လင်ယု၏စိုက်ပျိုးရေး
Vol. 40 Ch. 558
ကြီးမားလှသော အကျိုးအမြတ်ကြောင့် အထက်တန်းစားများက ယဲ့ချန်ကို မနာလိုဖြစ်နေကြပြီး အချို့က နယ်မြေများတွင် ရောင်းချရန်အိမ်များ လိုက်လံတည်ဆောက်ခဲ့သည်။ သို့သော်လည်း မည်သူမှမဝယ်သောကြောင့် ရလဒ်က စိတ်ဓာတ်ကျစရာပင်ဖြစ်သည်။ သာမန်လူတန်းစားများ၏အမြင်တွင် သူတို့က ဂုတ်သွေးစုပ် အမြတ်ကြီးစားတတ်သူများဖြစ်ကြသည်။ အကယ်၍ သူတို့၏အိမ်များကို ဝယ်ယူမိလျှင် အနာဂတ်၌ မကောင်းသောအကြံအစည်များနှင့် မောင်းထုတ်မည်ဟု စိုးရိမ်နေကြသည်။ ကျန်တစ်ဖက်တွင် ယဲ့ချန်တို့အဖွဲ့က ကွဲပြားပြီး သာမန်လူတန်းစားများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် ငွေချေးပေးကြသူများဖြစ်သည်။ သူတို့၏ဂုဏ်သတင်းက ကြီးမားသောကြောင့် လိမ်လည်စရာအကြောင်းမရှိဟု သာမန်လူတန်းစားများက ယုံကြည်ထားပြီး အိမ်များကို စိတ်ချလက်ချဝယ်ယူနိုင်သည်။ ဆည်းဆာရွှေရှစ်သိန်းက သူတို့ပိုင်ဆိုင်သမျှဖြစ်သောကြောင့် စွန့်စားမှုလုပ်ရန် မည်သူမှစိတ်မဝင်စားကြပေ။
ယဲ့ချန်၏ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေစဥ် လင်ယုသည် ရန်ယွင်မြို့ရှိနယ်မြေများကို ဝယ်ယူရန် ဆည်းဆာရွှေသန်းခုနစ်ထောင်ကျော် အသုံးပြုခဲ့သည်။ နယ်မြေအားလုံး၏ငါးပုံတစ်ပုံက သူ၏လက်အောက်သို့ ရောက်ရှိလာပြီးနောက် စိုက်ပျိုးရေးအတွက် အလုပ်သမားနှစ်သောင်းကျော် ငှားရမ်းခဲ့သည်။ သူတို့က လင်ယုလက်အောက်တွင် တစ်နေ့လျှင် ဆည်းဆာရွှေဆယ်ပြားဖြင့် နေ့စဥ်အလုပ်လုပ်နေကြသည်။ သူတော်စင်သစ်သီးစိုက်ပျိုးရေးတွင် ကျင့်ကြံဆင့်မလိုအပ်သောကြောင့် အားနည်းသူများလည်း လုပ်ကိုင်နိုင်သောကြောင့် ဤအလုပ်ကိုရရှိရန်ပင် အချင်းချင်း တိုက်ခိုက်နေကြသည်။ သူက စိုက်ပျိုးရေးအပြင် ဝိညာဥ်သားရဲအလောင်း အရေအတွက်များစွာကိုလည်း ဝယ်ယူခဲ့သည်။ ချီပင်လယ်အဆင့် ဝိညာဥ်သားရဲအလောင်းများက စျေးကြီးသော်လည်း ထူးကဲအဆင့်နှင့်အောက် အလောင်းများက စျေးပေါပြီး မြေသြဇာအဖြစ် အသုံးပြုနိုင်သည်။ ကောင်းကင်ဘုံငယ်များအတွင်း အမဲလိုက်ရရှိလာသော အဆုံးမဲ့အဆင့် ဝိညာဥ်သားရဲအလောင်းများကိုလည်း သူက ငြင်းပယ်ခြင်းမရှိ၊ ဝယ်ယူခဲ့သည်။
ဤကား သာမန်လူတန်းစားများအတွက် ကောင်းချီးတစ်ခုဖြစ်သည်။ သာမန်အခြေအနေများတွင် သူတို့က ကျင့်ကြံဆင့်မြင့်သော ဝိညာဥ်သားရဲများကို အမဲလိုက်ရန် တစ်ဖွဲ့လျှင် ခြောက်ယောက်အထိ လိုအပ်သည်။ သို့သော် လက်ရှိတွင် သူတို့က လူနှစ်ယောက်လောက်ဖြင့် အဆင့်နိမ့်ဝိညာဥ်သားရဲအလောင်းများကို လိုက်လံစုဆောင်းပြီး အပိုဝင်ငွေအဖြစ် ရောင်းချလာနိုင်သည်။ သူတော်စင်သစ်သီးများက ဝိညာဥ်သားရဲအလောင်းများမှ အာဟာရဓာတ်များကိုစုပ်ယူပြီး လျင်မြန်စွာ ကြီးထွားနိုင်သည်။ အမဲလိုက်မုဆိုးများစွာက ကောင်းကင်ဘုံငယ်များအတွင်း အိမ်ဝယ်ရန်အတွက် ငွေရှာနေကြသောကြောင့် လင်ယုအနေဖြင့် မြေသြဇာအတွက် စိတ်ပူရန် မလိုအပ်ပေ။ ထို့ကြောင့် သူ၏ သူတော်စင်သစ်သီးစိုက်ပျိုးရေးက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်နေခဲ့သည်။
ယဲ့ချန်၏ပိုင်နက်နှင့် မနီးမဝေးတွင် လင်ယု၏နယ်မြေတစ်ခုရှိပြီး တောင်ကုန်းတစ်ခုပေါ်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေသည်။ သူတော်စင်သစ်သီးများက နွယ်ပင်အမျိုးအစားဖြစ်ပြီး ၎င်းတို့က မွှေးရနံ့ပြင်းပြင်းထွက်ပေါ်နေကာ လက်သီးဆုပ်အရွယ်အစား ရှိသည်။ ၎င်းတို့က စတင်စိုက်ပျိုးကာစတွင် အစိမ်းရောင်ဖြစ်ပြီး ရင်မှည့်ပြီးသွားလျှင် ခရမ်းရင့်ရောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ အချို့က သွေးနီရောင်နှင့် သမုဒ္ဒရာ၏အပြာရောင် ပြောင်းလဲသွားကြပြီး သန္ဓေပြောင်းသစ်သီးများက အလွန်ရှားပါးပေသည်။ အသီးပေါင်းတစ်ထောင်လျှင် တစ်လုံး သန္ဓေပြောင်းသွားရန် မလွယ်ချေ။ လင်ယုနှင့် တန်းဟိုင်က တောင်ကုန်းပေါ်တွင် ထွက်ပေါ်လာပြီး အခြေအနေကို စစ်ဆေးနေသည်။
တောင်တက်လမ်းပေါ်တွင် အလုပ်သမားများက ဝိညာဥ်သားရဲအလောင်းများကို ဆွဲလာပြီး သူတော်စင်သစ်သီးများထံ အစာကျွေးနေကြသည်။ နွယ်ပင်များက အသားနံ့ကိုရသောအခါ တောခွေးများကဲ့သို့ ကြမ်းတမ်းစွာဖြင့် တိုးထွက်လာကာ အလောင်းများကို ရစ်ပတ်လိုက်သည်။ ထို့နောက် ၎င်းတို့က အလောင်းများအတွင်းသို့ တိုးဝင်သွားကာ ပိုက်ကြီးများသဖွယ် အာဟာရဓာတ်များကို စုပ်ယူလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သစ်ရွက်များထံမှ အစိမ်းရောင်ပျစ်ချွဲချွဲအရည်များ ထွက်ပေါ်လာကာ ဝိညာဥ်သားရဲများ၏ ခန္ဓာကိုယ်များကို ထိတွေ့ချိန်တွင် မြေသြဇာအဖြစ် အရည်ဖျော်ပစ်လိုက်ကြသည်။ များပြားလှသော ဝိညာဥ်သားရဲအလောင်းများက ကျုံ့ဝင်သွားပြီး မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် သွေးအိုင်များအဖြစ် ပြောင်းလဲသွားကြသည်။ မြေသြဇာများကို စုပ်ယူပြီးနောက် သူတော်စင်သစ်သီးများ၏ အရောင်အသွေးက ပို၍တောက်ပလာခဲ့သည်။
"ရန်ယွင်မြို့မှာ ဝိညာဥ်သားရဲအလောင်းတွေ ဒီလောက်များများရှိနေမယ်လို့ မထင်ထားဘူး။ ဒီအတိုင်းဆိုရင် ပထမအသုတ်က ခြောက်လအတွင်း ရင်မှည့်လာလိမ့်မယ်"
တန်းဟိုင်သားရဲက လူသားဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး ပျော်ရွှင်မှုများ မျက်လုံးတွင် ထင်ဟပ်နေသည်။
"ခြောက်လ မလိုအပ်ပါဘူး။ သုံးလဆိုရင် လုံလောက်ပါတယ်။ ဒီသစ်သီးတွေက ငါ့ဦးလေး စစ်ပွဲဘုံကနေ အသက်နဲ့ရင်းပြီးယူလာတဲ့ မျိုးစိတ်သစ်ဖြစ်တယ်။ ဒါတွေက သွေးမီးတောက်နဲ့ ပင်လယ်အဆင့် သူတော်စင်သစ်သီးကို အရေအတွက်များများ ထုတ်လုပ်ပေးနိုင်တယ်"
လင်ယုက တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။
"ဒီလိုလား"
တန်းဟိုင်က လောဘတကြီးဖြင့် လျှာသပ်လိုက်၏။
"အစကတော့ မြေသြဇာ လုံလုံလောက်လောက်မရမှာကို ငါ စိုးရိမ်နေခဲ့တယ်။ ယဲ့ချန်ကို ကျေးဇူးတင်ရမယ်ကွ။ သူ့ကြောင့်သာမဟုတ်ရင် ကောင်းကင်ဘုံငယ်တွေထဲကို အမဲလိုက်သွားတဲ့အဖွဲ့တွေ ဒီလောက်များမှာမဟုတ်ဘူး။ သူတော်စင်သစ်သီးတွေ ရင့်မှည့်ဖို့အတွက်လည်း အနည်းဆုံး၂နှစ်လောက် အချိန်ယူရလိမ့်မယ်။ နောက်လာမယ့် မျိုးနွယ်စုဝေးပွဲမှာ အစ်ကိုတစ်နဲ့ အစ်ကိုနှစ် ဘယ်လိုမျက်နှာတွေဖြစ်နေမယ်ဆိုတာ သိချင်နေပြီ။ ငါတို့သာ အခွင့်အရေးရှိရင် ယဲ့ချန်နဲ့တွေ့ ကြည့်ကြတာပေါ့"
လင်ယုက၏မျက်လုံးများက အေးစက်နေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယဲ့ချန်၏နယ်မြေကို မြင်သောအခါ စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာသည်။
"သူက သာမန်လူတစ်ယောက်ပါကွာ"
တန်းဟိုင်က စိတ်မဝင်စားဟန်ဖြင့် ရေရွတ်သည်။
"သူက သာမန်လူတစ်ယောက်ဆိုပေမယ့် အစွမ်းအစရှိတယ်ကွ"
လင်ယုသည် ယဲ့ချန်အကြောင်း သူ၏နောက်လိုက်များကို စုံစမ်းခိုင်းထားပြီးဖြစ်သည်။ ယဲ့ချန်သည် အရှေ့ပိုင်းတိုက်ကြီးမှလာသူဖြစ်ပြီး ငွေချေးခြင်းဖြင့် ပိုက်ဆံများစွာ ရှာဖွေနိုင်ခဲ့ကြောင်း သိသောအခါ လင်ယုက အံ့သြခဲ့ရသည်။ တစ်လအတွင်း သူက ဆည်းဆာရွှေသန်းရာချီ ရှာဖွေနိုင်ခဲ့သည့်အပြင် ရန်ယွင်မြို့၏အထက်တန်းစားများကို ထိုးနှက်နိုင်ခဲ့သည်။ ဤအလုပ်မျိုးက သာမန်လူတန်းစားများ မည်မျှကြိုးစားပါစေ၊ အစွမ်းအစမရှိလျှင် အောင်မြင်နိုင်စရာ အကြောင်းမရှိချေ။
"ငါတွက်ချက်ထားရသလောက်ဆိုရင် သူ့အရည်အချင်းကြောင့် ဆည်းဆာရွှေသန်းထောင်ချီ ရှာဖွေနိုင်လိမ့်မယ်"
လင်ယုသည် ယဲ့ချန်၏နယ်မြေကို ငေးကြည့်နေရင်း ပြောလိုက်ခြင်းဖြစ်သည်။
"သန်းထောင်ချီလား။ မင်းဆိုရင်ရော ဒီလိုနယ်မြေသေးသေးလေးတစ်ခုနဲ့ဒီ လောက်အများကြီး ရှာနိုင်ပါ့မလား"
လင်ယု၏ ကာကွယ်ရေးသားရဲဖြစ်သောကြောင့် ကြွယ်ဝခြင်းနှင့်မစိမ်းသော တန်းဟိုင်ပင် အံ့သြသွားခဲ့ရသည်။
"အိမ်တွေဆောက်ရင်တော့ ဖြစ်နိုင်ပါတယ်"
"ဒါဆိုရင် ငါတို့လည်း အိမ်တွေဆောက်ပြီး ရောင်းကြမလား။ တော်ဝင်မြို့တော်ကနေ လက်သမားတွေ ခေါ်လာလို့ရတယ် မဟုတ်ဘူးလား။ ငါတို့ပိုင်ထားတဲ့နယ်မြေက သူပိုင်ထားတာထက် အဆပေါင်းများစွာ ကျယ်ဝန်းတယ်"
တန်းဟိုင်၏မျက်နှာထားက တည်ငြိမ်နေသော်လည်း မျက်လုံးများက လောဘစိတ်ကြောင့် တောက်ပနေသည်။
"မင်းပြောသလောက် မလွယ်ဘူးကွ။ ငါတို့က အိမ်ဆောက်ရင်တောင် ဘယ်သူမှဝယ်မှာမဟုတ်ဘူး။ ငါတို့က သာမန်လူတန်းစားတွေကြားထဲမှာ ယဲ့ချန်လောက် ဂုဏ်သတင်းမရှိဘူး။ ဒါကြောင့် ငါတို့အလုပ် ငါတို့ဆက်လုပ်တာ ကောင်းပါတယ်လေ"
လင်ယုက တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် သူက အလုပ်သမားများအားလုံးသည် ယဲ့ချန်၏အိမ်များထံ ငေးကြည့်နေကြောင်း သတိထားမိလိုက်သည်။ သူတို့၏မျက်လုံးတိုင်းက တောက်ပနေပြီး ပိုက်ဆံသာ လုံလုံလောက်လောက်ရှိလျှင် အိမ်တစ်လုံးဝယ်ယူရန် လက်တွန့်နေမည်မဟုတ်ပေ။ ပိုက်ဆံရှာဖွေရာတွင် ယဲ့ချန်သည် လင်မျိုးနွယ်၏သခင်လေးထက် ပို၍မြန်ဆန်နေသည်။ တစ်ဖက်လူက သူ၏နယ်မြေကို လုယူသွားသော်လည်း လင်ယုက ယဲ့ချန်ကို ရန်သူအဖြစ် ရှုမြင်ခြင်းမရှိပေ။
စီးပွားရေးလုပ်ရာတွင် ထာဝရရန်သူနှင့် မိတ်ဆွေဟူ၍မရှိဘဲ ထာဝရအကျိုးအမြတ်သာ ရှိ၏။ အကယ်၍ အကျိုးအမြတ်သာ လုံလုံလောက်လောက်ရလျှင် ရန်သူမှ မိတ်ဆွေများဖြစ်လာနိုင်သည်။ ဤကား လင်မျိုးနွယ် လက်ကိုင်ထားသော သဘောတရားဖြစ်သည်။ သို့မဟုတ်လျှင် သူတို့က ဤမျှအုတ်မြစ်ခိုင်မာသော မျိုးနွယ်ကြီးတစ်ခုကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ အများ၏အမြင်တွင် လင်မျိုးနွယ်မှာ ဆည်းဆာရွှေဘီလီယံရာချီ ပိုင်ဆိုင်ထားပြီး စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေခြင်းဖြစ်သည်။ သို့သော် အပြင်လူများ၏အမြင်က အပေါ်ယံသာဖြစ်ပြီး လင်မျိုးနွယ်၏ ဆက်ခံသူအလောင်းအလျာတစ်ယောက်ဖြစ်သော လင်ယုက သူ၏မျိုးနွယ် မည်မျှအစွမ်းထက်ကြောင်း သိထားသည်။ သူက ဆက်ခံသူများကြားတွင် ပထမဦးစားပေးဖြစ်လာပြီးနောက် လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရန် ရည်မှန်းထားသည်။ ဤရည်မှန်းချက် အောင်မြင်နိုင်ရန်အတွက် သူက အောင်မြင်မှုအချို့ ရယူရပေလိမ့်မည်။ ထို့အပြင် ဖြစ်နိုင်ပါက ယဲ့ချန်ကဲ့သို့ အစွမ်းအစရှိသူတစ်ယောက်ကို သူ၏ရည်မှန်းချက်အတွက် သိမ်းသွင်းရန် တွေးမိလိုက်သည်။
ယဲ့ချန်သည် သူ၏နယ်မြေရှိ ဆောက်လုပ်ရေးကို လိုက်လံကြီးကြပ်နေပြီး အိမ်များက ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာ၏။ အိမ်များစွာကို ကြိုတင်ရောင်းချထားပြီးဖြစ်သောကြောင့် သူ၏လက်ထဲရှိငွေကြေးက လျင်မြန်စွာတိုးပွားလာ၍ ဆည်းဆာရွှေသန်းပေါင်းငါးရာအထိ ကျော်လွန်လာခဲ့သည်။ ရန်ယွင်တစ်မြို့လုံးတွင် သူ၏လုပ်ငန်းက အကောင်းဆုံးအခြေအနေတွင် ရှိနေသည်။ သို့သော် လင်ယုကဲ့သို့ လင်မျိုးနွယ်၏ဆက်ခံသူ သခင်လေးတစ်ယောက်နှင့် ချမ်းသာခြင်းတွင် ယှဥ်ပြိုင်နိုင်ခြင်းတော့ မရှိသေးပေ။
ယဲ့ချန်ကြီးပွားနေသည်ကို မြင်သောအခါ ယိရန်နှင့် ရှုချင်း၏စိတ်ထဲတွင် မနာလိုစိတ်နှင့် မုန်းတီးစိတ်များ ဖြစ်ပေါ်နေကြသည်။ ယဲ့ချန်က တစ်နေ့တခြား ချမ်းသာလာနေသောအခါ သူတို့က ဆက်လက်ကြီးထွားခွင့် မပြုနိုင်တော့ပေ။
"ချန်းယွမ် ဒီခွေးကောင်ကို ဘယ်လိုလုပ်ကြမလဲ"
ယိရန်က ဒေါသတကြီးဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"သခင် ကျုပ်သိရသလောက်ဆိုရင် အရှေ့ပိုင်းတိုက်ကြီးမှာ ဒီကောင့်ရဲ့မျိုးနွယ် ရှိနေတယ်"
ချန်းယွမ်က ခဏတာစဥ်းစားပြီးနောက် ဆိုးယုတ်စွာပြုံး၍ အဖြေပေးလိုက်သည်။
"သူ့မျိုးနွယ်ဝင်တွေက ဘယ်ကျင့်ကြံဆင့်မှာလဲ"
ယိရန်၏မျက်လုံးများက အေးစက်စက်အလင်းရောင်များ ဖြစ်ပေါ်လာသည်။
"အများစုက အားနည်းကြပါတယ်။ အစွမ်းအထက်ဆုံးကမှ ထူးကဲအဆင့်သာ ရှိပါလိမ့်မယ်"
"ထူးကဲအဆင့်ကိုတောင် မရောက်သေးတဲ့ အမှိုက်တွေကို ယဲ့ချန်က ဂရုစိုက်ပါ့မလား"
ယိရန်၏အမြင်တွင် အားနည်းသူများကို အမှိုက်များထက် ပို၍အလေးထားခြင်း မရှိပေ။ ရန်ယွင်မြို့စွန်ဒေသတွင် ဆင်းရဲစွာနေထိုင်ရသော မျိုးနွယ်ဝင်များရှိသော်လည်း သူက လုံးဝဂရုမစိုက်ဘဲ ပစ်ပယ်ထားခဲ့သည်။
"သခင် ဒီကောင်က သူ့မျိုးနွယ်ဝင်တွေကို ဂရုစိုက်ပါတယ်။ ကျုပ်တို့က သူ့ကိုခြိမ်းခြောက်ဖို့ ယဲ့မျိုးနွယ်ကို အသုံးချနိုင်တယ်"
ချန်းယွမ်က သေချာစွာ ပြောလိုက်လေသည်။