← Chapters

ကျိုးလီမျိုးနွယ်

Vol. 124 Ch. 1733

ကျိုးလီမျိုးနွယ်

Vol. 124 Ch. 1733

ကျန်းရီသည် လက်မခံလိုသော်လည်း လီရှန်းအာ၏ အကြံက အကောင်းဆုံးဖြစ်ကြောင်း ဝန်ခံရသည်။ သူ အချိန်ဖြုန်းနေ၍ မဖြစ်ပေ။ ကျင်ကြံဖို့လိုအပ်သည်။ အကယ်၍ သူသာ လူသားမျိုးနွယ်၏ ဆန်းကြယ်စွမ်းရည်များနှင့် စည်းမျဉ်းများကို ကျင့်ကြံမည်ဆိုလျှင် မိစ္ဆာမျိုးနွယ်က သူ့အကြောင်းကို သိသွားနိုင်သည်။ ထို့ကြောင့် သူ့အကြောင်းကို မည်သည့်မိစ္ဆာမှ မသိသည့် နေရာတစ်ခု၊ မည်သည့်မိစ္ဆာကမှ သူ့အား မနှောင့်ယှက်ဝံ့မည့် နေရာတစ်ခုကို ရှာရပေမည်။

လီရှန်းအာ၏ နန်းတော်က ကျင့်ကြံရန် အကောင်းဆုံးနေရာဖြစ်သည်။ မည်သည့်မိစ္ဆာကမှ ထိုနန်းတော်ထဲ မဆင်မခြင် ဝင်လာရဲမည် မဟုတ်ပေ။ ထို့ကြောင့် သူ အေးအေးချမ်းချမ်း ကျင့်ကြံနိုင်ပေလိမ့်မည်။

ထို့ပြင် လီရှန်းအာနှင့် နီးနီးကပ်ကပ် ရှိနေလျှင် သူမ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေနိုင်သည်။ လီရှန်းအာက ဝိညာဉ်မျိုးစေ့ ချိတ်ဆက်မှုအား ဖျက်ပေးနိုင်မည့် မိစ္ဆာများကို သွားမရှာနိုင်အောင် တားရပေမည်။ ကောင်းကင်မိစ္ဆာဘုံရှိ မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်များထဲတွင် ဝိညာဉ်မျိုးစေ့ ချိတ်ဆက်မှုကို ဖျက်ပေးနိုင်သော ဆန်းကြယ်စွမ်းရည်များရှိသည့် မိစ္ဆာမျိုးနွယ်များ ရှိနေနိုင်သည် မဟုတ်ပါလား။

အကယ်၍ လီရှန်းအာက ဟန်ဆောင်နေခြင်းဖြစ်ပြီး နောက်ကွယ်တွင် ကျန်းရီနှင့် ဝိညာဉ်ချိတ်ဆက်မှုကို ဖြတ်နိုင်မည့် အခြားမျိုးနွယ်များ သွားရှာလျှင်၊ ကျန်းရီအကြောင်းကို အရှင်သုံးပါးထံ လျှို့ဝှက်သတင်းပို့လိုက်လျှင် ကျန်းရီတစ်ယောက် သူ မည်သို့သေသွားမှန်းပင် သိလိုက်မည် မဟုတ်ချေ။

အကြံကို အတည်ပြုပြီးနောက် လီရှန်းအာသည် ပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်၏။ ကျန်းရီကလည်း အလောင်းကြီးကို သိမ်းကာ ဘေးတွင် ရိုရိုသေသေ ရပ်နေလိုက်သည်။ လီရှန်းအာက နန်း‌တော်၏ အကာအရံများကို ပိတ်လိုက်သောအခါ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် ပျံဝင်လာသည်။ သူတို့သည် ကျန်းရီ၏ ကိုယ်ပေါ်မှ ကြာပွတ်များကို ဖယ်ပြီးကြောင်း တွေ့လိုက်သောအခါ ရုတ်ခြည်း စိုးရိမ်သွားကြ၏။

“ဘာမှမဖြစ်ပါဘူး။ ကျွန်မ သူ့ကို ထိန်းချုပ်ပြီးပြီ။ အခုကစပြီး သူက ကျွန်မရဲ့ကျွန် ဖြစ်သွားပြီ”

လီရှန်းအာက ဟိတ်ဟန်အပြည့်နှင့် လက်ဝှေ့ယမ်း၍ အေးစက်စက် ပြောလိုက်သည်။

“ကျွန်မ သူ့စိတ်ဝိညာဉ်ထဲကို ဝိညာဉ်ကပ်ပါးကောင်တွေ ထည့်ပြီးပြီ။ သူ ကျွန်မရဲ့ အမိန့်တွေကို ငြင်းဆန်ရဲတော့မှာ မဟုတ်ပါဘူး”

“ဪ...”

အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် သက်ပြင်းချလိုက်ကြသည်။ သူမတို့ထဲမှ တစ်ယောက်က စိတ်ဝင်တစား မေးသည်။

“မင်းသမီး.. သူက တကယ်ပဲ ကျိုးလီမျိုးနွယ်ကလား”

လီရှန်းအာ ခေါင်းညိတ်လိုက်၏။ အုပ်ချုပ်သူအဆင့် သိုင်းသမားသည် စိတ်မအေးနိုင်သေးဘဲ ထပ်မေးလေ၏။

“သူက အရမ်းသန်မာတယ်။ ကျိုးလီမျိုးနွယ်ရဲ့ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်ရမယ်။ မင်းသမီး... တကယ်လို့ ကျိုးလီမျိုးနွယ်ကသာ မင်းသမီးက သူတို့ရဲ့မျိုးနွယ်ဝင်တစ်ယောက်ကို ကျွန်ပြုထားတယ်ဆိုတာ သိသွားရင် တစ်ခုခု ဖြစ်လာနိုင်မလား”

“ဘာမှဖြစ်မှာ မဟုတ်ပါဘူး”

လီရှန်းအာက လက်ဝှေ့ယမ်း၍ ပြောသည်။

“ကျွန်မ မေးပြီးပါပြီ။ သူက ကျိုးလီမျိုးနွယ်ဝင်စစ်စစ်တစ်ယောက် မဟုတ်ဘူး။ သွေးနှောပဲ။ ပြီးတော့ အပြင်မှာ လေလွင့်နေတဲ့သူ။ ဒီတစ်ခေါက် သူက ကျိုးလီမျိုးနွယ်ကို ပြန်နေတာ။ ကျိုးလီမျိုးနွယ်က သူ့အကြောင်းကို သိတောင်မသိပါဘူး။ ပြီးတော့ ကျွန်မ သူ့ကို ကိုယ်လုပ်တော်အဖြစ် ရွေးဖို့လည်း ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်မတို့သာ ဒီကိစ္စကို ဖုံးကွယ်ထားရင် အကုန် အဆင်ပြေမှာပါ”

“ကိုယ်လုပ်တော်လား”

အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် မှင်တက်သွားကြ၏။ သူမတို့ထဲမှ တစ်ယောက်က ခပ်သွက်သွက် ငြင်းလိုက်သည်။

“မဖြစ်ပါဘူး မင်းသမီး။ စည်းမျဉ်းတွေအရ မင်းသမီးက တခြားမျိုးနွယ်ဝင်တစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် ရွေးလို့မရဘူး။ ကိုယ်လုပ်တော်တွေက ကျွန်မတို့ မျိုးနွယ်ကပဲ ဖြစ်ရမယ်”

“ဟုတ်ပါတယ်...”

အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားကလည်း ခေါင်းညိတ်ကာ ဝင်ပြောသည်။

“မင်းသမီး... မင်းသမီး အပျော်ရှာချင်ရင် ရှာလို့ရပါတယ်။ ဒါပေမဲ့ သူ့ကို ကိုယ်လုပ်တော်အဖြစ် ထားလို့တော့ မရပါဘူး”

“ဟင်းဟင်း...”

လီရှန်းအာသည် မည်သို့ ပြန်ပြောရမည်ကို တွေးထားပြီးဖြစ်သည်။ သူမသည် ပဟေဠိဆန်စွာပြုံး၍ ပြောလိုက်သည်။

“ရှင်တို့က ကျိုးလီမျိုးနွယ်ရဲ့ အလှတရားကို နားမလည်ဘူး။ သူတို့ရဲ့ခန္ဓာကိုယ်မှာ ကျိုးလီအတွင်းအားရှိတယ်။ ကျွန်မသာ ကျိုးလီအတွင်းအားကို စုပ်ယူနိုင်မယ်ဆိုရင် အဆတစ်ရာ၊ အဆတစ်ထောင်လောက် ပိုသန်မာလာလိမ့်မယ်”

“ဟင်...”

အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်‌ယောက်သည် ကျန်းရီကို လှည့်ကြည့်လိုက်ကြ၏။ ရုတ်ခြည်းပင် သူမတို့၏ အကြည့်များက တင်းမာလာသည်။ သို့သော် မည်သို့မှတော့ မဆိုကြပေ။ လီရှန်းအာက ကျင့်ကြံရန်အတွက် ကျန်းရီ၏အင်အားကို ငှားယူလိုနေခြင်းသာ မဟုတ်လော။ ထိုအတွက် စည်းမျဉ်းဖောက်ရသည်မှာ ပြဿနာမရှိပေ။ ကိုယ်လုပ်တော်မှာ ဆယ်‌ယောက်ရှိမည် မဟုတ်ပါလား။ ကျန်းရီက ထိုထဲမှ တစ်ယောက်ဖြစ်နေခြင်းမှာ များစွာအရေးမကြီးပါချေ။

လီရှန်းအာက ညွှန်ကြားချက်အနည်းငယ် ပေးလိုက်ပြီးနောက် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် ပြန်ထွက်သွားကြသည်။ ထိုမှ ကျန်းရီ သက်ပြင်းချနိုင်လိုက်၏။ သို့သော် သူ သံသယဖြင့် အသံပို့လွှတ်လိုက်‌သေးသည်။

“ကျိုးလီမျိုးနွယ်က ဘယ်လိုမျိုးနွယ်မျိုးလဲ။ ငါက ကျိုးလီမျိုးနွယ်ဝင်တစ်ယောက်နဲ့ တူနေလို့လား”

“ကျိုးလီမျိုးနွယ်က အရှေ့ဒေသရဲ့ ထိပ်တန်းမျိုးနွယ်ဆယ်ခုထဲက နံပါတ်ငါးပါ...”

လီရှန်းအာက ရှင်းပြသည်။

“သခင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားက သူတို့ရဲ့ စွမ်းအားနဲ့ ဆင်တူပါတယ်။ သခင့်ရဲ့ ရုပ်ခန္ဓာကလည်း အရမ်းသန်မာပါတယ်။ ကျိုးလီမျိုးနွယ်က လူသားပုံစံ ပြောင်းပြီးရင် သူတို့ရဲ့ရုပ်ခန္ဓာက အဆတစ်ရာ ပိုသန်မာသွားကြပါတယ်။ စွမ်းအားကြီးတဲ့သူတွေဆိုရင် အဆတစ်ထောင်လောက် ပိုသန်မာသွားပါတယ်။ မိစ္ဆာမျိုးနွယ်ထဲမှာ သူတို့မျိုးနွယ်ဝင်တွေရဲ့ ရုပ်ခန္ဓာက အသန်မာဆုံးပါပဲ။ သူတို့က မိစ္ဆာတွေရဲ့ မဟာနတ်ဘုရားမျိုးနွယ်လို့ ကျော်ကြားပါတယ်”

“အဲ့လိုကိုး...”

ကျန်းရီ သဘောပေါက်သွားသည်။ အစတွင် လီရှန်းအာက သူ့အား ကျိုးလီမျိုးနွယ်မှလောဟု မေးခဲ့သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်ကလည်း သူ့ကို သံသယမဖြစ်ခဲ့ပေ။ သူ လီရှန်းအာကို သတ်ရန် ကြိုးစားခဲ့စဉ်က မိုးမြေစွမ်းအားကို သုံးခဲ့သည် မဟုတ်ပါလား။ ထို့ပြင် သူ့ရုပ်ခန္ဓာကလည်း အလွန်သန်မာသည်။ မိစ္ဆာများထဲတွင် ကျိုးလီမျိုးနွယ်ကသာ ထိုကဲ့သို့သန်မာသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ပေသည်။

လီရှန်းအာ၏ နန်းတော်က ကြီးမား၏။ နန်းတော်ထဲတွင် အခန်းပေါင်း ဆယ်နှင့်ချီ၍ ရှိပြီး အနောက်ဘက်တွင် ဥယျာဉ်တစ်ခုရှိသည်။ လီရှန်းအာသည် ကျန်းရီကို အနောက်ဘက်ဥယျာဉ်ထဲရှိ စံအိမ်ထဲတွင် သီးသန့်နေနိုင်ရန် ခေါ်သွားသည်။

ကျန်းရီသည် စံအိမ်ထဲ ရောက်သောအခါ လက်ဝှေ့ယမ်း၍ လီရှန်းအာကို ထွက်သွားစေလိုက်၏။ ထို့နောက် စံအိမ်ထဲတွင် ထိုင်လျက် ဥယျာဉ်ထဲရှိ လှပသော ရှုခင်းများကို ကြည့်နေလိုက်သည်။ သူ့မျက်နှာပေါ်တွင် သူ၏စိတ်ဝိညာဉ်မှ ထွက်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခု ရှိနေပေသည်။

အချိန်တိုအတွင်း ကိစ္စများစွာ ဖြစ်ပွားခဲ့သည်။ ကျန်းရီသည် အဆက်မပြတ် သတ်ဖြတ်ခဲ့သလို၊ မနားတမ်းထွက်ပြေးခဲ့ရသည်။ သူ့တွင် အနားယူရန်နှင့် အစီအစဉ်တကျတွေးတောရန်ပင် အချိန်မရှိခဲ့ပေ။ ယခုတွင် သူ အပြည့်အဝလုံခြုံသွားပေပြီဖြစ်ရာ တွေးတောချိန် ရပေပြီ။

ကျန်းရီသည် စံအိမ်ထဲတွင် ထိုင်ကာ ငေးကြည့်နေရင်း အရှင်မချင်လင်းတစ်ယောက် မည်သို့ဖြစ်နေလောက်ကြောင်း တွေးတောနေ၏။ ဝိညာဉ်ဘုရင်၊ ဆောင်းဥတုအရှင်နှင့် တိရှအရှင်တို့ကလည်း အမှန်တကယ် သေသွားပြီလော။ ချီချင်ချန်၊ အဆိပ်ဝိညာဉ်၊ ရီဖျောင်ဖျောင်နှင့် မိုလင်းချိုးတို့ရော အဘယ်သို့ ရှိနေကြသနည်း။ သူတို့သာ သူ့သတင်းများကို ကြားလိုက်လျှင် မည်မျှခံစားကြရမည်နည်း။

မိုမျိုးနွယ်၊ ရီမျိုးနွယ်နှင့် ချီမျိုးနွယ်တို့ကလည်း ခေါင်းဆောင်များကို ဆုံးရှုံးလိုက်ရပြီးနောက် မည်သို့ဆက်ဖြစ်ကြမည်နည်း။ ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်၊ ကျန်းရှောင်နူတို့ရော အဆင်မှပြေကြပါသလော။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများလည်း အသို့ရှိနေကြသနည်း။

ကျန်းရီသည် ထိုအကြောင်းများကို တွေးတောရင်း ရင်နာလာ၏။ သူက သူစိမ်းမြေတွင်ဖြစ်သည်။ သူက လူသားတစ်ယောက်ဖြစ်ကြောင်းပင် မထုတ်ဖော်ဝံ့ပေ။ သူ မည်သည့်အချိန်တွင် အသတ်ခံရမည်ကိုလည်း မသိချေ။ ထို့ပြင် သူ အပြင်သို့ အဘယ်ပုံအဘယ်နည်းနှင့် ပြန်ထွက်ရမည်နည်း။

မိစ္ဆာအရှင်သုံးပါက မိစ္ဆာမျိုးနွယ်ကို လူသားမျိုးနွယ်နှင့် တမလွန်ဘုံမျိုးနွယ်ကြားမှ စစ်ပွဲတွင် ဝင်ပါစေလိုမည် မဟုတ်ပေ။ သို့ဖြစ်ရာ ဤဘုံမှ ထွက်လမ်းကိုလည်း ချိပ်ပိတ်ထားလောက်သည်။ မဟုတ်လျှင် ချင်လင်း၏ လက်အောက်ငယ်သားများက သူမနောက်သို့ လိုက်သွားပြီးလောက်ပေပြီ။

အကယ်၍ ကျန်းရီ အပြင်ထွက်လိုလျှင် မိစ္ဆာအရှင်သုံးပါးကို သွားရှာမှရပေလိမ့်မည်။ သူ၏မျိုးနွယ်အရ သူ ထိုအရှင်သုံးပါးကို သွားရှာလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်မနေပါသလော။ သူက ရှင်သန်ရသည်ကို ပင်ပန်းနေပြီလော။ ထို့ပြင် သူ အပြင်သို့ ပြန်ထွက်နိုင်လျှင်လည်း မည်သို့တတ်နိုင်မည်နည်း။ သူ မိုးပြာမဟာဧကရာဇ်ကို အနိုင်ယူနိုင်ပါသလော။ သူ သေရဦးမည်သာ မဟုတ်လော။

“ဟူး...”

ကျန်းရီသည် ထိုအကြောင်းများကို တွေးတောရင်း စိတ်ဓာတ်ကျလာသည်။ သူ အလွန်လမ်းပျောက်နေပေပြီ။ မည်သို့ဆက်လုပ်ရမည်ကို မသိတော့ပေ။ သူ့အရှေ့မှ တောင်က တက်ရန်မဖြစ်နိုင်သော တောင်တစ်လုံးကဲ့သို့ပင်။ သူ အတင်းတက်ရန် ကြိုးစားလျှင် ပြုတ်ကျကာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပေလိမ့်မည်။

သေဆုံးနေသော နှလုံးသားထက် ပို၍ဝမ်းနည်းဖွယ်ကောင်းသောအရာ မရှိပါ။

ဤတစ်ခေါက်တွင် ရန်သူက အလွန်အင်အားကြီးသည်။ အင်အားကြီးလွန်းသဖြင့် ကျန်းရီ အသက်ပင်မရှူနိုင်ချေ။ ရန်သူမှာ တောက်နူ၊ တောက်နုနှင့် တောက်လန်တို့သာဆိုလျှင် သူ ဤမျှ ကူကယ်ရာမဲ့နေမည် မဟုတ်ပါ။ သို့သော် မိုးပြာမဟာဧကရာဇ်မှာ အလွန်စွမ်းအားကြီးလွန်းသည်။ သူက လောကထဲရှိ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ပင်။ ကျန်းရီက ဧကရာဇ်အဆင့်သို့ ရောက်သွားလျှင်ပင် မိုးပြာမဟာဧကရာဇ်က သူ့ကို အလွယ်တကူ သတ်နိုင်လောက်ပေသေးသည်။

ကျန်းရီအပေါ်တွင် လေးလံသော ဖိအားတစ်ခု ရှိနေ၏။ သူ ဝိညာဉ်ဘုရင်တို့အပေါ် အပြစ်ရှိသလို ခံစားနေရပြီး ရီဖျောင်ဖျောင်၊ ရီချန်နှင့် အထက်ဘုံရှိ အခြားသူများအတွက် စိုးရိမ်နေသည်။ သူ ကြောက်ရွံ့နေသည်။ သူစိမ်းမြေတွင် သူနှင့်မျိုးနွယ်တူသူ တစ်ယောက်ပင် မရှိပေ။ ဤနေရာတွင် သူ၏မိသားစုများ၊ မိတ်ဆွေများ မရှိ။ သူ အလွန်အထီးကျန်နေသည်။ ထိုမကောင်းသောအတွေးအားလုံးက သူ၏ စိတ်ဓာတ်ကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲလာစေပေသည်။

ကျန်းရီသည် စံအိမ်ထဲတွင် ဆယ်နာရီနီးပါး ထိုင်နေလိုက်သည်။ နောက်ဆုံးတွင် မည်သည်ကိုမှ အရေးမစိုက်တော့ရန် သူ ဆုံးဖြတ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် လှဲချကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်လေသည်။

လီရှန်းအာက ဝိညာဉ်ချိတ်ဆက်မှုကို ဖြတ်လိုက်လျှင်ပင်၊ မိစ္ဆာအရှင်သုံးပါးက သူ့ကို လာသတ်လျှင်ပင် သူ အရေးမစိုက်တော့ပေ။ သူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်၍သာ အိပ်မက်ထဲတွင် သူ၏ ဇနီးများ၊ မိသားစုများနှင့် တွေ့ဆုံလိုနေပေသည်။

နေ့တွင် တွေးခဲ့သောအရာများကို ညတွင် အိပ်မက်မက်ပေသည်။ ကျန်းရီသည် အမှန်ပင် ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်၊ ရီဖျောင်ဖျောင်၊ ကျန်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်းနှင့် အခြားသူများအကြောင်းကို အိပ်မက်မက်လေသည်။ သူတို့အားလုံးက ကျွန်ငယ်လေးတစ်ကျွန်းပေါ်တွင် နေထိုင်နေကြသည်။ စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့က ကလေးတစ်ယောက်စီပင် ရနေကြပေပြီ။ သူတို့မိသားစုက ပျော်ရွှင်စွာ နေထိုင်နေကြသည်။

အိပ်မက်မှာ အိပ်မက်သာ။ နံနက်လင်းလျှင် ပြန်နိုးထလာရပေမည်။ ထိုအခါ အိပ်မက်ကောင်းလေးများလည်း ပြိုကွဲသွားပေလိမ့်မည်။

ကျန်းရီသည် နာရီလေးဆယ်ကျော်ကြာအောင် အိပ်နေပြီးနောက် အသံပို့လွှတ်မှုတစ်ခုကြောင့် နိုးလာ၏။

“မကောင်းတော့ဘူး သခင်... စွမ်နီမျိုးနွယ်က မင်းသားက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဆီ လာနေပါတယ်။ သူ တစ်ရက်နေရင် ရောက်မယ်လို့ သတင်းပို့လာပါတယ်”

ကျန်းရီ အိပ်ချင်မူးတူးနှင့် ခေါင်းခါကာ စိတ်ဝင်တစား မေးလိုက်သည်။

“သူ လာရင်လည်း လာပလေ့စေပေါ့။ ဘာအံ့ဩစရာရှိလို့လဲ။ သူတို့က မင်းရဲ့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို လာရှုပ်ရဲ့မှာလား”

လီရှန်းအာက စံအိမ်ထဲ ခပ်သုတ်သုတ် ဝင်လာပြီး လေးနက်သော မျက်နှာထားနှင့် ရှင်းပြလိုက်သည်။

“စွမ်နီမျိုးနွယ်က အရှေ့ဒေသထဲမှာရှိတဲ့ တတိယအင်အားအကြီးဆုံးမျိုးနွယ်ပါ။ သူတို့မျိုးနွယ်က အနိုင်အကျင့်တတ်ဆုံး မျိုးနွယ်ပဲ။ သူတို့လာတာ ကောင်းတဲ့အကြံနဲ့ မဟုတ်မှာ ကျွန်မ စိုးရိမ်တယ်။ ပြီးတော့ စွမ်နီမျိုးနွယ်ဝင်တွေရဲ့ စိတ်ဝိညာဉ်က အရမ်းသန်မာပါတယ်။ သခင်... သူတို့ သခင့်ကိုသာ တွေ့သွားရင် သခင်က လူသားတစ်ယောက်ဆိုတာ ချက်ချင်း ပေါ်သွားပါလိမ့်မယ်”

All Chapters