← Chapters

လေလံပြိုင်ခြင်း

Vol. 40 Ch. 555

လေလံပြိုင်ခြင်း

Vol. 40 Ch. 555

"သန်းငါးဆယ်"

သီးသန့်ခန်းအတွင်း ထိုင်နေသော လင်ယုသည် ယုံကြည်မှုရှိစွာပြုံး၍ လေလံကြေးကို ချက်ချင်းမြှင့်ပစ်လိုက်သည်။

"သခင်လေးလင်က တော်တော်ချမ်းသာတာပဲ"

"ကြည့်ရတာ လင်မျိုးနွယ်က ဒီနယ်မြေကို မျက်စိကျနေပြီထင်တယ်"

ဤစျေးကိုကြားသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ ခံစားချက်များ အေးစက်ကုန်သည်။ မူလတွင် နယ်မြေတစ်ခုလုံး၏ စုစုပေါင်းတန်ဖိုးက ဆည်းဆာရွှေသန်းသုံးရာဆိုလျှင် သင့်တော်သည်ဟု အားလုံးက သတ်မှတ်ထားကြသည်။ သို့သော် လင်ယုက နယ်မြေအပိုင်းတစ်ခုအတွက် သန်းငါးဆယ် ထုတ်ပေးလိုက်သောအခါ စုစုပေါင်းဆယ်ပိုင်းဆိုလျှင် သန်းငါးရာကျော်သွားပေလိမ့်မည်။

"ညီလေးယိ ညီလေးရှု ငါ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီနယ်မြေတွေကို လင်မျိုးနွယ်က အရယူဖို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် နောက်ဆုတ်ပေးဖို့ မျှော်လင့်ပါတယ်"

လင်ယုက ယိရန်နှင့် ရှုချင်း မျက်နှာပျက်နေသည်ကို မြင်သောအခါ တစ်ချက်ပြုံး၍ သတိပေးလိုက်သည်။

"အစ်ကိုလင်က အားနာလွန်းနေပါပြီ။ လင်မျိုးနွယ်က ဒီနယ်မြေကို လိုချင်တယ်ဆိုရင် ကျုပ်တို့က နောက်ဆုတ်ပေးရမှာပေါ့"

လင်ယု၏စကားကို ကြားသောအခါ လင်မျိုးနွယ်ကို မယှဥ်ပြိုင်ရဲသော အထက်တန်းစားနှစ်ယောက်က လက်ခံလိုက်ကြသည်။ သူတို့က စိတ်ထဲတွင် ခံရခက်နေသော်လည်း စိတ်ပျက်လက်ပျက်နှင့် ပြုံးပြနေရသည်။

"ကျေးဇူးတင်ပါတယ်"

လင်ယုက လက်သီးနှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သော်လည်း သူ၏အကြံ အောင်မြင်သွားသောကြောင့် မျက်နှာထက်တွင် ကျေနပ်စွာ ပြုံးနေခဲ့သည်။ သူက လေလံတင်ရန်အတွက် သူတော်စင်သစ်သီးများ ထုတ်ယူခဲ့သောကြောင့် ထိုနှစ်ယောက်က ရည်ရွယ်ချက်အစစ်အမှန်ကို မခန့်မှန်းနိုင်ခဲ့ပေ။ ယိရန်နှင့်ရှုချင်း လက်လျှော့သွားလျှင် သူ့ကိုယှဥ်နိုင်သူမရှိဟု သူက အပိုင်တွက်ထားသည်။ လင်မျိုးနွယ်၏ ဆက်ခံသူနေရာအတွက် ယှဥ်ရာတွင် သူက နံပတ်သုံးသခင်လေးဖြစ်သောကြောင့် ငွေပေါင်းများစွာ ကြွယ်ဝသည်။ သူက ရန်ယွင်မြို့ကို ခြေကုပ်ယူရာတစ်ခုအဖြစ် ဖန်တီးလိုသောကြောင့် ဤနယ်မြေကို လုံးဝလက်လျှော့မည် မဟုတ်ပေ။

"ကြည့်ရတာ ငါတို့အတွက် နယ်မြေကို လေလံဝင်ဆွဲဖို့ မဖြစ်နိုင်တော့ဘူး။ လင်ယုက လေလံကြေးကို သန်းငါးဆယ်အထိ ချက်ချင်းတိုးပေးလိုက်တယ်ဆိုတော့ သူ့အတွက် သေချာပေါက်အရေးကြီးလိမ့်မယ်။ ငါတို့က ဝင်ပါလိုက်ရင် လေလံကြေးက ပိုမြင့်လာဖို့ပဲရှိတယ်"

ကုလန်က မျက်မှောင်ကြုတ်၍ ပြောလိုက်ခြင်းဖြစ်သည်။

"လင်ယုက ဆယ်ပိုင်းလုံးကိုဝယ်ဖို့ မဖြစ်နိုင်ပါဘူး။ ငါတို့က တစ်ခုကိုတော့ သေချာပေါက်ဝယ်ရမယ်"

ယဲ့ချန်က ဤအခြေအနေကို မျှော်လင့်ထားသကဲ့သို့ တည်ငြိမ်နေသည်။

"နယ်မြေအပိုင်းတစ်ခုရဲ့စျေးနှုန်းက သန်းတစ်ရာကျော်သွားရင် အရှုံးပေါ်လိမ့်မယ်။ သာမန်အထက်တန်းစားတစ်ယောက်က ဆည်းဆာရွှေသန်းတစ်ရာရနိုင်ဖို့ နှစ်ပေါင်းငါးဆယ်လောက် စီးပွားရေးလုပ်ရလိမ့်မယ်"

ကုလန်က သုံးသပ်ပြလိုက်ပြီး ယဲ့ချန်သည် ပိုက်ဆံအားလုံးကို နယ်မြေအပိုင်းတစ်ခုတည်းအတွက် အသုံးပြုလိုက်မည်ကို စိုးရိမ်ပေးနေခဲ့သည်။ သူတော်စင်သစ်သီးစိုက်ပျိုးရေးက အကျိုးအမြတ်များသောကြောင့် လင်မျိုးနွယ်က နယ်မြေအပိုင်းတစ်ခုကို သန်းတစ်ရာပေးဝယ်ရလျှင်ပင် ပြဿနာမရှိချေ။ ကျန်တစ်ဖက်တွင် သာမန်အထက်တန်းစားများက ဤသို့ဝယ်ယူမည့်အစား အခြားစီးပွားရေးများတွင် ရင်းနှီးမြုပ်နှံပေလိမ့်မည်။

"ကျုပ်မှာ အကြံရှိပါတယ်"

ယဲ့ချန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ သူက နယ်မြေအပိုင်းတစ်ခုကို ဝယ်ယူပြီးလျှင် လအနည်းငယ်တည်းဖြင့် သန်းတစ်ရာကျော်ဝင်ငွေရအောင် စွမ်းဆောင်နိုင်သည်။ ဝယ်ယူခဲ့သော တန်ဖိုး၏နှစ်ဆအထိ ရရှိအောင် လုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သို့သော် သူက လေလံဝင်မဆွဲခင် ခန်းမအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"သန်းခြောက်ဆယ်"

"သန်းခုနစ်ဆယ်"

"ငါတို့ကို ဆန့်ကျင်နေတာ ဘယ်သူလဲ"

လင်ယုက မျက်မှောင်ကြုတ်၍ လေလံကြေးတိုးပေးလိုက်ကာ တန်းဟိုင်ဘက်လှည့်၍ စိတ်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"သခင်လေးတစ်နဲ့ နှစ်ရဲ့ နောက်လိုက်တွေ ရောက်နေကြတယ်"

တန်းဟိုင်က ခဏတာအာရုံခံပြီးနောက် ဖြေလိုက်သည်။ လင်ယု၏မျက်လုံးများက ချက်ချင်းအေးစက် တင်းမာလာသည်။ သူက ကျစ်ဟွာတော်ဝင်မြို့တော်မှ ထွက်ခွာလာသော်လည်း နောက်ယောင်ခံလိုက်သူများကို ခွာထုတ်မပစ်နိုင်ခဲ့ပေ။ ထိုလူများက အသားနံ့ရသော တောခွေးများကဲ့သို့ ရန်ယွင်မြို့တော်အထိ အနံ့ခံ၍ လိုက်လာခဲ့ကြသည်။

"သန်းရှစ်ဆယ်"

"တစ်ရာ"

"တစ်ရာ့နှစ်ဆယ်"

လေလံကြေးက ထိန်းချုပ်မရအောင် မြင့်တက်လာသောအခါ လူတိုင်း စိတ်ရှုပ်နေကြပြီး လင်ယုကို မည်သူများဆန့်ကျင်နေကြောင်း စဥ်းစားနေကြသည်။ နောက်ဆုံးတွင် သန်းတစ်ရာ့ရှစ်ဆယ်အထိ ရောက်သွားသောအခါတွင်မှ လင်ယုက အနိုင်ရသွားသောကြောင့် ဒေါသထွက်ကာ မျက်နှာကြီး မည်းနက်နေသည်။ သူက ရန်ယွင်မြို့တွင် ခြေကုပ်ရယူနိုင်ရန်အတွက် ဤနယ်မြေက အရေးပါသောကြောင့် လက်လျှော့နိုင်စွမ်းမရှိပေ။ စျေးနှုန်းက အနည်းငယ်မြင့်တက်သွားသော်လည်း သူ၏အတိုင်းအတာအတွင်း၌ ရှိနေဆဲဖြစ်သည်။ ဘေးတွင်ထိုင်နေသော ယိရန်နှင့် ရှုချင်းမှာ ဆွံ့နေကြသည်။ နယ်မြေအပိုင်းတစ်ခုကို ဤစျေးနှုန်းဖြင့်ရောင်းချနိုင်မည်ဆိုလျှင် သူတို့၏နယ်မြေများကို ရောင်းချရန် လက်တွန့်နေမည်မဟုတ်ပေ။ ကျစ်ဟွာနတ်တိုင်းပြည်၏ လင်မျိုးနွယ်မှာ အမှန်တကယ်ကြွယ်ဝပေသည်။ သူတို့၏ပိုင်ဆိုင်မှုများကို စုပေါင်းလိုက်လျှင် ဆည်းဆာရွှေသန်းနှစ်ရာသာ ထွက်ပေါ်လာနိုင်သောကြောင့် နယ်မြေတစ်ခုကို သန်းတစ်ရာ့ရှစ်ဆယ်ပေး၍ မဝယ်နိုင်ပေ။ သူတို့အတွက် ဤငွေများကို စီးပွားရေးလုပ်ခြင်းက ပို၍အကျိုးအမြတ်ထွက်နိုင်သောကြောင့် သေချာပေါက် ဝယ်ယူမည်လည်း မဟုတ်ချေ။

"ကြည့်ရတာ လင်ယုမှာ ရန်သူတွေရှိပုံပဲ။ သူတို့က တမင်သက်သက်နှောင့်ယှက်ဖို့ ရောက်လာကြတာ ဖြစ်ရမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ထိုင်ခုံပေါ်တွင် စိတ်လက်ပေါ့ပါးစွာ ထိုင်ချလိုက်သည်။

"လင်ယုရဲ့ငွေတွေ အရင်ကုန်သွားအောင် စောင့်လိုက်ဦးမယ်"

သူက ဆက်လက်စောင့်ကြည့်နေလျှင် နယ်မြေအပိုင်းတစ်ခုကို စျေးပေါပေါနှင့် ရနိုင်သည်။

ဒုတိယနယ်မြေအပိုင်းကို လင်ယုကပင် သန်းတစ်ရာ့ခုနစ်ဆယ်ဖြင့် ရရှိသွားကာ လေလံပွဲတစ်ခုလုံးက သူ၏တစ်ကိုယ်တော်ပြပွဲကဲ့သို့ ဖြစ်လာခဲ့သည်။ ခန်းမအတွင်းရှိ အထက်တန်းစားများက ဤဖြစ်ရပ်တွင် ဘေးထွက်ရပ်ပြီး စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။ နယ်မြေအပိုင်းငါးခုကို လေလံဆွဲရန်အတွက် လင်ယုက ဆည်းဆာရွှေသန်းတစ်ထောင် အသုံးပြုလိုက်သည်။ နယ်မြေများ၏ပိုင်ရှင်မှာ ဝမ်းသာလွန်းသဖြင့် ပြုံးဖြီးဖြီးဖြစ်နေသောအခါ မျက်ဝန်းများပင် ကျဥ်းမြောင်းနေသည်။ သူက ဤနယ်မြေကို သန်းသုံးရာဖြင့် ရောင်းထွက်သွားလျှင်ပင် ကျေနပ်မည်ဖြစ်သော်လည်း အပိုင်းငါးခုတည်းဖြင့် သန်းတစ်ထောင်အထိ ရခဲ့သည်။ ဤကား သူ၏စိတ်ကိုရော တစ်ကိုယ်လုံးကိုပါ ဝမ်းမြောက်ဝမ်းသာနှင့် တစ်ချိန်လုံး တုန်ခါနေစေခဲ့သည်။

နယ်မြေအပိုင်းငါးခုကို ဝယ်ယူပြီးနောက် လင်ယုက ငွေပြတ်သွားခြင်းမရှိဘဲ ကြွယ်ဝနေဆဲပင်ဖြစ်သည်။

"ဒီကောင်က နယ်မြေတွေအတွက် ငွေဘယ်လောက်သုံးမှာလဲ"

ယဲ့ချန်ကိုယ်တိုင်ပင် လင်ယု၏ချမ်းသာမှုကြောင့် မျက်မှောင်ကြုတ်နေခဲ့သည်။ ခြောက်ခုမြောက် နယ်မြေအပိုင်းက ရန်ယွင်မြို့နှင့် အနီးဆုံးဖြစ်ကာ မြစ်တစ်ခုလည်း ဖြတ်သန်းစီးဆင်းနေသောကြောင့် ဆေးပင်များစိုက်ပျိုးရန် အလွန်သင့်တော်သည်။

"ဒီအပိုင်းက သင့်တော်တယ်"

နောက်ဆုံးတွင် ယဲ့ချန်သည်လည်း လေလံပွဲအတွင်း ဝင်ရောက်လာခဲ့သည်။

"သခင်ရှု လေလံဆွဲလိုက်တာက ခွေးကောင်ယဲ့ချန်ပါ"

ရှုချင်းနောက်တွင်ရပ်ပြီး ခန်းမတစ်ခုလုံးကို စောင့်ကြည့်နေသော ချန်းယွမ်က သတိပေးလိုက်ခြင်းဖြစ်သည်။ လေလံပွဲအတွင်း ယဲ့ချန် ဝင်ပါလာသောအခါ သူက ဆိုးယုတ်စွာပြုံး၍ ရှုချင်းထံ ချက်ချင်းသတင်းပို့လိုက်သည်။ သစ်သားတိမ်ကြယ်ပေါ်တွင် ယဲ့ချန်ကြောင့် သူ၏ချီပင်လယ်ပျက်စီးသွား၍ အသက်ဘေးမှ လွတ်မြောက်လာသော်လည်း အမှိုက်တစ်ကောင်နီးပါး ဖြစ်သွားခဲ့သည်။ သူက ရှုချင်းကို အဆက်မပြတ်ခယတောင်းပန်ပြီးမှ ဆေးတစ်လုံးရရှိကာ ဒဏ်ရာကို ခက်ခက်ခဲခဲကုသခဲ့ရသည်။ အကယ်၍ သူသာ ယခင်ကျင့်ကြံဆင့်ကို ပြန်လည်မရယူနိုင်လျှင် ရန်ယွင်မြို့၏လမ်းကြိုလမ်းကြား၌ ငတ်သေရပေလိမ့်မည်။ အတိတ်မှဖြစ်ရပ်များကို တွေးမိသောအခါ တစ်ကိုယ်လုံး အမုန်းမီးများ တောက်လောင်လာသော ချန်းယွမ်က ယဲ့ချန်ကို စိုက်ကြည့်နေသည်။ အခွင့်အရေးရတိုင်း သူက ယဲ့ချန် ပြဿနာတက်စေရန် ဒုက္ခပေးရပေလိမ့်မည်။

ရှုချင်းနှင့် ယိရန်သည် ချန်းယွမ်ညွှန်ပြသော နေရာကို ကြည့်လိုက်သောအခါ ယဲ့ချန်ကို မြင်လိုက်ရသဖြင့် ချက်ချင်းမျက်နှာပျက်သွားကြသည်။ သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး စိတ်ထဲမှ ဆုံးဖြတ်လိုက်ကြသည်။ လင်ယုက ဤနယ်မြေကို လေလံမဆွဲလျှင်ပင် သူတို့က ယဲ့ချန်ကို ဝင်ရောက်နှောင့်ယှက်ရပေလိမ့်မည်။ သာမန်လူတန်းစားတစ်ယောက်သည် နယ်မြေကို ဝယ်ယူလိုနေခြင်းက သူတို့၏သည်းခံနိုင်သော အတိုင်းအတာထက် ကျော်လွန်နေသည်။

"သန်းတစ်ရာ့ခြောက်ဆယ်"

လင်ယုက နယ်မြေအပိုင်းငါးခုကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း ကြေးမြှင့်ပေးလိုက်ပြန်သည်။

"တစ်ရာ့ခုနစ်ဆယ်"

လူတစ်ယောက်က လေလံဆွဲလိုက်ခြင်းဖြစ်သည်။

"တစ်ရာ့ကိုးဆယ်"

ယဲ့ချန်၏အသံ ထွက်ပေါ်လာသောအခါ ကုလန်က နားမလည်နိုင်ဟန်ဖြင့် ကြောင်အမ်းအမ်းဖြစ်နေခဲ့သည် ။နယ်မြေအပိုင်းတစ်ခုအတွက် သန်းတစ်ရာပေးဝယ်ရလျှင် အရှုံးပေါ်နေပြီဖြစ်သော်လည်း ယဲ့ချန်၏လေလံကြေးက သန်းနှစ်ရာနီးပါး ကပ်နေပြီဖြစ်သည်။

"သန်းနှစ်ရာ"

လင်ယုက မျက်မှောင်ကြုတ်၍ အနည်းငယ်စဥ်းစားလိုက်သော်လည်း ဤအပိုင်းသည် သူတော်စင်သစ်သီးစိုက်ပျိုးရေးအတွက် သင့်တော်သောကြောင့် စျေးထပ်မြှင့်လိုက်ပြန်သည်။

"သန်းနှစ်ရာ့တစ်ဆယ်"

ယဲ့ချန်သည်လည်း နယ်မြေကိုမရမချင်း လက်မလျှော့လိုဟန်ဖြင့် စျေးထပ်မြှင့်လိုက်ပြန်သည်။

"ဒီကောင်က ဘယ်သူလဲ"

လင်ယုက ယိရန်ဘက်လှည့်ကာ မေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်နှင့် လင်ယုကို ရန်တိုက်ပေးရန် ကြံစည်နေကြသော ယိရန်နှင့် ရှုချင်းက အပျော်လွန်သွားကြသည်။

"အစ်ကိုလင် ဒီကောင်က ရန်ယွင်မြို့ရဲ့ သာမန်လူတစ်ယောက်ပါ။ သူက အခုမှချီ ပင်လယ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် တော်တော်မောက်မာတယ်။ ငါတို့လို့ အထက်တန်းစားတွေကိုတောင် မျက်စိထဲမထည့်ထားဘူး"

ရှုချင်းက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ ဖြေလိုက်သည်။

"မင်းတို့မှာ နောက်လိုက်တွေအများကြီးရှိတာတောင် သာမန်လူတစ်ယောက်ကို မဖြေရှင်းနိုင်ဘူးလား"

ယိရန်နှင့် ရှုချင်းသည် ယဲ့ချန်ကို အလွန်မုန်းတီးနေပုံပေါ်သောကြောင့် လင်ယုက အနည်းငယ် သံသယဝင်သွားခဲ့သည်။ ယဲ့ချန်ဆိုသူက အထက်တန်းစားများကို မည်သို့စော်ကားခဲ့ကြောင်း စဥ်းစားမရပေ။

"ဒီကောင်က အကြံပက်စက်ပြီး သတိကြီးတယ်"

ယိရန်က မျက်နှာပူပူနှင့် ဖြေလိုက်ရသည်။ ရန်ယွင်မြို့၏အခြေအနေက သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခြင်းကို ဝန်ခံရန် အလွန်ရှက်ရွံ့နေခဲ့သည်။ လင်ယုက ယဲ့ချန်ကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သာမန်လူတစ်ယောက်က ဆည်းဆာရွှေသန်းနှစ်ရာကျော် ရှာဖွေနိုင်ခြင်းက သူ၏လုပ်နိုင်စွမ်းကို သက်သေပြနေသည်။

လင်ယုသည် လေလံကြေးကို သန်းနှစ်ရာ့သုံးဆယ်အထိ တိုးမြှင့်ပေးပြီးနောက် လက်လျှော့လိုက်သည်။ ဤနယ်မြေအပိုင်းက စိုက်ပျိုးရေးအတွက် သင့်တော်သော်လည်း စျေးနှုန်းက အလွန်ကြီးနေပြီဖြစ်သည်။ သူက နယ်မြေအပိုင်းငါးခုအထိ ဝယ်ယူထားပြီးဖြစ်သောကြောင့် အဆုံးအစွန်အထိ လေလံဆွဲနေရန် မလိုအပ်ပေ။ ထို့အပြင် ၎င်းက သူတော်စင်သစ်သီးစိုက်ပျိုးရေးအတွက် အသင့်တော်ဆုံး မြေကွက်လည်း မဟုတ်ချေ။

ဆည်းဆာရွှေသန်းနှစ်ရာ့သုံးဆယ်ဟူသော ငွေကြေးက ယိရန်နှင့် ရှုချင်းကို တုန်လှုပ်သွားစေသည်။ သို့သော်လည်း သူတို့က ယဲ့ချန်ကို နယ်မြေတစ်ခု ပိုင်ဆိုင်ခွင့်မပြုနိုင်သောကြောင့် လက်မလျှော့ခဲ့ကြပေ။ ခဏတာတွက်ချက်ပြီးနောက် ယဲ့ချန်ကို ထိုးနှက်ရန်အတွက် လေလံကြေးကို ထပ်မြှင့်ပေးလိုက်ကြပြန်သည်။

"နှစ်ရာသုံးဆယ့်ငါးသန်း"

ယိရန်၏အသံ ထွက်ပေါ်လာခဲ့သည်။

"သန်းနှစ်ရာ့ငါးဆယ်"

ယဲ့ချန်က သီးသန့်ခန်းများထံ လှောင်ပြုံးတစ်ခုဖြင့်မော့ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိ လေလံဆွဲလိုက်သည်။ သူက သန်းသုံးရာအထိ ထုတ်သုံးရလျှင်ပင် နယ်မြေတစ်ခုအရယူရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

"ယဲ့ချန် ရူးသွားပြီလား"

သူ၏ဘေးတွင် ထိုင်နေသော ကုလန်မှာ လေလံကြေးကြောင့် အထိတ်တလန့်ဖြစ်သွားကာ ယဲ့ချန်ကိုကြည့်ရင်း အသက်ရှုရပ်မတတ် ဖြစ်သွားခဲ့လေသည်။

All Chapters