ရှုံးနိမ့်မှု
Vol. 124 Ch. 1727
“မတွေ့ဘူး၊ မတွေ့ဘူး... ဘာမှ မတွေ့သေးဘူး”
တောက်နုနှင့် တောက်လန်တို့သည် အဆိပ်ငွေ့များ၏ တိုက်စားမှုကို တောင့်ခံရင်း အဆိပ်နတ်ဆိုးမြေရိုင်းထဲတွင် တစ်ပတ်ပြီးတစ်ပတ် လှည့်ပတ်ရှာဖွေနေကြ၏။ သို့သော် သူတို့ ကျန်းရီကို ရှာမတွေ့သေးပေ။ သူတို့နှစ်ယောက်သည် ဆယ်မိနစ်လျှင်တစ်ကြိမ် မြေရိုင်းအပြင်သို့ ပျံထွက်ပြီးမှ မြေရိုင်းထဲ ပြန်ဝင်ကာ ဆက်ရှာနေကြပေသည်။
တောက်နုနှင့် တောက်လန်တို့သည် အဆိပ်နတ်ဆိုးမြေရိုင်းထဲသို့ အကြိမ်တစ်ရာ ဝင်လိုက်၊ ထွက်လိုက် လုပ်ပြီးသွားပေပြီ။ မြေရိုင်းတစ်ခွင်လုံးကိုလည်း ဆယ်ကြိမ်ကျော် လှည့်ပတ်၍ ရှားခဲ့ပြီးပြီ။ မြေရိုင်းထဲတွင် ကောင်းကင်စိတ်အာရုံကို မသုံးနိုင်။ သူတို့၏ အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့အာရုံများကို သုံး၍သာ ပတ်ဝန်းကျင်ကို အာရုံခံနိုင်သည်။ ထို့ကြောင့် ကျန်းရီက သူတို့ ရှာမတွေ့နိုင်သည့် တစ်နေရာရာတွင် ပုန်းအောင်းနေခြင်း ဖြစ်ရမည်ဟု သူတို့ ယုံကြည်နေသေးပေသည်။
မိုးပြာမဟာဧကရာဇ်စစ်တပ်၏ ရှာဖွေမှုမှာလည်း အကျိုးရလဒ်ထွက်လာပေ။ သူတို့သည် ကျန်းရီ၏ သဲလွန်စတစ်ခုကိုပင် ရှာမတွေ့ကြချေ။ သူတို့က လုံဟယ့်ဆန်းကြယ်နယ်မြေ၊ လုံထန်ဆန်းကြယ်နယ်မြေနှင့် အခြားနေရာများတွင်လည်း လိုက်ရှာခဲ့ကြသော်ငြား အချည်းနှီးသာဖြစ်ခဲ့သည်။
တောက်နုနှင့် တောက်လန်တို့ ရူးတော့ပေမည်။ ထိုရူးသွပ်မဟာဧကရာဇ်စစ်တပ်မှ တပ်မှူးကိုလည်း သေသည်အထိ နှိပ်စက်ပြီးခဲ့ပြီ။ သို့သော် ကျန်းရီက လုံဟယ့်ဆန်းကြယ်နယ်မြေတွင် ဟွင့်သွမ့်နတ်ဘုရားလှေပေါ်မှ ဆင်းသွားခဲ့သည်ဆိုသော အကြောင်းကိုသာ သိရပေသည်။
“ထပ်ဝင်မယ်”
တောက်နုသည် အံကြိတ်၍ အော်ပြောလိုက်ပြီး တောက်လန်နှင့်အတူ အဆိပ်နတ်ဆိုးမြေရိုင်းထဲ ထပ်မံဝင်ရောက်လိုက်ကြသည်။ ထိုမြေရိုင်းမှာ ပွက်ပွက်ဆူနေသော ဆီပူအိုးကြီးတစ်အိုးကဲ့သို့ပင်။ ထိုထဲသို့ ဝင်ရခြင်းက သူတို့အတွက် နှိပ်စက်ခံရသလိုပင်။ ဤတစ်ခေါက်ပြီးသွားလျှင် သူတို့သည် ဤမြေရိုင်းသို့ တစ်သက်လုံး ပြန်လာလိုတော့မည် မဟုတ်ပေ။ သူတို့ မြေရိုင်းထဲ ဝင်လိုက်တိုင်း သောင်းချီသော ပုရွက်ဆိတ်များက သူတို့၏ အသွေးအသားများနှင့် အရိုးများကို ကိုက်နေသလို ခံစားရသည်။ သူတို့နှစ်ယောက်က စိတ်ဓာတ်ခိုင်မာ၍သာ တော်သေးသည်။ သူတို့နေရာတွင် အခြားသူများဆိုပါက ရိုက်သတ်ခံရမည်ဆိုလျှင်ပင် မြေရိုင်းထဲ ဝင်ကြမည် မဟုတ်ပေ။
အဆိပ်နတ်ဆိုးမြေရိုင်းထဲတွင် ဆယ်မိနစ်ကြာအောင် လှည့်ပတ်ပြီးနောက် တောက်နုနှင့် တောက်လန်တို့သည် နာကျင်ရှုံ့မဲ့နေသော မျက်နှာထားများနှင့် အပြင်ဘက်သို့ ပျံထွက်လာကြ၏။ သူတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်တို့က တိုက်စားခံထားရသည်။ ထို့ကြောင့် သူတို့၏အရေးပြားမှနေ၍ သွေးများစီးကျနေသည်။ ခန္ဓာကိုယ်အချို့နေရာများတွင်ဆိုလျှင် အရိုးဖွေးဖွေးများကိုပင် မြင်ရသည်။ ထိုမြင်ကွင်းမှာ ကြောက်ရွံ့ဖွယ်ပင်။
ဝှစ်...
ထိုအခိုက်တွင် လေခွင်းသံတစ်သံ ထွက်ပေါ်လာပြီး အရိပ်တစ်ခုက ကြယ်တာရာတစ်စင်းအလား သူတို့ဆီသို့ ပျံသန်းလာ၏။ သူတို့နှစ်ယောက်သည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီးနောက် ငိုချင်သလိုပင် ခံစားလိုက်ကြရလေသည်။
“ခမည်းတော်...”
ကြယ်တာရာက နီးကပ်လာသောအခါ သူတို့နှစ်ယောက် ဦးညွှတ်လိုက်ကြသည်။ ရောက်ရှိလာသူသည် ဟင်းလင်းပြင်ထဲတွင် ရပ်တန့်လိုက်၏။ သူ၏ခါးမှာ ကုလားအုပ်တစ်ကောင်၏ ဘို့ကြီးအလား ကုန်းနေသည်။ သူ၏မျက်ဝန်းနက်များကမူ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။ သူတို့၏ သနားစဖွယ်အခြေအနေကို တွေ့သောအခါ သူ့မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်တစ်ချက် လက်သွား၏။ ထို့နောက် အော်ပြောလိုက်သည်။
“မင်းတို့ သူ့ကို ရှာမတွေ့သေးဘူးလား”
“ခမည်းတော်... သားတော်တို့ အသုံးမကျပါဘူး...”
တောက်နုက ငိုမဲ့မဲ့မျက်နှာထားနှင့် ထပ်မံ၍ ဦးညွှတ်လိုက်သည်။ တောက်နူသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အဆိပ်နတ်ဆိုးမြေရိုင်းထဲ ပျံဝင်သွားသည်။ တောက်နုနှင့် တောက်လန်တို့သည် အနောက်မှ လိုက်သွားလိုက်ကြ၏။ သို့သော် သူတို့၏ ဒဏ်ရာများအရ ချက်ချင်းလိုက်ဝင်သွားလျှင် ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ အံကြိတ်၍သာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဒဏ်ရာများကို ကုသလိုက်လေသည်။
သူတို့နှစ်ယောက် တစ်နာရီနီးပါး ကုသနေပြီးနောက် တောက်နူက ပြန်ထွက်လာ၏။ သူ့အရည်ပြားများလည်း တိုက်စားခံထားရသည်။ သူ့မျက်နှာအိုကြီးမှာ မီးလောင်ခံထားရသလိုပင် ရှိနေပြီး ပေါက်ပြဲစုတ်ပြတ်နေသည်။ တောက်နုနှင့် တောက်လန်တို့သည် ယင်းကို မြင်သောအခါ ရင်နာကာ အရှက်ရသွားကြပေသည်။
“ခမည်းတော်... ခမည်းတော် အပြင်မှာ နားနေလိုက်ပါ။ သားတော်တို့ အထဲကို ပြန်သွားပါမယ်’
တောက်လန်က ခပ်သွက်သွက် ဆိုလိုက်၏။ သို့သော် တောက်နူက ခေါင်းခါကာ အံကြိတ်၍ ပြန်ပြောလိုက်သည်။
“မလိုတော့ဘူး။ ဆရာ ရောက်လာတော့မယ်။ ဆရာ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ဆို အဆိပ်နတ်ဆိုးမြေရိုင်းတစ်ခုလုံးကို အလွယ်လေး အာရုံခံနိုင်လိမ့်မယ်။ ကျန်းရီက အထဲမှာ ပုန်းနေတာဆိုရင် သူ့ကို သေချာပေါက် ရှာတွေ့မှာပဲ”
တောက်နုနှင့် တောက်လန်တို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့သည် ဆက်၍ ကုသမနေတော့ဘဲ တောက်နူနောက်တွင် သွားရပ်ကာ မိုးပြာမဟာဧကရာဇ် ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေလိုက်ကြလေသည်။
ငါးမိနစ်ကြာပြီးနောက်တွင် လေပြေညင်းလေးတစ်ချက် တိုက်ခတ်လာ၏။ ထို့နောက် တောက်နူတို့သုံးယောက်၏ အရှေ့တွင် မိုးပြာမဟာဧကရာဇ် ထွက်ပေါ်လာသည်။ တောက်နူသည် ယခုအထိ ဒဏ်ရာမကုသထားသေးပေ။ သူသည် သူ၏ သနားစဖွယ်အခြေအနေကို မိုးပြာမဟာဧကရာဇ် မြင်သွားမည်ကို လိုလားပုံပင်။
“ဟွန်း...”
မိုးပြာမဟာဧကရာဇ်သည် တောက်နူတို့သုံးရောက်ကို ကြည့်၍ နှာမှုတ်လိုက်၏။ ထို့နောက် သူ အဆိပ်နတ်ဆိုးမြေရိုင်းဆီသို့ ပျံသန်းသွားလိုက်သည်။ သူသည် မြေရိုင်းကို တစ်ကြိမ်လှည့်ပတ်လိုက်ပြီး ငါးမိနစ်မပြည့်ခင်မှာပင် ပြန်ထွက်လာသည်။ အပြင်သို့ ရောက်သောအခါ တစ်ချက်ပင် မရပ်တန့်ဘဲ အဝေးသို့ ဆက်ပျံသန်းသွားကာ အော်ပြောခဲ့သည်။
“တခြားမှာသွားရှာ။ ဒီမှာ.. ဘာမှမရှိဘူး”
“ဘာမှမရှိဘူးလား”
တောက်နုနှင့် တောက်လန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံး မှင်တက်ကာ အံ့အားသင့်နေကြသည်။ ထို့နောက် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဒူးထောက်ကာ အော်ပြောလိုက်ကြသည်။
“ကျွန်တော်မျိုးတို့ အပြစ်ရှိပါတယ်။ မိုးပြာမဟာဧကရာဇ် ကျွန်တော်တို့ကို အပြစ်ပေးပါ”
“မင်းတို့ ကျန်းရီကို ရှာမတွေ့ရင် ပြန်မလာခဲ့နဲ့”
မိုးပြာမဟာဧကရာဇ်သည် အထက်ပါအတိုင်း ပြောပြီးနောက် အဝေးသို့ ပျံသန်းပျောက်ကွယ်သွားသည်။ သူ၏လေသံက တည်ငြိမ်သော်လည်း သူ့စကားလုံးများထဲတွင် ဒေါသပါနေပေသည်။ သူက ဤသို့ အပြေးအလွှားလာခဲ့ရသော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ အဆိပ်နတ်ဆိုးမြေရိုင်းထဲတွင် မည်သည်မှ ရှိမနေခဲ့။ သူ၏ကောင်းကင်စိတ်အာရုံက အဆိပ်ငွေ့များကို အလွယ်တကူ ဖောက်ထွင်းနိုင်သည်။ ကျန်းရီက ထိုမြေရိုင်းထဲတွင် မရှိကြောင်း သူ ရာနှုန်းပြည့် သေချာပေသည်။
မိုးပြာမဟာဧကရာဇ်သည် ချောက်နက်ကို တွေ့ခဲ့၏။ သို့သော် ချောက်နက်အခြေတွင် အာကာသဝဲကြီးတစ်ခု ရှိနေရာ ကျန်းရီက သူ့ကိုယ်သူ သတ်သေရန် မရည်ရွယ်လျှင် ထိုဝဲထဲ ခုန်ချလိမ့်မည် မဟုတ်ဟု မိုးပြာမဟာဧကရာဇ်တွေးသည်။ ထို့ပြင် အာကာသဝဲကြီးထဲ ခုန်ချလိုလျှင်လည်း အာကာသဟင်းလင်းပြင်ထဲ၌ အာကာသဝဲများစွာ ရှိသည်။ ဒုက္ခခံ၍ အဆိပ်နတ်ဆိုးမြေရိုင်းထဲထိ သွားနေရန်ပင် မလိုပေ။
***
မိုးပြာမဟာဧကရာဇ် ပြန်သွားပြီးနောက် တောက်နူတို့သည် ကျန်းရီကို အသည်းအသန် လိုက်ရှာကြ၏။ မိုးပြာမဟာဧကရာဇ်စစ်တပ်၏ သန်းဆယ်ချီသော တပ်သားများလည်း လိုက်ရှာနေကြသည်။ သူတို့ အဆိပ်နတ်ဆိုးမြေရိုင်း၏ ပတ်ဝန်းကျင်တစ်ခွင်လုံးကို လိုက်ရှာကြသည်။
သို့သော် မည်သည့်သဲလွန်စကိုမှ မတွေ့ခဲ့ပေ။
တောက်နူတို့သုံးယောက်သည် ဟွင့်သွမ်နတ်ဘုရားလှေတစ်စင်းထဲတွင်ထိုင်ကာ သတင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။ အချိန်ကြာလာသောအခါ တောက်နုနှင့် တောက်လန်တို့သည် လှေထဲတွင် ဆက်ထိုင်မနေဝံ့တော့ပေ။ ထို့ကြောင့် ကိုယ်တိုင်ထွက်ရှာကြသည်။ တောက်နူက ရူးသွပ်လာတော့မည်ဟု သူတို့နှစ်ယောက်စလုံး ခံစားနေရသည်။ တောက်နူ ရူးသွပ်သွားချိန်တွင် ဒေါသအလျောက် သူတို့နှစ်ယောက်အား သတ်ပစ်မည်ကို သူတို့ စိုးရိမ်ပေသည်။
နာရီနှစ်ဆယ်၊ နာရီငါးဆယ်... တစ်ရက်၊ နှစ်ရက်၊ သုံးရက်...
အချိန်က တိတ်တဆိတ် ကုန်ဆုံးသွားသည်။ အချိန်ပိုကြာလာလေလေ၊ တောက်မျိုးနွယ်က မျက်နှာပိုပျက်ရလေလေပင်။ မိုးပြာမဟာဧကရာဇ်၏ မျက်နှာလည်း ပျက်ရသည်။ မိုးပြာမဟာဧကရာဇ်မြို့မှာ အပျက်အစီးပုံကြီးအတိုင်း ဆက်ရှိနေဆဲပင်။ အလောင်းများကိုလည်း မသင်္ဂြိုလ်ရသေးသဖြင့် မြို့အနှံ့တွင် အလောင်းများကို တွေ့နိုင်ပေသည်။
ရူးသွပ်မဟာဧကရာဇ်စစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်နှင့် အခြားစစ်တပ်များလည်း တပ်ဆုတ်လာပေပြီ။ ယန်ကိုးပါးစစ်တပ် ပြန်ဆုတ်သွားခဲ့သည်မှာမူ ကြာခဲ့ပေပြီ။ ကောင်းကင်ဘုရင်ဝေသည် ကျန်းရီက မိုးပြာမဟာဧကရာဇ်မြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကြားလိုက်သောအခါ ကျန်းရီကို ဆက်မကူညီဝံ့တော့ပေ။ ကျန်းရီက ပြဿနာများစွာ ရှာခဲ့သည် မဟုတ်ပါလား။ သူ့အနေဖြင့် ကျန်းရီ ဘေးကင်းပါစေဟုသာ မျှော်လင့်နိုင်တော့သည်။ သို့သော် ရက်ပေါင်းများစွာ ရှာပြီးသည့်တိုင် မိုးပြာမဟာဧကရာဇ်စစ်တပ်နှင့် အခြားစစ်တပ်များက ကျန်းရီကို ရှာမတွေ့သေးကြောင်း ကြားရရာ သူ အတန်ငယ်တော့ စိတ်အေးရပေသည်။
ငါးရက်...ဆယ်ရက်...လဝက်...
မိုးပြာမဟာဧကရာဇ်သည် မိုးပြာမဟာဧကရာဇ်စစ်တပ်ကို စစ်စခန်းသို့ ပြန်လာရန် အမိန့်ပေးလိုက်သည်။ တောက်နူတို့သည် ရွေးချယ်စရာမရှိတော့သဖြင့် တပ်သားများကို ဦးဆောင်ကာ ခါးသီးသော မျက်နှာထားများဖြင့် ပြန်လာရတော့သည်။ လဝက်ကြာအောင် ရှာဖွေခဲ့သော်လည်း သူတို့ ကျန်းရီကို ရှာမတွေ့ခဲ့ပေ။ သူတို့ မရှုမလှ ရှုံးနိမ့်ခဲ့ပေပြီ။
သူတို့ ရှုံးနိမ့်ခဲ့လေပြီ။
မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကိုယ်တိုင် လှုပ်ရှားခဲ့သည်။ မိုးပြာမဟာဧကရာဇ်စစ်တပ်၊ ရူးသွပ်မဟာဧကရာဇ်စစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်နှင့် မျိုးနွယ်အသီးသီး၏ စစ်တပ်များလည်း လှုပ်ရှားခဲ့သည်။ လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမား တစ်ဝက်လောက်နှင့် စစ်တပ်တစ်ဝက်လောက်က လူတစ်ယောက်ကို သတ်ရန် အာကာသဟင်းလင်းပြင်ထဲ စစ်ချီခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူတို့ ရှုံးနိမ့်ခဲ့လေသည်။
ထိုအချက်မှာ အလွန်ရယ်စရာကောင်းပါ၏။
သို့သော် အမှန်တရားမှာ အမှန်တရားပင်။ ယင်းကို မပြောင်းလဲနိုင်။ မိုးပြာမဟာဧကရာဇ်စစ်တပ်က သူတို့ ကျန်းရီကို ရှာရန် ကျရှုံးခဲ့ကြောင်း ကြေညာလိုက်သောအခါ ကောင်းကင်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ကျန်းရီက ကပ်လောကထဲရှိ စွမ်းအားအကြီးဆုံး သိုင်းသမားများ၏ပါးကို အသံတိတ် ဖြတ်ရိုက်ခဲ့ပေပြီ။
လူတစ်ယောက်က မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ သွား၍ မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ မိုးပြာမဟာဧကရာဇ်ကို စော်ကားခဲ့သည်။ ထိုလူသည် သန်းရာချီသော တပ်သားများ လိုက်လာသည့်အထဲမှပင် လွတ်မြောက်သွားသေးသည်။ မိုးပြာမဟာဧကရာဇ်သည်ပင် သူက ကျန်းရီကို ရှာမတွေ့ကြောင်း ဝန်ခံခဲ့ရသည်။
ယင်းမှာ လောကထဲရှိ အရယ်ရဆုံးဟာသပင်။ နှစ်ပေါင်းထောင်ချီအတွင်း တုန်လှုပ်ဖွယ်အကောင်းဆုံး အဖြစ်ပင်။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သောအဖြစ်ပြီးလျှင် ထိုအဖြစ်မှာ ဒုတိယလိုက်ပေသည်။
ကျန်းရီသည် အနိမ့်ဘုံမှ တက်လှမ်းလာခဲ့သော လူတစ်ယောက်သာ။ သို့သော် ကောင်းကင်ဘုံရှိ သန်းထောင်ချီသော စွမ်းအားကြီး သိုင်းသမားများကို အရှက်ရစေခဲ့သည်။ ၎င်းဖြစ်ရပ်မှာ မယုံနိုင်ဖွယ်ပင်။
သို့သော် လူများစွာသည် ကျန်းရီက သေသွားခဲ့ပြီဟု တွေးထင်နေကြသည်။ ဥပမာအားဖြင့် သူက အာကာသဝဲကြီးတစ်ခုထဲ စုပ်ယူခံလိုက်ရသည်ဟု ထင်ကြသည်။ သို့မဟုတ် အဆိပ်နတ်ဆိုးမြေရိုင်းထဲတွင် အဆိပ်ငွေ့များ၏ တိုက်စားမှုကို ခံလိုက်ရသဖြင့် အရိုးပင်မကျန်ခဲ့ခြင်းဖြစ်နိုင်သည်။ ထိုအရာများ တစ်ခုမှ မဟုတ်လျှင်လည်း သူက တမလွန်ဘုံမျိုးနွယ်၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်းဖြစ်ပေမည်။
၎င်းတွေးထင်ချက်များက ရယ်စရာကောင်းသော်လည်း ပေါက်ကရများဆိုလျှင် ပျံ့နှံ့လွယ်သော သဘောရှိသည့်အတိုင်း ထိုအကြောင်းများမှာ အလွန်လျင်မြန်စွာပင် ပျံ့နှံ့သွားလေသည်။ ကောင်းကင်ဘုံကလည်း ကောလာဟလပျံ့နှံ့မှုများကို မထိန်းချုပ်ခဲ့ပေ။ ထို့ကြောင့် ကောလာဟလများက ပို၍ စည်းလွတ်ဘောင်လွတ်ဖြစ်လာသည်။ နောက်ဆုံးတွင် ကျန်းရီက အမှန်ပင် သေသွားပြီဖြစ်ကြောင်း လူတိုင်း လက်ခံလိုက်ကြတော့သည်။
ကောင်းကင်ဘုံသည် အရှက်ဖုံးရန်အရာတစ်ခုကို လိုအပ်၏။ လူသားမျိုးနွယ်သည် အမြဲ သူတို့ကိုယ်သူတို့ လိမ်ညာခဲ့ကြသည်။ သူတို့၏ ဂုဏ်သတင်းက အခြားအရာအားလုံးထက် ပိုအရေးကြီးပေသည်။
သို့သော် အရေးကြီးပုဂ္ဂိုလ်များမှာ စိတ်မအေးနိုင်ကြသေးပေ။ အကယ်၍ ကျန်းရီက ရုတ်တရက်ကြီး ပြန်ပေါ်လာလျှင် သူတို့က ထပ်မံ၍ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားမည် မဟုတ်ပါလား။
ကျန်းရီ ပြန်လာနိုင်မည်လော။
မည်သူမှ မသိပါပေ။
***