ကောင်းကင်ကြောင်ကတိုးမျိုးနွယ်
Vol. 124 Ch. 1729
ကျန်းရီသည် ကျားသိုက်မှ လွတ်လာပြီးနောက် ဝံပုလွေသိုက်ထဲ ဝင်မိခဲ့သည်။ ထို့ပြင် ဤအသိုက်က မြေခွေးဝိညာဉ်တစ်စု၏ အသိုက်ဟု ထင်ရသည်။ ထို့ကြောင့် ကျန်းရီ အလွန်အသည်းအသန် ဖြစ်နေပေသည်။
အရေးအကြီးဆုံးမှာ သူက လူသားဖြစ်ကြောင်း ပေါ်မသွားစေရန် အစွမ်းကုန်ထုတ်သုံး၍ ရမနေခြင်းပင်။ မဟုတ်လျှင် မိစ္ဆာမျိုးနွယ်၏ အရှင်သုံးပါးကို အသိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ကျန်းရီသည် တတ်နိုင်သမျှ အမြန်ဆုံးသာ ပြေးနေရသည်။ ရှေးဦးစွာ သူ ဦးချိုတစ်ချောင်းနွားသိုးမိစ္ဆာများ၏ နယ်မြေဆီသို့ လှည့်ပြေးသည်။ သို့သော် ထိုနယ်မြေကို ရောက်တော့မည့်အချိန်တွင် ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ အခြားတစ်ဘက်သို့ ဦးတည်ချက်ပြောင်းလိုက်သည်။ သူ ဦးချိုတစ်ချောင်းနွားသို့မိစ္ဆာများ၏ နယ်မြေထဲ ထပ်မဝင်လိုပါ။ ထိုနယ်မြေထဲတွင် စွမ်းအားကြီး မိစ္ဆာများစွာက သူ့ကို ရှာဖွေနေပေသည်။
ဝှစ်...ဝှစ်...
မကြာခင်တွင် နေရာအနှံ့၌ လေခွင်းသံများ ထွက်ပေါ်လာ၏။ မိန်းမပျိုတစ်စုက ကောင်းကင်ထက်မှ ပျံသန်းလာသည်။ ကျန်းရီသည် ထိုမိန်းမပျိုများက မည်သည့်မိစ္ဆာများဖြစ်ကြောင်းကို မသိပေ။ သို့သော် သူမတို့အားလုံးက အတော်လေးလှပကြပေသည်။ သို့သော် မိစ္ဆာများသည် ပုံစံပြောင်းပြီးနောက်တွင် သူတို့၏ ရုပ်သွင်ကို အလိုလို ပြောင်းလဲနိုင်ကြသည်။ သို့ဖြစ်ရာ သူတို့အတွက် ရုပ်ဆိုးရန်မှာ အတော်ပင် ခက်သည်ဟု ဆိုရပေမည်။
‘ကံကောင်းလို့၊ ကံကောင်းလို့...’
မိန်းမပျိုအုပ်စုသည် ကျန်းရီကို ဖြတ်ကျော်ကာ ပျံသန်းသွားကြ၏။ သို့သော် မည်သူကမှ သူ့ကို သတိမပြုမိခဲ့ပေ။ ထိုနေရာရှိ မိစ္ဆာများကလည်း သူ့ကို တွေ့ပုံ မပေါ်ချေ။
ကျန်းရီ ရင်ထဲမှ သက်ပြင်းချလိုက်ပြီ ပုန်းကွယ်ခြင်းအတတ်ကို ကျေးဇူးတင်လိုက်သည်။ ထိုပုန်းကွယ်ခြင်းအတတ်ကို သုံးလိုက်လျှင် သူ့ထံ၌ မည်သည့်အသက်အရှိန်အဝါမှ မရှိတော့ချေ။ ယင်းနှင့်ပင် တော်ရုံတန်ရုံ မည်သူကမှ သူ့ကို အာရုံခံနိုင်တော့မည် မဟုတ်ပေ။
ကျန်းရီ သက်ပြင်းချလိုက်ချိန်မှာပင် မိန်းမပျိုဆယ်ယောက်ကျော်က အဝေးမှနေ၍ ပျံသန်းလာပြန်၏။ သူမတို့အားလုံးက ကြာပွတ်များကို ကိုင်ထားကြသည်။ သူမတို့ကြားတွင် ကျန်းရီနှင့် အကြည့်ချင်းဆုံခဲ့သူလည်း ပါသည်။ သူမဘေးတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ အရှိန်အဝါနှင့် ယှဉ်နိုင်သော အရှိန်အဝါရှိသည့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရှိနေပေသည်။
ကျန်းရီ၏တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ကျန်းရီက အုပ်ချုပ်သူအဆင့်သို့ ရောက်နေပြီဖြစ်၍ သူ ပုန်းကွယ်ခြင်းအတတ်ကို သုံးထားချိန်တွင် သာမန်အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့ကို ရှာတွေ့မည် မဟုတ်ပေ။ သို့သော် စွမ်းအားကြီးစိတ်ဝိညာဉ်ရှိသော အုပ်ချုပ်သူအဆင့် သိုင်းသမားများကမူ သူ့ကို အာရုံနိုင်လောက်သေးသည်။
ကျန်းရီသည် အုပ်ချုပ်သူအဆင့်သို့ ရောက်ကတည်းက ပုန်းကွယ်ခြင်းအတတ်ကို မသုံးခဲ့ရသေးပေ။ ထို့ကြောင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့အား အာရုံခံနိုင်၊ မခံနိုင်ကို သူ မသိချေ။ သူတို့သာ အာရုံခံနိုင်လျှင် ကျန်းရီ ရွေးချယ်စရာမရှိတော့ဘဲ သူတို့နှင့် တိုက်ခိုက်ရပေလိမ့်မည်။ ပြီးလျှင် အနီးရှိ မိစ္ဆာအားလုံးကို သတ်ဖြတ်ကာ ချက်ချင်း ထွက်ပြေးရပေမည်။
ဝှစ်...
ထိုမိန်းမပျိုအုပ်စုက ကျန်းရီ၏ ခေါင်းအထက်မှ ဖြတ်ပျံသွားကြ၏။ သူမတို့၏ ကိုယ်သင်းရနံ့က အလွန်မွှေးသဖြင့် ကျန်းရီ စိတ်မထိန်းနိုင်ဘဲ နှစ်ချက်လောက် ရှူရှိုက်မိလိုက်သည်။ စိတ်ကြည်နှူးဖွယ်ကောင်းလေစွ။
“ဟူး...”
ထိုအုပ်စု အဝေးသို့ ရောက်သွားမှ ကျန်းရီ သက်ပြင်းရှည်ကြီး ချလိုက်ပြီး အရှေ့သို့ ဆက်သွားလိုက်၏။ သို့သော် ကီလိုမီတာသုံးဆယ် ပျံသန်းပြီးနောက် ထိုမိန်းမပျိုအုပ်စုက ထပ်မံ၍ ပျံသန်းလာပြီး သူ့ခေါင်းအထက်မှ ဖြတ်သွားကာ မွှေးပျံ့သောရနံ့တစ်ခုကို ချန်ခဲ့ပြန်သည်။
‘ဒီအမွှေးနံ့က ဟိုမိန်းကလေးဆီကလာတာပဲ။ တခြားမိန်းကလေးတွေဆီမှာ ဒီအမွှေးနံ့မရှိဘူး’
ကျန်းရီသည် အမွှေးနံ့က သူနှင့် အကြည့်ချင်းဆုံခဲ့သည့် မိန်းမပျိုထံမှသာ လာခြင်းဖြစ်ကြောင်း သိရှိသွားသည်။ ထိုမိန်းမပျိုသည် ချီချင်ချန်၊ ဟယ်နုန်ယင်းတို့နှင့်ပင် ယှဉ်နိုင်လောက်အောင် လှပသည်။ သူမခန္ဓာကိုယ်မှ အမွှေးနံ့ကလည်း ယဉ်ရို့ပင်း၏ကိုယ်သင်းနံ့ထက် မနိမ့်ပေ။ စိတ်ပျော့သည့် ယောက်ျားဆိုလျှင် ထိုအမွှေးနံ့ကို ရှူရှိုက်မိလျှင် သူမအပေါ် တန်းတန်းစွဲ ဖြစ်သွားနိုင်လောက်ပေသည်။
ကျန်းရီသည် ထိုမိန်းမပျိုအုပ်စု ဖြတ်ပျံပြီးသွားသည်အထိ စောင့်ပြီးမှ သူ့လမ်းသူ ဆက်သွားလိုက်သည်။ ထိုမိန်းမပျိုက အဘယ်အရာများ ထူးခြားနေသနည်းဟုလည်း တွေးတောနေသည်။ အဘယ်ကြောင့် အခြားမိန်းမပျိုများထံတွင် အမွှေးနံ့မရှိဘဲ ထိုမိန်းမပျိုထံတွင်သာ အမွှေးနံ့ရှိနေရသနည်း။
“အာ...”
ဤတစ်ကြိမ်တွင် ကျန်းရီ ပေသုံးသောင်း ဆက်သွားပြီးနောက် ထိုမိန်းမပျိုအုပ်စုက ထပ်မံပျံသန်းလာပြန်သည်။ သူမတို့သည် ထုံးစံအတိုင်း သူ့ခေါင်းအထက်မှ ဖြတ်ပျံသွားပြီး အမွှေးနံ့တစ်ခု ချန်ခဲ့သည်။ ကျန်းရီသည် ထိုအမွှေးနံ့ကို ရှူရှိုက်ရင်း တစ်စုံတစ်ခု မူမမှန်ကြောင်း ခံစားလိုက်ရလေသည်။
ထိုမိန်းမပျိုများက ရူးနေသူများ မဟုတ်လျှင် ဤနေရာတွင် အကြိမ်ကြိမ် လှည့်ပတ်ပျံသန်းနေမည် မဟုတ်ချေ။ သူမတို့က ရူးနေခြင်းလော။ မဟုတ်ပါ။ အမှန်ပင် မူမမှန်သည့်အရာတစ်ခု ဖြစ်နေပေပြီ။
ကျန်းရီ ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ အမြန်နှုန်းကို အဆပေါင်းများစွာ ပိုတင်လိုက်သည်။ သို့သော် ငါးမိနစ်ကြာပြီးနောက် ထိုမိန်းမပျိုအုပ်စုက သူ့ခေါင်းထက်မှ ဖြတ်ပျံသွားပြန်လေ၏။
ဤတစ်ခေါက်တွင်မူ မိန်းမပျိုများသည် ကျန်းရီကို လျစ်လျူရှုကာ အဝေးသို့ ပျံသန်းမသွားတော့ပေ။ အမွှေးနံ့ရှိသည့် မိန်းမပျိုက ကျန်းရီကို ငုံ့ကြည့်ကာ လှောင်ရယ်ရယ်လိုက်သည်။
“အရူး... ရှင့်ရဲ့ ပုန်းကွယ်ခြင်းအတတ်က အရမ်းစွမ်းအားကြီးတယ်လို့ တကယ်ပဲ ထင်နေတာလား။ ကျွန်မတို့ အကြည့်ချင်းဆုံလိုက်ကတည်းက ကျွန်မ ရှင့်ရဲ့ စိတ်ဝိညာဉ်ထဲမှာ ဝိညာဉ်ကပ်ပါးတစ်ကောင်ကို ထည့်လိုက်ပြီးပြီ။ အဲ့တော့ ကျွန်မ ရှင့်ရဲ့နေရာကို အာရုံခံနိုင်တယ်။ အစောက ကျွန်မ အမွှေးနံ့တွေ ထုတ်လွှတ်ပြီး အဲ့ဝိညာဉ်ကပ်ပါးကောင်ကို နည်းနည်းလောက် ပိုကြီးထွားလာအောင် လုပ်လိုက်တာ။ အဲ့ဒါကို ရှင် မမြင်နိုင်တာ အရမ်းနုံအတာပဲ။ ဟင်းဟင်း...”
“လခွမ်းနဲ့...”
ကျန်းရီ တီးတိုးဆဲဆိုလိုက်သည်။ သူ သူမ၏ထောင်ချောက်ထဲ အမှန်ပင် ကျသွားခဲ့ပေပြီ။ သူသည် မိုးမြေစွမ်းအား လှည့်ပတ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်ကာ ထိုမိန်းမပျိုဘေးရှိ အုပ်ချုပ်သူအဆင့် မိစ္ဆာမိန်းမပျိုကို စိုက်ကြည့်လိုက်သည်။
“ရှင်က တကယ်ကို အရမ်းနုံအတာပဲ”
ထိုအုပ်ချုပ်သူအဆင့် မိန်းမပျိုက ပို၍ ရင့်ကျက်ပုံပေါ်၏။ သူမ ရယ်လိုက်ချိန်တွင် အလွန်ဆွဲဆောင်မှုရှိသွားသည်။ သူမသည် မတိုက်ခိုက်ဘဲ ခပ်လှောင်လှောင် ပြောလိုက်သည်။
“ရှင်က ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မင်းသမီးရဲ့ ဝိညာဉ်ကပ်ပါးကောင် ကပ်တာကို ခံထားရတာတောင် တိုက်ခိုက်ချင်နေသေးတာလား”
“ဆင်းလိုက်”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မင်းသမီးဟု ရည်ညွှန်းခံရသည့် မိန်းမပျိုက အေးစက်စက် မျက်နှာထားနှင့် အော်ပြောလိုက်၏။ ရုတ်တရက် ကျန်းရီ၏ စိတ်ဝိညာဉ်က ကြီးစွာသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ သူ့ခေါင်းကို ဆုပ်ကိုင်ကာ လူးလိမ့်သွားရပြီး အောက်ဘက်မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။
ဝှစ်...ဝှစ်...ဝှစ်...
မရေမတွက်နိုင်သော မိစ္ဆာများက သတိပြုမိသွားကြပြီး အလျင်အမြန် ရောက်ရှိလာ၍ ကျန်းရီကို ဝိုင်းလိုက်ကြသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက လေထဲတွင် ဝံ့ဝံ့ကြွားကြွား ရပ်နေသည်။ သူမ၏ ဝတ်စုံက အခြားမိန်းမပျိုများ၏ ဝတ်စုံနှင့် ကွဲပြားပြီး အတန်ငယ် မလုံ့တလုံဖြစ်သည်။ သူမ၏ နှင်းကဲ့သို့ ဖြူဆွတ်သော ခြေတံလေးများက လေထဲတွင် ပေါ်နေသည်။ ကျန်းရီသည် အောက်မှနေ၍ မော့ကြည့်ရာ သူမ၏ ပန်းရောင်အတွင်းခံလေးကိုပင် မြင်နေရပေသည်။
သို့သော်...
ထိုအခိုက်တွင် ကျန်းရီ ကြည့်လိုစိတ် မရှိချေ။ သူ ကောင်းကင်စွမ်းအားကိုပင် အသုံးမပြုနိုင်ဘဲ မြေပြင်တွင် လူးလိမ့်နေရသည်။ သူ့ခေါင်းကိုလည်း တောင်နံရံနှင့် အကြိမ်ကြိမ် ဆောင့်နေသည်။ ထို့ကြောင့် တောင်များ ကွဲအက်လာလေသည်။
ကျန်းရီ၏ စိတ်ဝိညာဉ်က ကြီးစွာသော နာကျင်မှုကို ခံစားနေရသည်။ ပိုးကောင်အကြည်တစ်ကောင်က သူ့စိတ်ဝိညာဉ်ကို ဝါးစားနေသလိုမျိုးပင်။ တံဆိပ်စာလုံးများ ပျံထွက်လာသော်လည်း ၎င်းတို့က ထိုပိုးကောင်ကို ထိခိုက်အောင် မလုပ်နိုင်ချေ။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီသည် နှစ်နာရီကြာအောင် လူးလိမ့်၍ ပတ်ဝန်းကျင်မှ တောင်များကို ပြိုပျက်သွားအောင် လုပ်ခဲ့သည်။ ထို့နောက်တွင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မင်းသမီး၏ မျက်ဝန်းများက အပြာရောင်အလင်း လက်သွား၏။ ၎င်းအပြာရောင်အလင်းက ကျန်းရီထံသို့ ပျံထွက်သွားသည်။ ထိုအခါမှ သူ့စိတ်ဝိညာဉ်ထဲရှိ နာကျင်မှုက ပျောက်ကွယ်သွားပေသည်။
ကျန်းရီ မောဟိုက်နေပြီး သူ့စိတ်ဝိညာဉ်က ပြိုပျက်သွားတော့မလို ခံစားနေရသည်။ သူ့တွင် လက်ချောင်းတစ်ချောင်းကို လှုပ်ရန်ပင် အင်အားမရှိတော့ချေ။
“ဒီမင်းသမီးက ရှင့်ကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ ပထမတစ်ခုက ဒီမင်းသမီးရဲ့ ကျွန်လုပ်ပါ။ ဒုတိယတစ်ခုကတော့ သေပါ”
အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ကျန်းရီ၏ စိတ်ဝိညာဉ်ထဲတွင် တိုက်ရိုက်ပဲ့တင်ထပ်နေသည်။ အသံကို ဝိညာဉ်ကပ်ပါးကောင်မှနေ၍ ထုတ်လွှတ်လိုက်ပုံပင်။ ကျန်းရီမှာ ငါးမိနစ်နေမှ အမောပြေလေသည်။
ကျန်းရီ မျက်လုံးဖွင့်၍ ကောင်းကင်ထက်ရှိ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးကို ကြည့်လိုက်၏။ ထို့နောက် အံကြိတ်ကာ ပြောလိုက်သည်။
“ကျွန်... ကျွန်တော် ကျွန်လုပ်..”
ဝှစ်...
ကျန်းရီသည် စကားမဆုံးသေးခင်မှာပင် မြေပြင်ကို လက်တစ်ဘက်ဖြင့် ရိုက်၍ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးထံ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ပျံတက်သွားလိုက်သည်။ သူ၏လက်သီးက အလင်းရောင်ဖြာထွက်လာပြီး ဧရာမတောင်တန်းကြီးတစ်ခုကို ထိုးခွဲပစ်နိုင်လောက်သည်အထိ အားကောင်းလာသည်။ သူ့လက်သီးသာ ကျသွားလျှင် ထိုကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက စိစိညက်ညက်ကျေသွားလိမ့်မည်ဟု သူ ယုံကြည်ပေသည်။
“ရှင်က သေချင်နေတာပဲ”
ကျန်းရီ၏ စိတ်ဝိညာဉ်ထဲတွင် အေးစက်စက် ရယ်သံတစ်သံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာ၏။ ထို့နောက် သူ့စိတ်ဝိညာဉ်သည် နာကျင်မှုကို ထပ်မံခံစားလိုက်ရသည်။ သူ ထိုနာကျင်မှုကို တောင့်ခံ၍ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးကို သတ်ပစ်လို၏။ သို့သော် တောင့်မခံနိုင်ပါပေ။
ထိုအခိုက်တွင် စိတ်ဝိညာဉ်ထဲမှ နာကျင်မှုကြောင့် ခန္ဓာကိုယ်ကို မည်သို့မှ မစေခိုင်းနိုင်တော့။ ကျန်းရီတစ်ယောက် သူ့ခေါင်းကို ဆုပ်ကိုင်၍သာ ထပ်မံလူးလိမ့်သွားရသည်။
“ဒီမင်းသမီးရဲ့ ဝိညာဉ်ကပ်ပါးကောင် အတွယ်ခံလိုက်ရပြီဆိုရင် ရှင့်ရဲ့ သေခြင်းနဲ့ ရှင်ခြင်းက ကျွန်မရဲ့ လက်ထဲမှာပဲ။ ရှင်က တကယ်ပဲ ဒီမင်းသမီးကို သတ်ချင်လို့လား”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီး၏ အသံက ကျန်းရီ၏ စိတ်ဝိညာဉ်ထဲ၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“အဲ့လိုဆိုမှတော့ ရှင် သွားသေလိုက်တော့။ ဝိညာဉ်ကပ်ပါးကောင်က ရှင့်ရဲ့စိတ်ဝိညာဉ်ကို ဝါးစားပစ်လိမ့်မယ်”
***