← Chapters

ချန်းယွမ်၏ခြိမ်းခြောက်မှု

Vol. 40 Ch. 559

ချန်းယွမ်၏ခြိမ်းခြောက်မှု

Vol. 40 Ch. 559

"ကောင်းကင်မူလတိုက်ကနေ ဝင်ထွက်သွားလာဖို့ဆိုရင် ချီပင်လယ်အဆင့်အတွက် ဆည်းဆာရွှေသန်းနှစ်ဆယ် လိုအပ်တယ်။ ရွှမ်အဆင့်ဆိုရင် ပိုစျေးကြီးပြီး သန်းခြောက်ဆယ် ကုန်လိမ့်မယ်။ တာအိုနတ်အဆင့်ဆိုရင်တော့ သန်းနှစ်ရာကျော်တောင် ပေးရလိမ့်မယ်။ ထူးကဲအဆင့်အောက်ကလူတွေကို သတ်ဖို့အတွက် ဒီလောက်အများကြီး အကုန်အကျခံစရာ မလိုဘူး။ ပြီးတော့ ယဲ့ချန်က သူ့မျိုးနွယ်ကို ဂရုမစိုက်ဘူးဆိုရင် ငါတို့က အပိုလုပ်တာ ဖြစ်နေလိမ့်မယ်"

ရှုချင်းက ခဏတာစဥ်းစား၍ အခြေအနေကို သုံးသပ်နေသည်။

"ယဲ့ချန်က သူ့မျိုးနွယ်ကို ဘယ်လောက်ဂရုစိုက်သလဲ အရင်ဖော်ထုတ်ရမယ်"

စားပွဲကို လက်ချောင်းဖြင့် တတောက်တောက်ခေါက်၍ စဥ်းစားခန်းဝင်နေသော ယိရန်က ထောက်ခံလိုက်သည်။ အကယ်၍ ယဲ့ချန်သာ မျိုးနွယ်ကို အမှန်တကယ်ဂရုစိုက်လျှင် သူက လူအချို့ကို အရှေ့ပိုင်းတိုက်ကြီးသို့ ပို့ဆောင်ရန် အကုန်အကျခံပေလိမ့်မည်။

"သခင်တို့ ဒီခွေးကောင်ရဲ့ မျိုးနွယ်ဝင်တွေအားလုံးက အရှေ့ပိုင်းတိုက်ကြီးမှာပါ။ သူတို့က ကောင်းကင်မူလတိုက်ကြီးကို ပြောင်းရွှေ့ချင်ရင် တစ်ယောက်ကို အနည်းဆုံး ဆယ်သန်းစီ ကုန်ကျမှာဖြစ်ပါတယ်။ မျိုးနွယ်ဝင်အရေအတွက်က အနည်းဆုံးတစ်ထောင်ကျော်ဖြစ်လို့ ဆည်းဆာရွှေဘီလီယံဆယ်ချီ ကျသင့်လိမ့်မယ်။ ယဲ့ချန်က သတိထားနေရင်တောင် သူ့မျိုးနွယ်ကို မြန်မြန်မကယ်တင်နိုင်ဘူး။ ကျုပ်တို့မှာ အချိန်အများကြီးရပါတယ်"

ချန်းယွမ်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။ သူက ယဲ့ချန်၏အားနည်းချက်ကို ဆုပ်ကိုင်နိုင်လျှင် အနိုင်ရပြီဟု အပိုင်တွက်ထားသည်။

"ချန်းယွမ် ယဲ့ချန်ကို သွားတွေ့ပြီး ဆွေးနွေးစမ်း။ ဒီကောင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ငါ သိချင်တယ်"

ယိရန်က အေးစက်စက် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်။ ကျုပ် ချက်ချင်းသွားလိုက်ပါမယ်"

ချန်းယွမ်က အရိုအသေပေး၍ အခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။

"မင်း ဘယ်လိုထင်လဲ"

ချန်းယွမ်၏ကျောပြင်ကို ကြည့်နေရင်း ရှုချင်းက မေးလိုက်ခြင်းဖြစ်သည်။

"ချန်းယွမ်ပြောတာ မှန်မယ်ထင်တယ်။ အရင်ဆုံး ယဲ့ချန်ကို စမ်းသပ်ကြည့်ကြတာပေါ့။ တကယ်လို့ သူက သတိကြီးကြီးနဲ့ အရှေ့ပိုင်းတိုက်ကြီးက သူ့မျိုးနွယ်ဝင်တွေကို ခေါ်ထားလိုက်ရင် ကျန်တဲ့မျိုးနွယ်ဝင်တွေက အရေးပါမှာမဟုတ်ဘူး။ လက်ရှိမှာ ငါတို့က အရှေ့ပိုင်းတိုက်ကြီးဆီ ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပို့ပြီး ဒီကောင့်မိဘနဲ့ ညီအစ်ကိုတွေကို ဖမ်းဆီးခိုင်းလိုက်မယ်။ ဒီအတွက် လိုအပ်တဲ့ငွေကို ငါ ထုတ်ပေးမယ်"

ယိရန်က ခေါင်းညိတ်ပြလိုက်သည်။

"ချီပင်လယ်အဆင့်ကျင့်ကြံသူတိုင်းက အရှေ့ပိုင်းတိုက်ကြီးကို မွှေနှောက်နိုင်လိမ့်မယ်။ ယုဖန်းရဲ့ညီ ယုရှန်ကို ပို့လိုက်။ သူက ချီပင်လယ်အဆင့်ခုနစ်ဆိုတော့ ဒီကိစ္စကို ကိုင်တွယ်နိုင်လိမ့်မယ်"

ရှုချင်းက ခဏတာစဥ်းစားပြီးနောက် အကြံပေးလိုက်သည်။

"ချီပင်လယ်အဆင့်ခုနစ်က လုံလောက်တာထက် ပိုနေပြီ"

ယိရန်က ခပ်ညစ်ညစ် ပြုံးလိုက်လေသည်။

ထိုအချိန်တွင် နယ်မြေအတွင်း အလုပ်များနေသော ယဲ့ချန်သည် လက်မောင်းကာအတွင်းရှိ စီမူ၏ညွှန်တံက ခပ်ကြမ်းကြမ်း တုန်ခါလာကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်၏စိတ်ထဲတွင် မကောင်းသောခံစားချက်များ ရောပြွန်းထွက်ပေါ်လာသည်။ လေးနက်စွာစဥ်းစားပြီးနောက် ရန်သူများက သူ့ကိုပစ်မှတ်ထားနိုင်သော အကြောင်းအရင်း လုံးဝမရှိကြောင်း သိလိုက်သည်။ ထို့ကြောင့် အရှေ့ပိုင်းတိုက်ကြီးရှိ ယဲ့မျိုးနွယ်အကြောင်း စဥ်းစားမိလိုက်သောအခါ သူက ရင်ထိတ်သွားရသည်။ ချန်းယွမ်က သူ၏မျိုးနွယ်အကြောင်းသိထားသဖြင့် ယဲ့ချန်၏မျက်လုံးများမှာ အေးစက်တင်းမာလာသည်။ အကယ်၍ ယိရန်နှင့် ရှုချင်းသာ သူ၏မျိုးနွယ်ဝင်များကို ထိခိုက်အောင်လုပ်လျှင် သေချာပေါက် ကြမ်းကြမ်းတမ်းတမ်း လက်တုံ့ပြန်ရပေလိမ့်မည်။

"အစ်ကိုကု လင်းနန်နဲ့ ရှောင်ယွဲ့ကို ငွေသန်းတစ်ရာထုတ်ပေးပြီး အရှေ့ပိုင်းတိုက်ကြီးက ယဲ့မျိုးနွယ်ရဲ့အခြေအနေကို သွားကြည့်ခိုင်းပေးပါ။ ဘာသတင်းဖြစ်ဖြစ် ချက်ချင်း အကြောင်းကြားခိုင်းရမယ်။ သူတို့ပြန်လာရင် ယဲ့မျိုးနွယ်ဝင်ခြောက်ယောက်ကို အတူခေါ်လာခဲ့ပါ။ ပြီးတော့ အရှေ့ပိုင်းတိုက်ကြီးရဲ့အခြေအနေကို စောင့်ကြည့်ဖို့ ကောင်းကင်မူလတိုက်ကြီးရဲ့ထွက်ပေါက်မှာ အစောင့်ချထားပေးပါဦး"

ယဲ့ချန်က ကုလန်ကို ချက်ချင်းညွှန်ကြားလိုက်သည်။ ဆည်းဆာရွှေသန်းတစ်ရာတွင် လင်းနန်နှင့် ရှောင်ယွဲ့၏ခရီးသွားခကို နုတ်ယူလိုက်လျှင် သန်းခြောက်ဆယ်ကျန်သောကြောင့် လူခြောက်ယောက် ပြန်ခေါ်လာနိုင်သည်။ ခေါ်ဆောင်လာရမည့်သူများကိုမူ ယဲ့မျိုးနွယ်က ဆုံးဖြတ်ပေလိမ့်မည်။ ယဲ့ချန်၏စကားကြောင့် ကုလန်လည်း စိုးရိမ်သွားပြီး ဤကိစ္စက ပေါ့သေးသေးမဟုတ်ကြောင်း နားလည်လိုက်သည်။ ဤကား ယဲ့မျိုးနွယ်၏ အရေးကြီးကိစ္စဖြစ်သောကြောင့် တစ်ယောက်ယောက်ကသာ သူတို့ကို အန္တရာယ်ပြုလျှင် အခြေအနေက ပိုမိုဆိုးရွားသွားနိုင်သည်။

"ငါ ချက်ချင်းစီစဥ်လိုက်မယ်"

ကုလန်က ချက်ချင်းခေါင်းညိတ်၍ လိုအပ်သည်များစီမံရန် ထွက်ခွာသွားခဲ့သည်။ ရွှမ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ပို့ဆောင်ရန် သန်းခြောက်ဆယ် ကုန်ကျမည်ဖြစ်သောကြောင့် ယိရန်နှင့် ရှုချင်းက ဤမျှအထိ အသုံးပြုမည်မဟုတ်ပေ။ အများဆုံး ချီပင်လယ်အဆင့် ကျင့်ကြံသူနှစ်ယောက်သာ စေလွှတ်ရုံဖြင့် အရှေ့ပိုင်းတိုက်ကြီးကို ထိန်းချုပ်နိုင်မည်ဟု ထင်မြင်နေကြပေလိမ့်မည်။

"အစ်ကိုယဲ့ လူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်"

ထိုအချိန်၌ ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်က လာရောက်သတင်းပို့ခဲ့သည်။

"သူ့ကို ခေါ်လာခဲ့လိုက်ပါ"

ချန်းယွမ် ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ယဲ့ချန်၏မျက်လုံးများက အေးစက်နေသည်။

"ချန်းယွမ် မင်းက ငါ့နယ်မြေထဲကို ဘာလာလုပ်တာလဲ။ တော်တော်သတ္တိရှိနေပါလား"

ချန်းယွမ် ဝင်ရောက်လာသောအခါ ယဲ့ချန်က ခပ်တင်းတင်းကြိုဆိုလိုက်သည်။ ချန်းယွမ်၏ဒဏ်ရာ ပြန်လည်ကောင်းမွန်သွားကြောင်း သူက အာရုံခံနိုင်လိုက်သည်။ ချန်းယွမ်၏ကျင့်ကြံဆင့်က မူလအတိုင်း ပြန်လည်ကောင်းမွန်နေသောကြောင့် ရှုချင်းထံ များစွာခယခဲ့ရပုံပေါ်သည်။

"ယဲ့ချန် မင်းက ဒီလောက်စွမ်းဆောင်နိုင်မယ်လို့ ငါ မထင်ထားဘူး"

ချန်းယွမ်က ယဲ့ချန်ကို စိတ်ထဲမှကြိတ်၍ မနာလိုဖြစ်နေခဲ့သည်။ သူတို့က အရှေ့ပိုင်းတိုက်ကြီးမှလာသူများဖြစ်ပြီး သူ၏ပေါင်းစပ်နှုန်းသည် ယဲ့ချန်ထက်သာသောကြောင့် ပို၍ကောင်းမွန်သည့်ဘဝကို ပိုင်ဆိုင်ရသူမှာ သူသာ ဖြစ်သင့်သည်။ သို့သော်လည်း သူက ရှုချင်း၏လက်အောက်တွင် အလုပ်လုပ်၍ ဆည်းဆာရွှေသိန်းချီသာ ပိုင်ဆိုင်ခဲ့ရသောကြောင့် နတ်မူလဆေးတစ်လုံး ဝယ်ယူရန်ပင် မတတ်နိုင်ခဲ့ပေ။ ကျန်တစ်ဖက်တွင် ယဲ့ချန်၏ကြွယ်ဝမှုက သန်းရာချီသောကြောင့် တစ်နေ့တွင် အားလုံးလုယူပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

"ချန်းယွမ် မင်းမှာ ပြောစရာရှိရင် မြန်မြန်ပြောစမ်း။ မင်းကြောင့် အချိန်ကုန်မခံနိုင်ဘူး"

ယဲ့ချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ယဲ့ချန် အရှေ့ပိုင်းတိုက်ကြီးမှာ မင်းရဲ့မျိုးနွယ်ဝင်တွေ ရှိတယ်မလား။ သူတို့က မင်းအတွက် အရမ်းအရေးကြီးတယ်ဆိုတာကို ငါ နားလည်တယ်။ ငါတို့ သဘောတူညီမှုတစ်ခုလောက် လုပ်ကြမလား"

ချန်းယွမ်သည် ယဲ့ချန်၏မျက်နှာထားကို အေးစက်စက်အကဲခတ်ရင်း ခြိမ်းခြောက်ရန် စကားဦးသန်းလိုက်သည်။

"ဘာလဲ"

ယဲ့ချန်၏မျက်နှာထားက တည်ငြိမ်နေခဲ့သည်။ စီမူ၏သတိပေးချက်ကြောင့် သူက ကြိုတင်စီစဥ်မထားလျှင် ဤသို့တည်ငြိမ်နိုင်စွမ်း ရှိနေမည် မဟုတ်ပေ။

"ငါ့ကို ဆည်းဆာရွှေသန်းတစ်ရာပေးရင် ယဲ့မျိုးနွယ်ကို မထိဘူးလို့ ကတိပေးတယ်။ မင်းက သဘောမတူရင် ငါ့အဆိုးမဆိုနဲ့"

ယဲ့ချန်၏အမူအရာကြောင့် ချန်းယွမ်က ဒေါသထွက်စပြုလာသည်။

"ဟား ဟား ဒါက ရှုချင်းရဲ့အကြံလား၊ မင်းရဲ့အကြံလား"

ယဲ့ချန်က ပြက်လုံးတစ်ခု ကြားလိုက်ရသည့်ပမာ အော်ဟစ်ရယ်မောလိုက်သည်။

"သခင်တွေရဲ့အကြံပေါ့ကွ။ ယဲ့မျိုးနွယ်ပြဿနာတက်ရင်ရော မင်း ဒီလိုရယ်နေနိုင်ဦးမလား သိချင်မိတယ်"

ချန်းယွမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"ငွေတောင်းတာကရော သူ့အကြံလား"

"ငါလိုချင်တာဆိုရင်ရော ဘာဖြစ်လဲ"

အမှန်တကယ်တွင် ချန်းယွမ်က ယဲ့ချန်ထံမှ ငွေညှစ်ချင်နေသည်။ ထိုငွေများကို သူက ယိရန်နှင့် ရှုချင်းထံ ပြန်ပေးစရာ အကြောင်းမရှိပေ။

"ချန်းယွမ် မင်းကဆင်းရဲလွန်းလို့ ရူးသွားပြီထင်တယ်။ မင်းက အရှေ့ပိုင်းတိုက်ကြီးကို သွားချင်ရင်တောင် ပိုက်ဆံရှိလို့လား။ ခရီးတစ်ခေါက်အတွက် သန်းနှစ်ဆယ်လိုအပ်တယ်ဆိုတော့ မင်းတောင်းတဲ့ သန်းတစ်ရာကိုပေးလိုက်ရင် အရှေ့ပိုင်းတိုက်ကြီးကို သွားနိုင်မှာပေါ့။ ဟား ဟား ငါ့ကို ငတုံးငအများ ထင်နေတာလား"

ချန်းယွမ်၏ အရှက်မရှိငွေညှစ်မှုကြောင့် ယဲ့ချန်က အထင်သေးစက်ဆုပ်နေပြီဖြစ်သည်။ သူက ကြောက်စိတ် လုံးဝမရှိသောကြောင့် ချန်းယွမ်မှာ စိတ်ရှုပ်သွားခဲ့သည်။ သူက ယဲ့မျိုးနွယ်ကို ဂရုမစိုက်ခြင်း သို့မဟုတ် ကာကွယ်ရန်အစီအစဥ်များ ကြိုတင်ပြုလုပ်ထားခြင်း အကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်သည်။

"ငါက အရှေ့ပိုင်းတိုက်ကြီးကို မသွားနိုင်ပေမယ့် သခင်နှစ်ယောက်က ပို့ပေးနိုင်စွမ်းရှိတယ်။ သခင်ယိရန်နဲ့ သခင်ရှုချင်းမှာ ပိုက်ဆံမရှိဘူးလို့ မင်း ထင်နေတာလား"

ချန်းယွမ်က မျက်လုံးများကျဥ်းမြောင်း၍ ယဲ့ချန်ကို စိုက်ကြည့်နေခဲ့သည်။ ယဲ့မျိုးနွယ်ကို ယဲ့ချန်က လျစ်လျူရှုထားမည်ဟု သူ မယုံပေ။

"ချန်းယွမ် ငါ့ကိုခြိမ်းခြောက်ချင်ရင် ဒီလောက်မလွယ်ဘူး။ မင်းရဲ့သခင်တွေကို ပြန်ပြောလိုက်စမ်း။ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းမျိုးနဲ့ ငါ့ကို ရင်ဆိုင်သင့်တယ်။ မင်းပြောချင်တာကို ငါ နားထောင်ပြီးပြီ။ အခုထွက်သွားစမ်း"

ယဲ့ချန်က လက်တစ်ဖက်ဝှေ့ယမ်း၍ခွေး မောင်းသကဲ့သို့ မောင်းထုတ်လိုက်သည်။

"ယဲ့ချန် မင်းနဲ့ ငါ တွေ့ကြဦးမှာပါ"

ခြိမ်းခြောက်ခြင်းခံရလျှင် ယဲ့ချန် ကြောက်လန့်သွားမည်ဟု ထင်ထားသော်လည်း အထင်နှင့်အမြင် လွဲမှားနေသောအခါ ချန်းယွမ်မှာ အရှက်ကွဲမှုကြောင့် ဒေါသူပုန်ထလာခဲ့သည်။

"ဒါက ငါ့နယ်မြေဆိုတာကို မမေ့နဲ့"

ယဲ့ချန်က သတိပေးလိုက်သည်။

"မင်း ဘာလုပ်ချင်လို့လဲ။ တာအိုအိမ်တော်ရဲ့ဥပဒေအရ မင်း ငါ့ကို ထိလို့မရပါဘူး"

ချန်းယွမ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"ဥပဒေအရ မင်းကို သတ်လို့မရဘူးဆိုပေမယ့် ငါ့ကို ငါပိုင်ဆိုင်ထားတဲ့နယ်မြေမှာ လာခြိမ်းခြောက်တယ်။ ဒါကြောင့် မင်းကို ရိုက်နှက်ဆုံးမပိုင်ခွင့်ရှိတယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ အချက်ပြလိုက်သောအခါ ချီပင်လယ်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော် ဘက်ပေါင်းစုံမှခုန်ထွက်လာကာ ချန်းယွမ်၏ လွတ်လမ်းမှန်သမျှကို ပိတ်ဆို့ထားလိုက်သည်။

"ယဲ့ချန် မင်း ငါ့ကိုရိုက်ရဲရင် အပြစ်ပေးခံရလိမ့်မယ်"

ချန်းယွမ်က ဟန်ကိုယ့်ဖို့ခြိမ်းခြောက်နေသော်လည်း အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။ သူက တာအိုအိမ်တော်၏ဥပဒေကို အပေါ်ယံသာ လေ့လာထားသော်လည်း တစ်ဖက်လူက ဥပဒေကို အသေးစိတ်ကျကျသိနေသောအခါ အောက်စည်းသို့ ရောက်သွားခဲ့သည်။

"မင်းက ငါ့ကို ဘယ်လိုအပြစ်ပေးမလဲ ကြည့်ရသေးတာပေါ့။ ဒီကောင့်ကို ကြိုက်သလိုရိုက်ကြကွာ။ သူမသေရင်အ ဆင်ပြေတယ် ညီအစ်ကိုတို့။ အသက်ရှူနေရင်ကိုရပြီ"

ယဲ့ချန်၏စကားအဆုံးတွင် ကျင့်ကြံသူဆယ်ယောက်ကျော်က ချန်းယွမ်ထံ ကျားကြီးများပမာခုန်အုပ်၍ တိုက်ခိုက်လိုက်ကြသည်။ သာမန်လူတန်းစားများအတွက် အထက်တန်းစားများ၏ နောက်လိုက်ခွေးများက မောက်မာလွန်းသောကြောင့် တိုက်ခိုက်ရာတွင် မညှာတာခဲ့ပေ။ ချန်းယွမ်မှာ နာကျင်စွာအော်ဟစ်နေရပြီး သာမန်တိုက်ခိုက်မှုများဆိုလျှင် သူက လျစ်လျူရှုထားနိုင်သည်။ သို့သော် ရိုက်နှက်နေသူများ၏ တိုက်ကွက်တိုင်းတွင် ချီပင်လယ်၏စွမ်းအားများ ပါဝင်နေခဲ့သည်။

"ဟေ့ ဟေ့ ဖြည်းဖြည်းလုပ်ကြပါကွ။ အစောကြီး အသက်ထွက်သွားဦးမယ်။ တစ်နေကုန် မင်းတို့စိတ်ကြိုက် ရိုက်လို့ရပါတယ်"

ယဲ့ချန်သည် ရိုက်နှက်ခံနေရသော ချန်းယွမ်အပေါ် သနားစိတ် လုံးဝဖြစ်မလာခဲ့ပေ။ ချန်းယွမ်က သူ၏မျိုးနွယ်ဖြင့် ခြိမ်းခြောက်လာသောကြောင့် ဤသို့ရိုက်နှက်ခြင်းမှာ သူ့အတွက် သက်ညှာပေးထားသည်ဟုပင် ဆိုနိုင်သည်။

"ယဲ့ချန် ငါ မင်းကို သတ်ပစ်မယ်"

ချန်းယွမ်သည် ယဲ့ချန်၏စကားကို ကြားသောအခါ ယမ်းပုံမီးကျ ဒေါသထွက်သွားခဲ့သည်။

"ငါက မင်းကို သက်ညှာချင်ပေမယ့် မင်းက ငါ့ကိုသတ်ချင်နေမှတော့ အခွင့်အရေးပေးလို့ ဘယ်ဖြစ်မလဲ။ ဒီကောင်ရဲ့ဒန်တန်ကို တိုက်ခိုက်ပြီး ချီပင်လယ်ကို ဖျက်ဆီးလိုက်ကြကွာ"

အနာဂတ်တွင် ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်သော ချန်းယွမ်ကို ယဲ့ချန်က ရှင်းပစ်ချင်နေခဲ့သည်။ တာအိုအိမ်တော်၏ ဥပဒေကြောင့် ချန်းယွမ်ကို မသတ်နိုင်သော်လည်း လှည့်ကွက်အချို့ဖြင့် လက်တစ်လုံးခြား သင်ခန်းစားပေးနိုင်သည်။

"ဘုန်း"

ချန်းယွမ် မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ဒန်တန် ရိုက်နှက်ခံလိုက်ရပြီး ချီပင်လယ်က ပေါက်ကွဲပျက်စီးသွားလေသည်။

All Chapters