ရှင်က လူသားမဟုတ်လား
Vol. 124 Ch. 1730
“အား...”
ဝိညာဉ်ကပ်ပါးကောင်က ကျန်းရီ၏ စိတ်ဝိညာဉ်ကို စတင် ဝါးစားလာ၏။ ထိုကဲ့သို့သော နာကျင်မှုမျိုးကို ဖော်ပြ၍ပင် မရပေ။ ကျန်းရီ၏ တစ်ကိုယ်လုံးမှာ တဆတ်ဆတ်နှင့် တုန်ယင်နေသည်။
ကျန်းရီသည် သူ့ခေါင်းက ပေါက်ကွဲထွက်သွားတော့မလို ခံစားနေရ၏။ သူ ဦးခေါင်းကို ဆုပ်ကိုင်၍ အနီးရှိ တောင်နံရံများနှင့် ဆောင့်နေသည်။ တောင်နံရံများတွင် အပေါက်ကြီးများဖြစ်လာပြီး ကျောက်စကျောက်နများ လွင့်ပျံထွက်သွားသည်။
ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တံဆိပ်စာလုံးများက တလက်လက် လင်းလက်နေကြ၏။ သို့သော် ဝိညာဉ်ကပ်ပါးကောင်က သူ၏စိတ်ဝိညာဉ်ထဲတွင် ဖြစ်ရာ တံဆိပ်စာလုံးများ မည်သို့မှ မလုပ်နိုင်ချေ။ သူ နည်းလမ်းတစ်ခု မစဉ်းစားနိုင်လျှင် သူ့စိတ်ဝိညာဉ်က ဆယ့်စက္ကန့်အတွင်းမှာပင် ဝိညာဉ်ကပ်ပါးကောင်၏ ဝါးမျိုမှုကို ခံလိုက်ရတော့မည်ဖြစ်ကြောင်း ကျန်းရီ သိသည်။
ကျန်းရီထံတွင် နည်းလမ်းမရှိခြင်းတော့ မဟုတ်ပေ။ သူ့ထံ၌ ဆန်းကြယ်သော သားရဲလေးတစ်ကောင်ရှိသည်။ ထိုသားရဲလေးကိုသာ ထုတ်လိုက်လျှင် ၎င်းက ဝိညာဉ်ကပ်ပါးကောင်ကို စားပစ်နိုင်လောက်သည်။
သို့သော် သူ့အပေါ်တွင် ကောင်းကင်စိတ်အာရုံများစွာ ရှိနေရာ မီးဝိညာဉ်ပုလဲကို ထုတ်လိုက်သည်နှင့် သူ့အကြောင်း ချက်ချင်းပေါ်သွားပေလိမ့်မည်။ ထို့ပြင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက သူ့ကို ရုတ်ခြည်း သတ်ပစ်နိုင်သည်ဟု ဆိုခဲ့၏။ သို့ဖြစ်ရာ ကောင်းကင်ဝါးမျိုသားရဲလေးက ဝိညာဉ်ကပ်ပါးကောင်ကို မဝါးမျိုနိုင်လျှင် မည်သို့ လုပ်ပါမည်နည်း။
သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီသည် ယာယီအညံ့ခံထားရန် ရွေးချယ်လိုက်သည်။ နောက်မှ သူ ကောင်းကင်ဝါးမျိုသားရဲလေးကို ကြိုးစားကြည့်ခိုင်းနိုင်ပေသည်။
ဤကဲ့သို့ အညံ့ခံခြင်းမျိုးမှာ ဝိညာဉ်ချိပ်စည်း သို့မဟုတ် ဝိညာဉ်မျိုးစေ့ကို ပေးလိုက်ရခြင်းမျိုး မဟုတ်ပေ။ လုံးဝ ကျွန်ဖြစ်သွားခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် ကျန်းရီအတွက် လက်ခံရန် ပိုလွယ်ကူပေသည်။ ယခုတွင် ကျန်းရီသည် ဂုဏ်သိက္ခာအတွက် အသေခံမည်ဆိုသော စကားမျိုးကို မပြောရက်တော့။ ချင်လင်းက သူ့ကို ကယ်ရန်အတွက် မိုးပြာမဟာဧကရာဇ်၏ လိုက်ဖမ်းမှုကို ခံခဲ့ရသည် မဟုတ်ပါလား။ သူမ သေသည်၊ ရှင်သည်ကိုပင် သူ မသိရသေးပေ။ ထို့ကြောင့် သူမပေးသောအသက်ကို သူ တန်ဖိုးထားရမည်။ အတန်ငယ် ဂုဏ်သိက္ခာအကျခံရသည်လောက်မှာ မပြောပလောက်ချေ။
ကျန်းရီ အံကြိတ်ကာ အော်ပြောလိုက်သည်။
“ရပ်လိုက်တော့... ကျွန်တော် အညံ့ခံပါမယ်။ ကျွန်တော် မင်းသမီးရဲ့ကျွန် လုပ်ပါမယ်”
“ဟင်းဟင်း...”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက ခပ်လှောင်လှောင် ရယ်လိုက်၏။ ထို့နောက် သူမ၏ မျက်ဝန်းများထဲမှနေ၍ အပြာရောင်အလင်း ပျံထွက်လာပြီး ကျန်းရီ၏ စိတ်ဝိညာဉ်ထဲရှိ ဝိညာဉ်ကပ်ပါးကောင်ကို တားလိုက်သည်။ ကျန်းရီသည် မြေပြင်ပေါ်တွင် အပတ်ဒါဇင်ကျော်လိမ့်သွားပြီးမှ ရပ်တန့်သွားကာ အသက်ပြင်းပြင်း ရှူလိုက်လေသည်။
“တစ်ယောက်ယောက် သူ့ကို ကြိုးတုပ်ပြီး ခေါ်လာခဲ့”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက အေးစက်စက်လေသံဖြင့် အော်ပြောလိုက်၏။ မိန်းမပျိုအချို့သည် မြေပြင်ပေါ်သို့ ပျံဆင်းသွားပြီး မည်သည့်အရာနှင့် ပြုလုပ်ထားကြောင်း မသိရသည့် အဆိပ်ပြင်းမြွေများကဲ့သို့သော ကြာပွတ်များကို ယမ်း၍ ကျန်းရီကို အသားဖက်ထုပ်တစ်ခုလို ရစ်ပစ်ချုပ်နှောင်လိုက်သည်။ ထို့နောက် သူမတို့သည် သူ့ကို ထိုအတိုင်းဆွဲခေါ်ကာ အဝေးသို့ ပျံသန်းသွားလေသည်။
မိန်းမပျိုအုပ်စုသည် မြောက်ဘက်သို့ ဝံ့ဝံ့ကြွားကြွားနှင့် ပျံသန်းနေ၏။ သူမတို့သည် လေးနာရီကြာ ပျံသန်းပြီးနောက် ဧရာမတောင်ထွတ်ကြီးတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုတောင်ထွတ်ကို တိမ်များက ပတ်ချာရံထား၏။ ရှုခင်းကလည်း အလွန်လှပသည်။ ကျန်းရီသည် နာကျင်မှု သက်သာလာပြီဖြစ်၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ တောင်ထွတ်ပေါ်၌ နန်းတော်များနှင့် ပြည့်နှက်နေသည်။ သို့သော် ၎င်းနန်းတော်များမှာ အထူးသစ်သားများနှင့် ဆောက်လုပ်ထားသော နန်းတော်များ ဖြစ်ပြီး လူသားများ၏ နန်းတော်များနှင့် ကွဲပြားပေသည်။ ၎င်းနန်းတော်များသည် လူသားနန်းတော်များလောက် မခမ်းနားသော်လည်း ပို၍လှပကြသည်။
‘ဒီကြာပွတ်တွေကို ဘာနဲ့လုပ်ထားတာလဲ။ ငါ့ရဲ့ ကောင်းကင်စွမ်းအားကိုတောင် ဖိနှိပ်ထားနိုင်တယ်လား’
ကျန်းရီသည် ကောင်းကင်စွမ်းအား လှည့်ပတ်လိုသော်လည်း ဆန်းကြယ်သောစွမ်းအင်တစ်ခုက သူ၏စွမ်းအားများကို ချိပ်ပိတ်ထားကြောင်း ခံစားလိုက်ရသည်။ သို့သော် နဝမမြောက်ကြယ်စက်လုံးကိုမူ ချိပ်မပိတ်နိုင်သဖြင့် သူ မိုးမြေစွမ်းအားကိုတော့ သုံးနိုင်ပေသေးသည်။
ကျန်းရီ စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး ခန္ဓာကိုယ်ထဲတွင် မိုးမြေစွမ်းအား လှည့်ပတ်လိုက်၏။ သူ ကြာပွတ်များကို အလွယ်တကူ ရုန်းဖြတ်ပစ်နိုင်သွားပေပြီ။ ထို့ပြင် သူ့တွင် အလောင်းကြီးလည်းရှိသေးသည်။ အလောင်းကြီး၏ ထက်ရှသော လက်သည်းများက ရှေးဦးဝိညာဉ်ရတနာများကိုပင် စုတ်ဖြဲပစ်နိုင်ရာ ဤကြာပွတ်များမှာ မပြောပလောက်ပေ။
ယခုတွင် အချိန်မရွေးထွက်ပြေးနိုင်ပြီဖြစ်၍ ကျန်းရီ ပိုစိတ်အေးလာသည်။ ထိုဝိညာဉ်ကပ်ပါးကောင်ကို မည်သို့ ရှင်းပစ်ရမည်ကိုသာ ဆက်စဉ်းစားရတော့မည်။ သို့ဖြင့် သူ မရုန်းမကန်ဘဲ လိုက်ပါသွားပြီး နည်းလမ်းကို တွေးတောနေလိုက်လေသည်။
“အရင်ဆုံး သူ့ကို ရေခဲအကျဉ်းထောင်ထဲထည့်ပြီး ချုပ်ထားလိုက်”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက တောင်ထွတ်အလယ်ရှိ အကြီးအကဲနန်းတော်ထဲ ဝင်သွားပြီး တံခါးဆီသို့ လျှောက်သွား၏။ ထို့နောက် ကျန်းရီကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“ရှင် ယီးတီးယားတားတွေ မလုပ်ရင် ကောင်းလိမ့်မယ်။ မဟုတ်လို့ ကျွန်မ အာရုံခံမိရင်တော့ ရှင့်ကို ချက်ချင်း သတ်ပစ်လိုက်မယ်”
“ကျွန်တော် မလုပ်ရဲပါဘူး”
မိန်းမပျိုလေးများသည် ကျန်းရီကို တောင်ထွတ်၏ အခြားတစ်ဘက်သို့ ခေါ်ဆောင်သွား၏။ ထိုနေရာတွင် ရေကန်လေးတစ်ကန် ရှိနေသည်။ ရေကန်သည် လေအေးများ ထုတ်လွှတ်နေသည်မှလွဲ၍ ကန်မျက်နှာပြင်ပေါ်တွင် မည်သည့်ရေခဲမှ ရှိမနေချေ။
ဗွမ်း...
မိန်းမပျိုလေးများသည် ကျန်းရီကို ရေကန်ထဲ ပစ်ချလိုက်ပြီးနောက် လှည့်ပင်မကြည့်တော့ဘဲ ထွက်သွားကြသည်။ ကျန်းရီသည် ကြာပွတ်များ၏ ချုပ်နှောင်မှုကို ခံထားရဆဲဖြစ်ရာ ရေမကူးနိုင်ဘဲ ကန်ထဲ နစ်မြုပ်သွားရလေသည်။
‘အေးလိုက်တာ။ ဒီရေက ဘယ်လိုရေမျိုးလဲ။ ဘာလို့ ဒီလောက်အေးရတာလဲ။ အေးပေမဲ့ ခဲတော့မခဲသွားဘူးပဲ’
ကျန်းရီ၏တစ်ကိုယ်လုံး တုန်ယင်နေသည်။ အအေးဓာတ်က သူ့စိတ်ဝိညာဉ်ထဲသို့ပင် စိမ့်ဝင်လျက်ရှိသည်။ သူ့တစ်ကိုယ်လုံး ထုံနေသလို စိတ်ဝိညာဉ်လည်း ထုံလာသည်။ သူ လက်ချောင်တစ်ချောင်းပင် မလှုပ်နိုင်တော့ချေ။
ဘုတ်...
ကျန်းရီသည် ကန်အောက်ခြေအထိ နစ်မြုပ်သွား၏။ သူ တုန်ပင်မတုန်နိုင်တော့ပါ။ တစ်ကိုယ်လုံး အေးခဲသွားသလိုမျိုးပင်။ သို့သော် ဤအအေးဓာတ်က ရေခဲထက် အဆတစ်ရာ၊ အဆတစ်ထောင် ပိုအေးသည်။ ဤရေသည် ကျန်းရီဘဝတစ်လျှောက် တွေ့ဖူးသမျှရေများထဲတွင် အအေးဆုံးဖြစ်သည်။
ကျန်းရီ ချက်ချင်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းဝင်၍ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို တွေးတောလိုက်၏။ ဤကန်ထဲတွင် ဆက်နေရလျှင် သူ တစ်ရက်၊ နှစ်ရက်အတွင်း အေးစက်သေဆုံးသွားပေလိမ့်မည်။ မိုးမြေစွမ်းအားကို သုံးမည်ဆိုလျှင် သူ ကြာပွတ်များကို ချက်ချင်းရုန်းဖြတ်ပစ်နိုင်သည်။ သို့သော် ဝိညာဉ်ကပ်ပါးက သူ့စိတ်ဝိညာဉ်ကို စားပေလိမ့်မည်။
ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် ကျန်းရီသည် သူ့အပေါ် ကျရောက်နေသော ကောင်းကင်စိတ်အာရုံအချို့ကို ခံစားနိုင်သည်။ ထို့ကြောင့် သူ မသင်္ကာစရာ အပြုအမူမျိုးကို မလုပ်ဝံ့သေးပေ။ အရင်ဆုံး အခြေအနေကို စောင့်ကြည့်ရပေမည်။
နေ့တစ်ဝက်ကြာပြီးနောက် ကျန်းရီ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများက အေးခဲတောင့်တင်းလာ၏။ သူ အံကြိတ်လိုက်ပြီး ကောင်းကင်ဝါးမျိုသားရဲကို သုံးရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအခိုက်တွင် အရိပ်အချို့က ရေကန်ဆီ ပျံသန်းလာကြောင်း တွေ့လိုက်ရသည်။ မိန်းမပျိုတစ်ယောက်က ကြာပွတ်တစ်ချောင်းကို ပစ်ယမ်း၍ သူ့ကို ရေကန်ထဲမှ ဆွဲထုတ်လိုက်၏။
ကျန်းရီသည် ရေကန်အပြင်သို့ ရောက်သွားသော်လည်း မလှုပ်ရှားနိုင်သေးပေ။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများက အေးခဲနေသေးသည်။ သူ အသက်ပင် မရှူနိုင်သေးချေ။
ဗုန်း...
ထိုမိန်းမပျိုသည် ကျန်းရီကို မြေပြင်ပေါ် ပစ်ချလိုက်၏။ ထို့နောက် နေရာမှာပင် ရပ်ကာ သူ့ကို အေးစက်စက်ကြည့်နေသည်။ တစ်နာရီကြာပြီးမှ ကျန်းရီ အသက်ရှူနိုင်လာသည်။ သူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ မိန်းမပျိုသည် ကျန်းရီက အသက်ရှူနိုင်လာကြောင်း တွေ့လိုက်သောအခါ သူ့ကို မြေပြင်တွင် တရွတ်ဆွဲ၍ အကြီးဆုံးနန်းတော်ဆီသို့ လျှောက်သွားလိုက်လေသည်။
ကျန်းရိသည် ဘေးခန်းတစ်ခန်းထဲသို့ ဆွဲခေါ်သွားခံရ၏။ အခန်းက အလွန်လှပသည်။ အခန်းထဲတွင် မိန်းမပျိုဆယ်ယောက်ကျော် ရှိနေသည်။ သူမတို့ထဲမှ နှစ်ယောက်က သက်လတ်ပိုင်းအရွယ် အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်ကြသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက အမြင့်ဆုံးပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူမ၏ပုံစံမှာ ခံ့ညားဝင့်ဝါနေပေသည်။
“ရေခဲငရဲက ခံလို့မကောင်းဘူး မဟုတ်လား”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက ကျန်းရီကို အေးစက်စက်ကြည့်၍ မေး၏။
“ရှင် ကျွန်မကို ရိုရိုကျိုးကျိုး ပြန်မဖြေသေးဘူးဆိုရင် ကျွန်မ ရှင့်ကို ရေခဲငရဲထဲ သေတဲ့အထိ ပစ်ထားလိုက်မယ်’
ကျန်းရီ မတ်တပ်မရပ်နိုင်ပါ။ သူ ကြမ်းပြင်တွင် မှောက်ခုံလှဲ၍ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးကို တည်ကြိမ်စွာ ကြည့်လိုက်သည်။
“မင်းသမီး ပြောပါ။ ကျွန်တော် မင်းသမီးကို ဘာမှ မဖုံးကွယ်ထားရဲပါဘူး”
မင်းသမီးက ခေါင်းညိတ်ကာ ပြောသည်။
“ရှင်က ကျိုးလီမျိုးနွယ်က သူလျှို မဟုတ်လား။ ကျွန်မရဲ့ ကောင်းကင်ကြောင်ကတိုးနယ်မြေထဲမှာ ဘာလုပ်နေတာလဲ”
“ကျိုးလီမျိုးနွယ်လား”
ကျန်းရီ မသိပေ။ သို့သော် မင်းသမီးက မေးလိုက်ပြီဖြစ်၍ ဖြေရပေတော့မည်။
“ဟုတ်ပါတယ်။ ကျွန်တော်က ကျိုးလီမျိုးနွယ်ကပါ။ ဒါပေမဲ့ သူလျှိုတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒီအတိုင်း ဖြတ်သွားရုံပါ”
“ဟွန်း...”
မင်းသမီးက နှုာမှုတ်ကာ မေးလိုက်၏။
“ဖြတ်သွားရုံတဲ့လား။ ကျွန်မ အမှတ်မမှားရင် ကျိုးလီမျိုးနွယ်က အရှေ့ဘက်မှာပါ.. ဟုတ်တယ်မဟုတ်လား။ အဲ့နေရာက ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးနယ်မြေနဲ့ အဝေးကြီးပဲ။ ဘယ်လိုလုပ် ရှင်က ဒီမှာ ရောက်နေရတာလဲ”
ကျန်းရီ စိတ်ထဲမှ ညည်းတွားလိုက်သည်။ ကောင်းကင်မိစ္ဆာဘုံအကြောင်းကို သူ တစ်ခုမှ မသိပေ။ ဤအတိုင်းဆက်သွားလျှင် သူ့အကြောင်းက အနှေးနှင့်အမြန်ဆိုသလို ပေါ်သွားတော့ပေမည်။ သူ အံကြိတ်ကာ ပြောလိုက်သည်။
“မင်းသမီး... ကျွန်တော်က တကယ်ပဲ ဖြတ်သွားရုံပါ။ ကျွန်တော် လိမ်ပြောရင် ကျွန်တော့်မျိုးနွယ်တစ်ခုလုံး အသေဆိုးနဲ့ သေပါစေ”
ကျန်းရီသည် အမှန်ပင် ဖြတ်သွားရုံသွားခဲ့ခြင်းဖြစ်သည်။ ယင်းမှာ အမှန်တရားပင်။ ထို့ကြောင့် သူ ကျိန်ရဲပေသည်။
မင်းသမီး နှုတ်ဆိတ်သွား၏။ သူမသည် အတော်ကြာအောင် တွေးတောပြီးမှ ရုတ်တရက် လက်ဝှေ့ယမ်းလိုက်သည်။
“ရှင်တို့ အရင် ထွက်သွားလိုက်ကြ။ ကျွန်မ သူ့ကို တစ်ယောက်တည်း စစ်မေးချင်တယ်”
“မင်သမီး...”
အုပ်ချုပ်သူအဆင့် မိန်းမပျိုနှစ်ယောက်က အတန်ငယ် စိုးရိမ်သွားပုံပေါ်၏။ သို့သော် မင်းသမီးက မျက်နှာထားတင်းတင်းနှင့် ရှိနေသဖြင့် သူမတို့ မငြင်းဆန်နိုင်တော့ဘဲ ထွက်သွားရလေသည်။
အားလုံး ထွက်သွားပြီးနောက် မင်းသမီးသည် နန်းတော်၏ အကာအရံများကို နှိုးလိုက်၏။ ထို့နောက် အဓိပ္ပာယ်ကောက်၍ မရနိုင်သော အပြုံးကို ပြုံးကာ ပလ္လင်ထက်မှ ဆင်းလာသည်။ သူမသည် ကျန်းရီရှေ့တွင် ရပ်၍ လေသံအေးလေးဖြင့် မေးလိုက်သည်။
“ရှင်တို့ရဲ့ ဘုရင်ကျိုးလီရော အဆင်ပြေရဲ့လား။ သူ ကျိုးလီကျင့်စဉ်ရဲ့ ဘယ်အဆင့်ကို ရောက်နေပြီလဲ”
“အာ...”
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး အံကြိတ်ကာ ပြန်ဖြေလိုက်သည်။
“ဘုရင်က အဆင်ပြေပါတယ်။ သူ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဘုရင်က အခန်းအောင်းကျင့်ကြံနေပါတယ်”
“ဟားဟားဟား...”
မင်းသမီးက ရုတ်တရက် ကျယ်လောင်စွာ ရယ်လိုက်၏။ သူမ ကျန်းရီကို ခပ်လှောင်လှောင်ကြည့်ကာ ပြောလိုက်သည်။
“ပေါက်ကရတွေ... ကျိုးလီဘုရင်သေသွားတာ သုံးနှစ်ရှိပြီ မဟုတ်လား။ ပြီးတော့ ရှင်က သူ့ကို ဘုရင်လို့ ခေါ်ရဲတယ်ပေါ့လေ။ ကြည့်ရတာ ရှင်က မိစ္ဆာမျိုးနွယ်ရဲ့ သူလျှိုတစ်ယောက် ဟုတ်တဲ့ပုံ မပေါ်ဘူး။ ရှင်က လူသားမျိုးနွယ်က မဟုတ်လား”
“ငါ့အကြောင်း ပေါ်သွားပြီ...”
ကျန်းရီ တီးတိုးညည်းတွားလိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲတွင် မိုးမြေစွမ်းအား လျင်မြန်စွာ လည်ပတ်လာသည်။ သူ့တွင် ပြောစရာမရှိတော့ပေ။ သူ့အသက်ကိုရင်း၍သာ ထိုမင်းသမီးကို သတ်ရပေတော့မည်။
***