← Chapters

ရှေးဟောင်း ချီနည်းလမ်း

Vol. 1 Ch. 14

ရှေးဟောင်း ချီနည်းလမ်း

Vol. 1 Ch. 14

အကြီးအကဲကျိ၏ စကားအရ ဆိုလျှင် ထိုချီနည်းလမ်းကို အောင်မြင်ရန် အတွက် မြင့်မားသော နည်းလည်နိုင်စွမ်းနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ လိုအပ်ပေသည်။ တောက်ကွေ့က တိတ်ဆိတ်မှုကို ခွဲဖျက်ကာ အကြီးအကဲပိုင်ကို မေးလိုက်၏။

“အဲဒီ နည်းလမ်းကို အောင်မြင်ဖူးတဲ့ ကျင့်ကြံသူ တစ်ယောက်တစ်လေ ရှိခဲ့ဖူးလား...”

ထိုမေးခွန်းမှာ တပည့်အားလုံး သိချင်နေသော မေးခွန်း ဖြစ်ပေသည်။ အကယ်၍ တစ်ယောက်မှ မအောင်မြင်ဖူးခဲ့ပါက ထိုနည်းလမ်းတွင် ချို့ယွင်းချက် တစ်ခုခု ရှိနေပြီဟု ဆိုနိုင်သည်။ ထိုသို့ဆိုလျှင် နှုတ်ထွက်ခြင်းက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။ မည်သည့် ကျင့်ကြံသူက ကိုယ့်အသက်ကို တန်ဖိုး မထားပဲ နေပါမည်နည်း။ သူတို့သည် ဤအဆင့်သို့ ရောက်ရှိရန် အတွက် များစွာသော အရာများကို ပေးဆပ်ခဲ့ရသည်။ မလိုအပ်ပဲ အသက်နှင့်ရင်း၍ စွန့်စားရန် သူတို့တွင် ဆန္ဒ မရှိချေ။

အကြီးအကဲပိုင်က ထိုမေးခွန်းကို မျှော်လင့်ထားသည့် အလား လျှင်မြန်စွာပင် ပြန်ဖြေလိုက်၏။

“အင်း... စုစုပေါင်း အဆင့် ခုနစ်ဆင့်မှာ အဆင့်လေး အထိ အောင်မြင်ခဲ့ဖူးတဲ့ လူတွေ ရှိခဲ့ဖူးတယ်... ဒါပေမဲ့ ဘယ်သူမှ အဆင့်ငါး မထိ မကျင့်ကြံနိုင်ခဲ့ဘူး”

သူ၏ ရှင်းပြမှုကို နားထောင်ရင်း အခြားလူများမှာ ယောင်ဝါးဝါး သဘောပေါက် လာကြသည်။ ထိုအရာက အခွင့်အရေး တစ်ခု ဖြစ်သလို စမ်းသပ်မှု တစ်ခုလည်း ဖြစ်သည်။ ထိုအတားအဆီးကို ချိုးဖျက်ရန် အတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိခြင်းမှာ အက္ခရာပင် ဖြစ်နေနိုင်သည်။

“ဒီစမ်းသပ်မှု အတွက် ဆုလာဘ်တွေ ချီးမြှင့်ဖို့ ဂိုဏ်းက စီစဥ်ထားတယ်... တတိယ နေရာ ရတဲ့လူက သွေးချီ ကျောက်တုံးတစ်တုံးနဲ့ အခြား နှစ်သက်တဲ့ ဒြပ်စင် ကျောက်တုံးသုံးတုံးကို ရွေးချယ် ယူနိုင်တယ်... ဒုတိယ နေရာ ရတဲ့လူကတော့ အပေါ်က ဆုလာဘ်တွေ အပြင် ကျင့်ကြံခြင်း ကုန်းမြေရဲ့ ဘယ်နေရာကို မဆို ခြောက်လကြာ ဝင်ခွင့်ရမယ်... သွေးချီရေကန်ကလွဲလို့ပေါ့...”

“ပထမ နေရာရတဲ့ လူကတော့ သွေးချီရေကန်ကို သုံးလ ဝင်ခွင့်ရမယ့် အပြင် သန့်စင်ထားတဲ့ ယင်ကျောက်တုံးကိုပါ ရမယ်... တတိယနဲ့ ဒုတိယ သမားတွေ ရရှိမယ့် ဆုလာဘ်တွေပါ အပါအဝင်ပေါ့”

တိတ်ဆိတ်ငြိမ်သက်မှု တစ်ခုက ကွင်းပြင်တစ်ခုလုံးတွင် ဖုံးလွှမ်းနေ၏။ စီးချက် ညီခြင်းထက် ကျော်လွန်နေသော နှလုံးခုန်သံများသာလျှင် ချောက်ချားစွာ ထွက်ပေါ်နေသည်။

ဝေ့ဝူယင်ပင်လျှင် အလွန် စိတ်လှုပ်ရှား နေခဲ့သည်။ ဒြပ်စင်ကျောက်တုံးများမှာ ရာစုနှစ်ပေါင်းများစွာ ကြာမှ ဖြစ်ထွန်းလာသည့် ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်များ ဖြစ်သည်။ ၎င်းတို့သည် ဒြပ်စင် စွမ်းအားများကို သယ်‌ဆောင်ထားရာ ချီနှလုံးသားရှိ ဒြပ်စင်ကို မွေးဖွားပေးပြီး  ခန္ဓာကိုယ်ကိုပင် ပိုမို သန်စွမ်းအောင် လုပ်‌ဆောင်ပေးနိုင်စွမ်း ရှိသည်။ ဂိုဏ်း၏ အဓိက တပည့် တစ်ယောက်ပင်လျှင် အချိန် ငါးနှစ်ကြာမှ တစ်ကြိမ် ဒြပ်စင်ကျောက်တုံး တစ်ခုကို ရွေးချယ် ရယူခွင့် ရှိသည်။

သွေးချီကျောက်တုံးများမှာမူ သွေးချီရေကန်မှ ထုတ်လုပ်သည့် ကျောက်တုံးများ ဖြစ်ကာ ဒြပ်စင်ကျောက်တုံးများနှင့် ဆင်တူပေသည်။

တတိယ နေရာအတွက် ဆုလာဘ်ပင်လျှင် ယခင်နှစ်၏ ဆုလာဘ် စုစုပေါင်းနှင့် ညီမျှ နေခဲ့ပြီ ဖြစ်သည်။ ဒုတိယ နေရာရရှိသူများသည် ထိုဆုလာဘ်များ အပြင် ကျင့်ကြံခြင်း ကုန်းမြေ၌ ခြောက်လကြာ ကျင့်ကြံနိုင်ခြင်းကိုပါ ထပ်မံ ရရှိဦးမည် ဖြစ်သည်။  လွန်ခဲ့သည့် နှစ်နှစ်၊ အဓိက တပည့် ဖြစ်လာခဲ့စဥ်၌ ဝေ့ဝူယင်သည် ထိုနေရာတွင် သုံးရက်ကြာ ကျင့်ကြံခွင့် ရရှိခဲ့သည်။

ခြောက်လဆိုသော ကာလကား ရူးသွပ်စရာ ကောင်းလွန်းလှသည်။ ဒြပ်စင်ကျောက်တုံး သုံးတုံးနှင့် သွေးချီ ကျောက်တုံးတစ်တုံးပါ ထပ်ပေါင်းထည့်၍ ကျင့်ကြံပါက သူတို့၏ အနာဂတ် အလားအလာမှာ အကန့်အသတ် မရှိအောင် မြင့်တက်သွားလိမ့်မည် ဖြစ်သည်။

ပထမ ရရှိသူ အတွက် ဆိုလျှင် ဖော်ပြစရာပင် မရှိတော့ချေ။ သွေးချီရေကန်၌ တစ်ပတ်ကြာ ကျင့်ကြံခွင့် ရရှိခြင်း ပင်လျှင် အပြင် ကမ္ဘာ၌ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် ညီမျှသည်။ သုံးလဆိုသော အချိန်ကာလ အတွင်း၌ ကျင့်ကြံသူသည် နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းရန်ပင် ဖြစ်နိုင်ချေ ရှိသည်။ ထို့အပြင် သန့်စင်ထားသော ယင်ကျောက်တုံးပါ ထည့်ပေါင်းပါက...

သုံးမိနစ်တိတိ ကြာပြီးသည့်တိုင်အောင် ကွင်းပြင်ထဲရှိ သိန်းပေါင်းများစွာသော လူများမှာ တိတ်ဆိတ်‌နေကြဆဲ ဖြစ်သည်။ ဝေ့ဝူယင်သည် များပြားသော ဆုလာဘ်ဖြင့် ဖြားယောင်းသွေးဆောင်ခြင်းကို ကြည့်၍ ထိုအရာမှာ မည်မျှ အန္တရာယ် များသည်ကို ခန့်မှန်းနေမိသည်။

သူက အသက်ကို ပြင်းပြင်းရှူကာ ပွက်ပွက်ဆူနေသော ချီကို ငြိမ်သက်စေလိုက်၏။ တစ်ခဏတာ ငြိမ်သက်သွားပြီးနောက်၌ သူ၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများ၊ ဆုံးဖြတ်ထားခြင်းများနှင့် ပြည့်နှက်သွားသည်။ အကယ်၍ သူသာ အနည်းဆုံး ဒုတိယ နေရာကို ရရှိခဲ့ပါက...

ဝေ့ဝူယင် စိတ်ထဲမှ တွေးနေစဥ်မှာပင် ကျူးလန်၏ အသံက ထွက်ပေါ်လာ၏။

“ကျွန်မ ဒီပြိုင်ပွဲက  နှုတ်ထွက်တယ်...”

သူမ၏ အမူအရာမှာ တည်ငြိမ်နေသည်။ အခြားလူများမှာ အနည်းငယ် အံ့အားသင့် သွားကြသည့်တိုင် ကျူးလန်၏ ရွေးချယ်မှုမှာ မိုက်မဲသည်ဟု မယူဆကြချေ။ ထိုအရာမှာ အသက်နှင့် ရင်း၍ စွန့်စားရမည့်ပွဲ ဖြစ်သည်။ ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ယုံဖြင့် ဆုလာဘ်ကို ကျိန်းသေ ရရှိလိမ့်မည် မဟုတ်ပါချေ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိပါက နောက်ဆုတ်ခြင်းသည်သာလျှင် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပေသည်။

အကြီးအကဲပိုင်က ကျူးလန်အား လှမ်းကြည့်ကာ ပြုံးလိုက်၏။

“ခဏလ စောင့်ပါဦးလေ... အခြား အခြေအနေ တစ်ခု ရှိသေးတယ်... ပြိုင်ပွဲ မဝင်ဖို့ ဆုံးဖြတ်တဲ့ လူတွေ ပြိုင်ပွဲကနေ နှုတ်ထွက်နိုင်ပါတယ်... ဒါပေမဲ့ သူတို့အနေနဲ့ အဓိက တပည့်တွေ ရရှိမယ့် အကျိုးအမြတ်ကို စွန့်လွှတ်ရမယ့် အပြင် နောက်ဆယ်နှစ်ကြာမှပဲ အဓိက တပည့်ပြိုင်ပွဲကို ပြန်လည် ယှဥ်ပြိုင်ခွင့် ရှိမယ်”

အကြီးအကဲပိုင်၏ စကားက မီးရှူးမီးပန်း ကဲ့သို့ ကွင်းပြင်တစ်ခုလုံးကို ပေါက်ကွဲ သွားစေ၏။

“ဘယ်လိုကြီးလဲ... ဒါက တကယ့် ထောင်ချောက်ပဲ...”

“ဟုတ်တယ်... အဓိက တပည့် အဆင့်က လျှောကျသွားတဲ့ လူတွေဟာ သက်တမ်းတိုတတ်တယ်... မင်း နီတုကို မှတ်မိတယ် မလား”

“အင်း... လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အဓိက တပည့် စိန်ခေါ်ပွဲမှာ ဝေ့ဝူယင်ကို ရှုံးသွားတဲ့ တစ်ယောက်... ရက်သတ္တပတ် အတွင်းမှာပဲ သူလုပ်ကြံခံလိုက်ရတာမလား”

"အဓိက တပည့်တွေ ဘာကို ရွေးချယ်မှာလဲ... တကယ်တမ်းကျတော့ ဒါက‌ ရွေးချယ်မှုနဲ့တောင် မတူပါဘူး... ရာဇသံလိုမျိုးပဲ”

ပြိုင်ပွဲ၌ ပါဝင်မည်လော။ သို့မဟုတ် ရာထူး အကျခံကာ ရန်သူများ၏ အမဲလိုက်ခြင်းကို ခံမည်လော။

အဓိက တပည့်များ၏ မျက်နှာများမှာ သုန်မှုန်နေကြသည်။ သူတို့တွင် ရင်ဆိုင်ခြင်းမှ လွဲ၍ အခြားနည်းလမ်း မရှိတော့ချေ။

ဝေ့ဝူယင်ကမူ စိတ်ထဲတွင်သာ အေးစက်စက် ရယ်မောလိုက်၏။ သူသည် အစောကတည်းကပင် ပြိုင်ပွဲ၌ ပါဝင်ရန် ဆုံးဖြတ်ထားရာ အတွေးလွန်ကဲစရာ အကြောင်း မရှိချေ။

“နောက်ဆုတ်ချင်တဲ့ လူတွေ ရှိရင် ခုတည်းက ပြောထားပါ...”

အကြီးအကဲပိုင်က  အပြုံးဖြင့် ဆိုလိုက်သည်။ ထိပ်သီး ပါရမီရှင်ဟု ခေါ်ဆိုကြသည့် ထိုလူငယ်များသည် ယခု၌ အသက်နှင့် ရင်း၍ ရွေးချယ်မှု တစ်ခု ပြုလုပ်ရမည့် အခြေအနေ တစ်ခုသို့ ရောက်ရှိနေသည်။ သူ၏ နှလုံးသားထဲတွင် အချိန်ကာလ ကြာမြင့်စွာ ခိုအောင်းနေခဲ့သည့် မနာလိုခြင်းမှာ နှစ်ခြိုက်မှု တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့လေ၏။

ဝေခွဲမရခြင်း၊ စိတ်လွန်ဆွဲခြင်းများမှာ အဓိက တပည့်များ၏ မျက်လုံးများထဲတွင် ပြည့်နှက်နေသည်။ အကြီးအကဲပိုင်သည် သူတို့ တစ်ယောက်ချင်းစီကို အားရအောင် လိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း တည်ငြိမ်သော အမူအရာနှင့် ပြုံးယောင်သမ်းနေသော ဝေ့ဝူယင်ကို မြင်သောအခါတွင်မူ သူ အံ့အားသင့် သွားခဲ့သည်။ ထိုကလေးကား မိမိ၏ အရည်အချင်း အ‌ပေါ် ပြင်းထန်သော ယုံကြည်ချက် ရှိနေဟန် ရသည်။

အဆုံး၌...

မည်သူမှ နှုတ်ထွက်ရန် မပြောကြတော့ချေ။ ရှုယန်နှင့် ရှုယင်တို့ပင်လျှင် အပြန်ပြန်၊ အလှန်လှန် ငြင်းခုံ ဆွေးနွေးပြီး နောက်၌ ပြိုင်ပွဲတွင် ပါဝင်ရန် သဘောတူ လိုက်ကြသည်။

“ကောင်းတယ်...”

အကြီးအကဲပိုင်က ခေါင်းတစ်ချက် ညိတ်ကာ သွေးတာအို နန်းတော်သို့ ဦးတည်လိုက်သည်။ အခြားလူများမှာ နောက်မှ လိုက်သွားလိုက်ကြ၏။

အချိန်အတန်ကြာ လမ်းလျှောက်ပြီးနောက်၌ သူတို့ ဆယ်ယောက်သည် သွေးတာအို နန်းတော်သို့ ရောက်ရှိလာကြသည်။ သွေးတာအို နန်းတော်ဟု အမည် ပေးထားသော်လည်း ၎င်းမှာ သွေးနီရောင် အဆင်း မရှိပဲ အနက်ရောင်ဖြင့် တောက်လောင်နေသည်။ ထိုအရာမှာ ဘာသာရေး အဖွဲ့တစ်ခု၏ ရိုးရှင်းသော ဘုရားကျောင်း တစ်ခုလိုပင်။ တစ်ခုတည်းသော ချွင်းချက်ကား တံခါးများ ဖြစ်သည်။ “သွေး” ဟူသော စကားလုံးကို ဘယ်ဘက် အခြမ်းတွင် ရေးသားထားပြီး ညာဘက်တံခါး တွင်မူ “တာအို”ကို ထွင်းထုထား၏။

သူတို့သည် တံခါးကို ဖြတ်သန်းကာ အထဲသို့ လျှောက်ဝင်လာခဲ့သည်။

ခန်းမဗဟိုနေရာ၌...

အဇူရာ ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးသည် မတ်တပ်ရပ်နေခဲ့၏။ သူမသည် သင်္ကေတများဖြင့် ပြည့်နှက်နေသည့် ‌ရွှေရောင်တိုင်ကြီး တစ်ခု နံဘေးတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုတိုင်ကြီးသည် အမြင့် ရှစ်မီတာခန့် ရှိကာ အရွယ်ရောက် ယောကျ်ား သုံးဖက်စာခန့် ရှိသည်။

ထိုတိုင်ကြီးသည် ကောင်းကင်နှင့် မြေကြီး၏ ထူထဲသော ရောင်ဝါများကို ထုတ်လွှတ်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ထိုတိုင်ကြီး၏ နံဘေးတွင် ကျင့်ကြံပါက သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ အတိုင်းအတာ တစ်ခု အထိ တိုးတက်လာလိမ့်မည် ဖြစ်သည်။

တိုင်ကြီး၏ နံဘေး၌ ရပ်နေသော မိန်းကလေးကို တွေ့မြင်လိုက်သည့် ချက်ချင်းပင် စကားလုံး တစ်လုံးမှာ ဝေ့ဝူယင်၏ စိတ်ထဲတွင် လွှမ်းမိုးနေရာယူလာလေ၏။ ထိုစကားလုံးကား “လှပခြင်း” ဟူ၍ပင်။

ထိုမိန်းကလေး၏ မျက်လုံးများသည် ပင်လယ်ကဲ့သို့ ပြာလွင်နေသည်။ ဖြောင့်စင်းသော အနက်ရောင် ဆံနွယ်ရှည်များသည် သူမ၏ကျောထက်နှင့် ပခုံးတစ်ဖက်တစ်ချက်တွင် စီးဖြာကျနေ၏။ သူမ၏ အရပ်အမြင့်မှာ ပုံမှန်သာ ဖြစ်ကာ အထင်ကြီးစရာ မရှိသော်လည်း လှပသော ကိုယ်လုံး အချိုးအစား၊ ပိန်ပါးသော ထုထည်နှင့် ချောမွေ့လွန်းသော အသားအရေတို့က ပုရိသတိုင်းကို အသက်ရှူ မှားသွားလောက်စေသည်။

ဝေ့ဝူယင်သည် လှပသော မိန်းက‌လေးများစွာကို တွေ့မြင်ဖူးသော်လည်း ထိုမျှလောက် လှပသူကိုမူ ယခုမှသာ တွေ့မြင်ဖူးခြင်း ဖြစ်သည်။ အထူးသဖြင့် သူမ၏ ရှည်လျား ကော့ညွှတ်သော မျက်တောင်များနှင့် ဖီးနစ်ကဲ့သို့ မျက်လုံးများမှာ သူ တွေ့မြင်ဖူးသမျှ အရာအားလုံးထက် သာလွန်နေသည်။

မိန်းကလေးအား မြင်၍ မှင်သက်သွားသူမှာ ဝေ့ဝူယင် တစ်ယောက်တည်းသာလျှင် မကချေ။ ရှုယန်၊ တောက်ကွေ့နှင့် ဟယ်လုံတို့ပါ အပါအဝင် ဖြစ်သည်။ ဟယ်လုံမှာ လေးယောက်ထဲ၌ အဆိုးဆုံး ဖြစ်ပြီး သူ၏ ဘောင်းဘီခွမှာ တဖြည်းဖြည်း တင်းကြပ်ကာ ဖောင်းကြွ လာနေခဲ့သည်။ သူသည် ခိုင်မာသော စိတ်စွမ်းအား ရှိသည့် ဓားသမား တစ်ဦး ဖြစ်သော်လည်း မိန်းကလေး၏  အလှတရားတွင် ကျရှုံးနေခဲ့ပြီ ဖြစ်လေသည်။

အကြီးအကဲပိုင်က ရိုသေသော  အမူအရာဖြင့် ခေါင်းအား ငုံ့လိုက်၏။

“ကျုပ် သူတို့ကို ခင်ဗျားဆီ အပ်ထားခဲ့ပါပြီ... အရှင်မ လင်း...”

ထို့နောက် သူသည် တုန့်ဆိုင်းခြင်း မရှိပဲ အလျင်စလို ထွက်ခွာသွားလေသည်။ ဝေ့ဝူယင်၏ စိတ်အစဥ်မှာ ကြားလိုက်ရသော စကားလုံးကြောင့် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“အရှင်မ လင်း...”

အရှင်၊ အရှင်မ ကဲ့သို့သော နာမ်စားများကို များသောအားဖြင့် ချီပျစ်ခဲခြင်း အဆင့်ရှစ် “အသက်ဝင် ဝိညာဥ်” ကျင့်ကြံသူများ အတွက်သာ သုံးလေ့ ရှိသည်။ ထိုအရာမှာ ချီပျစ်ခဲခြင်း အလွှာ၏ နောက်ဆုံးသော ကျင့်ကြံခြင်း အလှဲ့အပြောင်းလည်း ဖြစ်သည်။

အခြားသောလူများမှာလည်း ချက်ချင်းပင် သတိအနေအထားသို့ ပြောင်းလဲသွား၏။ “အရှင်” ဟု နာမ်စားတပ် အခေါ်ခံရသူများသည် ဂိုဏ်းကြီးငါးခုနှင့် ဝူနိုင်ငံကို အုပ်စိုးထားသူများ ဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။ နေသွေးနီနီဂိုဏ်းတစ်ခုလုံးတွင် “အရှင်” ဟု အခေါ်ခံရသူ တစ်ပါးတည်းသာ သူ့အား “ဘိုးဘေး အကြီးအကဲ” ဟု ဘွဲ့နာမည်တပ်ကာ ခေါ်ဆိုကြပေသည်။ ခေါင်းဆောင် အကြီးအကဲ၊ လက်ထောက်ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကြီးတို့ပင် ထိုအဆင့်၌ မရှိချေ။

သို့သော်လည်း...

နေသွေးနီနီဂိုဏ်း၏ “ဘိုးဘေး အကြီးအကဲ”မှာ အမျိုးသားတစ်ယောက် ဖြစ်သည်။ ထိုအရာကို လူတိုင်း သိကြပေသည်။ ဤသို့ဆိုလျှင် သူမက မည်သူနည်း။

မိန်းကလေးက လှပသော ဖီးနစ်မျက်လုံးများဖြင့် သူတို့ကို လွှမ်းခြုံကြည့်လိုက်၏။ သူမ၏ အကြည့်များတွင် ဖုံးကွယ်၍ မရနိုင်သည့် စွမ်းအားများ ပါဝင်နေဟန် ရသည်။ သူမ၏ အကြည့်နှင့် ရင်ဆိုင်ရသည်နှင့် ကျူးလန်မှာ ကတုန်ကယင် ဖြစ်ကာ လက်များကို အလိုအလျောက် ဆုပ်လိုက်မိသည်။

ကံကောင်းစွာပင် မိန်းကလေးမှာ ကျူးလန်ထံမှ အကြည့်ကို လွှဲ၍ ဝေ့ဝူယင်အား ကြည့်လိုက်၏။ သူမသည် လျှင်မြန်စွာပင် ဝေ့ဝူယင်ကို ကျော်လွန်သွားသည်။

ဘုန်း...

ဟယ်လုံက ရှေ့သို့ တစ်လှမ်းတိုးကာ ကြမ်းပြင်ပေါ် ဒူးတစ်ချက် ထောက်ချလိုက်သည်။

“ကျုပ်, ဟယ်လုံ ဘဝမှာ ကောင်းကင်က လထက် ပိုလှတဲ့ မိန်းကလေး တစ်ယောက်ကိုမှ မတွေ့ဖူးဘူး... ကျုပ်ဟာ ဓားကိုပဲ ချစ်မြတ်နိုးပြီး ဘဝကိုပါ အပ်နှံခဲ့တယ်... ဒါပေမဲ့ ခင်ဗျားကို တွေ့ခဲ့အခါ မဟာ ဓားတာအိုဟာ မှေးမှိန်သွားခဲ့ရတယ်... ကျုပ် ခင်ဗျားကို လက်ထပ်ပါရစေ...”

သူ၏ စကားလုံးများမှာ ရိုးသားခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ သူ ထိုစကားကို အလေးအနက်ထားကာ ပြောခြင်း ဖြစ်ကြောင်း သူ၏ ချစ်ရိပ်သန်းနေသော မျက်ဝန်းများက ဖော်ပြနေသည်။

ဝေ့ဝူယင်မှာ သူ့အား ကြည့်လိုက်မိသည်။ ထိုဓားသမားက အကြီးအကဲပိုင်၏ စကားကို မကြားလိုက်သည်လော။ ထိုမိန်းကလေးမှာ “အရှင်မ” ဟူသော ဘွဲ့အမည်ကို ခံယူနိုင်သည် အထိ စွမ်းအားကြီးသူ ဖြစ်သည်။ သူမသည် သူတို့ အားလုံးကို လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဖုန်မှုန့်ဖြစ်အောင် လုပ်ပစ်နိုင်သည်။

ဝေ့ဝူယင်သည် စိတ်ထဲမှ နေ၍ ဟယ်လုံကို ချီးကျူးလိုက်မိ၏။ ထိုကောင်ကား အားနည်းသည့် ကျင့်ကြံခြင်း အခြေခံဖြင့်ပင် အရှင်မ တစ်ယောက်ကို ချစ်ခွင့်ပန်ရန် သတ္တိရှိသည်။ သူကိုယ်တိုင်ပင်လျှင် ထိုမျှလောက် ရဲတင်းခြင်း မရှိချေ။

မိန်းကလေး ဟယ်လုံကို အမှုန့်ကြိတ်‌ပစ်တော့မည်ဟု အားလုံး တွေးထင်နေကြချိန်မှာပင် နောက်ဆက်တွဲ အဖြစ်အပျက်က သူတို့အားလုံးကို တုန်လှုပ်သွားစေခဲ့၏။

“ငါလက်ခံတယ်...”

***

All Chapters