← Chapters

ကောင်းလိုက်တဲ့ အားဆေး

Vol. 80 Ch. 1113

ကောင်းလိုက်တဲ့ အားဆေး

Vol. 80 Ch. 1113

ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီး၏ တစ်ဝက်တိတိ ဖုံးလွှမ်းထားသည့် ထို ဧရာမ လျှပ်စီးလက်ချောင်းကြီးအား ကြည့်ရင်း မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ သူသည် တုန်လှုပ်ချောက်ချားနေရသလို အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အလား ခံစားနေရပြီလည်း ဖြစ်သည်။

သူသည် သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ဖျက်ဆီး၍မရနိုင်သည့် အရှည်သုံးပေရှိသော သစ်သားတုံးလေးဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ သူ၏ အတိတ်ဘဝထဲ၌ မြင်ခဲ့ရသည့် မြင်ကွင်းများအရဆိုလျှင် ထို လျှပ်စီးလက်ချောင်းကြီးမှာ သူ၏ ခန္ဓာကိုယ်အား အနည်းငယ်လေးပင် တုန်ရီသွားအောင် လုပ်နိုင်မည်မဟုတ်ပေ။

သို့သော် ၎င်းမှာ ထို အနက်ရောင်သစ်သားတုံးလေးအား တုန်ရီသွားအောင် မလုပ်နိုင်ရုံနှင့် ၎င်းထဲ၌ ဖွားမြင်လာခဲ့သည့် အသိစိတ်ကိုလည်း တုန်ရီသွားအောင် လုပ်နိုင်လိမ့်မည်မဟုတ်ဟု တထစ်ချ မှတ်ယူ၍မရပေ။

ထို အခြေအနေနှစ်ခုမှာ လုံးဝမတူပေ။ ထို့ကြောင့်လည်း... ဝမ်ပေါင်လဲ့သည် သူ၏ ရှေ့တွင် ပေါ်ပေါက်လာသည့် လျှပ်စီးလက်ချောင်းကြီးမှာ သူ့အား ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်း ရှိနေလိမ့်မည်ဟု ခံစားနေရတော့သည်။

သူ ထိုကဲ့သို့ ဖျက်ဆီးချေမှုန်းခံလိုက်ရပါက နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးလျှင် အနက်ရောင်သစ်သားတုံးလေးထဲ၌ အသိစိတ်အသစ်တစ်ခု ပြန်လည် ဖွားမြင်လာနိုင်ပေသည်။ ထို အသိစိတ်မှာ သူ ဖြစ်နေနိုင်ပါသော်လည်း သူ၏ လက်ရှိအခြေအနေနှင့် အတိုင်းအတာတစ်ခုအထိ ကွဲပြားနေမည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာဖြစ်သွားရ၏။ သူသည် မောက်မာဝင့်ကြွားလွန်းနေခဲ့သောကြောင့် ယခုလို ဖြစ်သွားရခြင်း ဖြစ်မည်လောဟု တွေးမိနေသည်။ ထိုသို့သာမဟုတ်ပါက သူ ထာဝရကြယ်အဆင့်သို့ တက်လှမ်းသွားရုံနှင့် ယခုလို မည်သူမှမကြုံဖူးသည့် လျှပ်စီးပြစ်ဒဏ်ကြီး ပေါ်ပေါက်လာစရာအကြောင်း မရှိပေ။

" ဆုတောင်းပြည့်ပုလင်းလေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်များ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ သူ ကံကြမ္မာဂြိုဟ်ပေါ်၌ ရှိနေခဲ့စဉ်တုန်းက ဆုတောင်းခဲ့သည့်အချက်ကို ပြန်၍ သတိရသွားသည်။ ထိုစဉ်တုန်းက ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာခဲ့ခြင်း မရှိပေ။ ထို့ကြောင့်လည်း သူသည် ယခုတွင် သူ၏ ရှေ့၌ မြင်နေရသည့် မြင်ကွင်းကြောင့် ထိုကဲ့သို့ ခန့်မှန်းမိလိုက်၏။

သို့သော် သူ၏ တာအိုဂြိုဟ် အဆင့်တက်သွားသည့် အချက်ကြောင့် ယခုလိုဖြစ်သွားရခြင်းမှာ ပို၍ ဖြစ်နိုင်ခြေရှိပေသည်။ ၎င်းမှာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲ၌ သမိုင်းတွင်ကျန်ရစ်ခဲ့မည့် ဖြစ်ရပ်ကြီးတစ်ခု မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မျိုးနွယ်စုအားတည်ထောင်ခဲ့သည့် ခေါင်းဆောင်ကြီးပင်လျှင် ထာဝရကြယ်အဆင့်သို့ တက်လှမ်းသွားခဲ့စဉ်တုန်းက သူ့လို အကာအရံ တစ်သန်းအား ဖောက်ထွက်ခဲ့လိမ့်မည်မဟုတ်ဟု ယုံကြည်နေသည်။

အကာအရံ ခုနစ်သောင်း၊ ရှစ်သောင်းခန့် ဖောက်ထွက်နိုင်ရန်အတွက်ပင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်ရှိဘဝနှင့် အတိတ်ဘဝ ဆယ်ခုထဲ၌ စုဆောင်းထားခဲ့သမျှ စွမ်းအားများအားလုံးကို ထုတ်သုံးခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ သက်ရှိများအားလုံးအတွက် နောက်ဆုံးကန့်သတ်ချက် ဖြစ်နေနိုင်ပေသည်။

သူ့ထက် ပို၍ ကံကောင်းသည့်သူများ ရှိနေလျှင်တောင် အကာအရံ တစ်သိန်းထက်ပို၍ ဖောက်ထွက်နိုင်လိမ့်မည်မဟုတ်ပေ။ အနက်ရောင် သစ်သားတုံးလေး၏ အဆင့်အတန်းမှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေသောကြောင့်သာ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်... ဝမ်ပေါင်လဲ့မှာ သူသည် ကျောက်ပြားကမ္ဘာကြီး တစ်ခုလုံးထဲတွင် တာအိုဂြိုဟ်အား အဆင့်မြှင့်တင်ရာ၌ ကမ္ဘာကြီး၏ ဖိနှိပ်ချုပ်တည်းမှုများကို ဖောက်ထွက်နိုင်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်နေလိမ့်မည်ဟု ယုံကြည်နေသည်။

" ကျောက်ပြားကမ္ဘာကြီးထဲမှာ စွမ်းအားတစ်မျိုး ထွက်ပေါ်လာလို့ ကျောက်ပြားပေါ်မှာ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာတာပဲဖြစ်ရမယ်... ဆုတောင်းပြည့်ပုလင်းလေးကြောင့်လည်း မီးလောင်ရာလေပင့်သလို ဖြစ်နေတာ.... အဲတာကြောင့်မလို့ လျှပ်စီးပြစ်ဒဏ်က အခုလိုအဆင့်အထိ ရောက်သွားရတာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးကာ အသက်ရှူသံများ မြန်ဆန်လာ၏။ သူသည် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် ဆက်လက်ဟန်ဆောင်နေရန် စိတ်ကူးမရှိတော့ပေ။

" မမလေး။ ကျွန်တော့်ကို ကယ်ပါဦး "

ဝမ်ပေါင်လဲ့မှာ နောက်သို့ ထွက်ပြေးဆွတ်ခွာသွားရင်း အသံကုန်အော်ဟစ်လိုက်၏။

" ဧကရာဇ်ကြီးခင်ဗျား။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် အချိန်ဆွဲပေးထားပါဦးဗျာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ အော်ဟစ်နေရင်း စိတ်ထဲ၌ တာအိုကျမ်းစာကိုလည်း ရေရွတ်နေလိုက်သေးသည်။

ဘေးနားတစ်ဝိုက်ရှိ လူပုံစံစက္ကူရုပ်များမှာလည်း ထို လျှပ်စီးလက်ချောင်းကြီးအား မြင်လိုက်ရသည်နှင့် အမူအရာများ ပြောင်းလဲသွားကြ၏။ ကြယ်သုသာန်အင်ပါယာ၏ ပထမဆုံးဧကရာဇ်ကြီးနှင့် လက်ရှိဧကရာဇ်ကြီးတို့၏ မျက်နှာအမူအရာများမှာမူ အလွန်အင်မတန်မှတည်ကြည်နေကြသည်။

ဝမ်ပေါင်လဲ့မှာ ကြယ်သုသာန်အပေါ် ကျေးဇူးရှိသည့် လူတစ်ယောက်ဖြစ်ရာ သူတို့မှာ သူ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် ဤ ကမ္ဘာကြီးထဲ၌ စုစည်းလာကြသည့် ကြယ်သုသာန်တစ်ခုလုံး၏ စိတ်ဆန္ဒမှာလည်း သူတို့ကိုယ်စား ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ပင်။

ထို့ကြောင့် ကောင်းကင်ယံထဲရှိ မန္တန်အစီရင်ကြီးပင်လျှင် လျှပ်စီးလက်ချောင်းကြီးအား တားဆီးနိုင်ရန် ကြိုးစားနေပြီဖြစ်သည်။

သို့သော် ပထမဆုံးဧကရာဇ်ကြီးဖြစ်စေ၊ လက်ရှိဧကရာဇ်ကြီးဖြစ်စေ၊ သူတို့မှာ သူတို့ကိုယ်တိုင် ဝင်ရောက်ကူညီလိုက်မည်ဆိုပါက ကြယ်သုသာန် တစ်ခုစလုံးမှာ ဝမ်ပေါင်လဲ့နှင့် ကံကြမ္မာချင်း ဆက်နွှယ်သွားမည်ဖြစ်ရာ လျှပ်စီးပြစ်ဒဏ်ကြီးမှာလည်း သူတို့ နေထိုင်နေကြသည့် ကမ္ဘာကြီးထဲရှိ သက်ရှိများအားလုံးကို ပစ်မှတ်ထားလိုက်မည်ဖြစ်ကြောင်း နားလည်ထားကြ၏။

သို့ဖြစ်ရာ သူတို့နှစ်ယောက်မှာ ဖြစ်နိုင်မည်ဆိုပါက ယခုလို ကိစ္စမျိုးထဲ၌ ပါဝင်ပတ်သက်ရန် ဆန္ဒမရှိပေ။ သို့သော် ဝမ်ပေါင်လဲ့အား မကူညီ၍လည်း မဖြစ်သောကြောင့် သူတို့မှာ ကြံရာမရ ဖြစ်လာရတော့သည်။ ထိုအချိန်တွင် ပထမဆုံးဧကရာဇ်ကြီးများ မျက်ဝန်းများ အရောင်တောက်ပသွားပြီး အော်ပြောလိုက်၏။

" ပေါင်လဲ့။ စက္ကူပင်လယ်ကြီးထဲက ဝဲကြီးကို ချုပ်နှောင်ထားတဲ့ နေရာဆီကို သွားလိုက် "

ပထမဆုံးဧကရာဇ်ကြီး၏ စကားသံ လေထဲ၌ ပဲ့တင်ထပ်သွားစဉ် ဝမ်ပေါင်လဲ့မှာ နောက်သို့ ထွက်ပြေးဆုတ်ခွာနေပြီဖြစ်သည်။ သူ ထိုစကားများကို ကြားလိုက်ရချိန်တွင် ကောင်းကင်ယံထဲရှိ မန္တန်အစီအရင်ကြီးမှာ လျှပ်စီးလက်ချောင်းကြီးအား ခုခံတွန်းလှန်လိုက်သဖြင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ သို့သော် ထိုမန္တန်အစီအရင်ကြီးမှာ ၎င်း၏ အပေါက်အား ပြန်မပိတ်နိုင်သောကြောင့် လေထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး လျှပ်စီးလက်ချောင်းကြီးမှာ အောက်သို့ ကျဆင်းလာတော့သည်။ ၎င်းမှာ မိုးကောင်ကင်ကြီးအား ကိုယ်စားပြုနေသည့်ပုံ ပေါက်နေပြီး ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားနေသည်။

ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေရန် အချိန်မရှိတော့သဖြင့် သူ၏ စိတ်ထဲ၌ တာအိုကျမ်းစာအား ဆက်လက် ရွတ်ဖတ်နေလိုက်ပြီး နောက်သို့လှည့်ကာ သူ၏ အောက်တွင်ရှိနေသည့် စက္ကူပင်လယ်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။ သူသည် မြန်ဆန်လွန်းနေသောကြောင့် သူ၏ ခန္ဓာကိုယ်မှာ စက္ကူပင်လယ်ကြီးထဲသို့ ချက်ချင်းရောက်ရှိသွား၏။

ဝမ်ပေါင်လဲ့ စက္ကူပင်လယ်ထဲသို့ ရောက်ရှိသွားသည့်နှင့် ကောင်းကင်ပေါ်မှ ကျဆင်းလာသည့် လျှပ်စီးလက်ချောင်းကြီးမှာ အရှိန်လျော့ကျသွားခြင်း မရှိပါသော်လည်း ၎င်း၏ အရွယ်အစားမှာ ချက်ချင်းသေးငယ်သွား၏။ နောက်ဆုံးတွင် ၎င်း၏ အရှည်မှာ ပေတစ်ထောင်မျှသာ ရှိတော့ပြီး လျှပ်စီးအငွေ့အသက်များမှာ လုံးဝပျောက်ကွယ်သွားသည်။ သို့ဖြစ်ရာ လက်ချောင်းအစစ်တစ်ချောင်းမှာ စက္ကူပင်လယ်ကြီးထဲသို့ ထိုးဆင်းသွားသကဲ့သို့ပင်။

ထို လက်ချောင်းကြီး စက္ကူပင်လယ်ကြီးထဲသို့ ရောက်သွားသည်နှင့် ၎င်း၏ အစွန်အဖျားပိုင်းမှ လျှပ်စီးတန်းများ ထိုးထွက်လာပြီး စက္ကူပင်လယ်ကြီးထဲ၌ ပြည့်နှက်သွား၏။ ထိုအခါ စက္ကူပင်လယ်ကြီးတစ်စင်းလုံး မီးတဟုန်းဟုန်း တောက်လောင်သွားတော့မည့်အလား အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။

အဝေးမှကြည့်လိုက်ပါက စက္ကူပင်လယ်ကြီးမှာ ဗြောင်းဆန်နေပြီး မိုးကောင်းကင်ကြီး တစ်ခုလုံး မှေးမှိန်သွားသည်ကို မြင်နိုင်ပေသည်။ ထိုနေရာတစ်ဝိုက်တွင် ရှိနေကြသည့် စက္ကူလူသားများအားလုံးမှာ အံ့သြမှင်တက်နေကြပြီး အနားသို့ မကပ်ရဲဘဲ ဖြစ်နေကြ၏။ ဝမ်ပေါင်လဲ့မှာမူ စက္ကူပင်လယ်ကြီးထဲ၌ ပြေးလွှားနေဆဲပင်။ ထိုအချိန်တွင် သူသည် သူ၏ နောက်၌ လျှပ်စီးစွမ်းအားများကို အာရုံခံမိလိုက်သဖြင့် တစ်ကိုယ်လုံးတုန်ရီသွားရ၏။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားစေလိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။

သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသည့်တိုင်အောင်... သူ၏ နောက်တွင် ရှိနေသော လျှပ်စီးလက်ချောင်းကြီးမှာ သူ့ထက်ပင် ပို၍ မြန်ဆန်နေ၏။ ၎င်းမှာ သူ၏ နောက်သို့ လိုက်လာပြီး ခဏအကြာတွင် သူ၏ အနီးသို့ ရောက်ရှိလာတော့သည်။

အစတွင် ၎င်းမှာ ပေသုံးရာအကွာတွင် ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ ပေတစ်ရာအကွာသို့ ရောက်လာ၏။ ဝမ်ပေါင်လဲ့မှာမူ သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ သူသည် တာအိုဂါထာတော်အား သူ၏ စိတ်ထဲ၌ ရွတ်ဖတ်နေခဲ့ပါသော်လည်း ဝမ်ရီရီ၏ ဖခင်ဖြစ်သူမှာ ပေါ်ပေါက်လာခြင်း မရှိသေးပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိုးရိမ်စိတ်များကြီးထွားလာရတော့သည်။ ကံကောင်းစွာဖြင့် သူသည် ရှေ့သို့ အဆက်မပြတ် ပြေးလွှားနေရင်း စက္ကူပင်လယ်ကြီး၏ အောက်ခြေရှိ ကြေးမုံတစ်ချပ်နှင့်သော အချုပ်အနှောင်ကြီးအား လှမ်းမြင်လိုက်ရ၏။ သူသည် ထို အချုပ်အနှောင်ကြီးပေါ်ရှိ အမျိုးသမီးရုပ်အလောင်းနှင့် ၎င်း၏ အောက်ရှိ ဝဲကြီး၏ ဝင်ပေါက်ကိုပါ မြင်နေရသည်။

" ပထမဆုံးဧကရာဇ်ကြီး ငါ့ကို ဒီနေရာဆီ သွားခိုင်းခဲ့တာ အကြောင်းရင်း တစ်ခုခုရှိမှာပဲ " ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် အံကြိတ်ကာ ရေရွတ်လိုက်၏။ သူ၏နောက်တွင် ရှိနေသည့် လျှပ်စီးလက်ချောင်းကြီးမှာ ပေတစ်ရာအကွာသို့ ရောက်နေပြီဖြစ်သလို ၎င်းဆီမှ ထွက်ပေါ်လာနေသည့် လျှပ်စီးလှိုင်းများကြောင့်လည်း သူ၏ ခန္ဓာကိုယ်မှာ တစ်စစီ ဆုတ်ပြဲသွားတော့မည့်အလား ခံစားနေရသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ အရှိန်မြှင့်တင်လိုက်ပြန်သည်။ ထိုသို့ဖြင့် သူသည် ကြေးမုံတစ်ချပ်နှင့်တူသော အချုပ်အနှောင်ကြီး၏ အထက်သို့ ရောက်ရှိသွား၏။

သူသည် ထိုနေရာသို့ ရောက်သွားသည်နှင့် နောက်သို့ ချက်ချင်းလှည့်ကာ သူ၏ အမြင်အာရုံထဲ၌ နေရာအပြည့်ယူထားသည့် ဧရာမ လျှပ်စီးလက်ချောင်းကြီးအား စိုက်ကြည့်လိုက်သည်။ ၎င်းမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေ၏။

မျက်စိတစ်မှိတ်အတွင်းတွင် ထိုလက်ချောင်းကြီးမှာ အချုပ်အနှောင်ကြီး၏ အပေါ်တည့်တည့်တွင် ပေါ်ပေါက်လာသည်။ ထို့နောက် ၎င်းမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းလာတော့သည်။

သို့သော် ထိုလက်ချောင်းကြီး ဝမ်ပေါင်လဲ့အား ထိသွားတော့မည့် ဆဲဆဲတွင် အချုပ်အနှောင်ကြီး၏ အောက်ရှိ ဝဲကြီးထဲမှ အားကောင်းသော ဆွဲငင်အားတစ်မျိုး ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ထို ဆွဲငင်အားမှာ အားကောင်းလွန်းလှသောကြောင့် အချုပ်အနှောင်ကြီးအား ဖြတ်သန်းလာပြီးသည့်တိုင်အောင် ပြင်ပကမ္ဘာကြီးအပေါ် အကျိုးသက်ရောက်နိုင်စွမ်း ရှိနေဆဲပင်။

ထို ဆွဲငင်အားကြီးကြောင့် အောက်သို့ ကျဆင်းလာနေသည့် လျှပ်စီးလက်ချောင်းကြီးမှာ အပြင်းအထန် တုန်ရီသွားရပြီး သိသိသာသာ တွန့်လိမ်ပုံပျက်သွား၏။ ၎င်းထဲမှ ထွက်ပေါ်လာနေသည့် လျှပ်စီးတန်းအမြောက်အမြားမှာလည်း ထိန်းမနိုင်သိမ်းမရ ဆွဲငင်စုပ်ယူခံလိုက်ရသည်။ ထို့နောက် ၎င်းတို့မှာ အချုပ်အနှောင်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားကြပြီး အချုပ်အနှောင်ကြီး၏ အောက်တွင်ရှိနေသည့် ဝဲကြီးထဲသို့ ဝင်ရောက်သွားတော့သည်။

သို့ဖြစ်ရာ ထို လျှပ်စီးလက်ချောင်းကြီးမှာ ဖုန်မှုန့်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဖြစ်နေပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားသဖြင့် လွင့်စင်ပျောက်ကွယ်သွားကြသည့် အလားပင်။

ဝမ်ပေါင်လဲ့မှာ မကြာသေးမီတုန်းက အလွန်အင်မတန်မှ အစွမ်းထက်နေခဲ့သည့် လက်ချောင်းကြီး ယခုကဲ့သို့ ရုတ်ခြည်းဆိုသလို ဝါးမျိုစုပ်ယူခံလိုက်ရသည်ကို ကြည့်ရင်း မျက်လုံးများပြူးသွား၏။ သူ၏ ရင်ခုန်နှုန်းများမှာလည်း မြန်ဆန်လာရသည်။

" ကြောက်လျှင်လာဘ်လွဲ၊ ရဲလျှင်မင်းဖြစ်တဲ့ကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံနီကြီးများဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထို့နောက် သူသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သဖြင့် အလားတူ ဆွဲငင်အားတစ်မျိုးကို ထုတ်လွှတ်နေသည့် အာကာသတွင်းနက်ကြီးတစ်ခုမှာ သူ၏ နောက်၌ ပေါ်ပေါက်လာတော့သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့ ထုတ်လွှတ်နေသည့် စုပ်ယူအားများကြောင့် အချုပ်အနှောင်ကြီး၏ စုပ်ယူခြင်းကို ခံနေသော လျှပ်စီးလက်ချောင်းကြီး၏ စွမ်းအားအချို့မှာ အချုပ်အနှောင်ကြီးဆီမှ ပြန်လည်လွတ်မြောက်လာပြီး ဝမ်ပေါင်လဲ့၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

လျှပ်စီးပြစ်ဒဏ်၏ စွမ်းအားများထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် သဘာဝစည်းမျဉ်းဥပဒေသများအပြင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ အငွေ့အသက်များလည်း ကိန်းအောင်းနေသေးသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အနည်းငယ်မျှသာ စုပ်ယူလိုက်သည့်တိုင်အောင် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရဆဲပင်။ ထို့ကြောင့် သူသည် ၎င်းတို့အား ထပ်၍ စုပ်ယူနေလိုက်ပြန်သည်။ ထိုသို့ဖြင့် လျှပ်စီးလက်ချောင်းကြီးမှာ လွင့်ပါးပျောက်ကွယ်စပြုလာတော့သည်။ ဝမ်ပေါင်လဲ့နှင့် အချုပ်အနှောင်ကြီး၏ စုပ်ယူမှုများကြောင့် အသက်ရှူကြိမ်ဆယ်ကြိမ်ခန့် ကုန်ဆုံးပြီးသွားချိန်တွင် ၎င်းမှာ မှုန်ဝါးဝါးဖြစ်ကာ အရွယ်အစားသေးလာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့သည်။

အချုပ်အနှောင်ကြီး စုပ်ယူခဲ့သည့် ပမာဏနှင့် ယှဉ်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့ စုပ်ယူခဲ့သည့်ပမာဏမှာ ဆယ်ရာခိုင်နှုန်းပင် မပြည့်ပေ။ သို့သော်ငြားလည်း သူသည် ကနဦးထာဝရကြယ်အဆင့်တွင်သာ ရှိနေခဲ့ရာမှ ယခုတွင် သူ၏ အစောပိုင်း ထာဝရကြယ်အဆင့်အား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိသွားတော့သည်။

" ကောင်းလိုက်တဲ့ အားဆေး " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားရ၏။ သူသည် အသက်ဘေးမှ လွတ်မြောက်သွားပြီဖြစ်ရာ ထွက်ခွာသွားရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ မျှော်လင့်မထားသည့် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာ၏။

အချုပ်အနှောင်ကြီး၏ အောက်တွင်ရှိနေသည့် ဝဲကြီးထဲ၌ ကျောချမ်းဖွယ်ရာ အငွေ့အသက်တစ်မျိုး ရုတ်တရက်ဆိုသလို စုဝေးလာခြင်းဖြစ်သည်။ ၎င်းမှာ အေးစက်စက် မျက်ဝန်းတစ်စုံအဖြစ် ပြောင်းလဲသွားပြီး ဝဲကြီးနှင့် အချုပ်အနှောင်ကြီးကို ဖြတ်၍ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည့်ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရီသွားရ၏။

All Chapters