← Chapters

လင်ယု ရောက်ရှိလာခြင်း

Vol. 40 Ch. 560

လင်ယု ရောက်ရှိလာခြင်း

Vol. 40 Ch. 560

"ယဲ့ချန် ငါ မင်းကိုမသတ်နိုင်ရင် ကျင့်ကြံသူမဟုတ်ဘူးကွ။ မင်းကို အပိုင်းပေါင်းတစ်ထောင်လောက် စုတ်ဖြဲပစ်မယ်"

ချန်းယွမ်က အံကြိတ်ထားသော်လည်း မျက်လုံးများတွင် သွေးနီရောင်တောက်ပနေသည်။ သူ၏ချီပင်လယ် ပေါက်ကွဲသွားသောအခါ သွေးကြောများလည်း ထိခိုက်သွားသဖြင့် ဒေါသတကြီးဖြစ်နေခဲ့သည်။ သစ်သားတိမ်ကြယ်ပေါ်တွင် ယဲ့ချန်လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ချီပင်လယ် ပျက်စီးသွားခဲ့စဥ်က ခက်ခက်ခဲခဲ ပြန်လည်ကုသခဲ့ရသည်။ သို့သော်လည်း ယနေ့တွင် နောက်တစ်ကြိမ် ဖျက်ဆီးခံလိုက်ရသောအခါ သူက ဒေါသထွက်လွန်းသဖြင့်တဆတ်ဆတ်တုန်ခါနေသည်။ ရိုက်နှက်ခံရပြီးနောက် ယဲ့ချန်က သူ့ကို နယ်မြေအပြင်ဘက်သို့ ခွေးတစ်ကောင်ပမာ လွင့်ပစ်လိုက်သည်။ သူက ယိရန်၏စားသောက်ဆိုင်ထံ အခြေအနေဆိုးရွားစွာဖြင့် ဒရွတ်တိုက် ပြန်လာခဲ့ရသည်။ သူ၏အခြေအနေကို မြင်သောအခါ ယဲ့ချန်သည် သူတို့၏မျက်နှာကို နောက်တစ်ကြိမ် ဖြတ်ရိုက်လိုက်ကြောင်း ယိရန်နှင့် ရှုချင်းက ချက်ချင်းနားလည်သွားခဲ့သည်။

"သခင် ကျုပ်အတွက် တရားမျှတအောင် လုပ်ပေးပါ။ ယဲ့ချန်က ကျုပ်ကိုရိုက်ပြီးရင် နောက်တစ်ခေါက် သခင်တို့ကို ရိုက်မယ်လို့ ပြောခိုင်းလိုက်ပါတယ်။ တစ်နေ့ကျရင် သခင်တို့ကို ရန်ယွင်မြို့ကနေ ခွေးမောင်းသလို မောင်းထုတ်မယ်တဲ့"

ချန်းယွမ်က လီဆယ်ပြီး ကုန်းချောလိုက်ခြင်းဖြစ်သည်။ သူ၏ချီပင်လယ် ဖျက်ဆီးခံလိုက်ရသောအခါ သာမန်ဆေးပင်များဖြင့် ပြန်လည်ကုသရန် မဖြစ်နိုင်ပေ။ ထို့နောက် သူက ယိရန်နှင့် ရှုချင်း၏ စွန့်ပစ်ခြင်းခံရပေလိမ့်မည်။ ထို့ကြောင့် ယဲ့ချန့်အပေါ် သူတို့၏ဒေါသများ ပေါက်ကွဲသွားစေရန် ကြံစည်လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်ကို ရင်ဆိုင်ရန်အတွက် သူက အသုံးဝင်နေဆဲပင်ဖြစ်သည်။

"ချန်းယွမ်ကို အနားယူဖို့ ခေါ်သွားလိုက်စမ်း။ မင်းအတွက် ချီပင်လယ်ပြန်လည်ကောင်းမွန်ပြီး ကျင့်ကြံဆင့် နောက်တစ်ဆင့် မြင့်တက်သွားစေရမယ်လို့ အာမခံတယ်။ ဆေးကို သိပ်မကြာခင် ငါ ပို့ခိုင်းလိုက်မယ်"

ယဲ့ချန်မပြောခဲ့သော စကားများအတွက် ယိရန်က ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး မည်းနက်နေသည်။

"ကျေးဇူးတင်ပါတယ် သခင်"

ချန်းယွမ်က ယိရန်၏စကားကို ကြားသောအခါ စိတ်အေးသွားသည့်အပြင် ကျင့်ကြံဆင့် မြင့်တက်လာမည်ဖြစ်သောကြောင့် ပျော်ရွှင်နေသည်။ ထို့နောက် သူ့ကို ကျင့်ကြံသူတစ်ယောက်က တွဲခေါ်၍ အနောက်ဘက်ခြံဝန်းသို့ ခေါ်ဆောင်သွားလေသည်။

"ချန်းယွမ်က ကျုပ်ရဲ့နောက်လိုက်ပါ။ အစ်ကိုယိအတွက် ငွေအများကြီး ကုန်စေခဲ့ပြီ"

ယိရန်သည် ချန်းယွမ်အတွက် သွေးဝိညာဥ်ဆေးကိုပေးရန် ပြင်ဆင်နေသဖြင့် ရှုချင်းက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်ခြင်းဖြစ်သည်။ ၎င်းဆေးက တစ်လုံးလျှင် ဆည်းဆာရွှေသန်းနှစ်ဆယ်ကျော် တန်ကြေးရှိသည်။

"ဒါက ဆေးလေးတစ်လုံးလောက်ပါ။ ဒီခွေးကောင်က မောက်မာလွန်းတယ်။ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ငါတို့အတွက် ရန်ယွင်မြို့မှာ ဘုံပျောက်သွားမှာ စိုးရိမ်ရတယ်။ ငါတို့အတူတူပူးပေါင်းပြီး ငွေဘယ်လောက်ကုန်ကုန် ဒီကောင့်ကို သတ်ရမယ်"

ယိရန်က လက်ကာပြ၍ ဒေါသတကြီးကြုံးဝါးလိုက်သည်။

"ကျုပ်ကလည်း အစ်ကိုယိကို အစွမ်းကုန်ကူညီပါမယ်။ ပိုက်ဆံကုန်သွားရင်တောင် ပြန်ရှာလို့ရတယ်။ ဒါပေမယ့် သာမန်လူတစ်ယောက်က အနိုင်ကျင့်နေတာကို သည်းခံရင် အနာဂတ်မှာ ငါတို့ဂုဏ်သတင်း ပျက်စီးသွားနိုင်တယ်"

ရှုချင်းကလည်း အံကြိတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင် ယဲ့မျိုးနွယ်ဝင်တွေကနေ အရင်ဆုံးစလိုက်ကြတာပေါ့။ ပြီးရင် ကုဖေးတို့အဖွဲ့ကို ရှင်းပစ်မယ်။ ယဲ့ချန်ကို တစ်ယောက်တည်းကျန်တဲ့အထိ လုပ်မယ်။ ဒီခွေးကောင်က ထာဝရတော့ သတိကြီးကြီးထားနေနိုင်မှာ မဟုတ်ဘူး"

ယိရန်က မုန်းတီးစွာ ပြောလိုက်သည်။ သူတို့က ယုရှန်ထံမှသတင်းကို စောင့်ဆိုင်းနေကြသည်။ အကယ်၍ ယဲ့ချန်က လှုပ်ရှားလိုက်လျှင်ပင် ယုရှန်လောက် မြန်ဆန်မည်မဟုတ်ပေ။ ထို့အပြင် သူက ယဲ့မျိုးနွယ်တစ်ခုလုံးကို ကောင်းကင်မူလတိုက်ကြီးသို့ အချိန်တိုအတွင်း ပြောင်းရွှေ့ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ယိရန်သည် ယဲ့မျိုးနွယ်ဝင်များကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ရင်း ယဲ့ချန်ကို ကစားရန် ဆုံးဖြတ်ထားသည်။

ချန်းယွမ်ကို မောင်းထုတ်ပြီးနောက် ယဲ့ချန်က အနည်းငယ်စိုးရိမ်နေခဲ့သည်။ လင်းနန်နှင့် ရှောင်ယွဲ့ထံမှ သတင်းရောက်မလာသေးသောကြောင့် ယဲ့မျိုးနွယ်၏အခြေအနေကို သူ မသိရပေ။ ကုလန်သည်လည်း ကောင်းကင်မူလတိုက်ကြီး၏ထွက်ပေါက်ကို စောင့်ကြည့်ရန် ကျင့်ကြံသူများ စေလွှတ်ထားသည်။ အကယ်၍ တစ်ခုခုမှားနေလျှင် သူတို့က ချက်ချင်းသတင်းလာပို့ပေလိမ့်မည်။ သူက စိုးရိမ်နေလျှင်လည်း အကျိုးမရှိကြောင်း နားလည်ထားပြီး ယဲ့မျိုးနွယ်တစ်ခုလုံး၏ လုံခြုံရေးအတွက် ပိုက်ဆံရှာဖွေရန် လိုအပ်နေခဲ့သည်။

"အစ်ကိုယဲ့ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်"

ကျင့်ကြံသူတစ်ယောက်က လာရောက် သတင်းပို့လိုက်ခြင်းဖြစ်သည်။

"ဘယ်သူများလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။

"သခင်လေးလင်ယုနဲ့ သူ့သားရဲပါ"

"သူက ဘာလာလုပ်တာလဲ"

ယဲ့ချန်က အတွေးနက်သွားခဲ့ပြီးနောက် ညွှန်ကြားလိုက်သည်။

"သူ့ကို ငါ့ခြံဝန်းဆီ ခေါ်လာခဲ့လိုက်ပါ"

အိမ်ရာများစွာ တည်ဆောက်ထားပြီးနောက် မြို့စွန်ရှိခြံဝန်းသည် သူ၏နယ်မြေလောက် မလုံခြုံသောကြောင့် ယဲ့ချန်နှင့် ကုလန်တို့အားလုံးက ပြောင်းရွှေ့လာပြီးဖြစ်သည်။

"ဟုတ်ကဲ့"

ကျင့်ကြံသူ ထွက်ခွာသွားပြီးနောက် ယဲ့ချန်သည် သစ်ပင်များအောက်တွင် ကျောက်စားပွဲတစ်ခုနှင့် ခုံတန်းအချို့ ခင်းကျင်းထားသော သူ၏ခြံဝန်းလေးထံ ဦးတည်ထွက်ခွာလာသည်။ ဤနေရာက အတော်အတန် လှပနေခဲ့သည်။ အချိန်ခဏအကြာတွင် အဖြူရောင်ဝတ်ရုံကို ဟန်ပါပါဝတ်ဆင်ထားပြီး ပေါ့ပေါ့ပါးပါးအမူအရာနှင့် လူငယ်တစ်ယောက် ရောက်ရှိလာခဲ့သည်။ ချမ်းသာသည့် သခင်လေးတစ်ယောက်၏ ဟန်ပန်မျိုးရှိသော လင်ယုပင်ဖြစ်သည်။

"မင်းက ယဲ့ချန်ဖြစ်ရမယ်"

သူက တစ်ချက်ပြုံး၍ မိတ်ဆက်လိုက်သည်။

"ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါ"

ယဲ့ချန်က လင်ယုကို ကျောက်တုံးခုံတန်းပေါ်တွင် နေရာချပေးပြီးနောက် မျက်နှာချင်းဆိုင်၌ နေရာယူလိုက်၏။ ထို့နောက် လက်ဖက်ရည်ခရားထဲမှ လက်ဖက်ရည်ကြမ်းကို လင်ယုနှင့် သူကိုယ်တိုင်အတွက် ငှဲ့ပေးလိုက်သည်။ သူ၏အမူအရာက မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းမရှိ ပကတိတည်ငြိမ်နေသည်။ လင်ယု၏ရည်ရွယ်ချက်ကို သူက သေချာမသိရသောကြောင့် ရန်သူလား၊ မိတ်ဆွေလား မခွဲခြားနိုင်။ လင်ယုကဲ့သို့ နောက်ခံမျိုးနှင့် လူတစ်ယောက်ကို ဖြစ်နိုင်လျှင် သူ မစော်ကားချင်ပေ။ လင်ယု၏နောက်တွင် လင်မျိုးနွယ်ရှိနေသောကြောင့် အလျင်စလိုရန်စသင့်သော လူတစ်ယောက် မဟုတ်ချေ။

"မင်းရဲ့ခြံဝန်းက တိတ်ဆိတ်ပြီး အေးချမ်းတယ်။ ဒါပေမယ့် ကံဆိုးတာက ငြိမ်းချမ်းမှုကို ငါ မကြိုက်ဘူး"

လင်ယုက ပတ်ဝန်းကျင်ကို အကဲခတ်၍ ထိုင်ချလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်၏မျက်ခုံးများ အနည်းငယ်မြင့်တက်လာသည်။ လင်ယုက ပြဿနာရှာရန် လာရောက်ခြင်းနှင့် မတူပေ။ သူက စကားတစ်ခွန်းမှပြန်မပြောဘဲ လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး တစ်ဖက်လူ၏ရည်ရွယ်ချက်ကို စဥ်းစားနေသည်။ သူနှင့် လင်ယုကြားတွင် နယ်မြေလေလံပွဲ၌ အနည်းငယ်ကတောက်ကဆဖြစ်ခဲ့ဖူးသည်။ ဤကိစ္စကို အရေးတယူလုပ်ခြင်း မလုပ်ခြင်းမှာ လင်ယု၏ကိုယ်ကျင့်စရိုက်နှင့် သက်ဆိုင်နေသည်။

"ဒါက စန်းမူလက်ဖက်ရည်မလား။ မင်းက လက်ရှိမှာ ချမ်းသာနေတာတောင် ဒါမျိုးကို ဆက်သောက်နေသေးတာလား။ ငါက လက်ဖက်ရည်ကြမ်းပြောင်းလိုက်လို့ ပြဿနာ မရှိဘူးမလား"

လင်ယုက လက်ဖက်ရည်ကို သောက်ပင်မကြည့်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းသဘောပါပဲ"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် လင်ယုသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ ခွက်နှစ်လုံး၊ အစိမ်းရောင်တောက်ပနေသော လက်ဖက်ရွက်အချို့နှင့် ရိုးရှင်းကာလှပသော ခရားတစ်လုံးကို ထုတ်ယူ၍ ရေအပြည့်ဖြည့်လိုက်သည်။ ခရားအတွင်းမှ ကြည်လင်သောရေများက လက်ဖက်ရွက်နှင့် ထိတွေ့သွားသောအခါ မွှေးပျံ့သော ရနံ့သင်းသင်းလေးတစ်ခု ပျံ့နှံ့လာခဲ့သည်။

"ဒီလက်ဖက်ရွက်ကို သူတော်စင်မြက်လို့ခေါ်ပြီး စစ်ဧကရာဇ်တွေသာ ဝင်ရောက်နိုင်တဲ့ တန်းယုစစ်ပွဲဘုံမှာသာ ပေါက်ရောက်တယ်။ ဒီအရွက်တစ်ခုကို ဆည်းဆာရွှေသန်းချီတန်တယ်။ ဒီရေကို ကောင်းကင်ဘုံငယ်တွေရဲ့ ပင်လယ်အနက်ပိုင်းက ရေတွေကို သန့်စင်ချက်လုပ်ထားတာဖြစ်တယ်။ ဒီလိုရေခရားတစ်အိုးဆိုရင်လည်း တန်ဖိုးက အတူတူပဲ။ ဒီလက်ဖက်ရည်ကိုတော့ သူတော်စင်ဝိညာဥ်လက်ဖက်ရည်လို့ ခေါ်တယ်။ မင်းက ဒါကိုသောက်လိုက်ရင် နတ်ဘုံရောက်သွားသလို ခံစားရပြီး ဘဝရဲ့နိဗ္ဗာန်ကို သိသွားလိမ့်မယ်"

လင်ယုက ယဲ့ချန်အတွက် လက်ဖက်ရည်ကြမ်းတစ်ခွက် ပြင်ဆင်ကာ ကမ်းပေးလိုက်သည်။ သူကိုယ်တိုင်လည်း လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက်ပြီး အရသာကို ခံစားနေခဲ့သည်။

"လင်ယုက သူဘယ်လောက်ချမ်းသာတယ်ဆိုတာကို ပြဖို့ ရောက်လာတာလား။ တစ်ခွက်တည်းမှာ လက်ဖက်ရွက်ငါးရွက်ခြောက်ရွက်လောက် ပါတယ်ဆိုတော့ ဒီလက်ဖက်ရည်ကြမ်းနှစ်ခွက်က ဆယ်သန်းကျော်တန်လိမ့်မယ်။ ဒီကောင်က ငါ့ကို လက်ဖက်ရည်တိုက်ရုံသက်သက်နဲ့တော့ ရောက်လာတာ မဟုတ်ဘူးမလား"

ယဲ့ချန်က လက်ဖက်ရည်ခွက်ကို စိုက်ကြည့်ရင်း အတွေးနက်နေခဲ့သည်။

"မင်း ဘယ်လိုထင်လဲ။ လက်ခံမှာလား"

လင်ယုက တစ်ချက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။

"ဘာကိုလက်ခံရမှာလဲ"

ယဲ့ချန်က ကြောင်အအသွားခဲ့သည်။ သူက တုံးအသောကြောင့်မဟုတ်ဘဲ လင်ယု၏မေးခွန်းက ထူးဆန်းနေခြင်းဖြစ်သည်။

"ငါ့နောက်လိုက်လုပ်ရင် မင်းကို ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခု ပေးစွမ်းနိုင်တယ်"

လင်ယုက ယုံကြည်မှုအပြည့်ဖြင့် ကမ်းလှမ်းလိုက်သည်။

"ဒီကောင်က သူ့ကိုယ်သူ အထင်ကြီးနေတာပဲ"

ယဲ့ချန်က စိတ်ထဲတွင် ခါးသက်သက်ပြုံးလိုက်မိသည်။

"မင်းက အလားအလာရှိတဲ့ လူတော်တစ်ယောက်ဆိုတာ ငါသိပြီးသားပါ။ ငါက လင်မျိုးနွယ်ရဲ့ခေါင်းဆောင် ဖြစ်လာအောင် ကြိုးစားပြီး အနာဂတ်မှာ ကျစ်ဟွာနတ်တိုင်းပြည်ရဲ့ဘုရင် ဖြစ်လာစေရမယ်။ ငါ့နောက်လိုက်ဖြစ်လို့ မင်းရဲ့အစွမ်းအစတွေကို ထုတ်ပြခွင့်ရလိမ့်မယ်"

လင်ယုက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ သူ၏အမြင်တွင် ယဲ့ချန်က သူ့စကားကိုကြားသောအခါ ချက်ချင်းလက်ခံမည်ဟု ရာနှုန်းပြည့်တွက်ထားခဲ့သည်။

"ဒီကောင့်ခေါင်းထဲမှာ တစ်ခုခု ချောင်နေတာများလား"

ယဲ့ချန်ကမူ သူ့ကို အူကြောင်ကြောင်နှင့် ငေးကြည့်နေဆဲပင်ဖြစ်သည်။ လင်ယုသည် သူ့ကို နောက်လိုက်အဖြစ် သိမ်းသွင်းနိုင်မည်ဟု အပိုင်တွက်ထားပုံပေါ်သည်။

"ကျစ်ဟွာဘုရင်လား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

"ဒါပေါ့ကွ။ မင်းရဲ့ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက သုညဆိုပေမယ့် မင်းရဲ့အရည်အချင်းကြောင့် ကျင့်ကြံခြင်းကို စိတ်မပူစေရဘူး။ မင်းသာ ငါ့အတွက် ဗျူဟာသမားအဖြစ် ထမ်းဆောင်ပေးရင် တစ်နေ့မှာ ကျော်ကြားလာလိမ့်မယ်"

လင်ယုက ထပ်မံကမ်းလှမ်းလိုက်ပြန်သည်။

နောက်ဆုံးတွင် ယဲ့ချန်သည် လင်ယု၏သဘောထားကို နားလည်သွားပြီဖြစ်သည်။ လင်ယု၏အမြင်တွင် သာမန်လူတစ်ယောက်နှင့် အထက်တန်းစားတစ်ယောက်ကြားတွင် အလွန်ကွာခြားနေသည်။ သူက ယဲ့ချန်ထံလာရောက်ခြင်းမှာ နှိမ့်ချသည်ဟု ဆိုနိုင်၏။ သူက အနာဂတ်တွင် လင်မျိုးနွယ်၏ခေါင်းဆောင်အဖြစ်မှတဆင့် ကျစ်ဟွာဘုရင်အဖြစ် တစ်ဆင့်ချင်းတက်လှမ်းရာတွင် ယဲ့ချန်၏အရည်အချင်းကို အသုံးချလိုနေသည်။ နောင်နှစ်များစွာကြာပါက ခြံဝန်းငယ်လေးတစ်ခုတွင် လင်ယုကိုယ်တိုင်ဖိတ်ကြားခဲ့သော ယဲ့ချန်က ကျော်ကြားလာမည်ဆိုလျှင် ဤကမ်းလှမ်းချက်ကို ငြင်းပယ်မည်မဟုတ်ဟု အပိုင်တွက်ထားခဲ့သည်။

"မင်းရဲ့ပန်းတိုင်က အမြင်မကျဥ်းလွန်းဘူးလား"

ယဲ့ချန်က တစ်ချက်ရယ်မောလိုက်သည်။ လင်ယု၏ရည်ရွယ်ချက်ကို နားလည်သွားသောအခါ မည်သို့ဆက်ဆံရမည်ကို တွေးတောနိုင်ခဲ့သည်။ သူက လက်ဖက်ရည်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

"ဟင်"

ဤတစ်ကြိမ်တွင် အံ့သြသွားရသူမှာ လင်ယုဖြစ်နေခဲ့သည်။

"ဟုတ်တယ်။ ကျစ်ဟွာဘုရင်ဖြစ်တော့ရော ဘာများကောင်းလို့လဲ။ ကောင်းကင်မူလတိုက်ကြီးမှာ နတ်တိုင်းပြည်တွေ အများကြီးရှိတယ်မလား"

ယဲ့ချန်၏မျက်နှာထားအရ နတ်တိုင်းပြည်၏ဘုရင်ရာထူးက သူ့အတွက် ဂေါ်ဖီထုပ်လောက်ပင် အဖိုးမတန်ကြောင်း သိသာနေသည်။

"ဘာကြောင့် ကျစ်ဟွာဘုရင်ဖြစ်ချင်တဲ့ ရည်မှန်းချက်က အမြင်ကျဥ်းရမှာလဲ။ ဘုရင်ဖြစ်လာရင် တိုင်းပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်။ လင်မျိုးနွယ်က ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘုရင်ကိုတော့ မယှဥ်နိုင်ဘူး။ တော်ဝင်မျိုးနွယ်က တိုင်းပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး သူတို့ရဲ့ဝင်ငွေက ဆည်းဆာရွှေဘီလီယံရာချီတယ်။ တစ်ချိန်တည်းမှာပဲ တော်ဝင်မျိုးနွယ်ရဲ့ပါရမီရှင်တွေက သိုင်းဒေသကြီးတွေမှာ ကျင့်ကြံနေပြီး တာအိုနတ်အဆင့်တွေဖြစ်ကြတယ်။ ကျစ်ဟွာနတ်တိုင်းပြည်ရဲ့ဘုရင်ကို စစ်ဧကရာဇ်ငါးယောက်က ထောက်ခံပေးထားတယ်။ ဒီအဆင့်အတန်းမျိုး လိုချင်တာက အမြင်ကျဥ်းတာတဲ့လား"

လင်ယုက မသာမယာမျက်နှာထားနှင့် ခွန်းတုံ့ပြန်လိုက်သည်။ တန်းဟိုင်သားရဲပင် ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်နေခဲ့သည်။ ၎င်း၏အမြင်တွင် ဘုရင်တစ်ပါးက လူထောင်သောင်းချီအထက်တွင်ရှိသောကြောင့် ယဲ့ချန်က သူ၏သခင်ကို အမြင်ကျဥ်းသည်ဟု ဆိုနေခဲ့သည်။ ယဲ့ချန်က လေကြီးလွန်းသည်ဟု ၎င်းက ထင်နေခဲ့သည်။

ဖီးနစ်တစ်ကောင်၏အိပ်မက်ကို စာကလေးတစ်ကောင် နားလည်နိုင်ရန် မလွယ်သောကြောင့် ယဲ့ချန်က ရှင်းပြရန် အလွန်ပျင်းရိနေခဲ့လေသည်။

All Chapters