← Chapters

အရသာပြင်းသော

Vol. 124 Ch. 1732

အရသာပြင်းသော

Vol. 124 Ch. 1732

ကျန်းရီသည် အလောင်းကြီးကို ဘေးဖယ်ခိုင်းလိုက်၏။ သူ့တွင် လီရှန်းအာ၏ ဝိညာဉ်မျိုးစေ့ရှိထားပြီးဖြစ်ရာ သူ့အတွေးတစ်ချက်နှင့် လီရှန်းအာ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်ပေပြီ။

ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို သုံး၍ လီရှန်းအာ၏ ဝမ်းဗိုက်ကို ကုသပေးလိုက်၏။ လီရှန်းအာတစ်ယောက် သူမ၏ဝမ်းဗိုက်က မျက်စိအောက်မှာပင် လျင်မြန်စွာ အကောင်းပကတိ ပြန်ဖြစ်သွားကြောင်း တွေ့လိုက်ရသည်။ အမာရွတ်က ခြောက်ကာ ပြုတ်ကျသွားပြီး သူမ၏ နှင်းကဲ့သို့ ဖြူဆွတ်သော အသားအရေလေးကို ပြန်ရလာသည်။ သူမသည် ဝမ်းသာမှု ပြည့်နှက်နေသော မျက်ဝန်းများနှင့် ပြောလိုက်သည်။

“အဲ့ဒါက တကယ်ကို နတ်ဘုရားသစ်ရွက်ပဲ။ တကယ်ကို အရှင်မရဲ့ နတ်ဘုရားသစ်ရွက်ပဲ”

ဒုတ်...

လီရှန်းအာသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး ရုတ်တရက် ဒူးထောက်ချလိုက်၏။ ထို့နောက် လေးလေးစားစား ပြောလိုက်သည်။

“လီရှန်းအာ သခင့်ကို အရိုအသေပေးပါတယ်”

“ထပါ”

ကျန်းရီက အရှေ့သို့ လျှောက်သွားပြီး လီရှန်းအာ ထိုင်နေခဲ့သော ပလ္လင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ပြီးမှ သူမကို အထက်စီးမှ ကြည့်၍ မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။

“အရင်ဆုံး မင်း အဝတ်အသစ် လဲသင့်တယ်”

ထိုအခါမှ လီရှန်းအား သတိကပ်လာသည်။ သူမ၏ စစ်ချပ်ဝတ်နှင့် အဝတ်အစားများက စုတ်ပြဲနေပေပြီ။ ကိုယ်ပေါ်ရှိ အစိမ်းရောင်အမွေးရေးရေးလေးများကိုပင် မြင်နေရသည်။ သူမ အလွန်ရှက်ရွံ့သွားပြီး မျက်နှာကလေး ရဲတက်သွားသည်။ ၎င်းနောက် အခန်းထဲမှ လျင်မြန်စွာ ထွက်ကာ အဝတ်အသစ် လဲဝတ်လိုက်သည်။

ကျန်းရီသည် ပလ္လင်ပေါ်တွင် ထိုင်ရင်း ရုတ်တရက် မေးလိုက်၏။

“လီရှန်းအာ... ငါ့အကြောင်းက ပေါ်သွားလို့မဖြစ်ဘူး။ အထူးသဖြင့် ငါက လူသားတစ်ယောက် ဆိုတာပေါ့။ ငါ ဒီမှာနေတာ လုံခြုံရဲ့လား”

“ပြဿနာမရှိပါဘူး”

လီရှန်းအာက အခိုင်အမာဖြေသည်။

“ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှာ ကျွန်မက တာဝန်ရှိသူတစ်ယောက်ပါ။ ဘာမတော်တဆမှုမှ ဖြစ်မလာသေးသ၍ ဘယ်သူမှ သခင့်ရဲ့အကြောင်းကို သိမှာ မဟုတ်ပါဘူး”

“မင်းက တာဝန်ရှိသူလား”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက မင်းသမီးမဟုတ်ဘူးလား။ မင်းရဲ့ ခမည်းတော်နဲ့ မယ်တော်က ဘယ်မှာလဲ”

လီရှန်းအာ၏ မျက်ဝန်းကလေးများ မှေးမှိန်သွား၏။ သူမ ခါးသီးစွာ ခေါင်းခါလိုက်သည်။

“ကျွန်မမှာ ခမည်းတော် မရှိပါဘူး။ မယ်တော်က ထျန်းဖုန့်မြို့ကို သွားပါတယ်။ သူက အဲ့မှာ ကျင့်ကြံနေတယ်လို့ ပြောပေမဲ့ တကယ်တော့ အကျယ်ချုပ်မိနေတာပါ”

“ထျန်းဖုန့်မြို့လား”

ကျန်းရီ အတန်ငယ် ခေါင်းရှုပ်သွား၏။ လီရှန်းအာက ရှင်းပြသည်။

“အဲ့မြို့က ထျန်းဖုန့်ဧကရာဇ်နေတဲ့ မြို့ပါ။ ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က ဘယ်အရှင်ဆီမှာမှ လက်အောက်မခံခဲ့ပါဘူး။ အရှင်သုံးပါးက အရှင်မချင်လင်းက လျှို့ဝှက်ပြန်လာပြီး သူ့အပေါ်သစ္စာရှိနေသေးတဲ့ ကျွန်မတို့ကို ခေါ်သွားမှာ စိုးရိမ်နေကြပါတယ်။ အဲ့ဒါကြောင့် လက်ရှိမျိုးနွယ်ဘုရင်မကို အကျယ်ချုပ်ဖမ်းထားတာပါ...”

“တကယ်လို့ ကျွန်မရဲ့မယ်တော်က ထျန်းဖုန့်မြို့မှာ အသက်ကြီးပြီး သေသွားမယ်ဆိုရင် ကျွန်မအဖမ်းခံရမဲ့အလှည့် ရောက်မှာပါ။ အရှေ့ဒေသထဲမှာ အဲ့လို အဖမ်းခံရတဲ့ မျိုးနွယ်ဘုရင်တွေ တစ်သောင်းကျော်လောက်ရှိပါတယ်”

“အဲ့လိုကိုး... ဘုရင်ကိုဖမ်းပြီး လက်အောက်ငယ်သားတွေကို ထိန်းချုပ်တာပေါ့လေ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ မျိုးနွယ်ဘုရင်များကိုသာ ဓားစာခံလုပ်ထားလျှင် မျိုးနွယ်များက ပုန်ကန်လိုလျှင်ပင် ပုန်ကန်နိုင်လိမ့်မည် မဟုတ်ချေ။ အရှင်သုံးပါးသည် မျိုးနွယ်ဘုရင်များကို မသတ်ဘဲ အကျယ်ချုပ်ထားထားသည်။ ထိုနည်းနှင့်မှ သူတို့သည် ထိုမျိုးနွယ်များကို အလွယ်တကူ ဖိနှိပ်နိုင်မည်ဖြစ်သည်။

“ဘာလို့ အရှင်သုံးပါးက မင်းတို့ကို အတင်းလက်အောက်မခံခိုင်းရတာလဲ”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းရှုပ်နေသေး၍ ထပ်မေးလိုက်သည်။ ဧကရာဇ်အဆင့် သိုင်းသမားများက အလွန်စွမ်းအားကြီးကြသည် မဟုတ်ပါလား။

“သူတို့ မလုပ်နိုင်ဘူး၊ လုပ်လဲမလုပ်ရဲဘူး”

လီရှန်းအာက ခေါင်းခါသည်။

“တော်ဝင်မိစ္ဆာဘုံက တမလွန်ဘုံမျိုးနွယ် သိမ်းပိုက်တာကို ခံရတော့ အရှင်လေးပါးက မိစ္ဆာမျိုးနွယ်တစ်ခုလုံးကို ဒီဘုံဆီ ခေါ်လာခဲ့တာပဲ။ အဲ့တုန်းက အရှင်လေးပါးက ကောင်းကင်မိစ္ဆာဘုံကို ဒေသလေးခု ပိုင်းဖို့ သဘောတူခဲ့ကြတယ်။ ဘယ်အရှင်ကမှ တခြားအရှင်တစ်ပါးရဲ့ ဒေသကို မကျူးကျော်ရဘူး။ မဟုတ်ရင် သူတို့ရဲ့ နတ်ဘုရားဝိညာဉ်တွေက ဖျက်ဆီးခံလိုက်ရလိမ့်မယ်။ သူတို့က ကောင်းကင်ဧကရာဇ်သွေးသစ္စာ ဆိုထားကြတယ်။ အရှင်သုံးပါးက အရှေ့ဒေသကို မကျူးကျော်ရဲတော့ အခုလို မျိုးနွယ်ဘုရင်တွေကိုပဲ ဓားစာခံလုပ်ပြီး အရှေ့ဒေသက မျိုးနွယ်တွေကို ထိန်းချုပ်ထားတာ”

ကျန်းရီသည် ကောင်းကင်မိစ္ဆာဘုံအကြောင်းကို အတန်ငယ် နားလည်လာ၏။ သူ အရှေ့ဒေသထဲ ဝင်လာခဲ့မိသည်ကိုလည်း ဝမ်းသာသွားသည်။ သူသာ အခြားဒေသများသို့ ရောက်သွားလျှင် အရှင်သုံးပါးကို အသိပေးလိုက်သလိုဖြစ်သွားပြီး ပိုကြီးသော ပြဿနာများ တက်လာနိုင်ပေသည်။

ကျန်းရီသည် ကောင်းကင်မိစ္ဆာဘုံအကြောင်းနှင့် အရှေ့ဒေသအကြောင်းကို ဆက်မေးလိုက်၏။ နောက်ဆုံးတွင် သူ ကောင်းကင်မိစ္ဆာဘုံအကြောင်းကို ပို၍နားလည်လာပေသည်။

ကောင်းကင်မိစ္ဆာဘုံမှာ ကြီးမား၏။ သို့သော် ကမ္ဘာဦးကောင်းကင်ဘုံနှင့်တော့ မယှဉ်နိုင်ပေ။ ကမ္ဘာဦးကောင်းကင်ဘုံ အရွယ်အစား၏ ဆယ်ပုံတစ်ပုံလောက်သာ ရှိမည်။ သို့သော် အလွန်ကြီးမားသေးပေသည်။

ကောင်းကင်မိစ္ဆာဘုံထဲတွင် မြစ်ကြီးနှစ်စင်းရှိသည်။ ၎င်းမြစ်နှစ်စင်းက တစ်မြစ်နှင့်တစ်မြစ် ကန့်လန်ဖြတ်စီး၍ ကောင်းကင်မိစ္ဆာဘုံကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ လေးပိုင်းပိုင်းထားသည်။

တောင်ဒေသတွင် ထျန်းဖုန့်ဧကရာဇ်၊ မြောက်ဒေသတွင် ပူနီဧကရာဇ်နှင့် အနောက်ဒေသတွင် မီးမြေခွေးဧကရာဇ်ဟူ၍ အသီးသီးအုပ်စိုးကြသည်။ အရှေ့ဒေသတွင်မူ ဧကရာဇ်မရှိသေးပေ။ မျိုးနွယ်များစွာသည် ဧကရာဇ်သုံးပါးထံတွင် လျှို့ဝှက်၍ လက်အောက်ခံထားကြသည်။ ရလဒ်အနေဖြင့် လက်အောက်ခံထားသော မျိုးနွယ်များနှင့် လက်အောက်မခံထားသော မျိုးနွယ်များအကြားတွင် တိုက်ပွဲများ မကြာခဏဖြစ်‌လေ့ရှိပေသည်။ အခြေအနေမှာ ရှုပ်ထွေးနေပေသည်။

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှာ အရှေ့ဒေသတွင် အလွန်အင်အားကြီးသော မျိုးနွယ်တစ်ခုဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်တွင် ဝိညာဉ်အဆိပ်စွမ်းရည်ဟုခေါ်သော ထူးခြားသည့် ဆန်းကြယ်စွမ်းရည်တစ်ခု ရှိ၍ပင်။ ထိုဝိညာဉ်အဆိပ်စွမ်းရည်မှာ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်မျိုးပင်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များမှာ ထိုစွမ်းရည်နှင့်အတူ မွေးဖွားလာခြင်းဖြစ်သည်။

အရှေ့ဒေသထဲတွင် နယ်မြေသုံးသောင်းရှိပြီး မျိုးနွယ်တစ်သောင်းကျော်ရှိသည်။ ထိုမျိုးနွယ်များထဲမှ စွမ်းအားအကြီးဆုံး မျိုးနွယ်ဆယ်ခုက တောင်တန်းနယ်မြေများစွာကို သိမ်းပိုက်ထားသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က ထိုမျိုးနွယ်ဆယ်ခုထဲတွင် မပါပေ။ သူတို့က အဆင့်ငါးဆယ်တွင် ဖြစ်သည်။ သို့သော် ထိပ်တန်းမျိုးနွယ်ဆယ်ခုမှလွဲ၍ ကျန်မျိုးနွယ်များက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ရန်မစရဲပါ။

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သည် အရှေ့ဒေသရှိ အင်အားအကြီးဆုံးမျိုးနွယ်ဖြစ်သော ကြမ်းကြုတ်နဂါးမျိုးနွယ်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်သည်။ အတိတ်တွင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ဘိုးဘေးတစ်ယောက်က ကြမ်းကြုတ်နဂါးမျိုးနွယ်၏ ဘိုးဘေးတစ်ယောက်ကို ကယ်ခဲ့ဖူးသည်။ ထို့ကြောင့် ထိပ်တန်းမျိုးနွယ်ဆယ်ခုပင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ရန်မစဝံ့ကြပေ။

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က အမြဲ သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။ သူတို့တွင် မျိုးဆက်များစွာမရှိပေ။ သူတို့ထဲမှ အယောက်တစ်သန်းလောက်ကသာ ပုံစံပြောင်းလဲနိုင်သည်။ သူတို့ သိမ်းပိုက်ထားသော နယ်မြေကလည်း မကြီးပါ။ သူတို့သည် အချင်းမိုင်တစ်သန်းပတ်လည်သာရှိသော တောင်တန်းနယ်မြေတစ်ခုကို သိမ်းပိုက်ထားသည်။ ထို့ကြောင့် အခြားမျိုးနွယ်များနှင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကြားမှ ဆက်ဆံရေးက အတော်လေးကောင်းမွန်သည်။ မည်သူကမှ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို မတိုက်ခိုက်ပေ။

သို့သော်...

ထိုသို့မတိုက်ခိုက်ရခြင်းတွင် အလွန်အရေးကြီးသော အခြားအကြောင်းလည်း ရှိသေးသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အမျိုးသမီးများသည် အခြားမျိုးနွယ်များရှိ အကြီးအကဲများ၏ ကြိုဆိုမှုကို ခံရသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သည် မျိုးနွယ်အသီးသီး၏ အကြီးအကဲများနှင့် လက်ထပ်ရန် အမျိုးသမီးအချို့ကို စေလွှတ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အမျိုးသမီးများ၏ အဆင့်အတန်းက အလွန်မြင့်ပေသည်။

ထို့ပြင် ကောင်းကင်ကြောင်ကင်တိုးမျိုးနွယ်မှ အမျိုးသမီးများ၏ ဝိညာဉ်အဆိပ်စွမ်းရည်က အမျိုးသားများ၏ ဝိညာဉ်အဆိပ်စွမ်းရည်ထက် များစွာပို၍ အားကောင်းသည်။ ထို့ကြောင့် မျိုးနွယ်ထဲတွင် အမျိုးသမီးများက လေးစားခံရပေသည်။ ထို့ကြောင့်လည်း ကျန်းရီ တွေ့ခဲ့သော တပ်သားများက အမျိုးသမီးများချည်း ဖြစ်နေခြင်းပင်။

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်တွင် အမျိုးသားများ၏ အဆင့်အတန်းက အလွန်နိမ့်သည်။ သူတို့သည် မျိုးပွားကရိယာအဖြစ်၊ အမျိုးသမီးများ၏ အသုံးတော်ခံအဖြစ်သာ အသုံးချခံရသည်။ လီရှန်းအာသည် သူမထံတွင် ခမည်းတော်မရှိဟု ဆိုခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ခမည်းတော်ကို သူမ၏မယ်တော်က သတ်ပစ်ခဲ့၍ပင်။

“မဆိုးဘူး...မဆိုးဘူး...”

လီရှန်းအာ၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ကျန်းရီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤနေရာသည် ပုန်းအောင်းနေရန် ကောင်းသော နေရာတစ်ခုပင်။ လီရှန်းအာမှာ မင်းသမီးဆိုသော်လည်း မျိုးနွယ်ဘုရင်မကဲ့သို့ပင်။ သူမကို ဒိုင်းတစ်ခုအဖြစ် ရထားလျှင် သူ ဤနယ်မြေတွင် လုံခြုံစွာ ပုန်းအောင်း၍ ဖြည်းဖြည်းချင်း အစီအစဉ်များ ဆွဲနိုင်ပေသည်။ မည်သို့စီစဉ်ရမည်ကို သူ မသိသေးသော်လည်း အသက်ရှင်နေသ၍ မျှော်လင့်ချက်ရှိသေးသည် မဟုတ်လော။

ကျန်းရီသည် ခေတ္တမျှ တွေးတောနေပြီးနောက် အလေးအနက် ပြောလိုက်သည်။

“ငါ မင်းရဲ့နန်းတော်ထဲမှာ ကျင့်ကြံချင်တယ်။ အဲ့အကြောင်းကို တခြားသူတွေ သိမသွား‌အောင် ဖုံးကွယ်ထားနိုင်မဲ့နည်းလမ်း ရှိလား။ ပြီးတော့ ငါက လူသားဆိုတာ မင်းရဲ့မျိုးနွယ်ဝင်တွေတောင် သိလို့မဖြစ်ဘူး။ သူတို့ကို သံသယဝင်စေလို့လည်း မဖြစ်ဘူး။ မဟုတ်လို့ အရှင်သုံးပါးက ငါက လူသားတစ်ယောက်ဆိုတာ သိသွားရင် မင်းရဲ့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ပါ ဒုက္ခခံရလိမ့်မယ်”

“ဟုတ်ကဲ့...”

လီရှန်းအာ မျက်မှောင်ကြုတ်လိုက်သည်။ သူမ အခက်တွေ့နေကြောင်း ထင်ရှားသည်။ သူမသည် ခေတ္တမျှ တွေးတောပြီးနောက် မျက်နှာကလေး နီမြန်းသွား၏။ ထို့နောက် နှုတ်ခမ်းကိုက်ကာ ကျန်းရီကို မော့ကြည့်လိုက်သည်။

“သခင်... ကျွန်မမှာ အကြံတစ်ခုရှိပါတယ်။ ဒါပေမဲ့ ကျွန်မ သခင့်ကို အပြစ်ပြုမိသလို ဖြစ်နေပါလိမ့်မယ်”

“အပြစ်ပြုမိသလို ဖြစ်မှာလား”

ကျန်းရီ ခပ်ဆတ်ဆတ်ပြောလိုက်၏။

“ဘာအပြစ်ပြုမိတာမှ မရှိဘူး။ ပြော...”

“ဒီလိုပါ...”

လီရှန်းအာက နှုတ်ခမ်းကိုက်၍ နူးညံ့စွာ ပြောသည်။

“နောက်လဝက်အတွင်း ကျွန်မက ကိုယ်လုပ်တော်‌ရွေးဖို့ အရွယ်ရောက်ပါလိမ့်မယ်။ အဲ့ကျရင် ကျွန်မ ကိုယ်လုပ်တော်ဆယ်ယောက် ရွေးရမှာပါ။ သခင်က ကျွန်မရဲ့ ကိုယ်လုပ်တောင်တစ်ယောက်လို ဟန်ဆောင်နိုင်ပါတယ်။ အဲ့လိုဆို ဘယ်သူမှ သံသယဝင်တော့မှာ မဟုတ်ပါဘူး”

“ဘာပြောလိုက်တယ်...”

ကျန်းရီ၏ မျက်လုံးများက ဒေါသနှင့် ပြူးကျယ်သွား၏။ သူက ယောက်ျားတစ်ယောက်ပင်။ အဘယ်ကြောင့် မိန်းမတစ်ယောက်၏ ကိုယ်လုပ်တော် အဖြစ်ခံရမည်နည်း။ ထို့ပြင် သူက မိစ္ဆာသားရဲတစ်ကောင်၏ ကိုယ်လုပ်တော် အဖြစ်ခံရမည်ဖြစ်သည်။ သူ ယင်းကို လုံးဝလက်မခံနိုင်ပါ။

“သခင်... အဲ့ဒါက တကယ့်ကိုယ်လုပ်တော်အစစ် မဟုတ်ပါဘူး”

လီရှန်းအာက ခပ်သွက်သွက် ရှင်းပြသည်။

“ဟန်ဆောင်တာပါပဲ။ ပြီးတော့ ကျွန်မက သခင့်ကို ဘယ်တော့မှ အသုံးချမှာ မဟုတ်ပါဘူး”

“...”

ကျန်းရီ မျက်လုံးပင့်လိုက်သည်။ အဘယ်ကြောင့် အခြေအနေက ပြောင်းပြန်ဖြစ်နေရသနည်း။ သူမက သူ့ကို အသုံးမချဟု ဆိုနေသ‌လော။ အဘယ်ကြောင့် ထိုစကားကို ကြားရသည်မှာ အိုးတိုးအမ်းတမ်းကြီး ဖြစ်နေရသနည်း။ အမှန်ဆိုလျှင် အသုံးမချပါဟု ဆိုသည့်သူက သူသာ ဖြစ်သင့်သည် မဟုတ်လော။

“ထွီ”

ကျန်းရီသည် မိစ္ဆာတစ်ကောင်နှင့် ဆက်ဆံရပုံကို တွေးရင်း ရွံလာ၏။ မိစ္ဆာ၏အရသာမှာ ပြင်းလှပေသည်။

***

All Chapters