← Chapters

ဆေးဖော်စပ်ခြင်း

Vol. 40 Ch. 551

ဆေးဖော်စပ်ခြင်း

Vol. 40 Ch. 551

"ဆည်းဆာရွှေသန်းကိုးဆယ်။ ဒါပေမယ့် အထက်တန်းစားတွေဝင်ပြီး လေလံဆွဲမယ်ဆိုရင် အနည်းဆုံး သန်းသုံးရာ ကျော်သွားလိမ့်မယ်။ ငါတို့လည်းဝင်ပြီး လေလံဆွဲမယ်ဆိုရင် ပိုပြီးမြင့်လာနိုင်တယ်။ ငါတို့အတွက် အကျိုးရှိတာက ဒီအထက်တန်းစားက ဉာဏ်ကောင်းတော့ သူ့နယ်မြေကို ဆယ်ပိုင်းပိုင်းပြီး ရောင်းချမှာဖြစ်တယ်"

ကုလန်က သူသိထားသမျှ သတင်းအားလုံးကို ပြောပြလိုက်သည်။ ယဲ့ချန်က စားပွဲကို လက်ချောင်းဖြင့် တတောက်တောက်ခေါက်၍ အတွေးနက်နေသည်။ ထိုနယ်မြေကို ဆယ်ပိုင်းခွဲလိုက်လျှင်ပင် တစ်ပိုင်းချင်းစီက အချင်းဝက်ခုနစ်ကီလိုမီတာရှိသောကြောင့် ကြီးမားသည်ဟု ဆိုနိုင်သည်။ သူက ခေါင်းကို အလုပ်ပေး၍ အလေးအနက်စဥ်းစားနေပြီး နယ်မြေတစ်ပိုင်းကိုသာ ဝယ်ယူနိုင်လျှင် ရန်ယွင်တစ်မြို့လုံးကို လှုပ်ခတ်နိုင်ပေလိမ့်မည်။

"ဒီအထက်တန်းစားကောင်တွေက ငါ့ကို ရင်ဆိုင်ဖို့ ကြိုးစားနေတယ်။ လွယ်လွယ်လေးဖိနှိပ်နိုင်မယ်ဆိုရင် ငါ့နာမည် ယဲ့ချန် မဟုတ်တော့ဘူး။ အစ်ကိုကု လေလံသွားဆွဲပြီး လေလံကြေးကို သန်းနှစ်ရာကျော်တဲ့အထိ လိုက်မယ်။ အစ်ကိုကုတို့က အဖွဲ့အစည်းရဲ့လွှမ်းမိုးမှုကို အသုံးချပြီး လက်သမားတွေ ရှာဖွေပေးပါ"

ယဲ့ချန်က လူတိုင်းအတွက် ညွှန်ကြားချက်များ ပေးလိုက်သည်။

"ဘာကြောင့် သူတို့ကို လိုအပ်တာလဲ"

ကုဖေးက စိတ်ရှုပ်စွာ ပြန်မေးသည်။

"ကျုပ် အသုံးချစရာလေးရှိလို့"

ယဲ့ချန်က ဆန်းကျယ်စွာ ပြုံးလိုက်သည်။

"ဒါက ပြဿနာမဟုတ်ဘူး။ သာမန်လူတန်းစားတွေထဲမှာကို ဒီပညာရှင်တွေ အများကြီးရှိတယ်။ အထက်တန်းစားတွေလက်အောက်ကဆိုရင်တောင် ငါတို့က သိမ်းသွင်နိုင်ပါတယ်"

ကုဖေးက ခေါင်းညိတ်ပြလိုက်သည်။ လူတိုင်းက ယဲ့ချန်၏အကြံကို သိချင်နေသော်လည်း သူ၏ယုံကြည်မှုရှိသော မျက်နှာထားကြောင့် မေးခွန်းထုတ်မနေခဲ့ပေ။ ယဲ့ချန်နှင့် အချိန်ကြာမြင့်စွာ သိရှိလာပြီးနောက် သူတို့အားလုံးက သူ၏ဦးနှောက်နှင့် စွမ်းရည်ကို ရာနှုန်းပြည့်ယုံကြည်သည်။

ထို့နောက် ယဲ့ချန်သည် နတ်ကိုယ်ပွားကျင့်စဥ်ဖြင့် နှစ်ကိုယ်ခွဲကာ တစ်ယောက်က ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ကျင့်ကြံနေစဥ် နောက်တစ်ယောက်က အဆင့်တစ်နတ်မူလဆေးဖော်စပ်ရန် ပြင်ဆင်လိုက်သည်။ သူက ကောင်းကင်တုန်ခါဆေးအိုးကို လူတစ်ရပ်အမြင့်အထိ ကြီးမားစေလိုက်ပြီး လေပေါ်သို့ မြင့်တက်စေခဲ့သည်။ ၎င်း၏ပတ်လည်တွင် အနက်ရောင်ဝိညာဥ်မီးတောက်များ လွှမ်းခြုံနေကာ အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူက ကုန်ကြမ်းတစ်စုံစာအတွက် လိုအပ်သည်များကို ဆေးအိုးအတွင်း ထည့်သွင်းလိုက်သည်။ ထိုကုန်ကြမ်းများတွင် ဆေးပင်အမျိုးခြောက်ဆယ်ကျော်နှင့် ရွှမ်အဆင့် ဝိညာဥ်သားရဲအသားများပါဝင်ပြီး ဆေးတစ်ဖုံစာက ဆည်းဆာရွှေလေးသိန်း တန်ကြေးရှိသည်။ ဝိညာဥ်မီးတောက်၏အပူချိန် မြင့်တက်လာသောအခါ ဆေးပင်များ၏ရနံ့ ထွက်ပေါ်လာသည်။

ယဲ့ချန်၏ဆေးဖော်စပ်ပုံက မင်ယွမ်ကဲ့သို့ ကြယ်တစ်ပွင့်ဆေးဆရာများနှင့် ကွာခြားပြီး မီးတောက်ကို ကောင်းကင်ချီဖြင့် ထိန်းချုပ်ပေးရန် အလုပ်သမား မလိုအပ်ပေ။ သူနှင့် ကောင်းကင်တုန်ခါဆေးအိုးကြားတွင် ဝိညာဥ်ချင်းဆက်သွယ်ထားသောကြောင့် အတွေးတစ်ချက်နှင့် မီးတောက်များကို လိုအပ်သလို ထိန်းချုပ်နိုင်သည်။ ၎င်း၏ဝိညာဥ်မီးတောက်များက သာမန်မီးတောက်များထက် ပို၍သန့်စင်သောကြောင့် ဆေးဖော်စပ်ရာတွင် အလွန်အကျိုးရှိသည်။ အချိန်ကြာမြင့်လာသည်အထိ သူက ဆေးအိုးအတွင်းမှ ပြောင်းလဲမှုများကို ဂရုတစိုက်စောင့်ကြည့်နေကာ လွန်ခဲ့သောရက်များအတွင်း လေ့လာထားသည့်ဆေးပညာကို အသုံးချနေသည်။ ထို့နောက် သက်တန့်ရောင်ကြာပန်းတစ်ခုက ဆေးအိုးအဝတွင် ပွင့်လန်းလာပြီး ပွင့်ဖတ်တစ်ခုချင်းစီသည် သလင်းကျောက်များကဲ့သို့ ကြည်လင်နေကာ ကျောက်စိမ်းဖြင့် ထွင်းထုထားသယောင် ထင်မှတ်ရသောကြောင့် အလွန်အမင်းလှပနေသည်။ ၎င်း၏ဘေးပတ်လည်တွင် ရှိနေသော အနက်ရောင်မီးလျှံများကလည်း လိပ်ပြာနက်ကလေးများပမာ လှပသောကြောင့် မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ဖြစ်သည်။

ဤကြာပန်းက ဆေးလုံးဖော်စပ်ရာတွင် အဓိကသော့ချက်ဖြစ်ပြီး အပူချိန်ကို ထိန်းချုပ်ရာတွင် ယဲ့ချန်က ပို၍ဂရုစိုက်နေရသည်။ သို့သော်လည်း တစ်ခုခုမှားယွင်းသွားသဖြင့် ကြာပန်းက ရုတ်တရက်တုန်ခါလာသောအခါ နောက်ကျသွားခဲ့သည်။ ဘန်းခနဲမြည်သံနှင့်အတူ ဆေးအိုးအတွင်းရှိ အဖိုးတန်ကုန်ကြမ်းများက အနက်ရောင်ပြာများအဖြစ် ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးအခြေအနေတွင် ဆေးပင်များနှင့် ဝိညာဥ်သားရဲ၏အသားက ပေါင်းစပ်မသွားခဲ့ပေ။ ထို့နောက် ဝိညာဥ်မီးတောက်ဖြင့် ဆေးဖော်စပ်ခြင်းက သာမန်မီးတောက်များနှင့် ဖော်စပ်ခြင်းထက် ပို၍ခက်ခဲကြောင်း သူက နားလည်လိုက်ရသည်။ ဆေးလုံးဖော်စပ်သော ဖြစ်စဥ်တစ်ခုလုံးကို ပြန်လည်စဥ်းစား၍ ပြုလုပ်ခဲ့သော အမှားများကို သူက ဆင်ခြင်သုံးသပ်နေသည်။ နတ်မူလအဆင့်တစ်ဆေး ဖော်စပ်ရာတွင် လိုအပ်သော အချို့ဆေးပင်များက အချင်းချင်းဆန့်ကျင့်သည့် ဂုဏ်သတ္တိများရှိသည်။ ၎င်းတို့က အောင်မြင်စွာပေါင်းစပ်သွားလျှင် ဆေးစွမ်းအင်က များစွာတိုးတက်လာသော်လည်း ဆေးဖော်စပ်ရာတွင် တစ်ချက်ကလေးမျှ ပေါ့ဆမိလျှင် ကုန်ကြမ်းများအားလုံး ပြာဖြစ်သွားပေလိမ့်မည်။

ပထမဆုံးဖော်စပ်ခြင်းက ကျရှုံးသွားသော်လည်း ယဲ့ချန်က တည်ငြိမ်နေဆဲပင်ဖြစ်သည်။ အရှေ့ပိုင်းတိုက်ကြီးတွင် သူ ပထမဆုံး ဆေးပညာသင်ကြားစဥ်က အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကျရှုံးပြီးမှ အောင်မြင်ခဲ့သည်။ သူက ဆေးအိုးကို သန့်ရှင်းရေးလုပ်ပြီး နောက်ထပ်ကုန်ကြမ်းတစ်စုံစာ ထပ်ထည့်လိုက်၍ ပထမအကြိမ်တွင် ပြုလုပ်ခဲ့သောအမှားများကို ဂရုစိုက်ရှောင်ကြဥ်ခဲ့သည်။ အချိန်ခဏအကြာတွင် ဤဆေးတစ်ဖုံသည်လည်း ဘန်းခနဲ ပေါက်ကွဲသွားကာ တစ်ခန်းလုံး အနံ့ဆိုးများ ပြည့်နှက်သွားခဲ့သည်။ မည်သည့်အလုပ်မဆို ပထမဆုံးခြေလှမ်းက အခက်ခဲဆုံးဖြစ်ကာ ၎င်းကိုအောင်မြင်လျှင် နောက်အဆင့်များက ပို၍လွယ်ကူလာပေလိမ့်မည်။ သူက တတိယမြောက် ကုန်ကြမ်းတစ်စုံစာကို ဆေးအိုးအတွင်း ထပ်ထည့်လိုက်ပြန်သည်။

"ဘန်း"

"ဘန်း"

ယဲ့ချန်က ဆယ်ကြိမ်ဆက်တိုက် ကျရှုံးခဲ့သည်။ သို့သော် ပထမဆုံးအကြိမ်တွင် ဆေးလုံးက ငါးမိနစ်အကြာတွင် ပေါက်ကွဲခဲ့ပြီး နောက်တစ်ကြိမ်တွင် ဆယ်မိနစ်အထိ ကြာမြင်ခဲ့သည်။ ထို့နောက် နာရီဝက်အကြာတွင်မှ ပေါက်ကွဲခဲ့သည်။ သူက အမှားများကို ထပ်ကာထပ်ကာပြင်ဆင်ရင်း တစ်ချိန်တည်းမှာပင် ဆေးပညာကို လက်တွေ့လေ့ကျင့်နေသည်။ တစ်ညလုံးမအိပ်ဘဲ ဆေးဖော်စပ်နေကာ အရုဏ်တက်ချိန်ရောက်သောအခါ သူက ဆယ့်သုံးကြိမ်မြောက် ကုန်ကြမ်းများကို ထည့်သွင်း၍ တစ်နာရီခွဲကြာသောအခါ ဆေးအိုးအတွင်းမှ ဆေးနံ့ပြင်းပြင်းတစ်ခု ထွက်ပေါ်လာသည်။

"အောင်မြင်သွားပြီ"

ယဲ့ချန်က ပျော်ရွှင်စွာဖြင့် ကောင်းကင်တုန်ခါဆေးအိုးအတွင်း စစ်ဆေးလိုက်သောအခါ လုံးဝိုင်းသော ဆေးတစ်လုံးကို တွေ့လိုက်ရသဖြင့် ညာလက်ဖြင့် ထုတ်ယူလိုက်သည်။ သို့သော် သူဖော်စပ်ထားသော ဆေးက မင်ယွမ်ဖော်စပ်ခဲ့သော အဆင့်တစ်နတ်မူလဆေးနှင့် အသွင်အပြင်၊ အရွယ်အစား၊ ရနံ့ အားလုံးကွဲပြားနေသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ မင်ယွမ်၏ဆေးလုံးက သွေးနီရောင်ဖြစ်ပြီး ရွှေရောင်ဖျော့ဖျော့ ဝန်းရံနေသည်။ သူ၏ဆေးလုံးကမူ ကျောက်စိမ်းနက်ကဲ့သို့ အနက်ရောင်တောက်ပနေသည့်အပြင် အရွယ်အစားအနည်းငယ် ပို၍ကြီးမားနေသည်။ သို့သော် ဆေးရနံ့တွင် သာလွန်ကောင်းမွန်ပေသည်။ ဆေးလုံးကိုင်ထားရင်း သူက အသက်ရှူလိုက်သောအခါ ထိုအနံ့က အဆုတ်အတွင်း ဝင်ရောက်သွားကာ တစ်ကိုယ်လုံးကို လန်းဆန်းသွားစေသည်။

"ဆေးစွမ်းအင်တွေကို စမ်းသပ်ကြည့်တာပေါ့"

ယဲ့ချန်သည် သူအသစ်ဖော်စပ်ထားသော အနက်ရောင်ဆေးလုံးကို သောက်ချလိုက်သည်။ အဆိုးဆုံးမှ သူက ပေါက်ကွဲပြီး သေရုံသာဖြစ်သည်။ သေသွားလျှင်လည်း နောက်ထပ်ယဲ့ချန်တစ်ယောက်ရှိနေသောကြောင့် လုံးဝစိုးရိမ်စရာ မရှိပေ။ ၎င်းက ပါးစပ်အတွင်း အရည်ပျော်သွားသောအခါ နွေးထွေးသော ဆေးစွမ်းအင်များက လည်ချောင်းမှတဆင့် ဒန်တန်အတွင်း ရောက်ရှိလာ၍ တစ်ကိုယ်လုံးရှိ သွေးကြောများထံ ပျံ့နှံ့သွားကာ ပူလောင်လာခဲ့သည်။ ဆေးစွမ်းအင်များက တစ်ကိုယ်လုံးရှိဆဲလ်တိုင်းကို လှုံ့ဆော်ပေးနေပြီး အသိပ်သည်းဆုံးဖြစ်သော ဒန်တန်က စတင်ကြီးထွားလာသည်။ ကိုယ်တွင်းမှ ပြောင်းလဲမှုများကြောင့် သူက ပျော်ရွှင်စွာဖြင့် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ဆေးစွမ်းအင်များဖြင့် သူ၏ချီပင်လယ်ကို ကျင့်ကြံလိုက်သည်။ ဒန်တန်အတွင်းရှိ နယ်မြေက ကျယ်ပြန့်လာပြီး အဆုံးမရှိသော စကြဝဠာနှင့် ဆင်တူလာခဲ့သည်။ သက်ဆိုင်ရာပတ်လမ်းများတွင် တည်ရှိနေသော ကြယ်ကိုးလုံးကလည်း ဖြည်းဖြည်းချင်း ပို၍သန်မာလာနေပြီး ပြင်းထန်သော ဆေးစွမ်းအင်ကြောင့် ဒန်တန်အတွင်း ပြောင်းလဲနေသည်။

ချီပင်လယ်က ရုတ်တရက် အစွမ်းထက်လာပြီး ကြယ်ကိုးလုံး၏ အလယ်တွင်ရှိနေသော ပုံရိပ်ငယ်က ရွှေရောင်များဝင်းလက်လာ၍ ရွှေစင်ဖြင့်ထုလုပ်ထားသော ပန်းပုပမာ တဖိတ်ဖိတ်တောက်ပနေသည်။ ကြယ်ကိုးလုံးအနက် သစ်သားကြယ်ပေါ်တွင် သေးငယ်သော အပင်ပေါက်ကလေးများ တိုးထွက်လာသည်။ ၎င်းတို့တွင် ကျောက်စိမ်းသဏ္ဍာန် အရွက်ငယ်တစ်ခုနှစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ အဝါရောင်တောက်ပနေသည့် ပင်စည်ငယ်လေးများ ပိုင်ဆိုင်ထားကြသည်။ ထိုအပင်ပေါက်လေးများကြောင့် ကြယ်တစ်ခုလုံးက အသက်ဝင်လာပြီး လှပစွာ ပြောင်းလဲနေခဲ့သည်။

ယဲ့ချန်၏မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်လာခဲ့ပြီး သူ၏ကိုယ်တွင်းရှိ ကြယ်ကိုးလုံး၌ သက်ရှိများဖြစ်ပေါ်လာနိုင်ကြောင်း သိလိုက်ရသည်။ ဤအချက်ကို သူက လုံးဝထင်မထားခဲ့ပေ။ သစ်သားကြယ်က အပြင်စကြဝဠာရှိ သစ်သားတိမ်ကြယ်ကဲ့သို့ပင် ဖြစ်လာနိုင်ချေရှိသည်။ အခြားကြယ်များကို စစ်ဆေးလိုက်သောအခါ ပို၍သန်မာလာသည်မှအပ ပြောင်းလဲမှုမရှိချေ။ သူ၏ကျင့်ကြံခြင်းက အနာဂတ်တွင် မည်သို့ထူးခြားသော ပြောင်းလဲမှုများ ကြုံလာရမည်ကို စဥ်းစားနေခဲ့ပြီး နောက်ဆုံးတွင် ကြယ်ကိုးလုံး၏ပုံသဏ္ဍာန် မည်သို့ပြောင်းလဲသွားမည်ကို အလွန်သိချင်နေခဲ့သည်။

ထူးခြားသော အဆင့်တစ်နတ်မူလဆေးကို အသုံးပြုပြီးနောက် ယဲ့ချန်သည် ချီပင်လယ်အဆင့်လေးသို့ ရောက်ရှိသွားကာ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အဆင့်နှစ်ကိုလည်း အထွတ်အထိပ်အထိ အောင်မြင်ခဲ့သည်။ အကယ်၍ ၎င်းကိုသာ နောက်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့လျှင် ကြယ်ကိုးလုံးက သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။ ဆေးစွမ်းအင်အားလုံးကို စုပ်ယူပြီးနောက် သူက မျက်လုံးများဖွင့်လိုက်သောအခါ အနက်ရှိုင်းဆုံးအပိုင်း၌ ကြယ်ကိုးလုံးတည်ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ဆေးလုံးက အမှန်တကယ် ထူးခြားအစွမ်းထက်ကာ သူစားသောက်ဖူးသော တာအိုနတ်အဆင့် ဝိညာဥ်သားရဲ၏အသားထက် အာနိသင် ပို၍ကောင်းမွန်နေသည်။ သို့သော်လည်း ဆေးယဥ်ပါးသွားနိုင်သဖြင့် သူက ဆယ်ရက်ခြား၍သာ သုံးစွဲရပေလိမ့်မည်။ သူ၏နတ်မူလဆေးက အခြားဆေးများနှင့် ကွာခြားသော်လည်း အာနိသင်အထူးကောင်းမွန်သောကြောင့် ၎င်းကို အဖြေမထုတ်နိုင်ခင်အထိ အဆင့်တစ်နတ်မူလဆေးဟုသာ သတ်မှတ်ထားလိုက်သည်။

လက်ရှိတွင် ဆေးဖော်စပ်ခြင်း အောင်မြင်သွားသောကြောင့် ယဲ့ချန်က ရလဒ်ကို ကျေနပ်စွာဖြင့် နောက်ထပ်ဖော်စပ်ရန် ပြင်ဆင်လိုက်သည်။ ကုန်ကြမ်းအစုံငါးဆယ်စာဖြင့် ဆေးလုံး မည်မျှဖော်စပ်နိုင်မည်ကို သူက အလွန်သိချင်နေသည်။ ပထမဆုံးဆေးလုံး အောင်မြင်ရန်အတွက် သူက ၁၂ကြိမ်အထိ ကျရှုံးခဲ့ရပြီး နောက်ထပ်ဆေးတစ်လုံး မအောင်မြင်ခင်အထိ ငါးကြိမ် ကျရှုံးခဲ့ပြန်သည်။ ဆေးပညာက အလွန်ရှုပ်ထွေးပြီး ကုန်ကြမ်းများ၏ ကွဲပြားခြားနားမှုကြောင့် ဆေးဖော်စပ်နေရင်း မမျှော်လင့်ထားသော အမှားများ ထွက်ပေါ်လာခဲ့သည်။ အကယ်၍ အမှားအယွင်း ကြီးကြီးမားမားမရှိလျှင် ယဲ့ချန်သည် သုံးကြိမ်ကြိုးစားတိုင်း ဆေးတစ်လုံး အောင်မြင်နိုင်ချေရှိသည်။ ကံမကောင်းသည်မှာ ဆေးဖော်စပ်ရန်အတွက် သူက မင်ယွမ်ထက် အချိန်ပိုယူရသောကြောင့် တစ်နေ့လျှင် ဆေးသုံးလုံးသာ ဖော်စပ်နိုင်ခြင်းဖြစ်လေသည်။

All Chapters