နယ်မြေလေလံ
Vol. 40 Ch. 550
"ညီအစ်ကိုတို့ ဒီလောက်အားနာနေစရာ မလိုအပ်ပါဘူး။ မင်းတို့အားလုံးက ကောင်းကင်ဘုံငယ်ကို လာရောက်ကူညီတယ်ဆိုတာ ငါ့ကို မြင့်မြင့်မားမား တွေးထားလို့ပဲ။ ဒါကြောင့် ဒီလိုထောက်ပံ့ပေးရမှာ ငါ့တာဝန်ဖြစ်တယ်။ အနာဂတ်မှာ ကောင်းကင်ဘုံငယ်တွေအတွင်း ငါတို့ကို ဘယ်သူမှအနိုင်ကျင့်ပြီး ဂုတ်သွေးမစုပ်နိုင်စေရဘူး။ အထက်တန်းစားကောင်တွေကို မောင်းထုတ်ကြမယ်"
ယဲ့ချန်က အောင်မြင်ခန့်ညားသော လေသံနှင့် အော်ဟစ်လိုက်ခြင်းဖြစ်သည်။ သာမန်လူတန်းစားများက သူတို့၏အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာတွင် သေခြင်းနှင့် ဒဏ်ရာများကို မရှောင်လွှဲနိုင်ပေ။ သူက ကျဆုံးသွားသူများ၏ မိသားစုများကို တတ်နိုင်သလောက် ထောက်ပံ့ပေးရပေလိမ့်မည်။ ရိုးသားပွင့်လင်းသော သာမန်လူတန်းစားများကြောင့် သူက ဆည်းဆာရွှေသန်းနှစ်ဆယ်မက ကုန်ကျလျှင်ပင် ထိုက်တန်သည်ဟု ဆိုနိုင်သည်။ ဤပိုက်ဆံများမှာလည်း သူတို့ကို ငွေချေးပေးခြင်းဖြင့် ယဲ့ချန် ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲပြီးဆုံးသွားသောအခါ လူတိုင်းက ပျော်ရွှင်စွာဖြင့် ရယ်မောပြီး တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း ဝင်ရောက်ကာ ရန်ယွင်မြို့ထံ ပြန်လိုက်ကြသည်။
"ဒီနေ့မမူးရင် အိမ်မပြန်ဘူးကွ"
အားလုံးက ရှားပါးသောအောင်ပွဲ၏ အရသာကို တက်ကြွစွာ ဆင်နွှဲနေကြသည်။
ရန်ယွင်မြို့တော်ရှိ ယိရန်၏စားသောက်ဆိုင်အတွင်း အခြေအနေက ယဲ့ချန်တို့နှင့်မတူ ကွဲပြားစွာ စုဝေးနေသော အထက်တန်းစားများအားလုံး၏မျက်နှာက မည်းနက်နေကြသည်။ ယိရန်၊ ရှုချင်းနှင့် အထက်တန်းစားများက စားပွဲဘေးတွင် နေရာယူထားကြပြီး ချန်းယွမ်နှင့် လွတ်မြောက်လာသူများက မြေပြင်တွင် ဒူးထောက်နေကြသည်။ အချို့မှာ တွေဝေငေးမောနေပြီး သေခြင်းမှ လွတ်မြောက်လာသည့်အပေါ် မယုံနိုင်ဖြစ်နေခဲ့သည်။
"အမှိုက်ကောင်တွေ ဒီရန်သူလောက်လေးကိုတောင် အနိုင်မယူနိုင်ဘူးလား။ မင်းတို့က ငါ့ကို မျက်နှာလာပြရဲသေးတယ်မလား"
ရှုချင်းက ဒူးထောက်နေသူများကို အေးစက်စက်စိုက်ကြည့်ကာ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ ရှုချင်း၏အကြည့်ကြောင့် ချန်းယွမ်တို့လူစုမှာ ကြောက်စိတ်များ ကျောရိုးထဲအထိ စိမ့်တက်လာကြသည်။
"သခင် ဒီကောင်တွေက အောက်တန်းကျလွန်းပါတယ်။ ဆရာယုဖန်းတောင် အလှည့်စားခံလိုက်ရတယ်။ သူတို့မှာ လူသားအဆင့် နတ်ဆိုးချပ်ဝတ်ခုနစ်စုံ ရှိနေတယ်။ ကျုပ်တို့မယှဥ်နိုင်ဘူး"
ချန်းယွမ်က ကြောက်ကြောက်လန့်လန့်နှင့် တင်ပြလိုက်သည်။ သူက အပြစ်အားလုံးကို သေဆုံးသွားပြီဖြစ်သော ယုဖုန်းထံ လွှဲချလိုက်သည်။
"လူသားအဆင့် နတ်ဆိုးချပ်ဝတ်ခုနစ်စုံ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီကောင်တွေက ဆည်းဆာရွှေသန်းနှစ်ကျော်တန်တဲ့ ရတနာတွေကို ဘယ်ကရလာတာလဲ။ ရန်ယွင်မြို့မှာလည်း ဘယ်သူမှ ဒါကို မရောင်းချပါဘူး။ ဒီရတနာတွေက ရုတ်တရက် ဘယ်လိုပေါ်လာတာလဲ"
ရှုချင်းက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
"သခင့်ကို ကျုပ် မလိမ်ရဲပါဘူး။ သူတို့မှာ ဒါတွေကို ဝတ်ထားတာပါ"
ချန်းယွမ်က အလျင်အမြန် လျှောက်တင်လိုက်ပြီး စိတ်ထဲတွင် ယဲ့ချန်ကို အဆက်မပြတ် ကျိန်ဆဲနေခဲ့သည်။ အကယ်၍ ယဲ့ချန်သာ လူသားအဆင့်နတ်ဆိုးချပ်ဝတ်များနှင့် ထွက်ပေါ်လာခြင်းမရှိလျှင် သူတို့က ဤသို့ဆိုးရွားစွာ အဆုံးသတ်ခဲ့ရမည် မဟုတ်ပေ။ သူကိုယ်တိုင်ပင်လျှင် ကံကောင်းလွန်းသဖြင့် သစ်သားတိမ်ကြယ်မှ အသက်နှင့်ကိုယ်တွဲလျက်သား လွတ်မြောက်ခဲ့ရသည်။ ဒူးထောက်နေသူအားလုံးကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်ပြီး လူသားအဆင့်နတ်ဆိုးချပ်ဝတ်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပြန်တွေးမိနေသည်။ ယဲ့ချန်တို့အားလုံးကို သူတို့က ထိခိုက်အောင် မတိုက်ခိုက်နိုင်သောကြောင့် တစ်ဖက်သတ် သတ်ပွဲကြီး ဖြစ်ပျက်ခဲ့သည်။ ရှုချင်းတို့အထက်တန်းစားများသည် ချန်းယွမ်နှင့် နောက်လိုက်များ၏ အမူအရာက အတုမဟုတ်သောကြောင့် မျက်မှောင်ကြုတ်လိုက်ကြသည်။
ရန်ယွင်မြို့တော်၌ ဤရတနာများကို ခုနစ်စုံအထိ တပြိုင်နက်ထုတ်ပေးနိုင်သူမှာ လူတစ်ယောက်တည်းသာ ရှိသည်။ ရှုချင်းနှင့် ယိရန်က တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်စွာကြည့်နေပြီး နားမလည်နိုင်ခြင်းများ ဖြစ်ပေါ်နေသည်။ မြို့တော်ဝန်ရီရန်မှ ယဲ့ချန်ကိုကူညီရသော အကြောင်းအရင်းကို သူတို့ မတွေးတတ်ပေ။ ထို့အပြင် အနာဂတ်တွင် သူတို့၏အစီအရင်များကို သေချာစွာစဥ်းစား၍ ချမှတ်ရပေလိမ့်မည်။
လက်ရှိတွင် ကောင်းကင်ဘုံငယ်များကို အထက်တန်းစားများ၏ ထိန်းချုပ်မှု လွတ်ကင်းသွားကာ အနာဂတ်တွင် သာမန်လူတန်းစားများအား ဂုတ်သွေးစုပ်နိုင်တော့မည် မဟုတ်ပေ။ သူတို့၏ဝင်ငွေက ခုနစ်ဆယ်ရာခိုင်နှန်းအထိ လျော့ကျသွားခဲ့သည်။ အထက်တန်းစားများအားလုံးက ရွှမ်အဆင့်အထက်ဖြစ်ကြသော်လည်း ကောင်းကင်ဘုံငယ်များအတွင်း အသက်နှင့်ရင်း၍ တစ်ခါမှ ခရီးမထွက်ခဲ့ဖူးပေ။ ထိုအစား သူတို့က ပြည်သူများကိုသာ ဂုတ်သွေးစုပ်ခဲ့ကြသော်လည်း လက်ရှိတွင် ဤစီးပွားရေးက ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားလေသည်။ သူတို့၏နယ်မြေများတွင် အလုပ်လုပ်နေသူများမှာ ကျင့်ကြံဆင့်နိမ့်သော သာမန်လူတန်းစားများ ဖြစ်ကြသည်။ ကျင့်ကြံဆင့်မြင့်သူများက ချက်ချင်းအလုပ်ထွက်၍ ယဲ့ချန်ထံမှ ငွေချေးကာ အဖွဲ့များဖွဲ့စည်း၍ ကောင်းကင်ဘုံငယ်များအတွင်း ငွေရှာရန် ဝင်ရောက်သွားကြသည်။ ထိုလူများ၏ဝင်ငွေက များပြားလာသောအခါ အထက်တန်းစားများလက်အောက်ရှိ အလုပ်သမားများက ဆူပူလာကြသည်။ အလုပ်သမားများကို ထိန်းသိမ်းရန်အတွက် လစာကိုပင် တိုးမြှင့်ပေးခဲ့ရသည်။ အကယ်၍ သူတို့သာ အလုပ်ထွက်သွားလျှင် ဆေးပင်စိုက်ပျိုးခြင်းနှင့် ဝိညာဥ်သားရဲမွေးမြူခြင်းကဲ့သို့ အလုပ်များကို အထက်တန်းစားများကိုယ်တိုင် လုပ်ကိုင်ရပေလိမ့်မည်။
ယိရန်နှင့် ရှုချင်းက တွေးရလွန်းသဖြင့် ခေါင်းကိုက်နေပြီး ကျန်အထက်တန်းစားများက စောင့်ဆိုင်းနေကြသည်။ ထိုနှစ်ယောက်က ရန်ယွင်မြို့တွင် ဂုဏ်သတင်းအကြီးမားဆုံးဖြစ်ပြီး သူတို့သာ အကြံကောင်းမထုတ်နိုင်လျှင် အထက်တန်းစားများ အကျပ်ရိုက်သွားပေလိမ့်မည်။ ထို့နောက် အချို့ကသာ ကုလန်တို့နှင့် ပူးပေါင်းသွားလျှင် ရန်ယွင်မြို့တွင် အထက်တန်းစားများ၏အာဏာက များစွာကျဆင်းသွားပေလိမ့်မည်။ ယဲ့ချန်သာ ရောက်ရှိမလာလျှင် ဤသို့ကျဥ်းထဲကြပ်ထဲ ရောက်နေစရာ မလိုသောကြောင့် ယိရန်နှင့် ရှုချင်းက အလွန်မုန်းတီးနေကြသည်။ သူတို့က ဤအဖြစ်၏လက်သည်ဖြစ်သော ယဲ့ချန်ကို အပြီးတိုင်သုတ်သင်ရှင်းလင်းရန် အစီအစဥ်ဆွဲနေကြသည်။
စားသောက်ဆိုင်အတွင်း ဖန်ရောင်သည် အထက်တန်းစားများအတွက် အစားအသောက်များ တည်ခင်းနေရသည်။ ရူးသွပ်လုနီးပါး ဒေါထွက်နေသော အထက်တန်းစားများ၏ အမူအရာများကို ခိုးကြည့်နေရင်း သူမက နောင်တကြီးစွာ ရနေခဲ့သည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညသာရှိသော ယဲ့ချန်သည် ထူးချွန်စွာဖြင့် ရန်ယွင်မြို့ကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။ လက်ရှိတွင် ယဲ့ချန်၏ပိုင်ဆိုင်မှုများသည် အထက်တန်းစားများအောက် မနိမ့်ကျသည့်အပြင် အနာဂတ်၌ အလားအလာများစွာ ရှိပေသည်။ နှစ်အနည်းငယ်အတွင်း သူက သေချာပေါက် အလွန်ချမ်းသာလာနိုင်သည်။ အထက်တန်းစားတစ်ယောက်၏ မျက်စိကျခြင်းခံရသော်လည်း သူမက ဖျော်ဖြေရေးအရုပ်တစ်ရုပ်အဖြစ်သာ ဆက်ဆံခံနေရပြီး ဘဝက ပြောင်းလဲမသွားခဲ့ပေ။ ယဲ့ချန်က သူမကို ရှိနေသည်ဟုပင် သဘောမထားသောကြောင့် သူ၏အကူအညီကို တောင်းခံရန် အခွင့်အရေး လုံးဝမရှိတော့ပေ။
ထို့ကြောင့် ဖန်ရောင်သည် သူမကိုပိုးပန်းခဲ့ဖူးသော ရွှမ်အန်းထံ ပြန်လည်ချဥ်းကပ်လိုခဲ့သည်။ ရွှမ်အန်းက ဆေးစံအိမ်မှ အလုပ်ထွက်၍ စီးပွားရေးတစ်ခု စတင်နေသည်။ လွန်ခဲ့သောရက်များတွင် သူမက ရွှမ်အန်းကို သွားရောက်ရှာဖွေခဲ့သော်လည်း တစ်ဖက်လူမှာ မီးခိုးသမင်မျိုးနွယ်မှ အခြားမိန်းမပျိုတစ်ယောက်နှင့် အဆင်ပြေလျက်ရှိသည်။ ထိုမိန်းကလေးက ဖန်ရောင်ထက် ပိုလှသည့်အပြင် ရန်ယွင်မြို့ပြင်၌ ခြံဝန်းတစ်ခု ပိုင်ဆိုင်ထားသည်အထိ ကြွယ်ဝသည်။ သူမအမြဲတမ်းလိုချင်ခဲ့သော ဘဝက လိုက်လေဝေးလေဖြစ်နေပြီး အစေခံအလုပ်ကိုသာ ရွေးချယ်စရာမရှိဘဲ လုပ်ကိုင်နေရသည်။ သူမက ခြံဝန်းတစ်ခုတည်း အတူတူနေထိုင်သော လင်းယု၏ဘဝနှင့် သူမ၏ဘဝက အလွန်ကွာခြားနေရသော အကြောင်းအရင်းကို စဥ်းစားမရခဲ့ပေ။ မူလတွင် လင်းယု၏အခြေအနေက သူမအောက် များစွာဆိုးဝါးသောကြောင့် အထက်တန်းစားတစ်ယောက်ကို မရွေးချယ်ခဲ့သည့်အပေါ် လှောင်ပြောင်ရယ်မောမိသည်။ လက်ရှိတွင် လင်းယုနှင့် ကုလန်သည် ယဲ့ချန်၏အကူအညီဖြင့် သာမန်လူတန်းစားများကြားတွင် ဂုဏ်သတင်းကြီးမား၍ ချမ်းသာလာခဲ့သည်။ ဖန်ရောင်ကမူ မည်မျှမလိုလားပါစေ၊ အထက်တန်းစားများရှေ့တွင် ဒူးထောက်၍ အစေခံဆက်လုပ်နေရလေသည်။
ရန်ယွင်မြို့အတွင်းရှိ အခြားစားသောက်ဆိုင်တစ်ခုအတွင်း၌ ဖြစ်သည်။ ၎င်းက ယိရန်၏ဆိုင်ကဲ့သို့ ကြီးကျယ်ခမ်းနာခြင်းမရှိဘဲ ရိုးရှင်းသော တဲအိမ်တစ်လုံးဖြစ်သော်လည်း သက်ဝင်လှုပ်ရှားနေကာ ထိုင်စရာခုံအလွတ်ပင် မရှိချေ။ ယဲ့ချန်နှင့် ကုလန်က အောင်ပွဲခံညစာကို ကျင်းပနေသဖြင့် လူတိုင်း စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။
"အစ်ကိုယဲ့ ကျုပ်တို့က တစ်ခွက်လောက် ဂုဏ်ပြုပါရစေ။ အခုကစလို့ ကျုပ်တို့အသက်က ခင်ဗျားအပိုင်ပါပဲ။ မင်းဘာခိုင်းခိုင်း မျက်ခုံးတစ်ချက်တွန့်သွားရင် ငါတို့က ငကြောက်တွေပဲ"
ဟောက်ရဲနှင့် ဟောက်လင်းက ယဲ့ချန်အတွက် သေရည်တစ်ခွက်ငှဲ့ပေး၍ လေးနက်စွာ ကတိပြုလိုက်သည်။ သူတို့က ကျေးဇူးကြွေးကို သိတတ်သူများဖြစ်ကြသောကြောင့် ကယ်တင်ရန် အစီအစဥ်ချမှတ်သူမှာ ယဲ့ချန်ဖြစ်ကြောင်း ကုလန်ထံမှ သိခဲ့ရသည်။ ယဲ့ချန်သာ မစွန့်စားခဲ့လျှင် သူတို့နှစ်ယောက်၏ကံကြမ္မာက မည်သို့ဖြစ်ပျက်နေမည်ဟု မပြောနိုင်ပေ။.
"ညီအစ်ကိုအချင်းချင်း အားနာနေပြန်ပါပြီဗျာ။ ကျုပ်ကလည်း တစ်ခွက်လောက် ဂုဏ်ပြုပါရစေ"
ယဲ့ချန်က ဟောက်ညီအစ်ကိုနှင့် ခွက်ချင်းတိုက်၍ သုံးယောက်လုံးက သေရည်ကို တစ်ချက်တည်း မော့သောက်လိုက်၏။ ထို့နောက် သူတို့က ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။ ဤတိုက်ပွဲအပြီးတွင် ထိုအဖွဲ့နှင့် ယဲ့ချန်၏ဆက်ဆံရေးက ပို၍နက်ရှိုင်းလာကာ သေအတူရှင်မကွာ ညီအစ်ကိုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သာမန်လူတန်းစားများစွာက ယဲ့ချန်ကို သေရည်ဖြင့် လာရောက်ဂုဏ်ပြုကြပြီး သူကလည်း တစ်ခွက်မှမငြင်းဆန်ခဲ့ပေ။ ညနက်သောအခါတွင် အောင်ပွဲက ပြီးဆုံးသွားကာ ကျင့်ကြံသူများ အလျှိုလျှို ထွက်ခွာသွားကြသည်။
"အစ်ကိုယဲ့ မင်းအတွက် ပိုက်ဆံအများကြီး လိုအပ်နေတယ်မလား။ အခုဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ။ ငွေချေးလုပ်ငန်းက ပိုက်ဆံအများကြီးဝင်နေပေမယ့် သာမန်လူတွေချမ်းသာလာတာနဲ့အမျှ ကောင်းကင်ဘုံငယ်ဝင်ကြေးကို သူတို့ဘာသာ ထုတ်နိုင်လာပြီ။ အနာဂတ်မှာ သူတို့က ပိုက်ဆံထပ်ချေးစရာ မလိုလောက်တော့ဘူး။ ငါ့ခန့်မှန်းချက်အရ ဆည်းဆာရွှေသန်းသုံးရာကျော်ရင် ငါတို့ဝင်ငွေက စတင်လျော့ကျလာလိမ့်မယ်"
ကုလန်က သုံးသပ်ပြလိုက်ခြင်းဖြစ်သည်။ အရှေ့ပိုင်းတိုက်ကြီးတွင် ယဲ့မျိုးနွယ်ဝင်များ ကျန်ရစ်နေကြောင်းကို သူက သိရှိထားသည်။
"လောလောဆယ် ကျုပ်မှာ အကြံတစ်ခုရှိတယ်။ သာမန်လူတွေမှာ ပိုက်ဆံရှိလာပြီဆိုတော့ သုံးစရာနေရာတစ်ခု လိုလာလိမ့်မယ်။ ငါတို့က အထက်တန်းစားတွေလိုမျိုး ဆိုင်တွေဖွင့်ကြမယ်။ ဒါပေမယ့် ဒီကောင်တွေလောက်တော့ စျေးကြီးစရာမလိုဘဲ သာမန်လူတန်းစားတွေတတ်နိုင်တဲ့ ပမာဏ ဖြစ်ရမယ်"
ယဲ့ချန်က သူ၏အကြံကို ရှင်းပြလိုက်သည်။ ကုလန်ပြောသော ပြဿနာကို သူက ကြိုတွေးထားသဖြင့် ပိုက်ဆံရှာရန် နည်းလမ်းများကို နောက်ထပ်တွေးတော ကြံစည်ထားခဲ့သည်။
"ဆိုင်တွေဖွင့်ဖို့ဆိုတာက အကြံကောင်းပဲ။ မင်းရဲ့မရီးက ဒီအလုပ်မှာ ကူညီပေးနိုင်တယ်။ ဒါပေမယ့် ငါတို့အတွက် လိုအပ်တဲ့ကုန်ကြမ်းတွေကို ဘယ်မှာသွားရှာရမလဲ။ ဒါတွေအများစုကို အထက်တန်းစားတွေက ချုပ်ကိုင်ထားကြတယ်"
ကုလန်က မျက်မှောင်ကြုတ်၍ အတွေးနက်နေသည်။
"နည်းလမ်းသုံးခု ရှိတယ်။ တစ်နည်းက နယ်မြေတစ်ခုဝယ်ပြီး ငါတို့ကိုယ်တိုင် စိုက်ပျိုးမွေးမြူရေးလုပ်ဖို့ ဖြစ်တယ်။ နောက်တစ်နည်းက ကုန်ကြမ်းတွေကို အခြားမြို့တွေကနေ ဝယ်ယူမယ်။ နောက်ဆုံးနည်းကတော့ အထက်တန်းစားအချို့ကို ငါတို့ဘက်ပါအောင်ဆွဲခေါ်ပြီး ကုန်ကြမ်းတွေ ဝယ်ယူရမယ်"
ယဲ့ချန်က ခဏတာစဥ်းစား၍ ဖြေလိုက်သည်။
"ဒီနည်းလမ်းသုံးခုလုံးက လက်ခံနိုင်စရာရှိတယ်။ ငါ သတင်းတစ်ခု ကြားထားတယ်။ အထက်တန်းစားတစ်ယောက်က ရန်ယွင်မြို့မှာ ဆက်မနေချင်တော့လို့ သူ့နယ်မြေကို ဆယ်ရက်အကြာမှာ လေလံတင်လိမ့်မယ်။ သူက တစ်မြို့လုံးမှာ အဆင့်သုံးဖြစ်ပြီး နယ်မြေရဲ့အချင်းဝက်က ခြောက်ဆယ်ကီလိုမီတာ ကျော်တယ်"
ကုလန်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ ယဲ့ချန်က အနာဂတ်စီးပွားရေးအတွက် များစွာတွေးထားမည်ဟု သူ မထင်ထားပေ။ သူက ယဲ့ချန်ကို မလေးစားဘဲ မနေနိုင်အောင်ဖြစ်ရသည်။
"နယ်မြေလေလံလား။ ခန့်မှန်းတန်ဖိုးက ဘယ်လောက်ရှိနိုင်မလဲ"
ယဲ့ချန်၏မျက်လုံးများ တောက်ပနေသည်။ အကယ်၍ ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များကို အခြေကျစေလိုလျှင် သူ၏ကိုယ်ပိုင်နယ်မြေတစ်ခု လိုအပ်သည်။ ထို့ကြောင့် ဤသတင်းက ရှားပါးသော အခွင့်ကောင်းတစ်ခု ဖြစ်လေသည်။