အိမ်ရာတည်ဆောက်ခြင်း
Vol. 40 Ch. 557
"အစ်ကိုကု ကျုပ်တို့ရဲ့ငွေချေးလုပ်ငန်းမှာ ဆည်းဆာရွှေသန်းသုံးရာ ရှိတယ်မလား"
ယဲ့ချန်က တိုက်ရိုက်မဖြေဘဲ ပြန်၍မေးလိုက်သည်။
"သန်းနှစ်ရာ့ခုနစ်ဆယ်ကို ထုတ်သုံးနိုင်တယ်။ သုံးဆယ်ကတော့ ငွေချေးလုပ်ငန်းထဲမှာ လည်ပတ်နေတယ်"
"ဒါတွေကို ကျုပ်အသုံးပြုဖို့ ထုတ်ပေးနိုင်မလား"
"လောလောဆယ် ငွေချေးတာက သိပ်အလုပ်မဖြစ်တော့ဘူး။ သာမန်လူတွေက ကောင်းကင်ဘုံငယ်တွေထဲကို ဝင်အမဲလိုက်ပြီး ဝင်ကြေးအတွက် ကိုယ်တိုင် ပိုက်ဆံရှာနိုင်နေကြပြီ"
ကုလန်က ခေါင်းညိတ်၍ အခြေအနေကို ရှင်းပြလိုက်သည်။
"ဒါဆိုရင် သူတို့က အခုချမ်းသာလာပြီမလား။ ရန်ယွင်မြို့ရဲ့ သာမန်လူတန်းစားတွေလက်ထဲမှာ အနည်းဆုံး သန်းသုံးရာကျော် ရှိနေမှာပေါ့"
"သန်းသုံးရာမကလောက်ဘူးကွ။ သူတို့က သုံးရက်တစ်ခါအမဲလိုက်ထွက်ပြီး မတော်တဆမဖြစ်ရင် သန်းရာနဲ့ချီ ရှာဖွေနိုင်ကြတယ်။ အမဲလိုက်အဖွဲ့အရေအတွက်က အနည်းဆုံး ရှစ်ရာကျော်လိမ့်မယ်။ အများစုက ကောင်းကင်ဘုံငယ်ထဲကို လေးငါးကြိမ်မက ဝင်ပြီးကြပြီဆိုတော့ သန်းပေါင်းခုနစ်ရာကျော်လောက် ပိုင်ဆိုင်ထားကြလိမ့်မယ်"
ကုလန်က စိတ်ထဲတွင် တွက်ချက်၍ အဖြေပေးလိုက်သည်။
"ဒါဆိုရင် တစ်လအတွင်း ဘယ်လောက်ချမ်းသာလာမလဲ"
ယဲ့ချန်က အပြုံးနှင့်မေးသည်။
"တစ်လအတွင်း သူတို့က အနည်းဆုံး ဆည်းဆာရွှေဘီလီယံချီ ပိုင်ဆိုင်သွားကြလိမ့်မယ်"
ဤပမာဏက ထိတ်လန့်စရာဖြစ်သောကြောင့် ကုလန်မှာ အံ့သြသွားခဲ့သည်။
"ဒါဆိုရင် လူဦးရေနဲ့ တွက်ချက်ကြည့်လိုက်ရင် တစ်ယောက်ကို အနည်းဆုံး ဆည်းဆာရွှေသုံးသိန်းတော့ ရှိကြမယ်မလား"
ယဲ့ချန်က ဆက်ပြောလိုက်ပြီး ကုလန်က သိလိုစိတ်ပြင်းပျစွာဖြင့် ခေါင်းညိတ်သည်။
"ငွေသုံးသိန်းနဲ့ဆိုရင် ဘာတွေလုပ်လို့ရမလဲ"
"ဒီငွေက ရန်ယွင်မြို့ထဲမှာ အိမ်ဝယ်ဖို့ မလုံလောက်တဲ့အပြင် မြို့စွန်မှာတောင် ခြံဝန်းတစ်ခု ဝယ်နိုင်မှာမဟုတ်ဘူး။ မြို့စွန်က မြေစျေးက တစ်ကွက်ကို အနည်းဆုံး တစ်သန်းကစတယ်။ အစ်ကိုယဲ့ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ငါ တကယ်နားမလည်ဘူး"
ကုလန်က ယဲ့ချန်၏မေးခွန်းမှန်သမျှကို ဖြေကြားနေခဲ့သော်လည်း သူ၏အကြံကို ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။ ယဲ့ချန်က ကြီးကြီးမားမားကြံစည်နေကြောင်း ပြောနိုင်သော်လည်း သူ မခန့်မှန်းတတ်ချေ။
"ငွေသုံးသိန်းနဲ့ အိမ်ဝယ်လို့ မရဘူး။ ဟုတ်တယ်မလား"
"ဒါပေါ့။ ရန်ယွင်မြို့မှာ နယ်မြေတစ်ခုဝယ်ချင်ရင်တောင် ငွေဆယ်သန်း အနည်းဆုံးလိုတယ်။ လင်ယုကြောင့် လောလောဆယ်မှာ စျေးက ဆယ်ဆလောက် ခုန်တက်နေပြီ။ အစ်ကိုယဲ့က နယ်မြေကို နောက်ထပ်အပိုင်းပိုင်းခွဲပြီး ရောင်းချမလို့လား။ ဒါပေမယ့် တာအိုအိမ်တော်ရဲ့ဥပဒေအရ နယ်မြေတစ်ခုရဲ့ အကျယ်အဝန်းက အချင်းဝက်ငါးမီတာအောက် လျော့လို့မဖြစ်ဘူးလေ"
ကုလန်က တိတ်တဆိတ် အတွေးနက်နေသည်။
"ကျုပ်တို့ဝယ်ထားတဲ့ နယ်မြေက ရန်ယွင်မြို့နဲ့ နာရီဝက်ခရီးမှာရှိပြီး အဓိကလမ်းမကြီးနဲ့နီးလို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တယ်။ ငါတို့က နယ်မြေတစ်ပိုင်းကို ခွဲထုတ်ပြီး အိမ်တွေ တည်ဆောက်မယ်။ ပထမဆုံးအနေနဲ့ အိမ်ခြောက်ရာတည်ဆောက်ပြီး စျေးနှုန်းကို ရန်ယွင်မြို့ရဲ့အိမ်စျေးအောက် နိမ့်ကျစေရမယ်။ ဒါပေမယ့် အဆင့်အတန်းကတော့ ပိုမမြင့်ရင်တောင် မနိမ့်ကျစေရဘူး။ ပတ်ဝန်းကျင်မှာ ဆေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စျေးဆိုင်တွေကို တည်ဆောက်ထားပြီး အိမ်ကိုဝယ်ယူသူတိုင်းက ဒါကို ပိုင်ဆိုင်သွားပြီး ပြန်လည်ရောင်းချပိုင်ခွင့်လည်း ရှိမယ်"
ယဲ့ချန်၏အကြံကို ကြားသောအခါ ကုလန်က တွေဝေသွားခဲ့သည်။ သူက နယ်မြေတစ်ခုအတွင်း မြို့အငယ်စားတစ်ခုတည်ဆောက်ရန် ကြံစည်နေခြင်းဖြစ်သည်။ အကယ်၍ အိမ်များက ပို၍ကောင်းမွန်ပြီး စျေးနှုန်းချိုသာမည်ဆိုလျှင် သေချာပေါက် ရောင်းရပေလိမ့်မည်။ ပိုက်ဆံများစွာမရှိသည့်တိုင်အောင် လူတိုင်းက ဤအိမ်ရာတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားလာကြပေလိမ့်မည်။
ဤနည်းဖြင့် အိမ်ရာတည်ဆောက်ပြီး ရောင်းချလျှင် နယ်မြေ၏တန်ဖိုးက ဆယ်ဆကျော် ခုန်တက်သွားပေလိမ့်မည်။ ထို့အပြင် အိမ်ခြောက်ရာအတွက် လိုအပ်သော မြေပမာဏက နယ်မြေ၏တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး နောက်ထပ်အိမ်ပေါင်းထောင်ချီ ဆောက်လုပ်ရန် အခက်အခဲမရှိပေ။ ကုလန်သည် အသက်ကို ခပ်ပြင်းပြင်းရှူ၍ ယဲ့ချန်၏ခေါင်းကိုဖွင့်ကာ သူ၏ဦးနှောက်အကြောင်း ကြည့်ရှုလိုနေခဲ့သည်။ မူလတွင် သူသည် နယ်မြေတစ်ခုကို ဆည်းဆာရွှေသန်းတစ်ရာ့ရှစ်ဆယ်ဖြင့် ဝယ်ယူခြင်းက အရှုံးပေါ်လိမ့်မည်ဟု ထင်ထားသော်လည်း ယဲ့ချန်၏အကြံက သန်းတစ်ရာ့ရှစ်ဆယ် မဆိုထားနှင့်၊ သန်းတစ်ထောင်ပင် ပြန်လည်ရှာဖွေပေးပေလိမ့်မည်။ ဤအကြံက ယဲ့ချန်၏စိတ်ကူးစိတ်သန်းဖြစ်ပြီး အထက်တန်းစားများဆိုလျှင် မည်သို့ဂုတ်သွေးစုပ်ရမည်ကိုသာ အကြံထုတ်နေကြပေလိမ့်မည်။
သာမန်လူတန်းစားများအတွက် အိမ်တစ်လုံးပိုင်ဆိုင်ရန် အိပ်မက်ကို လူတိုင်း မက်ဖူးကြသည်။ ရန်ယွင်မြို့အတွင်းရှိ သာမန်လူတန်းစားများက ကောင်းကင်ဘုံငယ်များအတွင်း အမဲလိုက်၍ ချမ်းသာလာလျှင် ကိုယ်ပိုင်အိမ်များ ဝယ်ယူကြပေလိမ့်မည်။ ဤအကြောင်းကို ယဲ့ချန်က ကောင်းကောင်းကြီးသိရှိထားသဖြင့် တည်ဆောက်ထားသော အိမ်များ၏စျေးနှုန်းကို ရန်ယွင်မြို့၏အိမ်စျေးအောက် လျှော့ချလိုသဖြင့် ဆည်းဆာရွှေရှစ်သိန်းကို အခြေခံစျေးနှုန်းအဖြစ် သတ်မှတ်လိုက်သည်။
"အိမ်တစ်လုံးကို ငွေရှစ်သိန်းနဲ့ရောင်းတာက မနည်းလွန်ဘူးလား။ ရန်ယွင်မြို့မှာဆိုရင် ဒီလိုအိမ်မျိုးကို အနည်းဆုံး ဆည်းဆာရွှေငါးသန်း ပေးဝယ်ရလိမ့်မယ်"
ကုလန်က စျေးနှုန်းကို တစ်ချက်ထောက်ပြသည်။
"စီးပွားရှာရာမှာ အကျိုးအမြတ်နည်းနည်းနဲ့ အရေအတွက်များများ ရောင်းနိုင်ဖို့ ကြိုးစားရမယ်။ ငါတို့နယ်မြေက ရန်ယွင်မြို့နဲ့ကွဲပြားပြီး စျေးနှုန်းနိမ့်လေလေ များများရောင်းရလေလေဖြစ်လို့ ပိုပြီးစည်ကားလာလိမ့်မယ်"
ယဲ့ချန်က ရှင်းပြလိုက်၏။
"မှန်တယ်။ မှန်တယ်"
လက်ရှိတွင် ယဲ့ချန်၏စကားတိုင်းကို ကုလန်က သံသယမရှိ၊ ယုံကြည်နေပြီဖြစ်သည်။
"အနာဂတ်မှာ ငါတို့က မြို့ဝန်အိမ်တော်ရဲ့အဆင့်မျိုးရှိတဲ့ အိမ်မျိုးတွေလည်း တည်ဆောက်ရလိမ့်မယ်။ ပိုက်ဆံရှိနေသရွေ့ လူတိုင်း ဝယ်ယူနိုင်ခွင့်ရှိရမယ်။ တာအိုအိမ်တော်ရဲ့ဥပဒေက ဒီလိုမျိုးတည်ဆောက်တာကို မကန့်သတ်ထားဘူးမလား။ လအနည်းငယ်အတွင်းမှာ အမဲလိုက်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေက ချမ်းသာလာပြီး ပိုကောင်းတဲ့အိမ်မျိုးကို လိုချင်လာလိမ့်မယ်"
ယဲ့ချန်က သူ၏အစီအစဥ်ကို ဆက်လက်ရှင်းပြနေခဲ့သည်။
"မြို့တော်ဝန်က ငါတို့ကို ကန့်ကွက်လာတာမျိုး ရှိနေနိုင်မလား"
ကုလန်၏မျက်လုံးများက တောက်ပနေသော်လည်း ခဏတာစဥ်းစား၍ စိုးရိမ်စွာပြောလိုက်သည်။
"သူကန့်ကွက်ရင်လည်း ကျုပ်တို့က ဂရုစိုက်စရာမလိုပါဘူး"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ သူက ယဲ့မျိုးနွယ်ဝင်များကို ကယ်တင်ရန်အတွက် ပိုက်ဆံပမာဏများစွာ အရေးတကြီးလိုအပ်နေသည်။ ပိုက်ဆံအတွက် မည်သူ့ကို စော်ကားမိသည်ဖြစ်စေ၊ သူ ဂရုမစိုက်နိုင်တော့ပေ။ တာအိုအိမ်တော်၏ဥပဒေကို မချိုးဖောက်သရွေ့ မည်သည့်စီးပွားရေးကိုမဆို သူ လုပ်ကိုင်ရပေလိမ့်မည်။
"မင်းက ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ငါတို့က အစွမ်းကုန်ကူညီရမှာပေါ့"
ကုလန်သည် ကတိပေးလိုက်ပြီး ကုဖေးက လက်သမားများစွာ ရှာဖွေစုစည်းထားသောကြောင့် ဆောက်လုပ်ရေးကို အချိန်မရွေးစတင်နိုင်သည်။ အိမ်တစ်လုံးတည်ဆောက်သော ကုန်ကျစရိတ်က ဆည်းဆာရွှေတစ်သောင်းပတ်လည်သာ ဖြစ်သောကြောင့် ယဲ့ချန်က ကျေနပ်နေသည်။ ထို့နောက် သူ၏နယ်မြေတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်လည်ပတ်လာသဖြင့် ရန်ယွင်တစ်မြို့လုံး၏ အာရုံစိုက်ရာဖြစ်လာခဲ့သည်။ ထိုနယ်မြေအကြောင်းကို လူတိုင်းက နေ့စဥ်နေ့တိုင်း ဆွေးနွေးနေကြသည်။
ယိရန်၊ ရှုချင်းစသော အထက်တန်းစားတစ်အုပ်ကလည်း ယဲ့ချန်၏အကြံကို မခန့်မှန်းတတ်ကြပေ။
"ဒီကောင်က ပိုက်ဆံတွေအများကြီးရှာပြီးတော့ ဇိမ်ခံတော့မလို့လား။ အိမ်တွေ ဒီလောက်အများကြီး ဆောက်နေတာက ဘယ်သူနေဖို့အတွက်လဲ"
ရှုချင်းက စဥ်းစားမရဖြစ်နေခဲ့သည်။ သူနှင့် ယိရန်က လေလံပွဲတွင် ပိုက်ဆံများစွာ ဆုံးရှုံးသွားခဲ့ရသောကြောင့် ပိုင်ဆိုင်မှုများတစ်ဝက်အထိ ဆုတ်ယုတ်သွားသဖြင့် ကျပ်ကျပ်တည်းတည်း နေထိုင်နေရသည်။ ထို့ကြောင့် ယဲ့ချန်ကို သူတို့က အလွန်အမင်းမုန်းတီးနေကြသည်။ သို့သော်လည်း ဥပဒေကြောင့် သူတို့က လက်လွတ်စပယ်မပြုမူရဲသောအခါ မျှော်လင့်ချက်အားလုံးကို လင်ယုအပေါ် ပုံအပ်ထားလိုက်သည်။ ကံဆိုးသည်မှာ လေလံပွဲအပြီးတွင် လင်ယုက ယဲ့ချန်အပေါ် မကောင်းကြံစည်ခြင်းမပြုဘဲ ကိုယ့်အလုပ်ကို အာရုံစိုက်နေသောကြောင့် သူတို့အားလုံး စိတ်ပျက်လက်ပျက်ဖြစ်သွားကြရ၏။
ယဲ့ချန်၏နယ်မြေအတွင်း လက်သမားရာပေါင်းများစွာက ဆက်တိုက်အလုပ်လုပ်နေကြပြီး ပထမဆုံးရက်၌ပင် အိမ်ငါးခုဆောက်လုပ် ပြီးစီးသွားခဲ့သည်။ ကုဖေး၏အဆက်အသွယ်များဖြင့် ၎င်းတို့ကို ချမ်းသာကြွယ်ဝလာသည့် သာမန်လူတန်းစားများထံ ရောင်းချနိုင်ခဲ့ကြသည်။ ထိုငါးယောက်က ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူများဖြစ်ကာ သက်ဆိုင်ရာအဖွဲ့များတွင် ခေါင်းဆောင်များဖြစ်သောကြောင့် ကောင်းကင်ဘုံငယ်များအတွင်း ငွေရှာနိုင်ခဲ့ကြသည်။ သူတို့က အိမ်ရာအသစ်ထံ ပြောင်းရွှေ့လိုက်ကြသောအခါ ရန်ယွင်တစ်မြို့လုံး အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။ ယဲ့ချန်၏နယ်မြေတွင် အိမ်ဝယ်ယူခြင်းက ငှားရမ်းခြင်းမဟုတ်ဘဲ ရာနှုန်းပြည့် ပိုင်ဆိုင်သွားခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့က မြို့စွန့်ဒေသမှ ခြံဝန်းများထက် သာလွန်ကောင်းမွန်ပြီး ရန်ယွင်မြို့တွင်းမှ အချို့အိမ်များပင် မယှဥ်နိုင်ချေ။ ရန်ယွင်မြို့တွင်းရှိ အိမ်များကို အထက်တန်းစားများက ထိန်းချုပ်ထားပြီး စျေးနှုန်းမှာ တစ်အိမ်လျှင် အနည်းဆုံး ဆည်းဆာရွှေငါးသန်းဖြစ်သည်။ ယဲ့ချန်၏နယ်မြေ၌ တစ်အိမ်လျှင် ဆည်းဆာရွှေရှစ်သိန်းဖြင့် ရောင်းချပြီး စျေးအကြီးဆုံးမှာ တစ်သန်းသာ ကျသင့်ပေသည်။
သာမန်လူတန်းစားအားလုံး လှုပ်ရှားသွားကြပြီး ယဲ့ချန်၏နယ်မြေကို စောင့်ကြည့်နေကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သော်လည်း နောက်ကျနေလျှင် အိမ်တစ်လုံး ဝယ်ယူနိုင်ခွင့်မရလိုက်မည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် သူတို့က ငွေရှာရန်အတွက် အဖွဲ့များဖွဲ့စည်းကာ ကောင်းကင်ဘုံငယ်များအတွင်း ချက်ချင်းထွက်ခွာသွားကြသည်။ အချို့သောကျင့်ကြံသူများက ဆည်းဆာရွှေသိန်းချီ ရှာဖွေပြီးနောက် ဘဝကို အေးအေးဆေးဆေးနေထိုင်ရန် ဆုံးဖြတ်ထားသော်လည်း ယဲ့ချန်၏နယ်မြေအတွင်း အိုးပိုင်အိမ်ပိုင်ဖြစ်လာသူများကို မြင်သောအခါ အားကျလာကြသည်။ ထို့ကြောင့် ကောင်းကင်ဘုံငယ်များအတွင်း အမဲလိုက်ရန် ဝင်ရောက်လာသော အရေအတွက်က ဖြည်းဖြည်းချင်း တိုးလာနေခဲ့သည်။
နောက်ထပ်အိမ်ဆယ်လုံး ဆောက်လုပ်ပြီးစီးသောအခါ ကုဖေးကိုယ်တိုင် ဆက်သွယ်ရန်ပင် မလိုအပ်ဘဲ ရောင်းထွက်သွားခဲ့၏။ ဆောက်လုပ်ရေးမပြီးခင်မှာပင် နောက်ထပ်အိမ်အလုံးနှစ်ဆယ်အတွက် ကြိုတင်မှာယူသူများ ရှိလာခဲ့သည်။ အချို့က လက်ရှိတွင် ဆည်းဆာရွှေရှစ်သိန်း မပိုင်ဆိုင်သောကြောင့် ဆွေမျိုးများနှင့် မိတ်ဆွေများထံမှ ငွေချေးပြီး အိမ်ဝယ်ခဲ့ကြသည်။ ကောင်းကင်ဘုံငယ်များအတွင်း အမဲလိုက်နေသော ချီပင်လယ်အဆင့်ကျင့်ကြံသူအရေအတွက်က ခြောက်ထောင်မှ နှစ်သောင်းကျော်အထိ တမဟုတ်ချင်း တိုးတက်လာခဲ့သည်။ ရန်ယွင်မြို့၏ပတ်ဝန်းကျင်တွင် နေထိုင်သူ ချီပင်လယ်အဆင့်အရေအတွက်မှာ တစ်သိန်းကျော်သောကြောင့် နေ့စဥ် ပို၍တိုးပွားလာနေခဲ့သည်။ ကုလန်နှင့် ကုဖေးမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ရန်ပင် အချိန်မအားလပ်ဘဲ ဆောက်လုပ်ရေးကို ကြီးကြပ်ကာ အလုပ်ရှုပ်နေကြသည်။
အစပိုင်းတွင် ယဲ့ချန်၏နယ်မြေအတွင်း ဖြစ်ပျက်နေသမျှကို အထက်တန်းစားများက သတိထားမိသော်လည်း အရေးတယူမရှိခဲ့ပေ။ သို့သော် သူတို့က သာမန်လူတန်းစားများ၏အိပ်မက်ကို နားမလည်သကဲ့သို့ လောကကြီးနှင့် မထိတွေ့ဖူးကြပေ။ အချိန်ကြာမြင့်လာသောအခါ ဆောက်လုပ်ပြီးစီးသွားသော အိမ်ခြောက်ဆယ်လုံး ရောင်းထွက်သွားခဲ့ပြီး နောက်ထပ်အရေအတွက်နှစ်ရာကျော် ထပ်မံဆောက်လုပ်နေသည်ကို မြင်ရသောအခါ အထက်တန်းစားများက မတည်ငြိမ်နိုင်တော့ပေ။ သူတို့၏တွက်ချက်မှုများအရ အိမ်တစ်လုံးကို ဆည်းဆာရွှေရှစ်သိန်းဖြင့် ရောင်းချလျှင်ပင် အလုံးသုံးရာကျော် ရောင်းချပြီးချိန်၌ သန်းနှစ်ရာကျော်သွားပေလိမ့်မည်။
နယ်မြေကို လေလံဆွဲရန်အတွက် အသုံးပြုခဲ့သော ပမာဏကို ယဲ့ချန်က မျက်တောင်တစ်ခတ်အတွင်း ပြန်ရှာပြလိုက်သောအခါ လူတိုင်း အံ့သြနေကြသည်။ ထို့အပြင် လက်ရှိ၌ နယ်မြေ၏တစ်ရာခိုင်နှုန်းသော အကျယ်အဝန်းကိုသာ အိမ်များ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဤနှုန်းဖြင့်ဆိုလျှင် ယဲ့ချန်အတွက် အိမ်ပေါင်းထောင်ချီ ဆောက်လုပ်ရန်က ပြဿနာတစ်ခုမဟုတ်သောကြောင့် ကြောက်စရာကောင်းလောက်အောင် ကြီးပွားလာပေလိမ့်မည်။