အဆုံးမဲ့သခင်ကြီး
Vol. 80 Ch. 1114
ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားသည်နှင့် သူ၏ ဝိညာဉ် ရေခဲများကြား၌ ချုပ်နှောင်ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော အချုပ်အနှောင်အောက်ရှိ ဝဲကြီးထဲမှ အငွေ့အသက်များကြောင့် ပေါ်ပေါက်လာသည့် မျက်ဝန်းတစ်စုံမှာ အေးစက်လွန်းနေရုံသာမက သတ်ဖြတ်လိုစိတ် အငွေ့အသက်များပါ ထုတ်လွှတ်နေသောကြောင့်ပင်။
ထို သတ်ဖြတ်လိုစိတ် အငွေ့အသက်များမှာ အားကောင်းလွန်းလှသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝများကို နားလည်ထားသည့်တိုင်အောင် နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရဆဲပင်။ အဘယ်ကြောင့်ဆိုသော် လော့၊ ဂူနှင့် ဝမ်ရီရီ၏ ဖခင်ဖြစ်သူတို့ပင်လျှင် ထို ဝဲကြီးထဲရှိ မျက်ဝန်းများလောက် အားကောင်းသော သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို ပိုင်ဆိုင်ထားခြင်း မရှိသောကြောင့်ပေ။
ထို သတ်ဖြတ်လိုစိတ် အငွေ့အသက်မှာ ကြောက်စရာကောင်းလွန်းနေသောကြောင့် ထို မျက်ဝန်းတစ်စုံနှင့် ဝမ်ပေါင်လဲ့၏ ကြားတွင် ဝဲကြီးနှင့် အချုပ်အနှောင်ကြီး ခြားနေသေးသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အာရုံခံမိသွားဆဲပင်။ ထို့ကြောင့် သူသည် ကြောက်ဒူးတုန်သွားရပြီး ရှေ့သို့ ဆက်မသွားရဲတော့ဘဲ နောက်သို့ပြန်လှည့်ကာ အချုပ်အနှောင်ကြီးအား လှမ်းကြည့်လိုက်တော့သည်။
ထိုအခါ ခရမ်းရောင်မြူခိုးများမှာ အချုပ်အနှောင်ကြီး၏ အောက်ရှိ ဝဲကြီးထဲမှ ပျံ့လွင့်လာ၏။ ၎င်းတို့မှာ အချုပ်အနှောင်ကြီးအား ထိုးဖောက်သွားခြင်း မရှိဘဲ ၎င်း၏ အောက်တွင်သာ ပျံ့နှံ့သွားသည့်တိုင်အောင် ၎င်းထဲမှ မျက်ဝန်းတစ်စုံမှာ ပို၍ ကြည်လင်ပြတ်သားလာဆဲပင်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထို ဝဲကြီးထဲမှ ခြေသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်ကိုပင် ကြားလိုက်ရသေးသည်။
" လူကြီးမင်း... " ဝမ်ပေါင်လဲ့မှာ ထိတ်လန့်တုန်လှုပ်နေရပြီဖြစ်သည်။ သူသည် စိတ်ထဲ၌ ဝာာအိုဂါထာတော်အား အကြိမ်အနည်းငယ်ခန့် ထပ်၍ ရေရွတ်လိုက်ပါသော်လည်း ဝမ်ရီရီ၏ ဖခင်ဖြစ်သူမှာ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ထို့ကြောင့် သူသည် ရင်တိတ်ထိတ်နှင့် ခရမ်းရောင် မျက်ဝန်းများကိုကြည့်ကာ မြူခိုးများထဲမှ ထွက်ပေါ်လာနေသည့် ခြေသံများကို နားထောင်ရင်း လှမ်းပြောလိုက်၏။
" လူကြီးမင်းရှု။ ကျွန်တော့် မျိုးရိုးနာမည်က ဝမ်ပါ "
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် ခြေသံများမှာ ရပ်တန့်သွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝဲကြီးထဲမှ အေးစက်စက် စကားသံကြီးတစ်သံမှာ အချုပ်အနှောင်ကြီးအား ဖြတ်၍ သူ၏ နားထဲ၌ ပေါ်ပေါက်လာသည်။
" မင်းက ငါ့ကို သိတယ်ပေါ့ "
" ကျွန်တော် အရင်တစ်ခေါက်တုန်းက ကျွန်တော့်ရဲ့ ယောက္ခမကြီးနဲ့အတူ ဒီနေရာကို ရောက်လာဖူးပါတယ်။ မင်္ဂလာပါ လူကြီးမင်းရှု " ဝမ်ပေါင်လဲ့မှာ အမူအရာ တည်ကြည်မှုအပြည့်ရှိနေ၏။ သူသည် ရှက်ရွံ့နေခြင်းမရှိဘဲ ထိုစကားများကို အထစ်အငေါ့မရှိ ဆိုလိုက်ခြင်းဖြစ် သည်။ ထို့အပြင် သူသည် သူ့ကိုယ်သူ သားမက်တစ်ယောက်အဖြစ် အမှန်တကယ် သတ်မှတ်ထားပြီးဖြစ်သည်။ သူသည် စကားဆုံးသွားသည်နှင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်
အရိုအသေပေးလိုက်သည်။
ခြေသံများ မကြားရတော့ပါသော်လည်း ဝဲကြီးထဲ၌ ရှိနေသည့် မျက်ဝန်းများထဲတွင်မူ အထူးအဆန်းဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
" အဆုံးမဲ့တာအိုနယ်မြေထဲက ကျင့်ကြံသူတွေအကုန်လုံးက မင်းလို အရှက်မရှိတဲ့ လူတွေပဲလား။ မင်းရောက်နေတဲ့ နေရာက အဆုံးမဲ့တာအိုနယ်မြေရဲ့ နယ်မြေခွဲတစ်ခုအဆင့်မှာပဲ ရှိသေးတာလေ " ထိုစကားသံကြီး ပဲ့တင်ထပ်သွားသည်နှင့် ခရမ်းရောင်မျက်ဝန်းကြီးမှာ ၎င်း၏ အကြည့်အား ပြန်လည်ရုပ်သိမ်းသွား၏။ ထို့နောက် ခြေသံများ ပြန်၍ ထွက်ပေါ်လာသည်။ သို့သော် ယခုအကြိမ်တွင်မူ ၎င်းတို့မှာ ရှေ့သို့တိုးလာခြင်းမဟုတ်ဘဲ နောက်သို့ ပြန်ဆုတ်သွားခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ထိုစကားများကို ကြားလိုက်ရသည်နှင့် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး မှင်တက်သွားရတော့သည်။
" လူကြမင်း။ ကျွန်တော်ရှိနေတဲ့နေရာက အဆုံးမဲ့တာအိုနယ်မြေရဲ့ နယ်မြေခွဲတစ်ခုပဲလို့ လူကြီးမင်း ပြောလိုက်တာလား။ အဲဒီ နယ်မြေခွဲဆိုတာ ဘာလဲဗျ။ ဒီ အဆုံးမဲ့တာအိုနယ်မြေက အဆုံးမဲ့တာအိုနယ်မြေအစစ် မဟုတ်ဘူးလား "
" မင်း ငါ့ကို စကားအစ်နေစရာ မလိုပါဘူး။ ငါ မင်းကို မြင်လိုက်ရကတည်းက မင်း ဘာတွေကို သိထားသလဲဆိုတာ ငါ သိပြီးသားပါ။ ဒါပေမဲ့ မင်းကို ပြောပြလို့ ငါ့အတွက် အကျိုးမယုတ်ပါဘူး "
" အဆုံးမဲ့တာအိုနယ်မြေထဲမှာ ပင်မနယ်မြေအပြင် နယ်မြေခွဲတွေ မရေမတွက်နိုင်လောက်အောင် ရှိသေးတယ်။ အဲဒီ နယ်မြေခွဲတွေက စကြဝဠာကြီးရဲ့ အဆင့်ဆင့်မှာ သစ်စေ့တွေလို ပျံ့နှံ့နေကြတာ။ မင်း အခုရောက်နေတဲ့ နယ်မြေက အဲဒီ နယ်မြေခွဲတွေထဲက တစ်ခုပဲ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရပြီး သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များနှင့် ဆက်စပ်၍ စဥ်းစားတွေးတောကြည့်လိုက်သောအခါ တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ ထို့နောက် သူသည် အသက်ရှူသံများ လေးလံလာပြီး တောင်းဆိုလိုက်၏။
" လူကြီးမင်း။ ကျေးဇူးပြုပြီးတော့ အဆုံးမဲ့တာအိုနယ်မြေအစစ်ဆီ သွားနိုင်မယ့်နည်းလမ်းကို ပြောပြပါ "
ခြေသံများမှာ တဖြည်းဖြည်းနှင့် အဝေးသို့ ရောက်သွားနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ရင်တထိတ်ထိတ်နှင့် အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းနေလိုက်၏။ ဝဲကြီးထဲရှိ မြူခိုးများ လုံးဝပျောက်ကွယ်သွားသော အချိန်တွင် အဝေးနေရာတစ်ခုမှ ထွက်ပေါ်လာသည့်ပုံပေါ်သော စကားသံတစ်သံမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။
" မင်း အခုရောက်နေတဲ့ အဆုံးမဲ့တာအိုနယ်မြေခွဲထဲက ဧကရာဇ်ကြီးရဲ့ကိုယ်ပွား ပြန်လည်နိုးထလာတဲ့အချိန် သွားလို့ရလိမ့်မယ် "
" အဲဒီ ဧကရာဇ်ကြီးဆိုတာ ဘယ်သူလဲ " ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားပြီး ထပ်မေးလိုက်ပြန်သည်။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် အဖြေတစ်ခုအား မသဲမကွဲကြားလိုက်ရ၏။ သို့သော် သူသည် နားကြားမှားသွားခြင်း ဟုတ်မဟုတ် သေသေချာချာမသိပေ။
" အဆုံးမဲ့သခင်ကြီး " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ၎င်းမှာ သူ နောက်ဆုံးကြားလိုက်ရသည့် စကားလုံးများဖြစ်သည်။ ထိုစကားလုံးများကြောင့် သူ၏ အသိစိတ်ထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာရ၏။
" အဆုံးမဲ့တာအိုနယ်မြေဆီမှာ နယ်မြေခွဲတွေအများကြီးရှိတယ်။ အဲတာဆိုရင် ဒုတိယ သံသရာစက်ဝန်းရဲ့ အစမှာ ပေါ်ပေါက်လာခဲ့တဲ့ ပထမဆုံး ကမ္ဘာကြီးက တကယ်တမ်းတော့ အဆုံးမဲ့တာအိုနယ်မြေရဲ့ နယ်မြေခွဲတစ်ခုပဲလို့ သတ်မှတ်လို့ရလား... "
" ပြီးတော့ စကြဝဠာကြီးဆီမှာ အဆင့်တွေ အများကြီးရှိတယ်လို့လည်း လူကြီးမင်းရှုက ပြောခဲ့သေးတယ်။ အဲဒါဆိုရင် ပထမသံစရာစက်ဝန်းနဲ့ ဒုတိယသံသရာစက်ဝန်းထဲက စကြဝဠာကြီးက စကြဝဠာတွေ အများကြီးထဲက တစ်ခုပဲ ဖြစ်နေတာများလား "
" အဲတာဆိုရင်...အဆုံးမဲ့တာအိုနယ်မြေက ဘယ်လောက်တောင် အစွမ်းထက်တာလဲ။ ဧကရာဇ်ကြီးက အဆုံးမဲ့သခင်ကြီးဆိုတော့ သူကရော ဘယ်လောက်အထိအစွမ်းထက်တာလဲ.... ပြီးတော့ လူကြီးမင်းရှု ပြောခဲ့တဲ့ ဧကရာဇ်ကြီးရဲ့ ကိုယ်ပွားလည်းရှိသေးတယ်။ မဟုတ်မှလွဲရော။ အဆုံးမဲ့တာအိုနယ်မြေခွဲတွေက အဲဒီဧကရာဇ်ကြီးရဲ့ ကျင့်ကြံခြင်းပညာရပ်နဲ့ ပတ်သက်နေတာများလား။ သူက သူ့ရဲ့ ကိုယ်ပွားတွေ အစွမ်းထက်လာအောင်လို့ အဲ့ဒီကိုယ်ပွားတွေကို နေရာအနှံ့ ဖြန့်ကြက်ထားတာများ ဖြစ်နေမလား "
" ပြီးတော့... လူကြီးမင်းရှု ပြောတဲ့စကားသာ အမှန်ပဲဆိုရင် ကျောက်ပြားကမ္ဘာကြီးထဲက ဧကရာဇ်ကြီးရဲ့ ကိုယ်ပွားက ဘယ်သူလဲ " ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အတွေးမျိုးစုံ ယောက်ယက်ခတ်နေ၏။ သူသည် သတင်းအချက်အလက် အမြောက်အမြား ရရှိစုဆောင်းမိလိုက်သည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်ထဲမှ အတွေးများကို သေသေချာချာ သုံးသပ်ကြည့်လိုက်၏။ သူသည် သူကြားခဲ့ရသည့် စကားများမှာ မည်မျှအထိ မှန်ကန်နိုင်ကြောင်း မသိပါသော်လည်း လူကြီးမင်းရှု အမှန်အတိုင်းပြောပြခဲ့သည့် ဖြစ်နိုင်ခြေမှာ ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိနေလိမ့်မည်ဟု ယုံကြည်နေသည်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မျက်လုံးများ မှေးသွား၏။ သူသည် သူရောက်နေသည့် ကမ္ဘာကြီးမှာ အဆုံးမရှိသော ပဟေဠိများဖြင့် ပြည့်နက်နေသည်ဟု ခံစားနေရသည်။ သွေးရောင်ကင်းခြေများကြီး၊ ဝမ်ရီရီနှင့် သူမ၏ဖခင်၊ ရှေးဟောင်းနတ်ဝိဇ္ဇာကြီး၏ ဝိညာဉ်အကြွင်းအကျန်၊ ဂူ၏ အချုပ်အနှောင်၊ သူ၏ ခန္ဓာကိုယ်နှင့် အခြား ဝဲကြီးတစ်ခုထဲမှ ရောက်လာခဲ့သည့် အနက်ရောင်သစ်သားပျဥ်ပြားလေး... အစရှိသော အရာအားလုံးမှာ သူ့အတွက် ခေါင်းရှုပ်စရာများ ဖြစ်နေသည်မဟုတ်ပါလော။
သို့သော် သူသည် အချက်တစ်ချက်အား အသေအချာ သိသွားပြီဖြစ်သည်။ အနက်ရောင် သစ်သားပျဥ်ပြားလေးအား ထုတ်ပေးခဲ့သည့် ဝဲကြီးမှာ ဤနေရာတွင် ရှိနေသည့် ဝဲကြီး မဟုတ်ပေ။
" ခြောက်ဆယ့်ရှစ်နှစ်နေရင် တွေဖို့ ချိန်းဆိုထားတဲ့ ရက်စွဲလည်း ရှိနေသေးတယ် " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် ခေါင်းပြန်မော့လာပြီး သံသယစိတ်များအားလုံးကို မေ့ပျောက်ထားလိုက်၏။ ထို့နောက် သူ၏ နှလုံးသားထဲတွင် ပြင်းပြသော စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာသည်။
" ငါ ထာဝရကြယ်အဆင့်အထိ ရောက်သွားပြီဆိုပေမယ့် မလုံလောက်သေးဘူး... ဒီထက် ပိုပြီးတော့ အစွမ်းထက်လာမှဖြစ်မယ် " သူသည် ထိုသို့ ရေရွတ်ကာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အုန်းခနဲမြည်သံကြီးတစ်သံနှင့်အတူ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး စက္ကူပင်လယ်ကြီး၏ မျက်နှာပြင်အထက်၌ ပြန်လည် ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ စက္ကူပင်လယ်ကြီးထဲမှ ပျံထွက်လာသည်နှင့် ကြယ်သုသာန်အင်ပါယာ၏ ပထမဆုံး ဧကရာဇ်ကြီးနှင့် လက်ရှိဧကရာဇ်ကြီးတို့သာမက အခြား လူပုံစံစက္ကူရုပ်များ သူ့အား စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း၊ ကျေးဇူးတင်ပါတယ် ဧကရာဇ်ကြီး " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကြယ်သုသာန်၏ ဧကရာဇ်နှစ်ပါးအား ဦးညွှတ်အရိုအသေပေးလိုက်၏။ သူသည် ကျေးဇူးတင်စကားများ အများကြီးပြောနေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော သူ၏ စိတ်ဝိညာဉ်ထဲ၌ ကျေးဇူးတင်ထားပြီးသား ဖြစ်သောကြောင့်ပင်။
သူသည် အကယ်၍ သူသာ ကြယ်သုသာန်ထဲ၌ ယခုလို ဖောက်ထွက်နိုင်ခဲ့ခြင်းမရှိပါက သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်ကြောင်း သိထား၏။ ထို့အပြင် သူသည် အသက်အန္တရာယ်များနှင့်လည်း ကြုံတွေ့ရဦးမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ကြယ်သုသာန်ထဲ၌ ကြီးမားသော အခွင့်အရေးကြီးတစ်ခု ရရှိသွားခဲ့သည်ဟု ဆိုနိုင်ပေသည်။
ပထမဆုံးဧကရာဇ်ကြီးနှင့် လက်ရှိဧကရာဇ်ကြီးတို့မှာမူ ဝမ်ပေါင်လဲ့တစ်ယောက် ဘေးမသီရန်မခ ရှိနေသည်ကို မြင်လိုက်ရသောအခါမှ စိတ်အေးသွားရပြီး သက်ပြင်းများချလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ သူတို့အား ဂါရဝပြုလိုက်ပြီးနောက် နှုတ်ဆက်စကားများဆိုကာ ထွက်ခွာသွားသည်။ သူတို့နှစ်ယောက် ရှိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ လှေစီးရန် မလိုတော့ပေ။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်၏။ ကောင်းကင်ကြီး၏ အဆုံးရှိ ကြယ်သုသာန် မန္တန်အစီအရင်ကြီး၏ အစွန်းသို့ ရောက်သွားသောအခါမှ ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကာ အောက်တွင်ရှိနေသည့် လူပုံစံစက္ကူရုပ်များအား နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုသေပေးလိုက်သည်။
" တကယ်လို့ အနာဂတ်မှာ လူကြီးမင်းတို့ အကူအညီတစ်ခုခုလိုရင် ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး ကူညီပေးပါ့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့ ပြန်လည့်သွားပြီး ကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အာကာသတွင်းနက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။
လက်ရှိဧကရာဇ်ကြီးမှာ ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားသည့် နေရာအား မျှော်လင့်စောင့်စားချက် အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် လှမ်းကြည့်နေရင်း ရေရွတ်လိုက်၏ " ပြင်ပကမ္ဘာကြီးထဲမှာ မကြာခင် ဒဏ္ဍာရီအသစ်တစ်ခု ပေါ်ပေါက်လာတော့မယ်လို့ ခံစားနေရတယ် "
ထိုအခါ ပထမဆုံး ဧကရာဇ်ကြီးမှာ အသာအယာခေါင်းယမ်းကာ ကောင်းကင်ကြီးအား လှမ်းကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီးနောက် ဆိုလိုက်၏ " အဲတာ ငါတို့နဲ့ ဘာမှမဆိုင်တော့ပါဘူး။ ဝမ်ပေါင်လဲ့က ဒီနေရာမှာ သူ့ရဲ့ တာအိုဂြိုဟ်ကို ရယူနိုင်ခဲ့သလို ဒီနေရာမှာပဲ ထာဝရကြယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာ။ ကြယ်သုသာန်အင်ပါယာကြီးက သူ့အပေါ် တတ်နိုင်သလောက် ကောင်းပေးပြီးသွားပြီ။ တကယ်လို့ သူ အနာဂတ်မှာ အမှန်တကယ် တန်ခိုးအာဏာကြီးထွားလာမယ်ဆိုရင် ငါ့တို့အတွက် ကောင်းတာပေါ့။ အဲလို ဖြစ်မလာဘူးဆိုရင်လည်း မျှော်လင့်စောင့်စားနေလို့ ဘာမှအကျိုးမရှိပါဘူး "
ထိုအချိန်တွင် အာကာသတွင်းနက်ကြီးတစ်ခုနှင့် တူနေသည့် ဝမ်ပေါင်လဲ့မှာ ဟင်းလင်းပြင်ကြီးထဲသို့ ပေါင်းစည်းဝင်ရောက်သွားသကဲ့သို့ပင်။ တစ်အောင့်ခန့် အကြာတွင် သူသည် ကြယ်သုသာန် အပြင်ဘက်ရှိ အာကာသကောင်းကင်ကြီးထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။
ထို အာကာသကောင်းကင်ကြီးထဲ၌ ပထမဆုံး ပေါ်ပေါက်လာသည့်အရာမှာ အကြိမ်ရေပေါင်း မြောက်မြားစွာ ခေါက်ချိုးချိုးခံထားရသည့် စက္ကူတစ်ရွက်ဖြစ်သည်။ ၎င်း ပြန်ဖြန့်ခံလိုက်ရသည်နှင့် အာကာသကောင်းကင်ကြီးမှာလည်း ချက်ချင်းဆိုသလိုပင် အဖြူရောင်စက္ကူရွက်ကြီး၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ရှဲ့ဟေးရန်၊ ချန်ဟန်းနှင့် အခြားသူများမှာ ထို အဖြူရောင်စက္ကူရွက်ကြီး၏ အလယ်တွင် ဝမ်ပေါင်လဲ့၏ လူရိပ် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။
သူသည် အဖြူရောင်ဝတ်ရုံတစ်ခုအား ဆင်မြန်းထားပြီး အနက်ရောင်ဆံပင်နှင့် ကြယ်တာရာများနှင့်တူသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ သူ၏ အရိပ်မှာ ထိန်ထိန်သာနေသည့် လမင်းကြီးနှင့် တူနေပြီး သူ၏ ခန္ဓာကိုယ်မှာမူ တဟုန်းဟုန်း တောက်လောင်နေသည့် နေမင်းကြီး တစ်စင်းကဲ့သို့ပင်။
သူ ပြန်လည်ပေါ်ပေါက်လာသည်နှင့် သူ့အား မြင်လိုက်ရသည့် ကျင့်ကြံသူတိုင်းမှာ နှလုံးသားများ တုန်ရီသွားကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း လေးစားကြည်ညိုမှု အရိပ်အယောင်များ ပေါ်ပေါက်လာကြသည်။ ထိုအချိန်တွင် ချန်ဟန်း၏ မြှောက်လုံးပင့်လုံးများမှာ လူတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။
" ဂုဏ်ပြုပါတယ် အဖေ။ ထာဝရကြယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် "
" ဂုဏ်ပြုပါတယ် ဦးလေးဆရာ။ ထာဝရကြယ်အဆင့်ကို တစ်ကြိမ်တည်းနဲ့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဦးလေးဆရာရဲ့ ပါရမီက ရှာမှရှားပါပဲ။ ဒီကမ္ဘာကြီးထဲမှာ ဦးလေးဆရာ မသွားနိုင်တဲ့နေရာ တစ်ခုမှမရှိတော့ဘူး "
ဝမ်ပေါင်လဲ့မှာ ချန်ဟန်းနှင့် ရှဲ့ဟေးရန်တို့၏ စကားများကို နားထောင်ရင်း မသိမသာ ပြုံးလိုက်၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းရှိ ဟင်းလင်းပြင်တစ်ခုအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် ဖြည်းဖြည်းချင်းဆိုလိုက်၏။
" မင်း စောင့်နေရတာ ကြာသွားပြီ "
သူ ထိုသို့ဆိုလိုက်သည်နဲ့ သူ လှမ်းကြည့်နေသည့် နေရာရှိ ခြုံလွှာတစ်ခုမှာ ဖယ်ရှားခံလိုက်ရသကဲ့သို့ပင်။ ထို့ကြောင့် မျက်နှာအမူအရာ တည်ကြည်နေပြီး မျက်ဝန်းများထဲ၌ ကြောက်စိတ်များ ခပ်ရေးရေးမျှ ကိန်းအောင်းနေသည့် အရပ်မြင့်မြင့် လူရိပ်တစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။
ထို လူရိပ်ကြီးမှာ... ချုံးရိကျစ် ဖြစ်ပေသည်။