တင်စီးသော
Vol. 124 Ch. 1728
“မူးလိုက်တာ”
ကျန်းရီသည် မူးဝေမှုကိုသာ ခံစားနေရသည်။ သူက ပင်လယ်ထဲရှိ ဧရာမဝဲကြီးတစ်ခုထဲ ကျသွားသလိုပင်။ ကျန်းရီ အထဲတွင် ချာချာလည်နေခဲ့သည်။ မည်မျှကြာကြာ၊ အပတ်၍မည်မျှ လည်နေခဲ့ကြောင်းကိုပင် သူ မသိတော့ပေ။ အလွန်လည်းမူးဝေနေသဖြင့် မည်သည့်နေရာသို့ ရောက်နေကြောင်းကိုပင် မပြောနိုင်တော့ချေ။
သို့သော် ကျန်းရီသည် ခန္ဓာကိုယ်နှင့် မြေပြင် ထိတော့မည့် အချိန်တွင် ဝိညာဉ်တံလျှပ်စွမ်းရည်ကို အသုံးပြု၍ သူ့ကိုယ်သူ အနက်ရောင်နတ်ဘုရားအဖြစ် ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် မိစ္ဆာအရှိန်အဝါ ခပ်ရေးရေး ရှိလာပေသည်။
ထိုမိစ္ဆာအရှိန်အဝါက မိစ္ဆာအစစ်အမှန်များကို အရူးလုပ်နိုင်မည်၊ မနိုင်မည်ကို ကျန်းရီ မသိပေ။ ထိုအခိုက်တွင် သူ မျက်လုံးပင် မဖွင့်နိုင်။ သူ့အနေဖြင့် အကောင်းဆုံးကြိုးစား၍ ကျန်သည်ကို ကံကြမ္မာအပေါ်သာ လွှဲပေးထားရပေမည်။
ဝုန်း...
ကျန်းရီသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး မြင့်မားသော သစ်ပင်ကြီး တစ်ပင်ကို ကျိုးသွားစေသည်။ အနီးရှိ အဆင့်နိမ့် မိစ္ဆာတစ်စုလည်း ကြောက်ရွံ့ထွက်ပြေးသွားကြသည်။
ကျန်းရီ၏ မိစ္ဆာအရှိန်အဝါက သိပ်မသန်မာပေ။ သို့သော် အဆင့်နိမ့်မိစ္ဆာများအတွက်မူ အလွန်သန်မာနေသေးသည်။ အဆင့်နိမ့်မိစ္ဆာများသည် သဘာဝအရ စွမ်းအားကြီးမိစ္ဆာများကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့သည် ကျန်းရီနားသို့ ကပ်မလာဝံ့ကြပေ။
‘ငါ ထရမယ်၊ မြန်မြန်ထရမယ်...’
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ ဤနေရာက အလွန်အန္တရာယ်များသည်။ သူက လူသားဖြစ်ကြောင်း ပေါ်သွားလျှင် အကျိုးဆက်များက ဆိုးဝါးသွားပေလိမ့်မည်။ ထို့ကြောင့် သူ မြန်မြန်ထရပေမည်။
ကျန်းရီသည် ခက်ခက်ခဲခဲနှင့် တင်ပျဉ်ခွေထထိုင်လိုက်ပြီး ကောင်းကင်စွမ်းအားကို လှည့်ပတ်လိုက်၏။ သို့သော် များစွာလည်း မလှည့်ပတ်ဝံ့ပေ။ သူ၏ အရှိန်အဝါက အားကောင်းလာပြီး မိစ္ဆာအရှိန်အဝါအား ဖိနှိပ်သွားမည်ကို သူ စိုးရိမ်သည်။ သူ့ခေါင်းမှာ မူးဝေနေသေးသည်။ သူ နှစ်ကြိမ်တိုင်တိုင် ထိုင်လိုက်၊ ပြန်လဲသွားလိုက် ဖြစ်နေသည်။ ဆယ်စက္ကန့်ကြာပြီးမှ မတ်မတ်ထိုင်နိုင်သွားသည်။ ငါးမိနစ် အနားယူပြီးနောက်တွင် သူ့စိတ်ဝိညာဉ်ထဲမှ မူးဝေမှုက ပျောက်သွားသည်။ သူ ချက်ချင်းပင် ကောင်းကင်စိတ်အာရုံကိုသုံးကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်လေသည်။
ဤနေရာမှာ တောင်တန်းတစ်ခုရှိ တောနက်ကြီးတစ်ခုပင်။ ပတ်ဝန်းကျင်တွင် မိစ္ဆာများစွာ ရှိနေသည်။ မိစ္ဆာဘုရင်များလည်း အများအပြားရှိသည်။ ကျန်းရီ အာရုံခံနေစဉ်တွင် အဝေးမှနေ၍ အနက်ရောင်မီးခိုးတန်းတစ်တန်း ထိုးတက်လာပြီး ကျန်းရီထံသို့ ပျံသန်းလာသည်။ ကျန်းရီ ကြက်သီးမွေးညင်းများ ထသွား၏။ အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါကို သူ ခံစားနေရသည်။ ထိုအရှိန်အဝါက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်၏ အရှိန်အဝါထက် မနိမ့်ပေ။
“မင်းက ငါ့ရဲ့ လေနက်နယ်မြေထဲ ဝင်လာရဲတယ်ပေါ့လေ။ မင်း သေချင်နေတာလား”
အလွန်တင်စီးသောအသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်မီးခိုးငွေ့များ တလိပ်လိပ် လိမ့်လာသည်။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက အနက်ရောင်မီးခိုးငွေ့များ အသိပ်သည်းဆုံးနေရာတွင် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ရှိနေကြောင်းကို အာရုံခံမိလိုက်သည်။
မိစ္ဆာများ၏ သက်တမ်းက လူသားများထက် ပိုရှည်ကြသည်။ ထို့ကြောင့် ရုပ်ရည်မှနေ၍ အသက်ကို ခန့်မှန်းရန် မဖြစ်နိုင်သလောက်ပင်။ သို့ဖြစ်ရာ ထိုလူငယ်က အသက်တစ်သောင်းကျော်ရှိပြီဆိုလျှင်လည်း အံ့ဩစရာရှိမည် မဟုတ်ပေ။
အနက်ရောင်ချပ်ဝတ်နှင့် လူငယ်သည် လူသားတစ်ယောက်နှင့် တစ်ပုံစံတည်းတူ၏။ သို့သော် သူ့ခန္ဓာကိုယ်မှ မိစ္ဆာချီက အလွန်သိပ်သည်းသည်။ သူ့ဦးခေါင်းထက်တွင် ဦးချိုတစ်ချောင်းရှိသည်။ ယင်းမှာ မိစ္ဆာမျိုးနွယ်၏ ဝိသေသလက္ခာတစ်ခုပင်။
မိစ္ဆာမျိုးနွယ်သည် အဆင့်တစ်ခုအထိ ကျင့်ကြံပြီးလျှင် လူသားအသွင် ပြောင်းလဲနိုင်သည်။ သို့သော် သူတို့ကိုယ်တွင် မိစ္ဆာမျိုးနွယ်၏ ဝိသေသလက္ခာများ အနည်းနှင့်အများဆိုသလို ကျန်ခဲ့ပေသည်။ သူတို့ကိုယ်တိုင်လည်း လူသားများနှင့် တစ်ပုံစံတည်း မတူလိုပါ။ မိစ္ဆာမျိုးနွယ်၏ ဝိသေသလက္ခာများအား ထိန်းထားနိုင်သည်ကိုပင် ဂုဏ်ယူကြသည်။
ဝှစ်...
အနက်ရောင်ချပ်ဝတ်နှင့် လူငယ်သည် အပိုစကားများ မပြောတော့ဘဲ တိုက်ခိုက်ရန် ချက်ချင်း ဟန်ပြင်လိုက်၏။ သူ အနက်ရောင်မီးခိုးငွေ့များထဲမှ ပျံထွက်လာသည်။ ကျန်းရီနှင့် ကီလိုမီတာသုံးဆယ်အကွာသို့ ရောက်သောအခါ သူ့ခေါင်းထက်မှ ဦးချိုက အကန့်အသတ်မရှိ ရှည်လာပြီး ကျန်းရီထံ ဦးတည်သွားသည်။
‘ဒီမိစ္ဆာက တော်တော်တင်စီးတာပဲ’
ကျန်းရီသည် ကောင်းကင်မိစ္ဆာဘုံအကြောင်းကို မသိပေ။ ထိုအခိုက်တွင် သူသည် ပုန်းအောင်းရန် နေရာတစ်ခုရှာ၍ အရင်ဆုံး ကောင်းကင်မိစ္ဆာဘုံ၏ အခြေအနေကို လေ့လာလိုစိတ် ပေါက်သွားသည်။ ပြီးလျှင် သူ ကျင့်ကြံရန် နေရာတစ်ခုရှာပြီး တဖြည်းဖြည်း အစီအစဉ်ဆွဲရပေမည်။
ကျန်းရီသည် ရောက်လျှင်ရောက်ချင်း ပြဿနာမဖြစ်လိုပေ။ ထိုဦးချိုက အလင်းရောင်တောက်ပနေပြီး ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
သို့သော် ကျန်းရီ မမှုပါ။ သူ့တွင် ကောင်းကင်လေပြေချပ်ဝတ်ရှိသည်။ သူ မလှုပ်မယှက် ရပ်နေမည်ဆိုလျှင်ပင် ထိုမိစ္ဆာက သူ့ကို မသတ်နိုင်လောက်ပါ။
ကျန်းရီသည် သူ၏ ကောင်းကင်လေပြေချပ်ဝတ်ကို ထုတ်မပြဝံ့ပေ။ ထို့ကြောင့် မိုးမြေစွမ်းအား လှည့်ပတ်၍ သူ့ထံ ဝင်လာသော ဦးချိုကို ထိုးချလိုက်သည်။ ပေါက်ကွဲသံခပ်အုပ်အုပ် ထွက်လာသည်။ ကျန်းရီ၏ခန္ဓာကိုယ်က တုန်ပင်မတုန်ခါသွားပေ။ သို့သော် မိစ္ဆာက လွင့်ပျံထွက်သွားသည်။
“ငါက ဖြတ်သွားရုံပါပဲ။ ဘာတွေ ပုံကြီးချဲ့နေရတာလဲ”
ကျန်းရီ အေးစက်စက် အော်ပြောလိုက်၏။ ထို့နောက် လေသံတိုးတိုးဖြင့် ဆက်ပြောသည်။
“ထွက်သွား... မဟုတ်ရင် မင်း ဒီမှာသေရလိမ့်မယ်”
ဝှစ်...
မိစ္ဆာသည် ထပ်မံ၍ ပျံသန်းလာ၏။ ဤတစ်ကြိမ်တွင် သူ၏ မူလပုံစံကို ပြောင်းလဲထားသည်။ သူမှာ ချိုတစ်ချောင်းနွားသိုးကြီးပင်။ သူ့ခန္ဓာကိုယ်က မီတာရာကျော်ရှည်ပြီး ဧရာမတောင်ကြီးတစ်တောင်ကဲ့သို့ဖြစ်ပြီး မျက်လုံးများက နီရဲနေသည်။ သူသည် ကျယ်လောင်စွာ ဟစ်အော်၍ ကျန်းရီထံ ပြေးဝင်လာသည်။ ကျန်းရီအနားသို့ ရောက်သောအခါ အနက်ရောင်မီးတောက်များကို မှုတ်ထုတ်လိုက်လေသည်။
“အာရုံပဲ”
ကျန်းရီ ဒေါသထွက်သွားသည်။ သူ မီးဝိညာဉ်ပုလဲကို ချက်ချင်းထုတ်၍ ကြောက်မက်ဖွယ်မီးတောက်များကို ခုခံလိုက်၏။ ထို့နောက် မိုးမြေစွမ်းအားလှည့်ပတ်ကာ နွားသိုးကြီး၏ ဦးခေါင်းကို ထိုးချလိုက်သည်။
ကျန်းရီသည် ထိုလက်သီးချက်တွင် အားကုန်သုံးလိုက်၏။ ဧကရာဇ်တစ်ပိုင်းအဆင့် ခန္ဓာကိုယ်၏ လက်သီးချက်က မည်မျှစွမ်းအားကြီးပါသနည်း။ နွားသိုးကြီး၏ ဦးခေါင်းက ပေါက်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်ကလည်း ဂုံနီအိတ်တစ်အိတ်အလား လွင့်ပျံထွက်သွားပြီး တောင်ငယ်လေးတစ်ခုကို ပြိုကျသွားစေသည်။ မြေပြင်ပေါ်တွင်လည်း အကြိမ်ဒါဇင်ကျော်လောက် လိမ့်သွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
ဝှစ်...
ကျန်းရီသည် ပျံတက်ကာ အဝေးသို့ ပြေးသွား၏။ စွမ်းအားကြီး မိစ္ဆာများကို အာရုံစိုက်ခံရမှုကို ရှောင်ရှားနိုင်ရန် သူ ထိုနွားသိုးကို မသတ်တော့ပါ။
“ဝူ...ဝူ...ဝူ...”
ကျန်းရီ မိုင်ငါးထောင်အကွာသို့ ရောက်သွားချိန်တွင် အနောက်မှ ထွက်ပေါ်လာသည့် ကျယ်လောင်သော အော်သံများကို ကြားလိုက်ရ၏။ နွားသိုးကြီးက အကူအညီတောင်းခံနေပုံပင်။ ကျန်းရီ၏မျက်နှာ မည်းမှောင်သွားသည်။ ဤသို့ဖြစ်လာမည်ကိုသာ ကြိုသိခဲ့လျှင် သူ ထိုနွားသိုးကို သတ်ခဲ့ပေသည်။
“ပုန်းကွယ်ခြင်းအတတ်”
ကျန်းရီသည် ဝေ့ဝဲကြည့်လိုက်ပြီးနောက် စွန့်စားရန် ဆုံးဖြတ်ကာ ပုန်းကွယ်ခြင်းအတတ်ကို ထုတ်သုံးလိုက်သည်။ မိစ္ဆာမျိုးနွယ်၏ ဘုံတွင် သူ လူသားမျိုးနွယ်၏ ဆန်းကြယ်စွမ်းရည်များကို ထုတ်မသုံးဝံ့ပေ။ မဟုတ်လျှင် သူ့က လူသားဖြစ်ကြောင်း အလွယ်လေး ပေါ်သွားနိုင်သည်။ မိစ္ဆာတစ်ကောင်ကလည်း လူသားမြို့တွင် မိစ္ဆာမျိုးနွယ်၏ ဆန်းကြယ်စွမ်းရည်များကို ထုတ်သုံးလိုက်လျှင် မိစ္ဆာဖြစ်ကြောင်း အလွယ်တကူ ပေါ်သွားမည်သာ မဟုတ်ပါလား။
သို့သော် ဤအခြေအနေတွင် ကျန်းရီ မလှုပ်ရှားသေးလျှင် အရပ်မျက်နှာအနှံ့မှ မိစ္ဆာများ ရောက်လာလောက်သည်။ ထိုအခါ အခြေအနေများက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ မိစ္ဆာမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများ ရောက်လာပါက အကျိုးဆက်များ ဆိုးဝါးသွားနိုင်ပေသည်။
ကောင်းကင်မိစ္ဆာဘုံတွင် အရှင်သုံးပါးရှိကြောင်း ချင်လင်းက သူ့အား ပြောခဲ့သည်။ ထို့ပြင် ဤဘုံထဲရောက်သည်နှင့် သူမ၏အမည်ကို မပြောရန်လည်း မှာခဲ့သည်။
ယင်းမှာ မည်သည့်အဓိပ္ပာယ်နည်း။
ချင်လင်းက ထိုအရှင်သုံးပါးနှင့် ရန်ငြိုးတစ်ခုရှိသည်ဆိုသော အဓိပ္ပာယ်ပင်။ ထိုအရှင်သုံးပါးစလုံးကလည်း ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများ ဖြစ်နိုင်ပေသည်။
ကျန်းရီအနေဖြင့် ကောင်းကင်မိစ္ဆာဘုံထဲတွင် ပုန်းအောင်းနေရန် မလွယ်ကူပေ။ သူ မည်သို့ဆက်လုပ်ရမည်ကို မသိသော်လည်း ထိုမိစ္ဆာမျိုးနွယ်အရှင်သုံးပါးကို သွားတပ်လှန့်၍ မဖြစ်ကြောင်း သေချာသိပေသည်။
ချင်လင်းက သူ့ကို ကယ်ရန်အတွက် မိုးပြာမဟာဧကရာဇ်၏ လိုက်ဖမ်းခြင်းကို ခံနေရသည်။ သူ့အတွက် မဟုတ်လျှင်ပင် ချင်လင်းအတွက် သူ ရှင်သန်ရပေမည်။ ပုန်းကွယ်ခြင်းအတတ်က အလွန်စွမ်းအားကြီးသည်။ အုပ်ချုပ်သူအဆင့်မှ မဟုတ်လျှင် မည်သူမှ သူ့ကို ရှာတွေ့မည် မဟုတ်ပေ။ အုပ်ချုပ်သူအဆင့် သိုင်သမားများကလည်း နေရာအနှံ့တွင် ရှိနေလိမ့်မည်ဟု သူ မယုံကြည်ချေ။
ကျန်းရီသည် ပုန်းကွယ်၍ အရှေ့သို့ ဆက်သွားနေသည်။ မကြာခင်တွင် လေထဲ၌ အနက်ရောင်မီးခိုးငွေ့များ စတင်ပြည့်နှက်လာသည်။ နေရာအနှံ့တွင် မိစ္ဆာများ ရှိနေသည်။ မီးခိုးနက်များထဲတွင် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော မိစ္ဆာများ ပုန်းအောင်းနေကြသည်။ ထိုမိစ္ဆာများထဲတွင် နတ်ဘုရားဧကရာဇ်အဆင့်နှင့်ညီသူများစွာရှိကြောင်း ကျန်းရီ အာရုံခံမိနေပေသည်။
ထိုမိစ္ဆာများက အစောမှ မိစ္ဆာနှင့် ဆင်တူသည်။ သူတို့အားလုံး၏ ဦးခေါင်းပေါ်တွင် အနက်ရောင်ဦးချိုတစ်ချောင်းရှိသည်။ ဤနေရာမှာ နွားသိုးများ၏ ကျက်စားရာနေရာတစ်ခု ဖြစ်ပုံပင်။
တော်သေးသည်မှာ ထိုမိစ္ဆာများက ကျန်းရီကို ရှာမတွေ့ခြင်းပင်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အရှိန်အဝါကို မထုတ်လွှတ်ဝံ့ဘဲ ပုန်းကွယ်၍သာ ဆက်သွားနေသည်။ မိစ္ဆာတစ်ကောင်က အနားမှဖြတ်သွားတိုင်း သူ ရပ်တန့်ပေသည်။
ထိုသို့ဖြင့် ကျန်းရီ နှစ်နာရီကြာ သွားလိုက်သည်။ သူ သောင်းချီသော တောင်များကို ဖြတ်ကျော်ခဲ့သည်။ သို့သော် အရှေ့တွင် မဆုံးနိုင်သော တောင်များ ရှိနေသေးသည်။ ကောင်းကင်မိစ္ဆာဘုံထဲတွင် တောင်များသာ ရှိသည်လောဟုပင် သူ ခံစားလာရသည်။
သို့သော် အတော်ကြာအောင် ပျံသန်းပြီးနောက်တွင် ကျန်းရီသည် နွားသိုးမိစ္ဆာများ၏ ဝန်းရံမှုမှ ဖောက်ထွက်နိုင်လိုက်၏။ နွားသိုးမိစ္ဆာများ ကျက်စားရာနယ်မြေကို ဖြတ်ကျော်ပြီးနောက် တောင်များမှာ အထူးပင်လှပလာသည်။ နေရာအနှံ့တွင် ပန်းနီနီများ ရှိနေသည်။ ထိုရှုခင်းများမှာ အလွန်မျက်စိပသာဒဖြစ်စေပေသည်။
‘ဒီနေရာက တခြားမိစ္ဆာတစ်မျိုးရဲ့ နယ်မြေဖြစ်မယ်’
ကျန်းရီသည် တောင်များထဲတွင် အဆင့်နိမ့်မိစ္ဆာများစွာကို မြင်လိုက်၏။ သူတို့အားလုံးက အဖြူရောင်သားရဲလေးများပင်။ သူတို့မှာ အမွေးထူထူနှင့် အလွန်ချစ်စရာကောင်းပြီး အန္တရာယ်မရှိဟု ထင်ရသည်။
တောင်အလုံးပေါင်းသောင်းကျော်ကို ဖြတ်ကျော်ပြီးနောက် ကျန်းရီသည် အရှေ့ရှိ မိစ္ဆာကင်းရှင်းသော တောင်ကြားတစ်ခုကို မြင်လိုက်ရ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးမပြုဝံ့သဖြင့် မျက်လုံးကိုသာ အားကိုး၍ ကြည့်နေရလေသည်။
တောင်ကြားထဲတွင် မြစ်ငယ်လေးတစ်စင်းရှိသည်။ ကျန်းရီသည် မြစ်ကြောင်းတစ်လျှောက် လိုက်ကာ ပေသောင်းကျော် သွားလိုက်သည်။ ရုတ်တရက် အမျိုးသမီးတစ်ယောက်၏ ခိုးခိုးခစ်ခစ်ရယ်သံကို သူ ကြားလိုက်ရ၏။ ကျန်းရီ စိတ်ဝင်တစားနှင့် ခိုးကြောင်ခိုးဝှက်သွားလိုက်ရာ အရှေ့ရှိ ရေကန်ငယ်လေးတစ်ကန်ကို တွေ့လိုက်ရသည်။ ရေကန်ထဲတွင် မြင်လိုက်ရသောအရာက သူ့ခန္ဓာကိုယ်ကို တုန်ယင်သွားစေ၏။ သူ ပုန်းကွယ်နေရာမှလည်း ရုတ်ခြည်း ပြန်ဖော်လိုက်သည်။
ရေကန်ထဲတွင် လှပသော မိန်းမပျိုဆယ်ယောက်ကျော် ရေချိုးနေသည်။ သူမတို့အားလုံးက ကိုယ်လုံးတီးနှင့်ဖြစ်ပြီး နတ်မိမယ်လေးများကဲ့သို့ လှပကြသည်။ ထိုအခိုက်တွင် သူမတို့ထဲမှ အနည်းငယ်သည် တစ်ယောက်ကိုတစ်ယောက် ရေနှင့်ပတ်ကာ ဆော့ကစားနေကြသည်။ သူမတို့၏ လှုပ်ရှားမှုများကြောင့် ကန်ထဲတွင် လှိုင်းထနေပေသည်။
“ဘယ်သူလဲ”
အလှပဆုံး မိန်းမပျိုတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်၏။ သူမ မျက်လုံးဝေ့၍ကြည့်လိုက်ရာ ကျန်းရီနှင့် အကြည့်ချင်းဆုံသွားသည်။ သူမ၏မျက်ဝန်းများက အေးစက်သွားပြီး သတ်ဖြတ်အရှိန်အဝါနှင့် ပြည့်နှက်သွားလေ၏။
ကျန်းရီ ရင်ထဲတွင် မကောင်းသောနမိတ်ကို ခံစားလိုက်ရသည်။ ထိုမိန်းမပျို၏ အရှိန်အဝါက ရန်ထျန်းဖန်၏အရှိန်အဝါထက် မနိမ့်ကြောင်း သူ အာရုံခံမိသည်။ ဤနေရာကလည်း အခြားမိစ္ဆာတစ်မျိုး၏ နယ်မြေဖြစ်ပုံပင်။
‘ပြေးပေတော့ပဲ’
ကျန်းရီသည် မိုးမြေစွမ်းအားလှည့်ပတ်၍ အရှေ့သို့ လျင်မြန်စွာ ထွက်ပြေးလိုက်သည်။ မိန်းမပျိုဆယ်ယောက်ကျော်သည် ကန်ထဲမှ တက်လာကြ၏။ သူမတို့၏ခန္ဓာကိုယ်များက ချက်ချင်း ရေခြောက်သွားသည်။ ထို့နောက် ခန္ဓာကိုယ်များပေါ်တွင် နှင်းကဲ့သို့ ဖြူဆွတ်သော အဝတ်ရှည်များ ဖြစ်ပေါ်လာသည်။ သူမတို့သည် ကြာပွတ်ဖြူများကို ထုတ်ကာ အဖော်များကို အော်ခေါ်လျက် ကျန်းရီနောက်သို့ လိုက်သွားကြလေသည်။
***