← Chapters

အကွက်ချခြင်း

Vol. 40 Ch. 552

အကွက်ချခြင်း

Vol. 40 Ch. 552

မျက်တောင်တစ်ခတ်အတွင်း အချိန်ခြောက်ရက် ကုန်ဆုံးသွားကာ ယဲ့ချန်တစ်ဦးက တစ်ချိန်လုံး ဆေးဖော်စပ်နေစဥ် နောက်တစ်ယောက်က ကုဖေး၏အဖွဲ့နှင့်အတူ ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်ပြီး ပိုက်ဆံရှာခဲ့သည်။ လူသားအဆင့် နတ်ဆိုးချပ်ဝတ်များ၏ အကာအကွယ်ကြောင့် သူတို့က ထိုနေရာများတွင် စိတ်တိုင်းကျသွားလာနိုင်ခဲ့ပြီး ပြဿနာတစ်စုံတရာမတွေ့ရဘဲ ပိုက်ဆံများစွာ ရှာဖွေနိုင်ခဲ့သည်။ ခြင်္သေ့ကြီးက ကောင်းကင်ဘုံငယ်များကို အာရုံခံစစ်ဆေး၍ ရတနာတွေ့ရှိလျှင် သွားရောက်ယူငင်လိုက်ရုံသာဖြစ်သည်။ နတ်ဆိုးချပ်ဝတ်များ ဝတ်ဆင်ထားသဖြင့် သူတို့က ချီပင်လယ်အဆင့်တစ်ဆယ် ဝိညာဥ်သားရဲအုပ်ကြီးနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်စရာမလိုပေ။ ကောင်းကင်ဘုံငယ်များသို့ ပထမခရီးတွင် သူတို့က ဆည်းဆာရွှေသန်းငါးဆယ်ကျော် ရှာဖွေနိုင်ခဲ့ပြီး နောက်တစ်ကြိမ်တွင် သန်းခုနစ်ဆယ်ကျော် ရရှိခဲ့သည်။ ထို့ကြောင့် အမဲလိုက်ခြင်းမှရသော ဝင်ငွေသည် ငွေချေးလုပ်ငန်း၏ ဝင်ငွေထက် များစွာကျော်လွန်သွားလေသည်။

ထိုအချိန်တွင် အထက်တန်းစားဘက်၌ အချို့က ငွေကြေးများ ပြတ်လပ်သွားသောကြောင့် အုပ်စုများ ကိုယ်တိုင်ဖွဲ့၍ ကောင်းကင်ဘုံငယ်များအတွင်း ငွေရှာရန် ဝင်ရောက်ခဲ့ရသည်။ အထက်တန်းစားတစ်ယောက်က ဝိညာဥ်သားရဲများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။ အတိတ်တွင် သူတို့က ကိုယ့်အသက်ကို အဖိုးတန်လွန်းသည်ဟု သွေးနားထင်ရောက်နေပြီး ကောင်းကင်ဘုံငယ်များအတွင်း မဝင်ရောက်ဖူးခဲ့ပေ။ ပိုက်ဆံချမ်းသာသောကြောင့် ဘဝကို စိတ်တိုင်းကျနေနိုင်သည်ဖြစ်ရာ အသက်နှင့်ရင်း၍ စွန့်စားစရာမလိုအပ်ပေ။ သို့သော် လက်ရှိတွင် စီးပွားရေးကျပ်တည်းလာသောအခါ ရွေးချယ်စရာ မရှိတော့ချေ။ အထက်တန်းစားများက သေဆုံးသူအတွက် စျာပနတစ်ခုကျင်းပခဲ့ပြီး ယဲ့ချန်နှင့် ကုညီအစ်ကိုအား ဆက်တိုက်ကျိန်ဆဲနေကြသည်။ ထိုသုံးယောက်ကြောင့်သာမဟုတ်လျှင် သူတို့က သာမန်လူတန်းစားများကို ထပ်မံဂုတ်သွေးစုပ်၍ ဇိမ်ကျသောဘဝတွင် အေးအေးဆေးဆေး နေနိုင်ပေလိမ့်မည်။ သို့သော်လည်း ယဲ့ချန်တို့သုံးယောက်လက်ချက်ဖြင့် ဝင်ငွေလမ်းကြောင်း ပြတ်တောက်သွားသောအခါ သည်းမခံနိုင်ကြပေ။

အထက်တန်းစားအချို့က သူတို့၏ပိုင်ဆိုင်မှုများကို ရောင်းချကာ အခြားမြို့များသို့ ပြောင်းရွှေ့ရန် စီစဥ်ခဲ့ကြသည်။ ကိုယ်ပိုင်နယ်မြေကို လေလံတင်၍ ကျစ်ဟွာနတ်တိုင်းပြည်၏ တော်ဝင်မြို့တော်သို့ ပြောင်းရွှေ့မည့် အထက်တန်းစားလည်း အပါအဝင်ဖြစ်သည်။ သို့သော် ရန်ယွင်မြို့တော်အတွင်း အဆင့်မြင့်မြင့်နေခဲ့သော အများစုက ပြောင်းရွှေ့လိုခြင်း မရှိပေ။ အကယ်၍ သူတို့က အခြားမြို့များသို့ ပြောင်းရွှေ့သွားလျှင် ထိုနေရာရှိအင်အားစုများအတွင်း တိုးဝင်ရန် ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်ရပေလိမ့်မည်။ ဤအချက်ကို လက်မခံနိုင်သောကြောင့် သူတို့က သာမန်လူတန်းစားများကို ပြန်လည်ဖိနှိပ်၍ အတိတ်မှအခြေအနေမျိုးရယူနိုင်ရန် ဆင်ကြံကြံနေကြသည်။

ခြောက်ရက်အတွင်း ယဲ့ချန်သည် ကုန်ကြမ်းအစုံငါးဆယ်ဖြင့် ဆေးလုံး၁၃လုံး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ တစ်လုံးကို သူက အသုံးပြုလိုက်သောကြောင့် ကျန်ရစ်သည့် ဆယ့်နှစ်လုံးတွင် ငါးလုံးကိုပြန်လည်ရောင်းချ၍ ကုန်ကြမ်းများထပ်မံဝယ်ယူရန် စီစဥ်ထားသည်။ သူက ဤကိစ္စကို ဆောင်ရွက်ရန် ခြံဝန်းအပြင်ထွက်လာစဥ် အစေခံအဝတ်အစားနှင့် လူတစ်ယောက်က စောင့်ကြိုနေခဲ့သည်။

"ငါ့သခင်က မင်းကိုတွေ့ဆုံဖို့ ဖိတ်ကြားလိုက်တယ်။ ချက်ချင်းလိုက်လာခဲ့စမ်း"

ယိရန်၏အစေခံဖြစ်သော ချင်းရင်က ယဲ့ချန်ကို မောက်မာစွာ အမိန့်ပေးလိုက်သည်။ သူ၏အမြင်တွင် ယဲ့ချန်က သာမန်လူတစ်ယောက်ဖြစ်သောကြောင့် ယိရန်၏ဖိတ်ကြားခြင်း ခံရရန် မထိုက်တန်ချေ။

"မင်းသခင်က ဘယ်သူလဲ"

ယဲ့ချန်က တစ်ချက်စိုက်ကြည့်၍ အေးစက်စက်ပြန်မေးလိုက်သည်။ သူ့ကိုဖိတ်ကြားရန် လွှတ်လိုက်သော နောက်လိုက်ခွေးက အလွန်မောက်မာနေပုံရသည်။

"ငါ့သခင်က ရန်ယွင်မြို့ရဲ့နံပတ်တစ် အထက်တန်းစား ဧကရာဇ်လင်းရဲ့တပည့် ယိရန်ပဲ"

ချင်းရင်က ဂုဏ်ယူဝံ့ကြွားစွာ ဖြေလိုက်သည်။ ယိရန်၏အမည်ကို ထုတ်ပြောလိုက်လျှင် အထက်တန်းစားများပင် သူ့ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံကြစမြဲပင်ဖြစ်သည်။

"ဘာကိစ္စရှိရှိ သူကိုယ်တိုင် လာတွေ့ခိုင်းလိုက်။ ငါ့မှာ အလုပ်အကိုင်ရှိတယ်။ အားယားမနေဘူး"

ယဲ့ချန်က ချင်းရင်ကို ကြည့်ပင်မကြည့်ဘဲ လှည့်ထွက်လိုက်သည်။ သူ၏စကားကြောင့် ထိုအစေခံက မယုံကြည်နိုင်ဟန်ဖြင့် ဒေါသထွက်လာခဲ့သည်။ ယဲ့ချန်က သူ့ကို ငြင်းဆန်ခဲ့သည့်အပြင် ယိရန်ကိုယ်တိုင်လာတွေ့ရန် အမိန့်ပေးခဲ့သည်။ သူ၏အမြင်တွင် ယဲ့ချန်က မည်သူမှမဟုတ်သော နိမ့်ကျသူတစ်ယောက်ဖြစ်သည်။ လျစ်လျူရှုခြင်းခံရသောအခါ သူ၏မျက်နှာတစ်ခုလုံး မည်းနက်နေကာ ယဲ့ချန်ကို ကျောဘက်မှ လှမ်းရိုက်ရန် ပြင်လိုက်သည်။

"ရပ်နေစမ်း။ မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ ခွေးကောင်"

ချင်းရင်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး ယဲ့ချန်၏ လျစ်လျူရှမှုကြောင့် ပို၍စိတ်ဆိုးဒေါသထွက်လာသည်။ သူ၏စိတ်ထဲတွင် ယိရန်က ပြိုင်ဘက်ကင်းသော အထက်တန်းစားတစ်ယောက်ဖြစ်ကာ ယဲ့ချန်က သာမန်လူတစ်ယောက်ဖြစ်သည်။

"ဘန်း"

သို့သော် ထိုအချိန်တွင် ယဲ့ချန်က နောက်လှည့်လာပြီး ချင်းရင်၏မျက်နှာကို ရိုက်ချလိုက်သောအခါ တစ်ကိုယ်လုံးလွင့်ထွက်သွားကာ အနီးရှိနံရံတစ်ခုထံ ဝင်ဆောင့်သွားခဲ့သည်။ အရိုက်ခံရသော မျက်နှာဘက်ခြမ်းတွင် လက်ငါးချောင်းရာကြီး အထင်းသားပေါ်လွင်နေကာ ဝက်တစ်ကောင်ကဲ့သို့ ဖူးရောင်နေသည်။ ချင်းရင်သည် ဤရိုက်ချက်ကြောင့် တုန်လှုပ်သွားကာ ယဲ့ချန်မှ သူ့ကို ရိုက်ရဲမည်ဟု ထင်မထားသောကြောင့် ကြက်သေသေနေခဲ့သည်။

"မင်း မင်း ငါ့ကို ရိုက်ရဲတယ်လား"

သူက အစေခံတစ်ယောက်ဖြစ်သော်လည်း ချီပင်လယ်အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်က ယဲ့ချန်ထက် ပိုမြင့်နေသောကြောင့် အလေးအနက်ထားရန်မလိုဟု တွေးထားခဲ့သည်။ သို့သော် ယဲ့ချန်၏ရိုက်ချက်တွင် ချီပင်လယ်အဆင့်ခုနစ်၏စွမ်းအားမျိုး ပါဝင်နေကာ ကြမ်းတမ်းလွန်းသဖြင့် သူက မူးဝေနေခဲ့သည်။ မောက်မာနေသော ချင်းရင်၏အမူအရာက ပျောက်ကွယ်သွားကာ ဆက်လက်ဝံ့ကြွားနေလျှင် သေအောင်ရိုက်သတ်ခံရမည်ကို သိသောကြောင့်ဖြစ်သည်။ တာအိုအိမ်တော်၏ ဥပဒေများအရ စတင်တိုက်ခိုက်သူမှာ ချင်းရင်ဖြစ်သောကြောင့် ယဲ့ချန်က ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိသည်။

"ဟောင်နေတဲ့ခွေးတစ်ကောင်ကို ရိုက်တာက ဘာပြဿနာရှိလဲ။ ပြန်သွားပြီး ပြောလိုက်စမ်း။ မင်းရဲ့သခင်ဆိုတဲ့ ခွေးမသားကို ကျန်တဲ့ကောင်တွေ ကြောက်ရင်ကြောက်လိမ့်မယ်။ ငါဆိုတဲ့ယဲ့ချန်ကတော့ စောက်ဂရုမစိုက်ဘူး။ အလင်းထဲကလာလာ အမှောင်ထဲကလာလာ ကြိုက်သလို စိန်ခေါ်နိုင်တယ်"

ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။ ချင်းရင်ကို စေလွှတ်လိုက်ခြင်းမှာ သူ့ကိုအရှက်ခွဲရန် ဖြစ်သောကြောင့် သူ့ဘက်က ယဥ်ကျေးနေစရာမလိုပေ။ ထို့နောက် သူက နောက်လိုက်ခွေးကို လျစ်လျူရှုကာ ရန်ယွင်မြို့ထံ ဦးတည်ထွက်ခွာသွားသည်။ ချင်းရင်သည် အထက်တန်းစားများကို မကြောက်သူတစ်ဦးအား ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ တစ်ဖက်လူက ယိရန်ကိုပင် မျက်လုံးထဲထည့်မထားသောကြောင့် ဆက်လက်အငြင်းပွားနေလျှင် သူက ထိခိုက်ရပေလိမ့်မည် ။ပတ်ဝန်းကျင်ရှိ သာမန်ပြည်သူများကလည်း သူ့ကို သားရဲကောင်ကြီးများပမာ စိုက်ကြည့်ရင်း ရှေ့တိုးလာနေကြသည်။ ထို့ကြောင့် ယိရန်၏နောက်လိုက်ခွေးမှာ အဝေးသို့ အလန့်တကြား ထွက်ပြေးသွားလေသည်။

စားသောက်ဆိုင်၏ သီးသန့်ခန်းအတွင်း အထက်တန်းစားများစုဝေးနေကာ လှပသော မိန်းမပျိုလေးများက အဖော်ပြုပေးနေကြသည်။ ထိုအချိန်တွင် ချင်းရင်က တံခါးဖွင့်၍ ရောက်ရှိလာကာ ယိရန်ရှေ့တွင် ဒူးထောက်၍ အော်ဟစ်တိုင်တန်းလိုက်သည်။

"မင်း သူ့ကို ဖိတ်မလာခဲ့ဘူးလား"

ချင်းရင်၏အမူအရာကို မြင်သောအခါ ယိရန်၏မျက်နှာက အေးစက်တင်းမာသွားခဲ့သည်။

"သခင် ဒီခွေးကောင်က ခင်ဗျားကို မျက်စိထဲလုံးဝထည့်မထားပါဘူး။ ကျုပ်က ယဥ်ယဥ်ကျေးကျေးဖိတ်ခေါ်ခဲ့ပေမယ့် မျက်နှာကို ရိုက်နှက်ခဲ့ပါတယ်။ ဒီလုပ်ရပ်က သခင့်ကို လုံးဝဆန့်ကျင်လိုက်တာဖြစ်ပါတယ်။ ပြီးတော့ သူက သခင်ကိုယ်တိုင် လာတွေ့ရမယ်လို့ ပြောလိုက်ပါတယ်။ အလင်းထဲကဖြစ်ဖြစ် အမှောင်ထဲကဖြစ်ဖြစ် ဂရုမစိုက်ပါဘူးတဲ့"

ချင်းရင်က သူ၏မျက်နှာပေါ်ရှိ လက်ဝါးရာကိုပြသကာ လျှောက်တင်လိုက်ခြင်းဖြစ်သည်။ ချင်းရင်၏စကားကို ကြားသောအခါ ယိရန်က မတ်တပ်ထရပ်၍ သေရည်ခွက်များကို ဒေါသတကြီး ရိုက်ခွဲနေခဲ့သည်။ သူ၏လုပ်ရပ်ကြောင့် အစေခံမလေးများက ကြောက်လန့်သွားပြီး နေရာတွင် တုတ်တုတ်မျှမလှုပ်ရဲဘဲ ဒူးထောက်လိုက်ကြသည်။

"ယဲ့ချန် အရမ်းကောင်းတယ်။ မင်းက ငါ့ကို မျက်လုံးထဲမထည့်ထားဘူးပေါ့ "

ချင်းရင်၏အကျင့်စရိုက်ကို သိထားသော ယိရန်သည် သူ၏အစေခံက ယဲ့ချန်ကို အရင်ရန်စခဲ့ကြောင်း ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ဥပဒေအရ ယဲ့ချန်ကို ပြဿနာရှာ၍မရချေ။ သို့သော် ခွေးကိုမရိုက်ခင် သခင်ကို ကြည့်သင့်သည်ဟူသော စကားအရ ယဲ့ချန်က မောက်မာလွန်းနေသည်။

"အစ်ကိုယိရန် ဒီခွေးကောင်ကို ခေါ်မလာနိုင်ရင် ငါတို့အကြံ ပျက်စီးသွားလိမ့်မယ်"

ရှုချင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်ခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း ကျစ်ဟွာတော်ဝင်မြို့မှ အထက်တန်းစားတစ်ယောက်က ရန်ယွင်မြို့သို့ ရောက်ရှိလာပေလိမ့်မည်။ ထိုလူက အလွန်အဆင့်အတန်းမြင့်ပြီး နောက်ခံမျိုးနွယ်က အလွန်အစွမ်းထက်သည်။ ထိုမျိုးနွယ်၏ပိုင်ဆိုင်မှုက ဆည်းဆာရွှေဘီလီယံရာချီပြီး နတ်တိုင်းပြည်ဆယ်ခုတွင် စီးပွားရေးလုပ်ငန်းများ ဖြန့်ကျက်ထားနိုင်သည်။ ထို့အပြင် သူက ယိရန်၏ဆရာ ဧကရာဇ်လင်းထက် ပို၍အစွမ်းထက်သော နှင်းဧကရာဇ်၏ တူတော်စပ်သူဖြစ်သည်။ ယိရန်နှင့် ရှုချင်း၏အကြံမှာ ယဲ့ချန်ကိုဖိတ်ခေါ်ပြီး ထိုအထက်တန်းစားနှင့် ရန်တိုက်ပေးရန်ဖြစ်သည်။ အကယ်၍ ယဲ့ချန်သာ သူ့ကိုစော်ကားလိုက်လျှင် မည်သူမှ ကယ်တင်နိုင်မည်မဟုတ်ဟု တွေးထင်ထားကြသည်။ သို့သော်လည်း ယဲ့ချန်က သူတို့၏ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့သောအခါ အကြံအစည် ကျရှုံးသွားခဲ့သည်။ သူ့ကို လှည့်စားလိမ်လည်ရန် လွယ်ကူခြင်းမရှိပေ။

"အရှင်လင်ယုက နောက်တစ်ရက်ကျရင် ရောက်လာလိမ့်မယ်။ အရင်ဆုံး သူ့ကို ကောင်းကောင်းဧည့်ခံထားကြတာပေါ့။ သူက ရန်ယွင်မြို့မှာ ရက်အနည်းငယ်နေမှာဖြစ်လို့ ငါတို့မှာ အခွင့်အရေးရှိသေးတယ်"

ယိရန်၏မျက်နှာက မည်းနက်နေသည်။ မည်သည့်နည်းလမ်းမျိုး အသုံးပြုရပါစေ သူက ယဲ့ချန်ကို သေချာပေါက် နင်းချေပစ်ရပေလိမ့်မည်။ သူ၏ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်ခြင်းက သူ၏မိဘများကို သတ်လိုက်ခြင်းနှင့်မခြားဟု ခံယူထားသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၅၀ပိုင်ရှင်၊ စစ်ဧကရာဇ်လင်း၏တပည့်၊ တာအိုနတ်အဆင့်ကျင့်ကြံသူစသော ဂုဏ်ပုဒ်များက သူ့ကို အလွန်မောက်မာစေခဲ့ပြီး သူ၏အမြင်တွင် ယဲ့ချန်က ပမွှားတစ်ကောင်သာဖြစ်သည်။ သို့သော်လည်း အရှိတရားက ဆန့်ကျင်ဘက်ဖြစ်နေပြီး ထန်တိုက်လင်က သူ့ကို လျစ်လျူရှုထားကာ ယဲ့ချန်ကို ဂရုစိုက်နေခဲ့သည်။ ထန်တိုက်လင်မရှိလျှင် ဝိညာဥ်ပေါင်းစပ်နှုန်းသုညသာရှိသော ယဲ့ချန်က ရန်ယွင်မြို့တွင် ဘာမှမဟုတ်ဟု ထင်ထားခဲ့သော်လည်း သူ၏မဟာရန်သူတော် ဖြစ်လာခဲ့သည်။ ကောင်းကင်ဘုံငယ်များမှ သူ၏ဝင်ငွေကို ယဲ့ချန်က လုယူသွားသောအခါ အလေးအနက်ထား ရင်ဆိုင်ရန်မှလွဲ၍ ယုံကြည်စရာမရှိပေ။

တာအိုအိမ်တော်၏ဥပဒေများက အကာအကွယ်ပေးထားသောကြောင့် သူက ယဲ့ချန်ကို ကိုယ်ထိလက်ရောက် ကျူးလွန်၍မရပေ။

"မင်းလိုအောက်တန်းစားကများ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့"

ယိရန်က စိတ်ထဲတွင် ဆက်တိုက်ကျိန်ဆိုနေသည်။ အကယ်၍ တာအိုအိမ်တော်၏ ဥပဒေသာမရှိလျှင် သူ၏တာအိုနတ်အဆင့် ခွန်အားဖြင့် ယဲ့ချန်ကိုသတ်ခြင်းမှာ လက်ဖဝါးကို ဟိုဘက်ဒီဘက်လှန်သလောက် လွယ်ကူပေလိမ့်မည်။

"ဒီလောက် ဒေါသထွက်နေစရာ မလိုပါဘူး။ လောလောဆယ် ဒီခွေးကောင်က မောက်မာနိုင်ပေမယ့် အနှေးနဲ့အမြန် ငါတို့လက်ထဲ ရောက်လာမှာပါ"

ရှုချင်းက နှစ်သိမ့်လိုက်သည်။ အမြဲတစေ တည်ငြိမ်နေတတ်သော ယိရန်က အလွန်ဒေါသပေါက်ကွဲနေသဖြင့် သူက အံ့သြနေခဲ့သည်။ နောက်ဆုံးတွင် အသေအချာစဥ်းစားပြီးနောက် ထန်တိုက်လင်ကြောင့်ဖြစ်ကြောင်း နားလည်လိုက်သည်။ ထန်တိုက်လင် ထွက်ခွာသွားပြီဖြစ်သော်လည်း ယိရန်၏တပ်မက်စိတ်က တစ်နေ့တခြား ကြီးမားလာကာ အချိန်တိုင်း ပိုဆိုးလာသဖြင့် ဒေါသစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူက ထန်တိုက်လင်ကို တပ်မက်နေကြောင်း ပေါ်တင်ဝန်မခံသော်လည်း ရှုချင်းက ရိပ်မိနေသည်။ သူ၏တည်ငြိမ်သော ညီအစ်ကိုက မိန်းမတစ်ယောက်ကြောင့် ပြောင်းလဲသွားသောအခါ ရှုချင်း၏စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်မိလေသည်။

All Chapters