လင်ယုကိုထိတ်လန့်စေခြင်း
Vol. 40 Ch. 561
လင်ယုသည် ယဲ့ချန်၏မျက်လုံးအတွင်းမှ စိတ်ပျက်မှုများကို အထင်းသားမြင်လိုက်ရ၏။ သာမန်ဆိုလျှင် အခြားလူများက သူ့ကို ရည်မှန်းချက်ကြီးသည်ဟု ဆိုတတ်သော်လည်း ပထမဆုံးအကြိမ်အဖြစ် အမြင်ကျဥ်းသည်ဟု လှောင်ပြောင်ခံလိုက်ရခြင်းဖြစ်သည်။ နတ်တိုင်းပြည်တစ်ခု၏ အုပ်ချုပ်သူဖြစ်လာခြင်းက သေးငယ်သည်ဆိုလျှင် နတ်အစေခံ သို့မဟုတ် စစ်ဧကရာဇ်အဆင့်သို့ရောက်မှသာ လုံလောက်အောင် အမြင်ကျယ်ခြင်းဖြစ်ပုံရသည်။ သို့သော် ထိုအဆင့်များသို့ရောက်လိုလျှင် ပါရမီက အလွန့်အလွန်ကောင်းရပေလိမ့်မည်။
"မင်းက အကျိုးတူပူးပေါင်းမယ်ဆိုရင် ငါ စဥ်းစားပေးမယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"ပူးပေါင်းမှာလား။ မင်းမှာ ဆည်းဆာရွှေသန်းရာချီလောက်လေးပိုင်တာနဲ့ ငါ့ကို ပူးပေါင်းဖို့အကြောင်း ပြောရဲတယ်လား။ ငါက ဒီလောက်လေးကို ဂရုမစိုက်ဘူး"
လင်ယုသည် ယဲ့ချန်က သူ၏ကမ်းလှမ်းချက်ကို တန်ဖိုးမထားဟု ခံစားလိုက်ရသောကြောင့် စိတ်ဆိုးစပြုလာသည်။ ယဲ့ချန်သည် နယ်မြေအတွင်း အိမ်များတည်ဆောက်ရောင်းချခြင်းဖြင့် ဆည်းဆာရွှေသန်းထောင်ချီရှာဖွေနိုင်ခြင်းကို သူက အသိအမှတ်ပြုသော်လည်း အသိအမှတ်ပြုရုံသာဖြစ်သည်။ ရန်ယွင်မြို့တွင် သာမန်လူတစ်ယောက်က ဤပမာဏကိုရှာဖွေရန် အမှန်တကယ်ခက်ခဲသောကြောင့်ဖြစ်သည်။ သို့သော် ဝင်ငွေအရာတွင် လင်ယုက ယဲ့ချန်ထက် အဆပေါင်းများစွာသာလေသည်။
"ကောင်စုတ်ကလေး ငါ့သခင်က မင်းရဲ့အရည်အချင်းကိုမြင်လို့ မျက်နှာသာပေးထားတာနော်။ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့"
တန်းဟိုင်ကအော်ဟစ် ငေါက်ငမ်းလိုက်ခြင်းဖြစ်သည်။ အေးချမ်းသောအသွင်အပြင်နှင့် မျက်လုံးအတွင်းမှ စိတ်ပျက်နေမှုက မလိုက်ဖက်ချေ။ ယဲ့ချန်က ၎င်းကို တစ်ချက်စိုက်ကြည့်လိုက်သည်။
"မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့ရဲ့ကာကွယ်ရေးနတ်သားရဲ တန်းဟိုင်ဖြစ်ပြီး တာအိုနတ်အဆင့်သုံးဖြစ်တယ်။ ကျစ်ဟွာနတ်တိုင်းပြည်ရဲ့လေလံပွဲမှာဆိုရင် တန်းဟိုင်အကောင်ပေါက်လေးတစ်ကောင်ကို ဆည်းဆာရွှေဘီလီယံနှစ်ဆယ် ပေးဝယ်ရတယ်"
လင်ယုက ယဲ့ချန်၏အကြည့်ကို အကဲခတ်လိုက်ပြီး ကြွားဝါလိုက်ခြင်းဖြစ်သည်။ လင်ယုသည် အမြဲတစေ အကျိုးစီးပွားအကြောင်းကိုသာ ပြောနေတတ်သော်လည်း သူ၏မျက်နှာက ခပ်ပေါ့ပေါ့နေတတ်သော သခင်လေးတစ်ယောက်၏ဟန်ပန်မျိုး ပိုင်ဆိုင်ထားသည်။ သူ၏ဂုဏ်ကျက်သရေက ငွေကြေးများအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး သူ၏လက်ရှိပန်းတိုင်က ပိုက်ဆံများများ ထပ်မံရှာဖွေရန်ဖြစ်သည်။ လင်ယု၏စကားကို ကြားသောအခါ တန်းဟိုင်ကလည်း ၎င်း၏တန်ဖိုးကို ကျေနပ်စွာဖြင့် ခေါင်းမော့ရင်ကော့၍ ရပ်နေခဲ့သည်။
"ဒါက သွေးမျိုးဆက်မသန့်စင်တဲ့ တန်းဟိုင်တစ်ကောင်ပါကွာ။ မြောက်ပိုင်းကောင်းကင် မိစ္ဆာသွေးမျိုးဆက်က ရောနေသေးတယ်"
ယဲ့ချန်က အထင်သေးစွာ ပြောလိုက်ခြင်းဖြစ်သည်။
"ဟေ့ကောင် မင်း ငါ့မျိုးနွယ်ကို စော်ကားရဲတယ်လား။ သတ္တိရှိရင် မင်း ငါနဲ့ချမလား"
တန်းဟိုင်သည် သွေးမျိုးဆက်မသန့်စင်ခြင်းကို အပြစ်ပြောခံလိုက်ရသောအခါ အနာပေါ်တုတ်ကျသွားသဖြင့် ဆတ်ဆတ်ခါသွားပြီး ရှေ့ခြေထောက်များနှင့် မြေကြီးကို ဆောင့်ချလိုက်သည်။ သို့သော်လည်း သူ၏မသန့်စင်သော မျိုးဆက်သွေးကို ယဲ့ချန်က အတိအကျသိနေသော အချက်ကို အံ့သြနေခဲ့သည်။
"မင်း ဒါကို မနာလိုဖြစ်သင့်တယ်နော်။ ကျစ်ဟွာနတ်တိုင်းပြည်တစ်ခုလုံးမှာတောင် ကာကွယ်ရေးသားရဲ ပိုင်ထားတဲ့သူ သိပ်မရှိဘူး။ မင်းက တန်းဟိုင်တစ်ကောင်ရဲ့ အစစ်အမှန်တန်ဖိုးကို နားမလည်လောက်ပါဘူး။ မင်းဘဝတစ်လျှောက်လုံး ကာကွယ်ရေးနတ်သားရဲတစ်ကောင် ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလေ"
လင်ယုက စိတ်ဆိုးခြင်းမရှိဘဲ ယဲ့ချန်ကို ဗဟုသုတနည်းသူဟု သတ်မှတ်ထားခဲ့သည်။ သူ၏စိတ်အတွင်းအထိ နက်ရှိုင်းစွာတည်ရှိနေသော မောက်မာစိတ်ကို အခြားသူများက ချေဖျက်ရန် မလွယ်ပေ။ သူ့ထံတွင် ပါရမီ၊ နောက်ခံ၊ ကြွယ်ဝမှု၊ ရုပ်ရည်စသော အချက်အားလုံးပြည့်စုံနေသဖြင့် သူသွားလေရာတိုင်းတွင် မရေမတွက်နိုင်သော မိန်းမများ၏မျက်စိကျခြင်းကို ခံရသည်။ ထို့အပြင် အပူအပင်ကင်းမဲ့သော ဘဝတွင် ဇိမ်ကျကျနေထိုင်နေရသဖြင့် ယဲ့ချန်ကဲ့သို့ သာမန်လူတစ်ယောက်အား စိတ်ဆိုးဒေါသထွက်နေရန်မတန်ဟု ယူဆထားခဲ့သည်။
"ငါ့မှာ ကာကွယ်ရေးနတ်သားရဲရှိတယ်"
ယဲ့ချန်က တစ်လုံးချင်းပြောလိုက်သည်။ လင်ယုက မျိုးနွယ်ကြီးတစ်ခု၏သခင်လေးပီပီ မောက်မာသော်လည်း အောက်တန်းကျသော စိတ်ထားမရှိပေ။ ယိရန်ကဲ့သို့ အပေါ်ယံတွင် လူကြီးလူကောင်းဟန်ဆောင်ထားပြီး အတွင်းစိတ်၌ ယုတ်မာကောက်ကျစ်သူများထက်စာလျှင် သူက များစွာပိုသာပေသည်။
"မင်းမှာလည်း နတ်သားရဲတစ်ကောင် ရှိတယ်လား။ ဒါဆိုရင် ကြည့်ရအောင် ထုတ်ပြပါဦး။ ကာကွယ်ရေးသားရဲတစ်ကောင်က ရှေးဟောင်းမျိုးဆက်သွေးကို ပိုင်ဆိုင်ရမယ်ဆိုတာကိုရော သိရဲ့လား"
လင်ယုက ယဲ့ချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ မည်သည့်သားရဲကိုမဆို ကာကွယ်ရေးနတ်သားရဲဟု ခေါ်ဆို၍ မရချေ။
"ငါ့နတ်သားရဲကို ထုတ်ပြမယ်ဆိုရင် လျှို့ဝှက်ထားပေးမယ်လို့ အာမခံလား"
ယဲ့ချန်က လင်ယုကို စိုက်ကြည့်၍ လေးနက်စွာ မေးလိုက်သည်။
"ကောင်းပြီ။ ငါ ဘယ်သူ့ကိုမှ မပြောဘူး"
ယဲ့ချန်က သူ့ထံတွင် အလွန်ထူးခြားသော နတ်သားရဲတစ်ကောင် ပိုင်ဆိုင်ထားသည့်ပုံပေါက်နေသောကြောင့် လင်ယုက ရယ်ချင်စိတ်ကို ထိန်းထားရသည်။ ကျန်တစ်ဖက်တွင် တန်းဟိုင်သည်လည်း ယဲ့ချန်ဆင့်ခေါ်လိုက်သော သားရဲကို မျိုးဆက်သွေးအရှိန်အဝါနှင့် ဖိနှိပ်ရန် စဥ်းစားနေခဲ့သည်။
"ဒါဆိုရင် မင်းတို့အမြင်ကျယ်အောင် ပြရသေးတာပေါ့"
ယဲ့ချန်သည် ဆန်းကျယ်စွာ ပြုံးလိုက်သောအခါ သူ၏စကားအဆုံးတွင် ကျောဘက်ရှိဆေးမင်ကြောင်က အလင်းရောင်များ ရုတ်တရက်တောက်ပလာသည်။ ခရမ်းရောင်မီးများ တောက်လောင်နေသော ဧရာမခြင်္သေ့ကြီးက ယဲ့ချန်ကိုယ်တွင်းမှ ဝုန်းခနဲ ခုန်ထွက်လာခဲ့သည်။
"ဝါး"
ခြင်္သေ့ကြီး၏မျက်လုံးများက ရီဝေနေပြီး သမ်းဝေလိုက်ခြင်းဖြစ်သည်။ သူက အိပ်စက်နေခြင်းကို နှောင့်ယှက်ခံလိုက်ရသဖြင့် အနည်းငယ်တင်းမာနေကာ လင်ယုနှင့် တန်းဟိုင်အား တစ်ချက်စိုက်ကြည့်လိုက်သည်။ သူ၏အရှိန်အဝါက အနည်းငယ်သာ ထွက်ပေါ်လာသော်လည်း လင်းယုနှင့် တန်းဟိုင်က မင်သက်သွားပြီး မျက်လုံးများ အဆမတန်ပြူးကျယ်ကုန်သည်။ နှစ်မီတာခန့်မြင့်ပြီး လည်ဆံမွေးရှည်ရှည်များနှင့် ကြီးကျယ်ခမ်းနားသော အသွင်ကိုဆောင်ကာ တစ်ကိုယ်လုံး ခရမ်းရောင်မီးများ တောက်လောင်နေသည့် ခြင်္သေ့ကြီးထံမှ အရှိန်အဝါကို ခံစားလိုက်ရရုံဖြင့် တာအိုနတ်အဆင့် ကျင့်ကြံသူနှစ်ယောက်သည် တစ်ဖက်လူက စစ်ဧကရာဇ်အဆင့်ဖြစ်ကြောင်း ချက်ချင်းသိသွားကြသည်။ ကောင်းကင်မူလတိုက်ကြီးတွင် စစ်ဧကရာဇ်တစ်ရာကျော်ရှိသော်လည်း လူသားများနှင့် သားရဲများ၏ စုစုပေါင်းအရေအတွက်ဖြစ်သောကြောင့် တစ်ယောက်ချင်းစီက အစွမ်းထက်ထိပ်တန်း တည်ရှိမှုများဖြစ်ကြသည်။ ကျစ်ဟွာဘုရင်သည်ပင် တာအိုနတ်အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်ပြီး နန်းပလ္လင်ကို ရယူရန်အတွက် စစ်ဧကရာဇ်များ၏ထောက်ခံချက်ကို လိုအပ်သည်။ ဤထောက်ခံချက်ကို ထိန်းသိမ်းရန်အတွက် သူက စစ်ဧကရာဇ်များထံ လက်ဆောင်ပဏ္ဏာများစွာကို နှစ်စဥ်နှစ်တိုင်း ဆက်သရသည်။ လက်ရှိတွင် လင်ယု၏ရှေ့တည့်တည့်တွင် စစ်ဧကရာဇ်တစ်ယောက် အရှင်လတ်လတ် ထွက်ပေါ်လာခဲ့သည်။
သူက အစစ်အမှန်မဟုတ်ဘဲ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ ယဲ့ချန်တွင် ကာကွယ်ရေးနတ်သားရဲတစ်ကောင် အမှန်တကယ်ပိုင်ဆိုင်ထားပြီး ၎င်းက စစ်ဧကရာဇ်အဆင့်ဖြစ်သော်လည်း ကျင့်ကြံဆင့်ကိုဖိနှိပ်ပြီး ယဲ့ချန်၏ကာကွယ်ရေးသားရဲဖြစ်ရန် သဘောတူခဲ့သည်။ ၎င်း၏တစ်ကိုယ်လုံး တောက်လောင်နေသော ခရမ်းရောင်မီးတောက်များကို မြင်လိုက်ရသောခဏတွင် လင်ယုက တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ဒဏ္ဍာရီလာ ခရမ်းမီးတောက် ကြယ်ခြင်္သေ့မျိုးနွယ်အကြောင်း သတိရလိုက်သည်။ ၎င်းက နတ်သားရဲများတွင် ထိပ်တန်းမျိုးနွယ်ဆယ်ခု၌ အပါအဝင်ဖြစ်ပြီး အဆင့်ခုနစ်ဖြစ်သော်လည်း နိမ့်ကျသည့် တန်းဟိုင်မျိုးနွယ်က မယှဥ်နိုင်ပေ။
လင်ယုအပြင် တန်းဟိုင်သည်လည်း ထိတ်လန့်လွန်းသဖြင့် ဆွံ့အနေခဲ့သည်။ ခြင်္သေ့ကြီး၏ သန့်စင်လွန်းသောမျိုးဆက်သွေးကို သူက အာရုံခံနိုင်သဖြင့် မျိုးဆက်သွေးရောနှောနေသောအခါ တစ်ဖက်လူ၏ခြေထောက်ကို မပေးရန်ပင် မထိုက်တန်ချေ။ သူက သန့်စင်သော တန်းဟိုင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလျှင်ပင် ခရမ်းမီးတောက် ကြယ်ခြင်္သေ့မျိုးနွယ်၏ သွေးမျိုးဆက်ကို ယှဥ်နိုင်စရာ အကြောင်းမရှိပေ။
"မင်းရဲ့ကြယ်ဝိညာဥ် ပေါင်းစပ်နှုန်းက ဘယ်လိုလုပ် သုညဖြစ်နေရတာလဲ။ ကြယ်ပုလဲက မင်းရဲ့ပေါင်းစပ်နှုန်းကို မစမ်းသပ်နိုင်ရင်တောင် ကာကွယ်ရေးသားရဲရဲ့ ပေါင်းစပ်နှုန်းကို အာရုံခံနိုင်မှာပါ"
ခြင်္သေ့ကြီးကို အချိန်ကြာမြင့်စွာ ငေးကြည့်နေသော လင်ယုက သတိပြန်ဝင်လာသောအခါ အချက်တစ်ချက်ကို ရုတ်တရတ်သတိရသွားခဲ့သည်။ စစ်ဧကရာဇ်အဆင့်ရောက်နေသော ကျင့်ကြံသူတစ်ဦး၏ ပေါင်းစပ်နှုန်းက အနည်းဆုံးငါးဆယ်အထက် ကျော်လွန်ပေလိမ့်မည်။
"လှည့်ကွက်သေးသေးလေးတစ်ခု သုံးထားလို့ပါကွာ"
ယဲ့ချန်က ဟန်ကိုယ့်ဖို့ ပြောလိုက်ခြင်းဖြစ်သည်။ သူကိုယ်တိုင်ပင် ကြယ်ပုလဲက သူ၏ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို သုညဟု အဖြေထုတ်ခဲ့သော အကြောင်းအရင်းကို မသိပေ။ ထို့ကြောင့် လင်ယုအား ကြုံရာဆင်ခြေတစ်ခု ပေးလိုက်ခြင်းဖြစ်သည်။
"ကြယ်ပုလဲကို လှည့်စားထားတာလား။ ကောင်းကင်မူလတိုက်ကြီးမှာ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညဆိုတာ လုံးဝမရှိဖူးတော့ ဒီစကားက အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် ကြယ်ဝိညာဥ်ပုလဲကိုတောင် လှည့်စားနိုင်တဲ့ ဖြစ်တည်မှုက ဘယ်လောက်တောင်အစွမ်းထက်နေလိုက်မလဲ။ ဒါဆိုရင် ယဲ့ချန်က ဘာလို့ ချီပင်လယ်အဆင့်လေးမှာ ရှိနေရတာလဲ"
ယဲ့ချန်အကြောင်း စဥ်းစားခန်းဝင်နေသော လင်ယုသည် ဒဏ္ဍာရီမှတ်တမ်းများတွင် ပါရမီရှင်အချို့က ကျင့်ကြံဆင့်ခိုင်မာစေရန် ပြန်လည်ဝင်စားတတ်ကြောင်း တွေးမိလိုက်သည်။ သူတို့က အနာဂတ်တွင် ပို၍အဆင့်တက်နိုင်ရန်အတွက် အုတ်မြစ်ကိုပိုမိုခိုင်မာစေရန် လက်ရှိကျင့်ကြံဆင့်ကို ဖိနှိပ်လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်မှာ ဤသို့သော ရှားပါးပါရမီရှင်တစ်ယောက် ဖြစ်နေနိုင်သည်။ သူ့ကို အမြင်ကျဥ်းသည်ဟု ပြောခဲ့သော ယဲ့ချန်၏အမူအရာကို ပြန်လည်စဥ်းစားမိသောအခါ ယဲ့ချန်ကို ကောင်းချီးပေးထားခံရသော ပါရမီရှင်တစ်ယောက်ဟု လင်ယုက သတ်မှတ်လိုက်သည်။ နတ်တိုင်းပြည်တစ်ခု၏ဘုရင်ရာထူးကို တစ်ဖက်လူက အထင်သေးသည်မှာ ပုံမှန်သာဖြစ်ပေလိမ့်မည်။ ယဲ့ချန်ကိုယ်တိုင်ပင် သူ၏စကားများက လင်ယု၏ သူ့အပေါ်ထားသောအမြင်ကို ကြီးမားစွာ ပြောင်းလဲသွားစေမည်ဟု ထင်ထားမည်မဟုတ်ပေ။
လင်ယုသည် စီးပွားရေးသမားတစ်ယောက်၏ သန္ဓေပါလာသောကြောင့် အခွင့်အရေးကြီးတစ်ခုကို ချက်ချင်းတွေ့ရှိသွားခဲ့သည်။ သူက ယဲ့ချန်နှင့် ဆက်ဆံရေးကောင်းမွန်လျှင် စစ်ဧကရာဇ်တစ်ယောက်ကို နောက်ခံအဖြစ်ရလိုက်ခြင်းနှင့် ကွာခြားမည်မဟုတ်ပေ။ သူက စစ်ဧကရာဇ်တစ်ယောက်ကိုသာ နောက်ခံအဖြစ်ရနိုင်ပါက မည်သည့်တန်ဖိုးမဆို ပေးချေနိုင်သည်။ ထို့ကြောင့် သူက တန်းဟိုင်ကို မျက်စပစ်လိုက်သောအခါ ၎င်းကလည်း အဓိပ္ပါယ်ကို ချက်ချင်းနားလည်နိုင်ခဲ့သည်။
"မင်္ဂလာပါအရှင် ကျုပ်က နိမ့်ကျတဲ့ တန်းဟိုင်မျိုးနွယ်ဝင်တစ်ယောက်ပါ"
တန်းဟိုင်က ဖော်ရွေသောအပြုံးတစ်ခုကို ဆင်မြန်းထားပြီး ခြင်္သေ့ကြီး၏ရှေ့မှောက်တွင် သိမ်မွေ့သော သိုးပေါက်ကလေးပမာ ဝပ်ချလိုက်သည်။ ခြင်္သေ့ကြီးကမူ အလေးမထားဟန်ဖြင့် ခေါင်းငုံ့၍ တစ်ချက်သာ စိုက်ကြည့်လာခဲ့သည်။
"အရှင်က အမှန်တကယ် ကြီးကျယ်ခမ်းနားလှပါတယ်။ ခရမ်းမီးတောက် ကြယ်ခြင်္သေ့မျိုးနွယ်ကို ကျုပ်က အလေးစားဆုံးပါပဲ။ တကယ်ဆိုရင် အစွမ်းအထက်ဆုံး နတ်သားရဲမျိုးနွယ်သုံးခုမှာ ပါဝင်သင့်တယ်။ ဒီကောင်တွေအားလုံးက အမြင်ကောင်းမရှိဘူး"
တန်းဟိုင်က ခြင်္သေ့ကြီး၏အပြုအမူကြောင့် စိတ်ကွက်သွားခြင်းမရှိဘဲ ဆက်တိုက်ဖားယားနေခဲ့သည်။ သူ၏စကားများက ယဲ့ချန်ကိုပင် ကြက်သီးမွေးညှင်းထသွားစေခဲ့သည်။ ဤတန်းဟိုင်က အမြဲတမ်း တည်ကြည်အေးချမ်းသော အသွင်ကို ပိုင်ဆိုင်ထားသော်လည်း ပါးစပ်ဟလိုက်သောအခါ အရှက်မရှိမြှောက်ပင့်စကားများ တရစပ် ထွက်ကျလာခဲ့သည်။
"အစ်ကိုယဲ့ ကျုပ် အမြင်ကျဥ်းမြောင်းမိတာကို ဗွေမယူပါနဲ့။ ဒီနေ့မှာ မင်းကို မြင်မြင်ချင်း မိတ်ဆွေအရင်းတွေလို ခင်မင်မိပါတယ်။ သောက်ကြစို့။ တောင်းပန်တဲ့အနေနဲ့ ကျုပ်က သုံးခွက်ဆက်တိုက်သောက်ပါမယ်"
လင်ယုက ပြတ်သားစွာဖြင့် တောင်းပန်၍ သိုလှောင်လက်စွပ်အတွင်းမှ သေရည်ခရားတစ်အိုးကို ထုတ်ယူလိုက်၏။ ခြင်္သေ့ကြီးက သေရည်ရနံ့ကို ရလိုက်သောအခါ နှာခေါင်းကို တရှုံ့ရှုံ့ပြုလုပ်လိုက်သည်။ သူ၏အမူအရာကို မြင်သောအခါ လင်ယုက ကပျာကယာဖြင့် ပန်းကန်လုံးကြီးတစ်ခုထုတ်ယူကာ သေရည်အပြည့် ဖြည့်ပေးလိုက်သည်။
"တန်းဟိုင် အရှင့်ကို သေရည်သောက်ဖို့ ဖိတ်ခေါ်လိုက်စမ်း"
လင်ယုက မျက်ရိပ်ပြလိုက်သည်။
"အရှင် ကျေးဇူးပြုပြီး သုံးဆောင်ပါ"
တန်းဟိုင်၏ ဖိတ်ကြားချက်အဆုံးတွင် ခြင်္သေ့ကြီးက စားပွဲပေါ်မှသေရည်ခွက်အစား သေရည်ခရားကိုသာ တုံ့ဆိုင်းခြင်းမရှိ လှမ်းယူလိုက်သည်။ ထို့နောက် သူက သေရည်ခရားတစ်ခုလုံးကို တစ်ကျိုက်နှစ်ကျိုက်တည်းဖြင့် အကုန်အစင်သောက်ချလိုက်သည်။ ဤသေရည်ကို သူတော်စင်သစ်သီးဖြင့် ချက်လုပ်ထားခြင်းဖြစ်ကာ ခရားတစ်ခုလျှင် ဆည်းဆာရွှေသန်းခြောက်ဆယ်ကျော် အဖိုးတန်လေသည်။