နယ်မြေတစ်ခု ပိုင်ဆိုင်ခြင်း
Vol. 40 Ch. 556
"သန်းနှစ်ရာ့ခြောက်ဆယ်"
ယိရန်သည် ယဲ့ချန်က အချိန်တိုအတွင်း ကောင်းကင်မူလတိုက်၌ ပိုက်ဆံများစွာရှာနိုင်မည်ဟု မျှော်လင့်မထားပေ။ သူက ရှုချင်းနှင့် အကြည့်ချင်းဖလှယ်လိုက်သောအခါ ခဏအကြာတွင် ရှုချင်းက အသက်ကိုပြင်းပြင်းရှူ၍ ခေါင်းညိတ်ပြလိုက်သည်။ သူတို့၏အမြင်တွင် ယဲ့ချန်က ဤမျှစျေးမြင့်မြင့်ပေးနေသောအခါ သေချာပေါက် လက်လျှော့မည်မဟုတ်ပေ။ သူက အံကြိတ်၍ လေလံကြေးကို နောက်တစ်ကြိမ် မြှင့်တင်လိုက်သည်။ အကယ်၍ ယဲ့ချန်သာ ငွေထပ်တိုးပေးလျှင် သူတို့က လက်လျှော့လိုက်တော့မည်ဖြစ်သည်။ သူ၏စကားသံ ထွက်ပေါ်လာသောအခါ ခန်းမတစ်ခုလုံး ဆူညံသွားခဲ့သည်။ အချင်းဝက်ခုနစ်ကီလိုမီတာရှိသော နယ်မြေအပိုင်းတစ်ခုကို ဆည်းဆာရွှေသန်းနှစ်ရာ့ခြောက်ဆယ်ဖြင့် ရောင်းချခြင်းက လုံးဝမဖြစ်ပျက်ခဲ့ဖူးပေ။ နယ်မြေကို လေလံတင်ထားသော အထက်တန်းစားက ပျော်ရွှင်လွန်းသဖြင့် အသက်ရှူမြန်လာကာ မျက်လုံးများ တောက်ပနေသည်။
ယိရန်နှင့် ရှုချင်းသည် အသက်ကို ပြင်းပြင်းရှူရင်း ယဲ့ချန်၏အသံ ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြသည်။ အကယ်၍ သူတို့သာ ဤနယ်မြေကို ဝယ်ယူလိုက်ရလျှင် ဆုံးရှုံးမှုက အလွန်ကြီးမားသောကြောင့် ယဲ့ချန်က အဆင်အခြင်မဲ့ လေလံကြေးတိုးပေးပါစေဟုသာ မျှော်လင့်နေရသည်။ သို့သော်လည်း ကံဆိုးစွာဖြင့် ယိရန် လေလံဆွဲပြီးချိန်တွင် ယဲ့ချန်က ထူးထူးခြားခြားတိတ်ဆိတ်နေသည်။
"သန်းနှစ်ရာ့ခြောက်ဆယ် တစ်ကြိမ်"
မည်သူမှ လေလံထပ်ဆွဲခြင်းမရှိသောအခါ အမျိုးသမီးကြေညာသူက လှပစွာပြုံး၍ ကြေညာလိုက်ခြင်းဖြစ်သည်။
"သန်းနှစ်ရာ့ခြောက်ဆယ် နှစ်ကြိမ်။ ဘယ်သူများ လေလံဆွဲချင်ပါသလဲ"
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကာ ယိရန်နှင့် ရှုချင်း၏ရင်ထဲတွင် တစ်ဆို့နေသည်။ ယဲ့ချန်က အမှန်တကယ် ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိလျှင် သူတို့က ထိုနယ်မြေကို စျေးကြီးကြီးပေးကာ ဝယ်ရပေတော့မည်။
"ဒီကောင်က မဝယ်တော့ဘူးလား။ မဖြစ်နိုင်ပါဘူး။ သူက ဒီလောက်စျေးမြင့်မြင့်ပေးထားမှတော့ သေချာပေါက် လိုချင်နေတာ မဟုတ်ဘူးလား။ ဒါပေမယ့်....."
ယဲ့ချန်လိုချင်သော နယ်မြေကို အရလုယူနိုင်လိုက်သော်လည်း ယိရန်၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့သည်။
"သန်းနှစ်ရာ့ခြောက်ဆယ် သုံးကြိမ်၊ ရောင်းချလိုက်ပါပြီ"
အမျိုးသမီးငယ်၏အသံက သာယာနာပျော်ဖွယ်ဖြစ်သော်လည်း ယိရန်နှင့် ရှုချင်း၏နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ မြည်ဟီးသွားသည်။ သူတို့က ခုနစ်ကီလိုမီတာအချင်းဝက်ရှိသော နယ်မြေငယ်တစ်ခုကို မတန်တဆစျေးပေး၍ ဝယ်ယူလိုက်ရသောကြောင့် အချိန်ကြာမြင့်စွာ သတိဝင်မလာဘဲ သေချင်စိတ်ပေါက်နေကြသည်။ ဤပမာဏက သူတို့၏ပိုင်ဆိုင်မှု အားလုံးနီးပါးဖြစ်သည်။ လင်ယုက သူတို့ကိုတလှည့်၊ ယဲ့ချန်ကိုတလှည့် ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ ယဲ့ချန်က ထိုနယ်မြေကို အမှန်တကယ်လိုချင်နေကြောင်း သူ ပြောနိုင်သည်။ သို့သော်လည်း ယိရန်က စျေးနှုန်းကိုတိုးမြှင့်၍ ဝင်ရောက်နှောင့်ယှက်လာသောအခါ နောက်ဆုံးအခြေအနေတွင် လက်လျှော့လိုက်ခြင်းဖြင့် ယဲ့ချန်က ယိရန်ကို အလဲထိုးနိုင်ခဲ့သည်။ ဤတစ်ကွက်တည်းဖြင့် အထက်တန်းစားနှစ်ယောက် ကိုယ့်ရှူးကိုယ်ပတ်စေရန် စွမ်းဆောင်နိုင်လိုက်သောကြောင့် ယဲ့ချန်က အံ့သြစရာလူတစ်ယောက် ဖြစ်နေသည်။ ထိုအချိန်တွင် ယဲ့ချန်က ထိုင်ခုံပေါ်တွင် စိတ်လက်ပေါ့ပါးစွာထိုင်နေပြီး ဒုတိယထပ်ရှိ သီးသန့်ခန်းထံ ဝေ့ကြည့်လိုက်သည်။
"ဟူး အစ်ကိုယဲ့ မင်းကြောင့် ငါသေလောက်အောင် ကြောက်သွားတာပဲ။ ဒီတော့ မင်းက ယိရန်ကို ထောင်ချောက်ဆင်လိုက်တာပေါ့။ ဒီတစ်ခေါက် ယိရန်တော့ သွေးအန်သွားလောက်ပြီ။ ကောင်းတယ် ဟား ဟား"
ကုလန်က သက်ပြင်းတစ်ချက်ချ၍ ကျေနပ်စွာရယ်မောကာ ယဲ့ချန်ကို ချီးကျူးလိုက်ခြင်းဖြစ်သည်။
"တကယ်တော့ ကျုပ်က ဒီနယ်မြေကို လိုချင်ပါတယ်။ ယိရန်နဲ့ ရှုချင်းက အရမ်းလိုချင်နေတာဆိုတော့ သူတို့ကို ပေးလိုက်ရုံကလွဲလို့ မတတ်နိုင်ဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ သူ၏စကားကြောင့် ကုလန်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ ယဲ့ချန်၏အတွေးများကို သူက ခန့်မှန်းနိုင်ခြင်းမရှိပေ။ သူက နောက်ထပ်လေလံတင်မည့် နယ်မြေအပိုင်းကို လေလံဆွဲရာတွင် သင်ခန်းစာရသွားသော ယိရန်က ဝင်ရောက်နှောင့်ယှက်ရန် သတ္တိ မရှိလောက်တော့ပေ။
"အစ်ကိုလင် ကျုပ်တို့ ဒီနယ်မြေကို ခင်ဗျားဆီ ရောင်းချင်ပါတယ်ဗျာ"
ယိရန်နှင့် ရှုချင်းက အချိန်ကြာမြင့်စွာ ဆွေးနွေးပြီးနောက် လင်ယုကို ယဥ်ကျေးစွာ ကမ်းလှမ်းလိုက်သည်။
"ငါဝယ်မယ်။ ဒါပေမယ့် သန်းနှစ်ရာ့ခြောက်ဆယ်တော့ မပေးနိုင်ဘူး။ ဆည်းဆာရွှေသန်းတစ်ရာ့ခုနစ်ဆယ်နဲ့ ရောင်းမှာလား။ ငါက မင်းတို့ကို မကူညီချင်လို့မဟုတ်ဘူး။ စီးပွားရေးလုပ်တဲ့နေရာမှာ အဓိပ္ပါယ်မရှိတိုက်ခိုက်နေရင် ပိုက်ဆံ ဆုံးရှုံးသွားလိမ့်မယ်"
လင်ယုက ခဏတာစဥ်းစား၍ ယိရန်ကို ပြန်ပြောလိုက်သည်။
"အစ်ကိုလင်ပြောတာ မှန်ပါတယ်။ ဒါဆိုရင် ခင်ဗျားပြောတဲ့စျေးနဲ့ ရောင်းချင်ပါတယ်"
ဆည်းဆာရွှေသန်းကိုးဆယ် အလဟဿဖြစ်သွားသောကြောင့် ယိရန်၏ရင်ထဲတွင် သွေးများ ယိုစီးကျနေသည်။ နောက်ထပ်နယ်မြေတစ်ခုကိုလည်း လင်ယုက ဝယ်ယူသွားပြီး ရှစ်ခုမြောက်နယ်မြေသည် ယိရန်ဝယ်ယူသွားသော နယ်မြေနှင့် ကပ်လျက်ဖြစ်ကာ အဓိကလမ်းမကြီးက ၎င်းအတွင်း တည်ရှိသည်။ ထိုနယ်မြေအတွင်း ရေကန်များနှင့် သစ်ပင်များစွာတည်ရှိပြီး အလွန်အဖိုးမတန်သော်လည်း နယ်မြေပိုင်ရှင်၏ အိမ်တစ်လုံး ပါဝင်နေသည်။
"ဒါပဲ"
ယဲ့ချန်၏မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ဤနယ်မြေက သူ၏အစီအစဥ်နှင့် ပို၍ပင်သင့်လျော်နေခဲ့သည်။
"သန်းငါးဆယ်"
လင်ယုက ချက်ချင်းလေလံဆွဲလိုက်ပြီး ခန်းမအတွင်းရှိလူတိုင်းက သူ၏ကြွယ်ဝမှုကို အသားကျနေပြီဖြစ်သည်။
"သန်းခြောက်ဆယ်"
"သန်းခုနစ်ဆယ်"
ယဲ့ချန်သည်လည်း လေလံဝင်ဆွဲခဲ့ပြီး လေလံကြေးက သန်းတစ်ရာ့ခြောက်ဆယ်ကျော်သောအခါ လင်ယုက မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။ ဤနယ်မြေတွင် သူတော်စင်သစ်သီး စိုက်ပျိုးရေးလုပ်ရန် မသင့်တော်သောကြောင့် ထိုစျေးက သူ၏အကန့်အသတ်သို့ ရောက်နေခဲ့သည်။
"သန်းတစ်ရာ့ရှစ်ဆယ်"
"အစ်ကိုယဲ့ မင်း မင်း"
ကုလန်က နောက်ထပ်စိုးရိမ်စိတ်များဖြစ်ပေါ်လာပြီး ယဲ့ချန်ကို တားမြစ်လိုသော်လည်း အာစေးထည့်ထားသကဲ့သို့ ဆွံ့အနေမိသည်။ ယဲ့ချန်ကမူ အဓိပ္ပါယ်ပါပါပြုံး၍ သူ့ကို စိတ်အေးအေးထားရန် တစ်ချက်ကြည့်လိုက်သည်။
ယိရန်နှင့် ရှုချင်းသည် ယဲ့ချန် လေလံဆွဲနေသည်ကို မြင်သော်လည်း လေလံကြေးတိုးမြင့်လာစေရန် နောက်တစ်ကြိမ် မနှောင့်ယှက်ရဲတော့ပေ။ သူတို့က ယဲ့ချန်လက်အတွင်း နောက်တစ်ကြိမ်ကျရောက်သွားလျှင် မွဲပြာကျသွားနိုင်သောကြောင့် လက်မှိုင်ချ၍ စောင့်ကြည့်နေရုံသာတတ်နိုင်သည်။ လင်ယုသည်လည်း ယဲ့ချန်ကို စိုက်ကြည့်ရင်း သိလိုစိတ်များ ဖြစ်ပေါ်လာသည်။ လင်မျိုးနွယ်တွင် သူတော်စင်သစ်သီးကို စိုက်ပျိုးနိုင်သော နည်းလမ်း ပိုင်ဆိုင်ထားသောကြောင့် ဤနယ်မြေများမှ အမြတ်ထွက်အောင် စွမ်းဆောင်နိုင်သည်။ သို့သော် သာမန်လူတန်းစားတစ်ယောက်က နယ်မြေတစ်ခုပိုင်ဆိုင်ပြီး မည်သို့ငွေရှာနိုင်မည်နည်း။ သို့သော် သူက ယဲ့ချန်၏အကြံကို စောင့်ကြည့်လိုသောကြောင့် နောက်ထပ်လေလံဝင်မဆွဲဘဲ ရပ်တန့်လိုက်သည်။
"ဆည်းဆာရွှေသန်းတစ်ရာ့ရှစ်ဆယ် ရောင်းချလိုက်ပါပြီ"
အမျိုးသမီးကြေညာသူ၏ စကားသံ ထွက်ပေါ်လာသောအခါ နယ်မြေတစ်ခု ပိုင်ဆိုင်လိုက်ရသောကြောင့် ယဲ့ချန်က စိတ်အေးသွားခဲ့သည်။ ကျန်တစ်ဖက်တွင် ကုလန်က ယဲ့ချန်၏အကြံကို မခန့်မှန်းနိုင်သောကြောင့် စိတ်ခံစားချက်များ ခါးသက်သက်ဖြစ်နေခဲ့သည်။ ဆည်းဆာရွှေသန်းတစ်ရာ့ရှစ်ဆယ်ဟူသော ပမာဏက အခြားမြို့များတွင် ကြီးမားသော နယ်မြေတစ်ခုကို ဝယ်ယူနိုင်သည်။ ထို့အပြင် အချင်းဝင်ခုနစ်ကီလိုမီတာသာရှိသော နယ်မြေငယ်တစ်ခုတွင် မည်သည့်စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သည်ဖြစ်စေ၊ ဤပမာဏကို ပြန်လည်ရှာဖွေရန် မဖြစ်နိုင်ချေ။
ယဲ့ချန်ကမူ ကုလန်၏ မျက်နှာအမူအရာကို ဂရုမစိုက်ဘဲ ပြုံးနေခဲ့သည်။ နောက်ဆုံးတွင် သူက နယ်မြေတစ်ခုပိုင်ဆိုင်ခဲ့ပြီး သူ၏အကြံကို အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။ ဤနယ်မြေဖြင့် သူက ဆည်းဆာရွှေသန်းတစ်ရာ့ရှစ်ဆယ် ပြန်လည်ရှာဖွေနိုင်ရန် အလွန်လွယ်ကူပေသည်။ ကျန်နယ်မြေအပိုင်းနှစ်ခုကို လင်ယုက ဝယ်ယူသွားသောကြောင့် ရန်ယွင်မြို့၊ နယ်မြေလေလံပွဲ၌ ရောင်းချသည့် နယ်မြေဆယ်ခုတွင် လင်ယုက ရှစ်ခုဝယ်ယူနိုင်ခဲ့ပြီး ယိရန်နှင့် ယဲ့ချန်က တစ်ခုစီ ပိုင်ဆိုင်နိုင်ခဲ့ကြသည်။ ယိရန်က သူ၏နယ်မြေကို လင်ယုထံ ပြန်လည်ရောင်းချလိုက်သည်။ လင်ယု၏နယ်မြေအများစုက ယဲ့ချန်၏နယ်မြေနှင့် ဆက်စပ်နေသော်လည်း ကောင်းစွာပိုင်းခြားထားသဖြင့် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။
လင်ယုသည် ခန်းမအတွင်းသို့ ငုံ့ကြည့်လိုက်သည်။ သူ့ကို လေလံပွဲတွင် ပိုက်ဆံအပိုကုန်စေရန် ဝင်ရောက်နှောင့်ယှက်သူများ ရှိခဲ့သော်လည်း တတ်နိုင်သည့်အတိုင်းအတာအတွင်း ရှိနေဆဲပင်ဖြစ်သည်။ လင်မျိုးနွယ်၏ ပထမသခင်လေးနှင့် ဒုတိယသခင်လေးက သူ့ကို လိုက်လံနှောင့်ယှက်နေခြင်းဖြစ်ကာ သူတို့၏ရည်ရွယ်ချက်အစစ်အမှန်က နယ်မြေများဝယ်ယူလိုခြင်း မဟုတ်ပေ။ ထို့ကြောင့် နယ်မြေ၏စျေးနှုန်းက ပမာဏတစ်ခုအထိ မြင့်တက်သွားသောအခါ ထိုလူများက ဆက်၍လေလံမဆွဲကြတော့ပေ။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော ယဲ့ချန်အတွက်ကမူ သူဝယ်သွားသော နယ်မြေက သူတော်စင်သစ်သီးများ စိုက်ပျိုးရန် မသင့်တော်သောကြောင့် ပြဿနာကြီးမဟုတ်ပေ။ ထို့ကြောင့် လင်ယုနှင့် ယဲ့ချန်ကြားတွင် ပြဿနာတစ်ခု အစပြုမလာခဲ့ပေ။
လင်ယုသည် သူ့ကို ပစ္စည်းတစ်ခုပမာအသုံးချ၍ ယဲ့ချန်ကိုဖြေရှင်းချင်သော ယိရန်၏အကြံကို ခန့်မှန်းနိုင်ပြီးဖြစ်သည်။ အကယ်၍ သူသာ အခြားလူများ၏ အသုံးချခြင်းခံရသည်အထိ တုံးအနေလျှင် လင်မျိုးနွယ်၏ တတိယသခင်လေး ဖြစ်လာမည်မဟုတ်ပေ။ သို့သော်လည်း အခွင့်အရေးရလျှင် သူ၏နယ်မြေကို လုယူသွားပြီး ယိရန်ကို စကားတစ်ခွန်းတည်းဖြင့် အရှိုက်ထိုးနိုင်ခဲ့သော ယဲ့ချန်ကို တွေ့ဆုံချင်နေခဲ့သည်။
"လေလံပွဲပြီးဆုံးကြောင်း ကြေညာလိုက်ပါတယ်။ ဒါပေမယ့် သခင်လေးလင်က ရန်ယွင်မြို့ရဲ့ အထက်တန်းစားတွေအတွက် စကားပါးလိုက်တယ်။ နယ်မြေကို ရောင်းချချင်သူမှန်သမျှ သူ့ကို ဆက်သွယ်နိုင်ပါတယ်။ သူပေးတဲ့စျေးနှုန်းက လူတိုင်း ကျေနပ်စေရပါမယ်ရှင်"
စင်မြင့်ထက်ရှိ မိန်းမပျိုလေးက ဆွဲဆောင်အားပြင်းသောအသံဖြင့် ကြေညာလိုက်ပြီး သီးသန့်ခန်းထံ တစ်ချက်မော့ကြည့်လိုက်သည်။ လင်ယု၏လုပ်ရပ်က လေလံအိမ်၏စီးပွားရေးကို ပေါ်တင်လုယူလိုက်ခြင်းဖြစ်သော်လည်း ရန်ယွင်မြို့၊ လေလံအိမ်ပိုင်ရှင် ရီရန်က သူ့ကို မျက်နှာသာပေးခဲ့သည်။
ရန်ယွင်မြို့၏ အထက်တန်းစားများက ဤကြေညာချက်ကြောင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ သူတို့က လစာတိုးမြှင့်ပေးရန် ဆက်တိုက်တောင်းဆိုနေသော အလုပ်သမားများကြောင့် နေ့စဥ် ခေါင်းကိုက်နေရသည်။ သူတို့က လင်မျိုးနွယ်ကဲ့သို့ သူတော်စင်သစ်သီးများ မစိုက်ပျိုးနိုင်သောကြောင့် ရန်ယွင်မြို့တွင် ငွေရှာရန် မလွယ်နိုင်တော့ပေ။ ထို့ကြောင့် အများစုက ပြောင်းရွှေ့ရန် စဥ်းစားထားပြီးဖြစ်သည်။ မူလတွင် သူတို့က နယ်မြေများ စျေးကောင်းမရမည်ကို စိုးရိမ်သဖြင့် တွန့်ဆုတ်နေကြသော်လည်း လေလံပွဲမှ စျေးနှုန်းကြောင့် ရောင်းချရန် တုံ့ဆိုင်းမနေတော့ပေ။ လင်ယုပေးသော စျေးနှုန်းဖြင့်မရောင်းလျှင် သူတို့က အရူးများ ဖြစ်သွားပေလိမ့်မည်။ နယ်မြေကိုရောင်းချလိုသော အထက်တန်းစားများစွာက လင်ယုကို ဆက်သွယ်လိုက်ပြီး အရေအတွက်များလွန်းသောကြောင့် လင်ယုကိုယ်တိုင် အံ့သြသွားရသည်။ သို့သော် သူက မည်သည့်နယ်မြေကိုမဆို အလွတ်မပေးဘဲ အားလုံးဝယ်ယူပစ်လိုက်သည်။
လေလံပွဲအပြီးတွင် ယဲ့ချန်နှင့် ကုလန်က နေထိုင်ရာခြံဝန်းထံ ပြန်လာခဲ့ကြသည်။
"အစ်ကိုယဲ့က အလောတကြီးလုပ်လိုက်သလို ဖြစ်မနေဘူးလား။ နယ်မြေသေးသေးလေးကို ဒီလောက်စျေးကြီးကြီးပေးလိုက်တာက အရှုံးပေါ်သွားလိမ့်မယ်။ ငါတို့က လင်မျိုးနွယ်လို သူတော်စင်သစ်သီး မစိုက်ပျိုးနိုင်ဘူးဆိုတော့ ပိုက်ဆံပြန်ဝင်အောင် ဘယ်လိုလုပ်ကြမလဲ"
ကုလန်က ခါးသက်သက်ပြုံးလိုက်သည်။ သူက လေလံပွဲတွင် ယဲ့ချန်ကို တားမြစ်လိုခဲ့သော်လည်း တစ်ဖက်လူက အလွန်ခေါင်းမာနေခဲ့သည်။
"အစ်ကိုကု မစိုးရိမ်ပါနဲ့။ ငွေရှာဖို့အတွက် ကျုပ်မှာ နည်းလမ်းတစ်ခု ရှိပါတယ်"
ယဲ့ချန်က ယုံကြည်ချက်အပြည့်နှင့် ပြုံးပြနေခဲ့သည်။
"ဘယ်လိုလုပ်ကြမလဲ"
ကုလန်က စပ်စုလိုက်သည်။ ယဲ့ချန်က ရှားပါးသော ဆေးပင်များကို စိုက်ပျိုးနိုင်စွမ်း ရှိနေပုံပေါ်သည်။