လီရှန်းအာ
Vol. 124 Ch. 1731
မိုးမြေစွမ်းအားကို လှည့်ပတ်လိုက်သောအခါ ကျန်းရီ၏ တစ်ကိုယ်လုံး အင်အားပြည့်သွား၏။ ထုံကျဉ်နေသည့် ကြွက်သားများလည်း ရုတ်ခြည်း ပြန်ကောင်းသွားပေသည်။
ဗြုန်း...
ကျန်းရီကို ရစ်နှောင်ထားသော ကြာပွတ်များ တစ်ချောင်းပြီးတစ်ချောင်း ပြတ်ထွက်ကုန်၏။ သူ၏ ကြောက်မက်ဖွယ်အရှိန်အဝါလည်း ထိုးထွက်လာသည်။ ကျန်းရီ ရုတ်ခြည်း မလှုပ်ရှားလိုက်ပေ။ ထို ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးမှာ လက်တစ်ကမ်းအကွာတွင် ရှိနေသော်လည်း ကျန်းရီသည် သူ့စိတ်ဝိညာဉ်က ပြင်းထန်စွာ နာကျင်သွားမည်စိုး၍ ချက်ချင်း မတိုက်ခိုက်လိုက်ခြင်းပင်။
ကျန်းရီ အလောင်းကြီးနှင့် ကောင်းကင်ဝါးမျိုသားရဲကို ထုတ်လိုက်၏။
“ရှောင်မုန့်... ငါ့စိတ်ဝိညာဉ်ထဲမှာ ကပ်ပါးကောင်တစ်ကောင် ရှိနေတယ်။ အဲ့အကောင်ကို ကူရှင်းပေးပါ”
“အလောင်းကြီး... အရှေ့က မိန်းမကို ဖမ်းလိုက်”
ကျန်းရီက အမိန့်ပေးလိုက်သောအခါ ကောင်းကင်ဝါးမျိုသားရဲသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ ကျန်းရီ၏ စိတ်ဝိညာဉ်ထဲ လျင်မြန်စွာ ဝင်သွားသည်။ သို့သော် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးကလည်း တစ်ချိန်တည်းမှာပင် အမိန့်ပေးလိုက်၍ ကျန်းရီတစ်ယောက် ကြမ်းပြင်ပေါ်တွင် နာကျင်တကြီး လူးလွန့်သွားရပေသည်။ ဝိညာဉ်ကပ်ပါးကောင်က သူ၏စိတ်ဝိညာဉ်ကို လျင်မြန်စွာ ဝါးမျိုနေပေပြီ။
ဝှစ်...
အလောင်းကြီးသည် အရှေ့သို့ လျှပ်တပြက် ရွေ့လျားသွားပြီး မင်းသမီး၏ ဝမ်းဗိုက်ကို တိုက်ခိုက်လိုက်သည်။ လူသားမျိုးနွယ်၏ နတ်ဘုရားအမြုတေက ဝမ်းဗိုက်နေရာတွင် ရှိသလို မိစ္ဆာမျိုးနွယ်မှာလည်း ထို့အတူပင်ဖြစ်သည်။ ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ထားသော မိစ္ဆာသားရဲတစ်ကောင်နှင့် လူသားတစ်ယောက်ကြားတွင် ကွာခြားမှုများစွာ မရှိချေ။
မင်းသမီး၏ကိုယ်ပေါ်တွင် အဖြူရောင်စစ်ချပ်ဝတ်တစ်ထည် ထွက်ပေါ်လာ၏။ ထိုချပ်ဝတ်မှာ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခုပင်။ သို့သော် အလောင်းကြီး၏ လက်သည်းများက မည်မျှထက်ရှပါသနည်း။ လက်သည်းများမှာ သူမ၏ ဝမ်းဗိုက်ကို ရုတ်ခြည်းဖောက်သွားပြီး သူမ၏နတ်ဘုရားအမြုတေကို ဆုပ်ကိုင်လိုက်သည်။
ကျန်းရီ၏ အမိန့်မှာ မင်းသမီးကို ဖမ်းရန်သာဖြစ်ပြီး သတ်ရန်မဟုတ်ပေ။ ထို့ကြောင့် အလောင်းကြီးသည် နတ်ဘုရားအမြုတေကို ဖျက်ဆီးမပစ်ချေ။ အလောင်းကြီး၏ ကျန်လက်တစ်ဘက်က လျှပ်စီးအလျင်နှင့် မင်းသမီး၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။ ၎င်း အားတစ်ချက်ထည့်လိုက်သည်နှင့် မင်းသမီးက သေသွားတော့မည်ဖြစ်သည်။
“အား...”
မင်းသမီးသည် တစ်ချက်အော်လိုက်၏။ သို့သော် သူမ မလှုပ်ဝံ့တော့ပေ။ အလောင်းကြီးက သူမကို ကြောက်ရွံ့နေစေပေသည်။ သူမ၏ မျက်ဝန်းများထဲတွင် အကြောက်တရား ပြည့်နှက်နေသည်။ ကျန်းရီထံတွင် ထိုသို့သော ရုပ်သေးရုပ်တစ်ရုပ် ရှိလိမ့်မည်ဟု သူမ ထင်မထားပေ။ သူမသည် ကျန်းရီကို ချက်ချင်းသတ်မပစ်ခဲ့ဘဲ ဝိညာဉ်ကပ်ပါးရှိနေ၍ သတ်လိုက အချိန်မရွေး သတ်နိုင်သည်ဟု တွေးခဲ့မိခြင်းအတွက် နောင်တရနေပေသည်။ ရန်သူကို လျှော့တွက်ခြင်းမှာ သေစေနိုင်လောက်သော အမှားတစ်ခုပင်။
“ဟွန်း... ပိုးကောင်လေးတစ်ကောင်က မာန်တက်နေတယ်ပေါ့လေ”
ကောင်းကင်ဝါးမျိုသားရဲသည် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ပျံဝင်သွားကာ အာရုံခံလိုက်၏။ ၎င်း၏ မျက်ဝန်းများက ဒေါသအရိပ်အယောင် လင်းလက်သွား၏။ ထို့နောက် ဝိညာဉ်ကပ်ပါးပိုးကောင်ကို ရှင်းပစ်ရန် စိတ်ဝိညာဉ်ထဲ ပျံဝင်သွားသည်။
“အား...အား...အား...”
ဝိညာဉ်ကပ်ပါးကောင်နှင့် ကောင်းကင်ဝါးမျိုသားရဲတို့က ကျန်းရီ၏ စိတ်ဝိညာဉ်ထဲတွင် တိုက်ခိုက်နေရာ ကျန်းရီတစ်ယောက် အလွန်နာကျင်ခံစားနေရလေသည်။ သူသည် နာလွန်းလှသဖြင့် ခေါင်းကို နံရံနှင့် ဆောင့်နေသည်။ နံရံပေါ်တွင် အကာအရံများသာ မရှိပါက ပြိုသွားလောက်ပြီဖြစ်သည်။
ဝိညာဉ်ကပ်ပါးကောင်မှာ ပိုးကောင်တစ်မျိုးဖြစ်ပြီး ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ထူးခြားသော စွမ်းရည်တစ်ခုပင်။ ၎င်းကို အသံမဲ့၊ သဏ္ဌာန်မဲ့ ထုတ်လွှတ်နိုင်သည်။ မည်သူမှ သတိမထားမိလိုက်ခင်မှာပင် ၎င်းသည် ရန်သူ၏ စိတ်ဝိညာဉ်ထဲ ဝင်သွားနိုင်စွမ်းရှိပေသည်။
အစတွင် ထုတ်လွှတ်လိုက်သော ဝိညာဉ်ကပ်ပါးကောင်မှာ သားလောင်းဖြစ်သည်။ ထိုသားလောင်းကို ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ထူးခြားသော ဝိညာဉ်ရနံ့ဖြင့် ပျိုးထောင်ပေးရန်လိုအပ်သည်။ ဝိညာဉ်ကပ်ပါးကောင်က ဝိညာဉ်ရနံ့ကို များများစုပ်ယူနိုင်လေ၊ ပိုစွမ်းအားကြီးလေပင်။ ကျန်းရီ၏ စိတ်ဝိညာဉ်ထဲရှိ ဝိညာဉ်ကပ်ပါးကောင်မှာ ဝိညာဉ်ရနံ့ အနည်းငယ်ကိုသာ စုပ်ယူထားရသေးသဖြင့် စွမ်းအားကြီးသည်ဟု မဆိုနိုင်ပေ။
ကောင်းကင်ဝါးမျိုသားရဲသည် ထိုဝိညာဉ်ကပ်ပါးကောင်ကို အာရုံခံမိသည်နှင့် ချက်ချင်း အထင်သေးမှု ပြခဲ့ပေသည်။ မျှော်လင့်ထားသလိုပင် ကောင်းကင်ဝါးမျိုသားရဲက ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ အသက်ဆယ်ရှိုက်မျှအတွင်းမှာပင် ၎င်းက ကောင်းကင်ကပ်ပါးကောင်ကို အရှင်လတ်လတ် ဝါးမျိုပြီးသွားသည်။ အစအနလေးပင် မကျန်ခဲ့စေချေ။
“တမုန့်... ငါ သူ့ကို သတ်လိုက်ပြီ”
သားရဲလေးက ကျန်းရီ၏ စိတ်ဝိညာဉ်ထဲမှ ပျံထွက်လာပြီး စိတ်ဝိညာဉ်ပင်လယ်ထဲတွင် အကောင်အထည် စုစည်းလိုက်၏။ ကျန်းရီ၏ မီးဝိညာဉ်ပုလဲက စွမ်းအင်တန်းတစ်တန်း ထုတ်လွှတ်လိုက်ပြီး တံဆိပ်စာလုံးများသည် အဆက်မပြတ်လင်းလက်ကာ ကျန်းရီ၏ စုတ်ပြဲနေသော စိတ်ဝိညာဉ်ကို ကုသပေးလိုက်လေသည်။
“ဟူး...”
ကျန်းရီသည် ကြမ်းပြင်ပေါ်တွင် ငါးမိနစ်ကြာအောင် လှဲနေပြီးမှ နတ်ဘုရားသစ်ရွက်ကို ထုတ်နိုင်ဖို့ ခွန်အားရလာသည်။ နတ်ဘုရားသစ်ရွက်က လင်းလက်လာသောအခါ ကျန်းရီ၏ ဒဏ်ရာများ ရုတ်ခြည်း ပျောက်ကင်းသွားပေသည်။ သူ၏စိတ်ဝိညာဉ်သည်လည်း အပြည့်အဝ ပြန်ကောင်းသွားသည်။ ယခုတွင် သူ့တစ်ကိုယ်လုံးက အလွန်သက်တောင့်သက်သာ ရှိနေရာ သူ ကြမ်းပြင်ပေါ်မှ ပြန်ပင်မထလိုတော့ချေ။
“လွတ်လပ်မှုရဲ့ အရသာက ခံစားလို့ကောင်းလိုက်တာ...”
ကျန်းရီသည် တစ်ခဏမျှ လှဲလှောင်းနေပြီးနောက် ရေရွတ်လိုက်၏။ ထို့နောက် သူသည် အလောင်းကြီး၏ ဖမ်းချုပ်မှုကို ခံထားရသော မင်းသမီးကို ကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။
“မင်းမှန်းတာမှန်တယ်။ ငါက လူသားမျိုးနွယ်ကပဲ။ ဒါပေမဲ့ မင်းရဲ့ နယ်မြေထဲကိုတော့ တကယ် မတော်တဆ ရောက်လာခဲ့တာ”
“အဲ့သစ်ရွက်က...”
မင်းသမီးသည် ကျန်းရီ၏ စကားများကို အရေးမစိုက်ဘဲ သူ့လက်ထဲရှိ နတ်ဘုရားသစ်ရွက်ကိုသာ ကြည့်နေသည်။ သူမသည် အံ့ဩမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် မေးလိုက်၏။
“ရှင့်မှာ ဘာလို့ ကျွန်မတို့ အရှင်မချင်လင်းရဲ့ နတ်ဘုရားသစ်ရွက် ရှိနေရတာလဲ”
“အရှင်မချင်လင်းတဲ့လား”
ကျန်းရီ အတန်ငယ် အံ့ဩသွား၏။ ထိုမင်းသမီးက အရှင်မချင်လင်းကို သိနေလိမ့်မည်ဟု သူ ထင်မထားပေ။ သူ မျက်နှာထားတည်တည်နှင့် အလေးအနက် မေးလိုက်သည်။
“ဒီသစ်ရွက်က အရှင်မချင်လင်းရဲ့ သစ်ရွက်ဆိုတာကို မင်းဘယ်လိုသိလဲ”
“အဲ့သစ်ရွက်က တကယ်ပဲ အရှင်မရဲ့ နတ်ဘုရားသစ်ရွက်လား။ ဟုတ်ပါတယ်.. ဟုတ်ပါတယ်... အရှင်မရဲ့ နတ်ဘုရားသစ်ရွက်မှာပဲ အဲ့လိုအစွမ်းထက်ကုသစွမ်းရည်မျိုး ရှိနိုင်တာ”
မင်းသမီး၏ တစ်ကိုယ်လုံး တုန်ယင်လာ၏။ သူမ၏ မျက်ဝန်းများထဲတွင်လည်း အကြောက်တရား ဖုံးလွှမ်းလာသည်။
“ဒီကအရှင်.. ရှင်နဲ့ အရှင်မချင်လင်းရဲ့ ပတ်သတ်မှုက ဘာလဲ”
ကျန်းရီ ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
“ကျွန်တော်တို့က မိတ်ဆွေတွေပါပဲ။ အရှင်မချင်လင်းက ဒီကလား”
“မိတ်ဆွေတွေလား”
မင်းသမီးသည် မယုံသင်္ကာဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ သို့သော် နတ်ဘုရားသစ်ရွက်ကို ကောင်းကင်စိတ်အာရုံဖြင့် အကြိမ်အနည်းငယ် အာရုံခံပြီးနောက် လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
“အရှင်က တကယ်ပဲ အရှင်မရဲ့ မိတ်ဆွေဆိုရင် လီရှင်းအာ အရှင့်ကို အပြစ်ပြုမိခဲ့ပါပြီ။ အဲ့ဒါက ကြီးလေးတဲ့ အပြစ်ကြီးပါ။ အရှင် ကျွန်မကို ကွပ်မျက်လိုက်ပါ”
ကျန်းရီ၏ နှုတ်ခမ်းစွန်းတွင် လှောင်ပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ ထိုမင်းသမီးက အတော်လေး သရုပ်ဆောင်ကောင်းလှပေသည်။ အရှင်မချင်လင်းသည် သူမက ဤမှ အရှင်သုံးပါးနှင့် ရန်ငြိုးတစ်ခု ရှိကြောင်း ပြောခဲ့သည်။ ထိုမင်းသမီးက နတ်ဘုရားသစ်ရွက်ကို မှတ်မိလျှင်ပင် အရှင်မချင်လင်းကို ထိုမျှ လေးစားရိုကျိုးမနေသင့်ပေ။ သူမက အချိန်ဆွဲနေခြင်းသာ ဖြစ်လောက်သည်။
ကျန်းရီ ခေတ္တမျှ တွေးတောကာ ခေါင်းညိတ်လိုက်၏။
“မင်းက သတ်ပေးဖို့ ပြောနေတော့ သတ်ပေးရမှာပေါ့။ အလောင်းကြီး... သူ့ကို သေတဲ့အထိ ရိုက်သတ်လိုက်”
အလောင်းကြီးသည် လက်မြှောက်က မင်းသမီး၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ အကယ်၍ ထိုရိုက်ချက်သာ သူမ၏ ဦးခေါင်းပေါ် ကျသွားပါက သူမ သေချာပေါက် ခေါင်းပေါက်ထွက်၍ သေပေလိမ့်မည်။
“အာ...”
မင်းသမီးက မည်သို့မှ မပြောဘဲ မျက်လုံးသာ မှိတ်ထား၍ ကျန်းရီ တွေဝေသွား၏။ သူမသည် သေရန် စောင့်နေသည့်အလား တည်ငြိမ်လွန်းနေပေသည်။
“ရပ်လိုက်”
ကျန်းရီ၏ အော်သံကြောင့် အလောင်းကြီး၏လက်က မင်းသမီး၏ ဦးခေါင်းအထက်တွင် ရပ်တန့်သွားသည်။ ကျန်းရီသည် သူမ၏ တည်ငြိမ်နေသော ပုံစံကို ကြည့်၍ နားမလည်နိုင်ဖြစ်နေသည်။ သူမက အမှန်တကယ် သေလိုနေခြင်း မဟုတ်လျှင် အင်မတန် သရုပ်ဆောင်ကောင်းသူတစ်ယောက် ဖြစ်ရပေမည်။
ကျန်းရီ မျက်တောင်ပုတ်ခတ်ကာ အော်ပြောလိုက်သည်။
“မင်းရဲ့ ဝိညာဉ်မျိုးစေ့ကို ငါ့ကိုပေးပြီး ငါ့ရဲ့ ဝိညာဉ်သားရဲလုပ်မယ်ဆိုရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်”
“အာ...”
မင်းသမီးသည် အတန်ငယ် တွေဝေသွား၏။ ကျန်းရီ ဝမ်းထဲမှကြိတ်၍ပြုံးလိုက်သည်။ သူ ဆက်၍ ဖိအားပေးလိုက်လျှင် သူမ၏ သရုပ်ဆောင်မှုက ပေါ်သွားပေတော့မည်။
သို့သော် ထိုမင်းသမီးက တစ်ခဏမျှ တွေးတောပြီးနောက် အံကြိတ်လျက် အောက်ပါအတိုင်း ပြောလိုက်လိမ့်မည်ဟု မည်သူက ထင်ခဲ့ပါမည်နည်း။
“အရှင်က အရှင်မချင်လင်းရဲ့ မိတ်ဆွေဆိုတော့ ကျွန်မ အရှင့်ရဲ့ ဝိညာဉ်သားရဲလုပ်ရတာ ဘာမှရှက်စရာမရှိပါဘူး။ လီရှင်းအာ အရှင့်နောက်ကိုလိုက်ဖို့ လိုလားပါတယ်”
“...”
ဤတစ်ကြိမ်တွင် အံ့အားသင့်သွားသူမှာ ကျန်းရီပင်။ မင်းသမီး၏ ဦးခေါင်းက ရွှေရောင်လင်းလက်လာပြီး ဦးခေါင်းထဲမှနေ၍ ဝိညာဉ်မျိုးစေ့တစ်စေ့ ပျံထွက်လာသည်။ ကျန်းရီသည် ၎င်းကို ကောင်းကင်စိတ်အာရုံနှင့် အကြိမ်အနည်းငယ် အာရုံခံလိုက်၏။ သို့သော် ၎င်းကို လက်မခံဝံ့ပေ။ အကယ်၍ ထိုဝိညာဉ်မျိုးစေ့ထဲ၌ ဝိညာဉ်ကပ်ပါးကောင်တစ်ကောင် ပုန်းအောင်းနေလျှင် မည်သို့ လုပ်မည်နည်း။
“နေဦး...”
ကျန်းရီ ခေတ္တမျှ တွေးတောကာ အော်ပြောလိုက်သည်။
“အရင်ဆုံး မင်းနဲ့ အရှင်မချင်လင်းကြားက ပတ်သတ်မှုကို ငါ့ကို ပြောပြပါ”
လီရှင်းအာက တုံ့ဆိုင်းမှုမရှိဘဲ ပြန်ပြောသည်။
“ကျွန်မတို့ ကောင်းကင်မိစ္ဆာဘုံမှာ မူလက အရှင်လေးပါး ရှိခဲ့တာပါ။ အရှင်မချင်လင်းက ကျွန်မတို့အရှေ့ဒေသရဲ့ အရှင်မတစ်ပါးပါ။ အရှင်မက အရှေ့ဒေသမှာရှိတဲ့ မိစ္ဆာမျိုးနွယ်အကုန်လုံးကို ခေါ်ပြီး လူသားမျိုးနွယ်နဲ့ တမလွန်ဘုံမျိုးနွယ်တို့ရဲ့ စစ်ပွဲမှာ လူသားမျိုးနွယ်ဘက်ကနေပြီး ကူတိုက်ပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ကိစ္စအတွက်နဲ့ ကျန်အရှင်သုံးပါးက အင်အားပူးပေါင်းပြီး သူ့ကို တိုက်ခိုက်ခဲ့လို့ သူ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။ နောက်တော့ ရွေးချယ်စရာမရှိတော့ဘဲ ကောင်းကင်မိစ္ဆာဘုံကနေပြီး တစ်ယောက်တည်း ထွက်သွားခဲ့ရပါတယ်။ အရှေ့ဒေသမှာရှိတဲ့ နယ်မြေသုံးသောင်းစလုံးက ကျန်အရှင်သုံးပါးဆီမှာ သစ္စာခံလိုက်ကြပါပြီ။ ဒါပေမဲ့ ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က အရှင်မချင်လင်းအပေါ်မှာပဲ သစ္စာစောင့်သိပါတယ်။ ကျွန်မတို့မျိုးနွယ်က အရှင်မအပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ အရှင်... အရှင်က အရှင်မရဲ့ မိတ်ဆွေတစ်ယောက်ပါ။ အရှင့်နောက်ကို လိုက်ရတဲ့အတွက် လီရှင်းအာ အရှက်ရမှာ မဟုတ်ပါဘူး”
“ငါသိပြီ”
ကျန်းရီ သဘောပေါက်သွားသည်။ သို့သော် သူ သတိလက်လွတ် မဖြစ်ဝံ့သေးပေ။ သူသည် ကောင်းကင်ဝါးမျိုသားရဲကို အသင့်ပြင်ထားစေလိုက်ပြီးမှ ဝိညာဉ်မျိုးစေ့ကို ဂရုတစိုက်ယူကာ ခပ်သွက်သွက် သန့်စင်လိုက်သည်။ လီရှင်းအာနှင့် ဝိညာဉ်ချိတ်ဆက်မှု ရသွားတော့မှ သူ စိတ်အေးသွားပေသည်။
“ဟုတ်ပြီ...”
ယခုတွင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မင်းသမီးက သူ၏ဝိညာဉ်သားရဲဖြစ်သွားပြီဖြစ်၍ ကျန်းရီ လုံးဝ စိတ်အေးသွားပေပြီ။ အနည်းဆုံးတော့ သူ ကောင်းကင်မိစ္ဆာဘုံတွင် ရပ်တည်နိုင်ပေပြီ။
***