီးတစ်ခု ရှိနေသည်ကို တွေ့ရသည်။
ထိုအာကာသဝဲကြီးက အပြင်မှ အာကာသဝဲများနှင့် ကွဲပြားသည်။ ၎င်းဝဲကြီးမှာ အဆိပ်ငွေ့များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ အဆိပ်နတ်ဆိုးမြေရိုင်းထဲရှိ အဆိပ်ငွေ့များက ၎င်းဝဲကြီးမှ ထွက်လာခြင်းဖြစ်မည်။
‘သွားတာပေါ့’
ကျန်းရီသည် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် စိတ်ဆုံးဖြတ်လိုက်၏။ သို့သော် သူ့မျက်ဝန်းများထဲတွင် နာကျင်သည့် အရိပ်အယောင်တစ်ခု ရှိနေသည်။ သူ ထိုအာကာသဝဲကြီးထဲ ခုန်ချလိုက်လျှင် ထူးဆန်းသော ဘုံတစ်ခုသို့ ရောက်သွားတော့မည်ဖြစ်သည်။ ထိုဘုံက ကမ္ဘာဦးကောင်းကင်ဘုံနှင့် လုံးဝကွဲပြားလောက်သည်။ ၎င်းဘုံတွင် မည်သည့်လူသားမှ ရှိမည်မဟုတ်ဘဲ မိစ္ဆာများနှင့်သာ ပြည့်နှက်နေပေလိမ့်မည်။ မရေရာမှုများနှင့် အန္တရာယ်များကလည်း အလွန်များနိုင်ပေသည်။
ကျန်းရီ ချောက်နက်ထဲ ခုန်ချလိုက်လျှင် ပြန်လာချင်မှ လာနိုင်လောက်သည်။ သူ့ဘဝတစ်လျှောက်တွင် လူသားများကိုလည်း ထပ်မြင်ချင်မှ မြင်နိုင်လိမ့်မည်။ သူ့မိသားစုနှင့် မျိုးနွယ်ဝင်များကိုလည်း ပြန်တွေ့နိုင်ရန် မသေချာပေ။ သူသည် မိစ္ဆာများ၏ဘုံတွင်သာ အသက်ကြီး၍ သေဆုံးသွားရနိုင်လေသည်။
ဝှစ်...
ကျန်းရီသည် အံကြိတ်၍ ချောက်နက်ထဲရှိ အာကာသဝဲကြီးထဲ ခုန်ချလိုက်၏။ သူက ပင်လယ်ထဲ ပစ်ချလိုက်သော ကျောက်တုံးလေးတစ်တုံးကဲ့သို့ပင်။ ဝဲကြီးကို တုန်ခါမှုပင် မဖြစ်စေခဲ့ပေ။ မကြာခင်တွင် သူ ပျောက်ကွယ်သွားလေတော့သည်။
***