လေလံပွဲစတင်ခြင်း
Vol. 40 Ch. 554
သိမ်မွေ့သော အရှိန်အဝါတစ်ခုက တန်းဟိုင်ထံမှ ထွက်ပေါ်လာနေပြီး အနီးအနားရှိ သွားလာနေသူများအားလုံး ငြိမ်းချမ်းခြင်းကို ခံစားလိုက်ရသည်။ ၎င်း၏မျိုးဆက်သွေးက များစွာမသန့်စင်သော်လည်း ကာကွယ်ရေးနတ်သားရဲတစ်ကောင် ပိုင်ဆိုင်ထားသော လင်ယု၏အဖြစ်ကို လူတိုင်း အားကျနေကြသည်။ ယဲ့ချန်သည် လင်ယုရော သူ၏သားရဲပါ တာအိုနတ်အဆင့်များဖြစ်ကြောင်း အာရုံခံနိုင်ခဲ့သည်။ တန်းဟိုင်က အလွန်မြင့်မြတ်သော ဟန်ပန်ရှိသော်လည်း လူအုပ်ကြားရှိ လှပသော မိန်းကလေးများကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေသည်။ ၎င်း၏မျက်လုံးများတွင် တဏှာမီးတောက်လောင်နေသော်လည်း အမူအရာက တည်ငြိမ်ဟန်ဆောင်နေခဲ့သည်။
"ဒီတန်းဟိုင်မှာ မြောက်ပိုင်းကောင်းကင် မိစ္ဆာသားရဲရဲ့ မျိုးဆက်သွေး ပါဝင်နေတယ်။ တစ်ချက်ကြည့်ရုံနဲ့ ဒီကောင်က မကောင်းဘူးဆိုတာ တန်းပြောနိုင်တယ်"
ခြင်္သေ့ကြီး၏စကားသံ ထွက်ပေါ်လာခြင်းဖြစ်သည်။
"တကယ်ကြီးလား"
ယဲ့ချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူက ဤသားရဲမျိုးနွယ်များအကြောင်း အနည်းငယ်သိရှိထားသည်။ တန်းဟိုင်သားရဲများက မင်္ဂလာရှိပြီး ကောင်းခြင်းနှင့်ပြည့်စုံသည်ဟု ကျော်ကြားကာ မိစ္ဆာသဘာဝပိုင်ဆိုင်ထားသူများကို အနီးသို့ကပ်လိုက်ရုံဖြင့် သန့်စင်ပေးနိုင်သည်။ တစ်ဖက်တွင် မြောက်ပိုင်းကောင်းကင်သားရဲက အလွန်တဏှာကြီးသော ဒဏ္ဍာရီလာသားရဲဖြစ်သောကြောင့် ၎င်းမျိုးဆက်သွေးနှစ်ခု ရောနှောနေမည်ဟု ထင်မထားခဲ့ပေ။
"ကြည့်ရတာ ဒီကောင့်အဘွားကို မြောက်ပိုင်းကောင်းကင်သားရဲတစ်ကောင်က မုဒိန်းကျင့်ခဲ့တာဖြစ်မယ်။ မဟုတ်ရင် တန်းဟိုင်တစ်ကောင်က မြောက်ပိုင်းကောင်းကင်သားရဲကို ချစ်မိသွားလို့ ခန္ဓာကိုယ်နဲ့ ပေးဆပ်လိုက်တာဖြစ်မယ်။ ဘယ်လောက်တောင်လှလိုက်တဲ့ အချစ်ဇာတ်လမ်းလေးလဲကွာ။ မျိုးဆက်သွေးက မသန့်စင်တော့ ဒီတန်းဟိုင်က တန်းဟိုင်မျိုးနွယ်ထဲကို မဝင်နိုင်တော့ဘူး"
ခြင်္သေ့ကြီးက မူမမှန်သောကိစ္စများတွင် အလွန်စိတ်ဝင်စားဟန်ဖြင့် ရယ်မောနေခဲ့သည်။ သူ၏သုံးသပ်ချက်ကြောင့် ယဲ့ချန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
လင်ယုက ရထားလုံးအတွင်းမှ ထွက်လာသောအခါ ရီရန်က သူ့ကို ဖော်ရွေစွာကြိုဆို၍ အကြည့်ချင်းဖလှယ်ကာ မြို့ဝန်အိမ်တော်အတွင်းဝင်ရန် ခြေလှမ်းပြင်လိုက်ကြသည်။ ထိုအချိန်တွင် ယိရန်ဦးဆောင်သော အထက်တန်းစားတစ်အုပ်က အပြုံးကိုယ်စီဆင်မြန်း၍ အူယားဖားယား ရောက်ရှိလာကြသည်။
"အစ်ကိုလင် မတွေ့ရတာကြာပြီနော်"
"ညီလေးယိ မင်းရော နေကောင်းရဲ့လား"
လင်ယုက လက်နှစ်ဖက်ကိုနောက်ပစ်၍ တစ်ချက်ပြုံးကာ ပြန်လည်နှုတ်ဆက်လိုက်၏။ သူ၏အမူအရာဟန်ပန်က ပတ်ဝန်းကျင်မှ မိန်းကလေးများကို ဆွဲဆောင်နေပြီး လင်မျိုးနွယ်၏သခင်လေးဆိုသော ဂုဏ်ပုဒ်ကြောင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်လာခဲ့သည်။ တန်းဟိုင်သည် ပတ်ဝန်းကျင်ရှိ မိန်းမများကြားတွင် ၎င်းမျက်စိကျရလောက်အောင် လှပသူမရှိသောကြောင့် ပျင်းရိနေဟန်ဖြင့် ယိရန်နှင့် လင်ယုတို့၏စကားဝိုင်းကို လျစ်လျူရှုထားသည်။ ထိုအချိန်တွင် ၎င်းက အလွန်ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် ခြေလက်များပျော့ခွေသွားကာ သေးထွက်ကျလုနီးပါး ကြောက်လန့်ခဲ့သည်။ ထိုအရှိန်အဝါက ခဏတဖြုတ်သာ ထွက်ပေါ်လာ၍ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက ပတ်ဝန်းကျင်သို့ အလန့်တကြားဖြင့် လိုက်လံစစ်ဆေးခဲ့သော်လည်း အရှိန်အဝါ၏ပိုင်ရှင်ကို ရှာမတွေ့ခဲ့ပေ။ လူအုပ်အတွင်းရှိနေသော ယဲ့ချန်သည် ယိရန်နှင့် လင်ယုက အလွန်ရင်းနှီးနေကြောင်း မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
ရန်ယွင်မြို့တော်သို့ လင်ယုရောက်ရှိလာသော အကြောင်းအရင်းကို သူက မသိပေ။ သို့သော် သူက ယိရန်တို့ထက် ပို၍ရင်ဆိုင်ရခက်ခဲမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော်လည်း သူ၏လမ်းရှိ ဆူးငြောင့်ခလုတ်များကို ရှင်းပစ်မည်ဟု ယဲ့ချန်က သံဓိဋ္ဌာန်ချထားသည်။ ညနေခင်းအချိန်တွင် လင်ယုရောက်ရှိလာမှုကြောင့် မြို့ဝန်အိမ်တော်အတွင်း ညစာစားပွဲတစ်ခု ကျင်းပခဲ့သည်။ သို့သော် သူက လျစ်လျူရှုထားပြီး ခြံဝန်းအတွင်း၌ ယဲ့ချန်တစ်ယောက်က ကျင့်ကြံနေစဥ် နောက်တစ်ယောက်က ဆေးဖော်စပ်နေခဲ့သည်။ ဤသို့ဖြင့် အချိန်လေးရက်က လျင်မြန်စွာ ကျော်လွန်သွားခဲ့သည်။ ဤရက်များအတွင်း ယဲ့ချန်၊ ကုလန်နှင့် ကုဖေးတို့က ရန်ယွင်မြို့၏အခြေအနေကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေခဲ့သည်။
လင်ယုက ရောက်ရောက်ချင်း လှုပ်ရှားမှုကြီးတစ်ခုပြုလုပ်ကာ ဆည်းဆာရွှေသန်းခြောက်ရာကို အသုံးပြု၍ စျေးဆိုင်အချို့နှင့် နယ်မြေအလွတ်များကို ဝယ်ယူခဲ့သည်။ သူ၏လုပ်ဆောင်ချက်များအရ လင်ယုသည် ရန်ယွင်မြို့တွင် စီးပွားရေးလုပ်ကိုင်ရန် ရောက်ရှိလာကြောင်း သိသာနေခဲ့သည်။ ဖြစ်နိုင်သည်မှာ လင်မျိုးနွယ်သည် ၎င်း၏လက်တံများကို ရန်ယွင်မြို့အထိ ဖြန့်ကျက်လိုခြင်းဖြစ်သည်။ သို့သော် နတ်တိုင်းပြည်ဆယ်ခုအထိ စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားသော လင်မျိုးနွယ်ကဲ့သို့ မျိုးနွယ်ကြီးတစ်ခုက ရန်ယွင်မြို့ကဲ့သို့ သေးငယ်သောမြို့လေးတစ်ခုကို အာရုံစိုက်နေရသည့် အကြောင်းအရင်းတစ်ခုခု ရှိနေနိုင်သည်။ သို့သော်လည်း ပိုက်ဆံက မည်သူမှမငြင်းဆန်နိုင်သော အရာတစ်ခုဖြစ်သည်။
ယဲ့ချန်၏ခန့်မှန်းမှုအရ လင်ယုရောက်ရှိလာခြင်းမှာ နယ်မြေလေလံပွဲနှင့် ပတ်သက်နေကြောင်း ဖြစ်နိုင်သည်။ အထက်တန်းစားတစ်ယောက်က နယ်မြေတစ်ခုပိုင်ဆိုင်ပြီးလျှင် စီးပွားရေးကျဆင်းသွားခြင်းနှင့် ပိုကောင်းသော နေရာတစ်ခုသို့ ပြောင်းရွှေ့လိုခြင်းဟူသော အကြောင်းအရင်းနှစ်ချက်ကြောင့်သာမဟုတ်လျှင် ပြန်လည်ရောင်းချမည် မဟုတ်ပေ။ လက်ရှိတွင် လေလံတင်မည့်နယ်မြေက အလွန်ကြီးမားသောကြောင့် အခြားသောမြို့များမှ ကုန်သည်များနှင့် အထက်တန်းစားများကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤသို့ကြီးမားသော နယ်မြေတစ်ခုကို လေလံတင်ခြင်းက ကျစ်ဟွာနတ်တိုင်းပြည်တစ်ခုလုံး၌ပင် ရှားပါးသည်ဖြစ်ရာ လင်ယုရောက်လာခြင်းက အဆန်းမဟုတ်ပေ။
ထို့အပြင် လင်မျိုးနွယ်သည် သူတော်စင်သစ်သီးများ ရောင်းချခြင်းဖြင့် ကြီးပွားလာကြောင်း ယဲ့ချန်က သိရှိထားသည်။ ရန်ယွင်မြို့၏ ရာသီဥတုအခြေအနေက သူတော်စင်သစ်သီးများ စိုက်ပျိုးရန်အတွက် အလွန်သင့်တော်နေသည်။ လေလံပွဲတွင် ပြိုင်ဆိုင်သူများပြားလာသောအခါ နယ်မြေအပိုင်းတစ်ခုကို ဝယ်ယူရန်ပင် မလွယ်နိုင်တော့ချေ။ သူက လေလံပွဲအတွက် ဆည်းဆာရွှေသန်းနှစ်ဆယ်ကို လျာထားခဲ့သည်။ လက်ရှိတွင် သူက ထိပ်တန်းအရည်အသွေးရှိ အဆင့်တစ်နတ်မူလဆေးများကို ထပ်မံရောင်းချခြင်းဖြင့် ဆည်းဆာရွှေသန်းတစ်ရာ့သုံးဆယ် ရရှိခဲ့သောကြောင့် ပိုင်ဆိုင်မှုစုစုပေါင်းမှာ ဆည်းဆာရွှေသန်းသုံးရာ့သုံးဆယ်အထိ ပိုင်ဆိုင်လာခဲ့သည်။ ဤငွေဖြင့် နယ်မြေတစ်စိတ်တပိုင်းကို ဝယ်ယူနိုင်မည်ဟု ယဲ့ချန်က မျှော်လင့်ထားသည်။
လေလံပွဲ စတင်မည့်အချိန် ရောက်သောအခါ ယဲ့ချန်နှင့်ကုလန်သည် လေလံအိမ်သို့ ထွက်ခွာလာကြသည်။ လေလံအိမ်က မြို့လည်ကောင်တွင် တည်ဆောက်ထားပြီး ခမ်းနားလှသည့် အဆောက်အအုံအတွင်း လူများစွာ ဝင်ထွက်သွားလာနေကြသည်။ သူတို့၏အအဆင့်အတန်းအရ ထောင့်တစ်နေရာတွင်သာ နေရာယူနိုင်ခွင့်ရှိသည်။ များစွာသော အထက်တန်းစားများက ရှေ့ဆုံးတန်းတွင် နေရာယူထားနိုင်ကြပြီး အများစုက အခြားမြို့များမှ လာသူများဖြစ်ကြသည်။ လင်ယု၊ ယိရန်နှင့် ရှုချင်းကဲ့သို့ အဆင့်မြင့်သူများက ဒုတိယထပ်ရှိ သီးသန့်ခန်းများတွင် နေရာချထားပေးခြင်းခံရသည်။
"လေလံပွဲကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလေလံပွဲမှာ ရောင်းချမယ့်ရတနာတွေက လူတိုင်းကို စိတ်ကျေနပ်စေမယ်လို့ ယုံကြည်ပါတယ်။ အခု ပထမဆုံးပစ္စည်းကို လေလံတင်ပါတော့မယ်။ ဒါကတော့ လင်မျိုးနွယ်ရဲ့ မီးတောက်နီ သူတော်စင်သစ်သီးနှစ်လုံး ဖြစ်ပါတယ်"
ခန်းမအလယ်ရှိ စင်မြင့်ထက်တွင် ဆွဲဆောင်အားပြင်းသော အမျိုးသမီးငယ်တစ်ယောက်က လှပစွာပြုံး၍ လေလံပွဲကို စတင်လိုက်သည်။
"မီးတောက်နီအဆင့်လား"
"ဒီလိုသစ်သီးမျိုးကို ရန်ယွင်မြို့မှာ လာတွေ့ရမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူးကွာ"
သူမ၏စကားအဆုံးတွင် ခန်းမအတွင်း စကားသံများ ဟိုတစ်စသည်တစ်စ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လှပသော မိန်းမငယ်နှစ်ယောက်က ပန်းကန်ပြားတစ်ချပ်စီကိုင်ဆောင်၍ စင်ပေါ်သို့ လှမ်းတက်လာကြသည်။ ပန်းကန်ပြားများထက်တွင် မီးလျှံနှင့်တူညီသော သစ်သီးများရှိနေပြီး ၎င်းတို့၏ရနံ့က ခန်းမတစ်ခုလုံး လွှမ်းခြုံထွက်ပေါ်လာသည်။ လူအများစုက ၎င်းတို့ကို တပ်မက်စွာစိုက်ကြည့်နေပြီး အချို့သောအထက်တန်းစားများအတွက် နယ်မြေထက်ပင် ပို၍အရေးပါနေခဲ့သည်။ သူတော်စင်သစ်သီးတစ်သောင်းတွင် မီးတောက်နီအဆင့်သို့ ရောက်နိုင်သည်မှာ တစ်လုံးသာရှိနိုင်ပြီး ၎င်းတို့ကိုစိုက်ပျိုးရန် လိုအပ်သော အနေအထားက အလွန်စရိတ်ကြီးမြင့်သည်။ သူတော်စင်သစ်သီးများအတွက် ဝိညာဥ်သားရဲအလောင်းများကို မြေသြဇာအဖြစ် အသုံးပြုကြရသည်။
"ငါ့မှာသာ ပိုက်ဆံရှိရင် တစ်လုံးလောက်ဝယ်ပြီး စားကြည့်ချင်တယ်။ ယဲ့ချန် မင်း ဒီသစ်သီးတစ်လုံးလောက်သာ စားလိုက်ရရင် ချီပင်လယ်အဆင့်ခုနစ်ကို ချက်ချင်းရောက်သွားလိမ့်မယ်။ ဒီသစ်သီးနှစ်လုံးက သက်တမ်းမရင့်သေးပေမယ့် အာနိသင်ကတော့ အတော်ကောင်းမွန်နေပြီ။ ငါ နှစ်ပေါင်းတစ်ထောင်ကျော်လောက် ပျောက်ကွယ်သွားတာနဲ့ ကောင်းကင်မူလတိုက်ကြီးပေါ်မှာ ဒီလောက်ပြောင်းလဲသွားမယ်လို့ မထင်ထားဘူး။ သူတော်စင်သစ်သီးလို ရှားပါးရတနာတွေကိုတောင် စိုက်ပျိုးနိုင်မှတော့ စစ်ဧကရာဇ်တွေ အများကြီးပေါ်လာတာ မထူးဆန်းတော့ပါဘူး"
ခြင်္သေ့ကြီးက လျှာသပ်၍ ပြောလိုက်ခြင်းဖြစ်သည်။
"အနာဂတ်မှာ ဒီလိုရတနာတွေ ရလာဦးမှာပါ။ လောလောဆယ်တော့ ပိုက်ဆံရှာနိုင်ဖို့အတွက် ငွေကို ကောင်းကောင်းအသုံးချရမယ်။ အနာဂတ်မှာ ကျုပ်တို့က လင်မျိုးနွယ်လိုမျိုး ဆည်းဆာရွှေဘီလီယံရာချီ ပိုင်ဆိုင်လာလိမ့်မယ်"
ယဲ့ချန်က ခေါင်းယမ်း၍ ပြောလိုက်သည်။ လက်ရှိတွင် သူ့အတွက် အရေးအကြီးဆုံးမှာ ယဲ့မျိုးနွယ်ဝင်များ ပြောင်းရွှေ့နိုင်ရန် လိုအပ်သောငွေကြေးကို ရှာဖွေရန်ဖြစ်သည်။
"မင်းအပေါ်မှာ ငါ အများကြီးမျှော်လင့်ထားတယ်။ အနာဂတ်မှာ ပိုက်ဆံရှိလာရင် ငါ့အတွက် သူတော်စင်သစ်သီးတစ်ခိုင်ဝယ်ပေးဖို့ မမေ့နဲ့။ စကားမစပ် ခြင်္သေ့မလေးတွေလည်း တစ်အုပ်လောက် ရှာပေးပါဦး ဟား ဟား"
ခြင်္သေ့ကြီးက သဘောတကျရယ်မော၍ တောင်းဆိုလိုက်သည်။
"လခွမ်း"
ယဲ့ချန်က သူ၏စကားကြောင့် မျက်နှာတစ်ခုလုံး မည်းနက်သွားခဲ့သည်။
လေလံပွဲတွင် မီးတောက်နီသူတော်စင်သစ်သီးများ ထွက်ပေါ်လာသောအခါ ယိရန်ပင် လိုချင်တပ်မက်နေခဲ့သည်။ ၎င်းတို့က တာအိုနတ်အဆင့်ကျင့်ကြံသူများကို ဆွဲဆောင်နိုင်စွမ်း အလွန်မြင့်ရသော အကြောင်းအရင်းမှာ အဆင့်ငါး နတ်မူလဆေးဖော်စပ်ရန်အတွက် လိုအပ်သည့် အဓိကကုန်ကြမ်းတစ်ခု ဖြစ်နေခဲ့သည်။ ၎င်းတို့ကို အထက်ပိုင်းအကြီးအကဲများက တင်းကြပ်စွာ ထိန်းချုပ်ထားသောကြောင့် ဝယ်ယူရန် အလွန်တရာခက်ခဲပေသည်။ သို့သော်လည်း သူက သိုလှောင်အိတ်အတွင်း ပြန်ကြည့်လိုက်ပြီး လက်လျှော့လိုက်ရသည်။ အကယ်၍ သူတော်စင်သစ်သီးကိုသာ ဝယ်ယူနိုင်ခဲ့လျှင် လေလံတင်မည့်နယ်မြေကို ဝယ်ယူနိုင်မည်မဟုတ်တော့ပေ။ အခမ်းအနားတင်ဆက်သူက ကြမ်းခင်းစျေးကို ကြေညာလိုက်သောအခါ အထက်တန်းစားများက တစ်ယောက်ပြီးတစ်ယောက် လေလံဝင်ဆွဲလိုက်ကြသည်။
"သန်းငါးဆယ်"
"သန်းခြောက်ဆယ်"
"သန်းတစ်ရာ"
စျေးနှုန်းက ချက်ချင်းမြင့်တက်လာပြီး နောက်ဆုံးတွင် သူတော်စင်သစ်သီးနှစ်လုံးက ဆည်းဆာရွှေသန်းတစ်ရာ့သုံးဆယ်နှင့် သန်းတစ်ရာ့ငါးဆယ် အသီးသီး ရောင်းချလိုက်နိုင်သည်။
"နောက်ထပ်လေလံတင်မယ့်ပစ္စည်းကတော့ ရှုအဆင့် သူတော်စင်သစ်သီးဆယ်လုံး ဖြစ်ပါတယ်။ ဒါတွေက မီးတောက်နီအဆင့်လောက် မမြင့်ပေမယ့် အချို့လူတွေအတွက် ဒါကို လိုချင်ကြမှာ သေချာပါတယ်"
လေလံတင်သူက ယုံကြည်မှုရှိစွာ ကြေညာလိုက်ပြီး မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မြှူဆွယ်နေသည်။ လေလံပွဲက နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ရှုအဆင့်သူတော်စင်သစ်သီးဆယ်လုံး ဆက်တိုက်ရောင်းချနိုင်ခဲ့ပြီး တစ်လုံးလျှင် ဆည်းဆာရွှေသန်းငါးဆယ်မှ ခြောက်ဆယ်အကြား စျေးဖြင့် ရောင်းထွက်သွားခဲ့သည်။
"လင်ယုက တော်တော်အကြံကြီးတဲ့ ကောင်ဖြစ်မယ်။ ပထမဆုံး သူက လူတိုင်းရဲ့ငွေတွေကို ကုန်သွားအောင်လုပ်ဖို့ နတ်သစ်သီးတွေ ထုတ်လာတယ်။ ကြည့်ရတာ ဒီကောင်ကလည်း နယ်မြေကို သေချာပေါက်အပိုင်သိမ်းဖို့ ဆုံးဖြတ်ထားတာ ဖြစ်ရမယ်"
ယဲ့ချန်က ဒုတိယထပ်ရှိ သီးသန့်ခန်းထံ တစ်ချက်ကြည့်လိုက်ပြီး အတွေးနက်နေခဲ့သည်။ လေလံပွဲက ဆက်လက်ကျင်းပနေပြီး ဆေးလုံးများ၊ ဝိညာဥ်လက်နက်များစသည်တို့ကို ရောင်းချနိုင်ခဲ့ကာ နောက်ဆုံးတွင် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိလာခဲ့၏။
"လူတိုင်းက ဒီအချိန်ကို အကြာကြီးစောင့်နေမယ်လို့ ထင်ပါတယ်။ ရန်ယွင်မြို့ရဲ့ နယ်မြေဆယ်ပိုင်းကို မြို့တော်ဝန်ရီရန်နဲ့ သခင်ရှုချင်းအောက်သာ နိမ့်ကျတဲ့ သခင်က ပိုင်ဆိုင်တာဖြစ်တယ်။ ကျစ်ဟွာနတ်တိုင်းပြည်မှာ ဒီလိုနယ်မြေကြီးတစ်ခုကို လေလံတင်တာမျိုး အလွန်ရှားပါတယ်။ ပထမဆုံး လေလံတင်မယ့်နယ်မြေကတော့ စားကျက်မြေတစ်ခု ဖြစ်ပါတယ်။ ကြမ်းခင်းစျေးကတော့ ဆည်းဆာရွှေဆယ်သန်း ဖြစ်ပါတယ်ရှင်"
လေလံပွဲတင်ဆက်သူ မိန်းကလေးက တစ်ချက်ပြုံး၍ လူတိုင်းကိုဝေ့ကြည့်ပြီး ဝမ်းမြောက်ဝမ်းသာနှင့် ကြေညာလိုက်လေသည်။