← Chapters

တန်းဟိုင် ကာကွယ်ရေးသားရဲ

Vol. 40 Ch. 553

တန်းဟိုင် ကာကွယ်ရေးသားရဲ

Vol. 40 Ch. 553

ယဲ့ချန်သည် ရုပ်သွင်ကို ပြောင်းလဲပြီးနောက် ချန်းလိုင်၏ဆေးဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ချန်းလိုင်က သူ့ကို တူညီသော အခန်းအတွင်း၌ တွေ့ဆုံခဲ့သည်။

"ကုန်ကြမ်းအစုံ ငါးဆယ်လုံး အသုံးပြုပြီးသွားပြီလား"

ချန်းလိုင်က တစ်ချက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။ သူက ဆေးစံအိမ်၏ဆေးဆရာများကို အချိန်တိုင်းစောင့်ကြည့်နေခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မှ ယဲ့ချန်နှင့်မပူးပေါင်းခဲ့ကြောင်း သိထားသည်။ ထို့ကြောင့် ယဲ့ချန်က ဆေးဖော်စပ်ရန် ဆေးဆရာတစ်ယောက်ကို မည်သို့ရှာဖွေထားကြောင်း စဥ်းစားမရပေ။

"ဟုတ်တယ်"

"ဒါဆိုရင် နတ်မူလဆေးကရော။ ဖြစ်နိုင်တာက ဆေးတစ်လုံးမှ မအောင်မြင်ခဲ့ဖူးလား"

အကယ်၍ ယဲ့ချန်က သူ့ထံမှ ကုန်ကြမ်းများ ထပ်မံဝယ်ယူလိုလျှင် ဖော်စပ်ရသမျှဆေးလုံးများကို ချန်းလိုင်ထံ ရောင်းချရန် သဘောတူထားခဲ့သည်။

"ဒါကို တစ်ချက်ကြည့်လိုက်"

ယဲ့ချန်က နတ်မူလဆေးတစ်လုံးကို ချန်းလိုင်ထံ ပစ်ပေးလိုက်သောအခါ သူက ဖမ်းယူ၍ ချက်ချင်းစစ်ဆေးလိုက်ပြီး မင်သက်သွားခဲ့သည်။ ၎င်းက သာမန်အဆင့်တစ် နတ်မူလဆေးများနှင့်ကွာခြားနေပြီး ကျောက်စိမ်းနက်ကဲ့သို့ လုံးဝနက်မှောင်နေကာ ဆေးရနံ့က ပို၍ပြင်းထန်နေသည်။

"ပစ္စည်းကောင်းလေးပဲ။ ထိပ်တန်းအရည်အသွေးနဲ့ အဆင့်တစ် နတ်မူလဆေး"

ချန်းလိုင်က ဆေးလုံးကို အနည်းငယ်ဖဲ့ယူ၍ ပါးစပ်အတွင်းထည့်ကာ ဆေးစွမ်းအင်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူက ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး ချီးကျူးလိုက်ရင်း ယဲ့ချန်ကို အံ့သြစွာ စိုက်ကြည့်လိုက်သည်။ ထိပ်တန်းအရည်အသွေးရှိသော အဆင့်တစ်နတ်မူလဆေးကို ဖော်စပ်ရန် အနည်းဆုံး ကြယ်သုံးပွင့်ဆေးဆရာတစ်ယောက် လိုအပ်သောကြောင့် ယဲ့ချန်နောက်ကွယ်၌ တစ်ယောက်ယောက်ရှိနေနိုင်သည်။ ကြယ်သုံးပွင့်ဆေးဆရာတစ်ယောက်သည် ကျစ်ဟွာတော်ဝင်မြို့၌ပင် တည်ရှိမှုကြီးတစ်ခုဖြစ်ပြီး နတ်တိုင်းပြည်တစ်ခုလုံးတွင် ထိုအဆင့်သို့ရောက်သော ဆေးဆရာများက လက်တစ်ဆုပ်စာသာ ရှိလေသည်။

"ဘယ်စျေးပေးမှာလဲ"

ယဲ့ချန်က ဟန်ကိုယ့်ဖို့၍ မေးလိုက်ခြင်းဖြစ်သည်။ အမှန်တကယ်၌ သူ၏ဆေးလုံးများက မည်သည့်စျေးရှိကြောင်း မသိထားပေ။ ချန်းလိုင်၏ချီးကျူးစကားကြောင့် ဤဆေးလုံးများက သာမန်မဟုတ်ဘဲ အကောင်းဆုံးဖြစ်ကြောင်း သိလိုက်ရသည်။ ဤကား သူ၏ပထမဆုံး နတ်မူလဆေးဖော်စပ်ခြင်းဖြစ်ကာ အောင်မြင်မှုက ကြီးမားနေခဲ့သည်။ သို့သော် ၎င်းတို့ကိုဖော်စပ်ရခြင်းက အလွန်ပင်ပန်းပြီး တစ်ရက်လျှင် သုံးလုံးက သူ၏အကန့်အသတ်ဖြစ်သည်။ အကယ်၍ သူ၏အတွေးကိုသာ အခြားကြယ်သုံးပွင့်ဆေးဆရာများသိလျှင် စိတ်ဓာတ်ကျလွန်းသဖြင့် သွေးပွက်ပွက်အန်သွားနိုင်သည်။ ထိပ်တန်းအရည်အသွေးရှိ နတ်မူလဆေးကိုဖော်စပ်ရာတွင် ယဲ့ချန်၏အောင်မြင်နှုန်းက သာမန်ဆေးဆရာများ၏ အောင်မြင်နှုန်းထက် များစွာမြင့်မားနေသည်။

"တစ်လုံးကို ဆည်းဆာရွှေဆယ်သန်း"

ချန်းလိုင်က သူ့လက်ထဲရှိ ဆေးလုံးနှင့် ယဲ့ချန်ကို တလှည့်စီကြည့်ရင်း အဖြေပေးလိုက်သည်။ သာမန်နတ်မူလဆေးဆိုလျှင် သူက ဆည်းဆာရွှေခြောက်သန်းနှင့်ဝယ်ယူရန် သဘောတူထားသော်လည်း ယဲ့ချန်၏တည်ငြိမ်သော မျက်နှာထားကြောင့် မလှည့်စားရန် ဆုံးဖြတ်လိုက်သည်။ သာမန်နတ်မူလဆေးများကို မှောင်ခိုစျေးကွက်၌ ဆည်းဆာရွှေဆယ်သန်းဖြင့် ရောင်းချနိုင်ပြီး ထိပ်တန်းအရည်အသွေးဆိုလျှင် ဆယ့်ရှစ်သန်းအထိ စျေးကောင်းရနိုင်သည်။

"ဆယ့်သုံးသန်း"

ယဲ့ချန်က မျက်လုံးများကျဥ်းမြောင်း၍ စျေးကို မြှင့်လိုက်သည်။ မှောင်ခိုစျေးကွက်အကြောင်း သူက မသိထားသော်လည်း ချန်းလိုင်အတွက် အကျိုးအမြတ်များကြောင်း ခန့်မှန်းလိုက်နိုင်သည်။

"မဖြစ်နိုင်ဘူး။ အများဆုံး ဆယ့်နှစ်သန်းပဲ ပေးနိုင်မယ်။ ပြီးတော့ မင်းအတွက် ကုန်ကြမ်းတွေကို ငါ့ဆီက ဝယ်ရမယ်မလား"

ချန်းလိုင်က တစ်ချက်ပြုံး၍ ခေါင်းယမ်းကာ သတိပေးလိုက်သည်။ အကယ်၍ ယဲ့ချန်က နောက်ထပ်ဆေးဖော်စပ်လိုလျှင် ကုန်ကြမ်းများ လိုအပ်ပေလိမ့်မည်။ ထို့အပြင် သူက တစ်မြို့လုံးရှိ အထက်တန်းစားများကို စော်ကားထားသောကြောင့် အခြားနေရာမှဝယ်ယူရန် မဖြစ်နိုင်ပေ။

"တကယ်တော့ ကုန်ကြမ်းတွေလိုချင်ရင် လွယ်လွယ်လေးပါ။ ကျုပ်က တစ်ယောက်ယောက်အတွက် ဆည်းဆာရွှေသန်းနှစ်ဆယ်သုံးပြီး ကြေးသခင် လုပ်ခိုင်းလိုက်လို့ရတယ်။ ခင်ဗျားက ဒီလောက်အမြတ်ထွက်နေမှတော့ ဆယ့်သုံးသန်းက သင့်တော်ပါတယ်"

သို့သော် ယဲ့ချန်က ခေါင်းမာစွာဖြင့် ခပ်ပြတ်ပြတ်ငြင်းဆန်လိုက်သည်။ သူက စျေးကွက်အကြောင်း အသေအချာသိထားယောင်ဆောင်နေသော်လည်း အမှန်တကယ်၌ နတ်မူလဆေးများ၏မှောင်ခိုစျေးကို မသိချေ။ ဆည်းဆာရွှေဆယ်သန်းက သူထင်ထားသည်ပင် များနေသောအခါ စျေးနှုန်းကိုတိုးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ချန်းလိုင်၏နောက်ခံက ကြီးမားပုံပေါ်သောကြောင့် အကြောင်းအရင်းမရှိ ရန်မစလို၍သာ ဆယ့်သုံးသန်းတည်း တောင်းလိုက်ခြင်းဖြစ်သည်။

"မင်းက ကြေးသခင်တစ်ယောက်ဖြစ်လာရင်တောင် ဝယ်ယူခွင့်အကန့်အသတ်အရ ကုန်ကြမ်းအစုံငါးဆယ်စာထက် ပိုမဝယ်နိုင်ဘူး"

ချန်းလိုင်က မျက်မှောင်ကြုတ်၍ ညှိနှိုင်းရန် ကြိုးစားနေသည်။ အကယ်၍ ဆည်းဆာရွှေဆယ့်သုံးသန်းပေးလိုက်ရလျှင် သူ့အတွက် အတော်အတန် အမြတ်ထွက်နေပြီဖြစ်သည်။ ယဲ့ချန်၏ယုံကြည်မှုရှိသော မျက်နှာထားကြောင့် မှောင်ခိုစျေးကွက်အကြောင်း သိနေသည်ဟု သူက အထင်လွဲသွားခဲ့သည်။

"ဆယ့်သုံးသန်း။ တစ်ပြားမှ မလျှော့နိုင်ဘူး။ ခင်ဗျားဆီက ကုန်ကြမ်းတွေ ထပ်မရရင်တောင် ဒီဆေးကို လေလံအိမ်ပို့လိုက်ရင် စျေးကတော့ နိမ့်မယ်မထင်ဘူး"

"ဒါဆိုရင်လည်း ဆယ့်သုံးသန်းပေါ့ကွာ။ ဆေးလုံးအရေအတွက် ဘယ်လောက်ရခဲ့လဲ"

နောက်ဆုံးတွင် ချန်းလိုင်က သက်ပြင်းတစ်ချက်ချ၍ နာကျင်နေသော မျက်နှာထားဖြင့် သဘောတူလိုက်သည်။

"လောလောဆယ် ငါးလုံးရောင်းမယ်"

ယဲ့ချန်က နတ်မူလဆေးငါးလုံး ထုတ်ပေးလိုက်ပြီး ကျန်ဆေးများကို သူ၏ကျင့်ကြံခြင်းတွင် အသုံးပြုရန် ရည်ရွယ်ထားခဲ့သည်။

"နောက်တစ်ခေါက်ဆိုရင်တော့ ငါးလုံးထက် ပိုများများရောင်းဖို့ တောင်းဆိုချင်တယ်"

ချန်းလိုင်က ခေါင်းညိတ်ပြီးနောက် ယဲ့ချန်သည် ဆည်းဆာရွှေသန်းခြောက်ဆယ် အသုံးပြုပြီး နောက်ထပ်ကုန်ကြမ်းအစုံ တစ်ရာ့ငါးဆယ်စာ ဝယ်ယူလိုက်သည်။ အရောင်းအဝယ်ပြုလုပ်ပြီးနောက် သူက ဆေးဆိုင်အတွင်းမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။

ချန်းလိုင်သည် သူ၏လက်အတွင်းရှိ နတ်မူလဆေးများကို စိုက်ကြည့်ရင်း စဥ်းစားခန်းဝင်နေခဲ့သည်။ ယဲ့ချန်၏နောက်တွင် ကြယ်သုံးပွင့်ဆေးဆရာတစ်ယောက်ရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။ အကြောင်းအရင်းအချို့ကြောင့် ထိုဆေးဆရာက လူမြင်ကွင်းသို့ မထွက်လိုခြင်းဖြစ်နိုင်သည်။ သို့သော် စီးပွားရေးလုပ်ရာတွင် အမြတ်ထွက်နေသရွေ့ သူက ဤအချက်များကို ဂရုမစိုက်ပေ။ ထိပ်တန်းအရည်အသွေးနှင့် ဆေးငါးလုံးအနက်မှ တစ်လုံးကို အသုံးပြုလိုက်လျှင်ပင် သူ့အတွက် အမြတ်ထွက်နေဆဲပင်။ ဤသို့သော ဆေးလုံးမျိုးကို အသုံးပြုနိုင်သော အခွင့်အရေးက အမှန်တကယ်ရှားပါးလှသည်။

ယဲ့ချန်သည်လည်း လူရှုပ်ထွေးနေသော လမ်းမထက်တွင် လမ်းလျှောက်ရင်း အတွေးနက်နေသည်။ ဆေးဆရာများက အမှန်တကယ်ဝင်ငွေကောင်းပြီး ဆေးတစ်လုံးတည်းဖြင့် သန်းပေါင်းစွာ ရှာဖွေနိုင်သည်။ ထို့ကြောင့် ကောင်းကင်မူလတိုက်ကြီးတွင် အမြင့်မြတ်ဆုံး အလုပ်နှစ်မျိုးအနက် တစ်မျိုးဖြစ်နေပုံပေါ်သည်။ သူက ဆေးစံအိမ်မှထိန်းချုပ်ထားသော ဆေးဆရာများနှင့်မတူဘဲ လွတ်လပ်မှုရှိသည်။ သူတို့က ဆေးဖော်စပ်နိုင်လျှင်ပင် ဆေးလုံးများကို ဆေးစံအိမ်မှ သိမ်းယူသွားပေလိမ့်မည်။ သို့သော် ကုန်ကြမ်းများကို ကိုယ်တိုင်ဝယ်ယူနိုင်သော ဆေးဆရာအရေအတွက်ကလည်း များစွာမရှိပေ။ နတ်မူလဆေးများကို ဆေးစံအိမ်မှ တင်းကြပ်စွာ ကန့်သတ်ထားသောကြောင့် မှောင်ခိုစျေးကွက်တွင် ၎င်းတို့၏တန်ဖိုးက မိုးထိုးမတတ်မြင့်မားနေသည်။ သူက စဥ်းစားခန်းဖွင့်ရင်း လမ်းလျှောက်နေစဥ် လမ်းမထက်၌ ရထားလုံးတစ်စီး ထွက်ပေါ်လာသည်။

၎င်းက အလွန်စျေးကြီးပုံပေါ်ပြီး ဆွဲလာသော မြင်းရှစ်ကောင်ကလည်း အဖိုးတန် ကောင်းကင်မီးတောက်မြင်းများ ဖြစ်ကြသည်။ မြင်းတိုင်းက တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေပြီး အညစ်အကြေးဟူ၍ မြူမှုန်မျှပင်မရှိသည့်အပြင် အဖြူရောင်တောင်ပံများကိုခတ်ကာ ရထားလုံးကို လေထဲမှ သယ်ဆောင်လာခဲ့သည်။ ရထားလုံး၏ကိုယ်ထည်ကို အဖိုးတန်ငွေသတ္တုဖြင့် ပြုလုပ်ထားကာ ကျောက်စိမ်းပုလဲများစီခြယ်ထားသော လိုက်ကာတစ်ခုနှင့် တံခါးကို ကာရံထားသည်။ ၎င်း၏အသွင်အပြင်အရ တန်ကြေးက အနည်းဆုံး ဆည်းဆာရွှေသန်းရာချီဖြစ်ကာ အတွင်းခန်း၌ မည်သို့သော အဖိုးတန်အဆောင်အယောင်များ ရှိနေမည်ကို မပြောနိုင်ပေ။ ရထားလုံးမောင်းသူကလည်း ကောင်းမွန်စွာဝတ်စားဆင်ယင်ထားကာ အစွမ်းထက်အရှိန်အဝါကို ပိုင်ဆိုင်ထားသော အစောင့်များ လိုက်ပါလာသဖြင့် လမ်းပေါ်မှလူများ ဘေးသို့ ဖယ်ပေးလိုက်ရသည်။ ဤမြင်ကွင်းက ဘုရင်တစ်ပါး တိုင်းခန်းလှည့်လည်လာသည်နှင့်ပင် တူညီနေသည်။

"သူတို့က ဘယ်သူတွေလဲ"

"ဒီသတင်းကို မင်းမကြားထားဘူးလား။ ရထားလုံးထဲမှာ ကျစ်ဟွာတော်ဝင်မြို့က လင်မျိုးနွယ်သခင်လေး လင်ယု လိုက်လာတယ်တဲ့"

"လင်မျိုးနွယ်ဆိုရင်တော့ ဒီလောက်ဟိတ်ဟန်ကြီးနေတာ အံ့သြစရာမဟုတ်တော့ဘူး"

"လင်မျိုးနွယ်က ဒီလောက်တောင် အစွမ်းထက်တာလား"

ဗဟုသုတနည်းသူအချို့က ပတ်ဝန်းကျင်မှ လူများထံ စပ်စုလိုက်ကြသည်။

"လင်မျိုးနွယ်က ကျစ်ဟွာနတ်တိုင်းပြည်ရဲ့ မျိုးနွယ်ကြီးတွေထဲက တစ်ခုဖြစ်ပြီး နတ်တိုင်းပြည်ဆယ်ခုကျော်မှာ စီးပွားရေးလုပ်လို့ ပိုင်ဆိုင်မှုကလည်း ဆည်းဆာရွှေဘီလီယံရာချီတယ်။ သူတို့ကိုနောက်ခံပေးနေတဲ့ စစ်ဧကရာဇ်တစ်ယောက်လည်း ရှိတယ်။ စစ်ဧကရာဇ်လင်းရဲ့တပည့် ယိရန်တောင် လင်ယုနဲ့ အနေအထားချင်း မယှဥ်နိုင်ဘူး"

လူတစ်ယောက်က ရှင်းပြလိုက်ခြင်းဖြစ်သည်။ ယိရန်၏မျိုးနွယ်က ရန်ယွင်မြို့တွင် သေးငယ်သော မျိုးနွယ်လေးတစ်ခုဖြစ်ကာ ယိရန်ကို စစ်ဧကရာဇ်လင်းမှ တပည့်အဖြစ်လက်ခံခဲ့သောကြောင့် ချမ်းသာလာခြင်းဖြစ်သည်။ သို့သော်လည်း တော်ဝင်မြို့တော်ရှိ သမိုင်းကြောင်းရှည်လျားသော လင်မျိုးနွယ်နှင့်ယှဥ်လျှင် သူတို့က ပိုးစုန်းကြူးပမာ သေးငယ်သွားရသည်။

"ဘီလီယံရာချီ"

လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လင်မျိုးနွယ်၏ကြွယ်ဝမှုက သူတို့အားလုံးကို မနာလိုအားကျစေခဲ့သည်။

"ယိရန်က လင်ယုနဲ့ယှဥ်ရင် တော်တော်နိမ့်ကျတာပေါ့။ သူ့ကျင့်ကြံဆင့်ကရော ဘယ်လောက်ဖြစ်နိုင်လဲ"

"အနည်းဆုံးတော့ တာအိုနတ်အဆင့်ပေါ့ကွ။ အထက်တန်စားမျိုးနွယ်ရဲ့ သခင်လေးတွေက အရင်းအမြစ်ကောင်းကောင်း ရကြတယ်လေ"

လမ်းဘေးတွင် ယဲ့ချန်က မတ်တပ်ရပ်၍ လင်မျိုးနွယ်အကြောင်း နားထောင်နေသော်လည်း သာမန်လူများကဲ့သို့ အားကျခြင်းမရှိပေ။ သူ၏ရည်မှန်းချက်က ကျစ်ဟွာနတ်တိုင်းပြည်တစ်ခုတည်းတွင် ရပ်တန့်နေခြင်း မဟုတ်ချေ။

"ယဲ့မျိုးနွယ်ကို ကောင်းကင်မူလတိုက်ဆီခေါ်ပြီးရင် နတ်တိုင်းပြည်တွေထက် သာလွန်တဲ့ တည်ရှိမျိုး ဖြစ်လာစေရမယ်"

ဤအတွေးက အလှမ်းကွာဝေးနေသော်လည်း ယဲ့ချန်က ယုံကြည်မှုအပြည့်ရှိသည်။

ရထားလုံးမောင်းသမားက ကျာပွတ်ကို မောက်မာစွာ ဝှေ့ယမ်းလိုက်သောအခါ မီးတောက်မြင်းများက လူအုပ်အပေါ်မှ ပျံသန်းသွားခဲ့သည်။ ရထားလုံးအတွင်းမှ သာယာနာပျော်ဖွယ်ဂီတံများ ထွက်ပေါ်နေကာ မြို့ဝန်၏အိမ်တော်ထံ ဦးတည်နေသည်။ အိမ်တော်၏အပြင်ဘက်တွင် ရီရန်က စောင့်ဆိုင်းနေပြီး လင်ယုကို ကိုယ်တိုင်ကိုယ်ကျထွက်၍ ကြိုဆိုနေရသည်။

ရထားလုံးက မြို့ဝန်အိမ်တော်ရှေ့တွင် ရပ်တန့်သွားသောအခါ ရုန်းများရေးထွင်းထားသည့် တံခါးပွင့်လာကာ ဆင်တူဝတ်စုံများနှင့် သန်မာသော ကျင့်ကြံသူလေးယောက် ခုန်ထွက်လာပြီး ဘေးတွင် ရိုရိုသေသေ နေရာယူလိုက်ကြသည်။ ထိုလူလေးယောက်၏ကျင့်ကြံဆင့်က တာနတ်အဆင့်တစ်နှင့် နှစ်များဖြစ်ပြီး လင်ယု၏သက်တော်စောင့်များ ဖြစ်နိုင်သည်။ ထို့နောက် ငယ်ရွယ်ချောမောသော လူငယ်တစ်ယောက်က ရထားလုံးအတွင်းမှ ထွက်လာခဲ့သည်။ သူက အဖိုးတန်ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသောကြောင့် ကျောက်စိမ်းရုပ်တုတစ်ခုနှင့် တူညီနေသည်။ သူ၏အသွင်အပြင်က ခမ်းနားသော်လည်း မျက်လုံးများက ထက်မြက်သော စိတ်ထားရှိသူဖြစ်ကြောင်း သက်သေပြနေသည်။

လင်ယု၏ဘေးတွင် မိုးပြာရောင်သားရဲတစ်ကောင်ရှိနေပြီး ၎င်းက ကျားနှင့်သမင်မျိုးစပ်ထားသော ပုံသဏ္ဍာန်ရှိကာ နဖူးတည့်တည့်တွင် ဂျိုတစ်ချောင်းရှိ၍ လှပသော အသွင်ရှိသည်။

"ဆန်းကျယ်တဲ့ တန်းဟိုင်သားရဲ ကာကွယ်ရေးနတ်သားရဲ"

လမ်းပေါ်တွင် သွားလာနေကြသူများအားလုံးက ၎င်းကို မြင်သောအခါ ခြေလှမ်းများ ရပ်တန့်သွားပြီး တအံ့တသြ ငေးမောနေခဲ့ကြလေသည်။

All Chapters