← Chapters

ဒီကောင်တွေကို သင်ခန်းစာပေးရမယ်

Vol. 40 Ch. 563

ဒီကောင်တွေကို သင်ခန်းစာပေးရမယ်

Vol. 40 Ch. 563

"လာကွာ ငါတို့ညီအစ်ကိုတွေ သောက်ကြစို့။ ဒီနေ့တွေ့ဆုံခဲ့တာက တိုက်ဆိုင်မှုတစ်ခု ဖြစ်တယ်။ ငါတို့ပြောခဲ့တဲ့ စကားတွေကိုတော့ အပြင်ကို ပြန့်သွားလို့မဖြစ်ဘူး"

ယဲ့ချန်က လင်ယု၏ပခုံးကို ပုတ်ကာ ပြောလိုက်ခြင်းဖြစ်သည်။

"အစ်ကိုကြီး"

လင်ယုက ရုတ်တရက် တွန့်ဆုတ်သွားခဲ့သည်။ အကယ်၍ ယဲ့ချန်သာ အစွမ်းထက်ပညာရှင်တစ်ဦး ပြန်လည်ဝင်စားသည်ဆိုလျှင် အသက်အလွန်ရှည်နိုင်သောကြောင့် အစ်ကိုကြီးဟု ခေါ်ဆိုရန် မသင့်တော်ပေ။

"ဒါက အခေါ်အဝေါ်လေး တစ်ခုပါကွာ။ အခုကစလို့ မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်နိုင်ပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ လင်ယုက စိတ်ထဲတွင်ကြိတ်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ ယဲ့ချန်၏သရုပ်မှန်ကို သူက အထင်မှားနေသဖြင့် စိတ်ထဲတွင် ဖိအားကြီးတစ်ခုကို ခံစားနေရသည်။ သူကသာ ယဲ့ချန်ကို ဒေါသထွက်စေခဲ့လျှင် နောက်ဆက်တွဲဖြစ်ရပ်များမှာ အလွန်ဆိုးရွားသွားနိုင်သည်။

"ခြင်္သေ့ကြီးအကြောင်း မင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။ ငါ့မှာ ကိုယ်ပိုင်အစီအစဥ်တွေရှိတယ်"

ယဲ့ချန်က သတိပေးလိုက်သည်။ လင်ယုကလည်း နှုတ်လုံမည်ဖြစ်ကြောင်း ချက်ချင်းကျိန်ဆိုခဲ့သည်။

"ညီလေးလင် ရန်ယွင်မြို့မှာ ငါ့အတွက် ပြဿနာလေးနည်းနည်း ရှိနေတယ်။ ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်ဖို့ အဆင်မပြေဘူး"

ယဲ့ချန်က သေရည်ကို အရသာခံသောက်နေရင်း အရိပ်အမြွက်ပြလိုက်သည်။

"ရှုချင်းနဲ့ ယိရန်လား။ မစိုးရိမ်ပါနဲ့။ ယိရန်က ဧကရာဇ်လင်းရဲ့တပည့်ဆိုပေမယ့် ဧကရာဇ်လင်းက သူ့ကို ဂရုမစိုက်ပါဘူး။ ဒီကောင်ကိုဖြေရှင်းဖို့ ပြဿနာမရှိလို့ ကျုပ်က အစ်ကိုကြီးအစား တာဝန်ယူလိုက်ပါမယ်"

လင်ယုက ရင်ဘတ်ကို တဘုန်းဘုန်းပုတ်၍ ကတိပြုလိုက်၏။

"ဒါဆိုရင် မင်းလေ့ကျင့်ဖို့အတွက် ထားလိုက်တော့မယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်၏စကားကို ကြားသောအခါ လင်ယုက ပျော်ရွှင်မှုကြောင့် အလွန်စိတ်လှုပ်ရှားနေသည်။ ကောင်းကင်၏အလိုအရ သူက ယနေ့တွင် ယဲ့ချန်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်နိုင်သည်။ အချိန်ခဏတာကြာပြီးနောက် ယဲ့ချန်၏နောက်ကျောရှိ ဆေးမင်ကြောင်အတွင်း ခြင်္သေ့ကြီးက ပြန်လည်ဝင်ရောက်သွားခဲ့ပြီး လင်ယုနှင့် တန်းဟိုင်က ပြန်လည်ထွက်ခွာလာခဲ့သည်။ အပြင်ဘက်တွင် ကုဖေးနှင့် ကုလန်က စိုးရိမ်စွာစောင့်ဆိုင်းနေကြပြီး လင်ယုနှင့် ယဲ့ချန်ကြားတွင် ပြဿနာတက်နေမည်ကို ကြောက်လန့်နေခြင်းဖြစ်သည်။

ခြံဝန်းတံခါးပွင့်လာပြီး ယဲ့ချန်၊ လင်ယုနှင့် တန်းဟိုင်တို့ ထွက်လာသောအခါ ပြဿနာဖြစ်ခဲ့ပုံမပေါ်သော မျက်နှာထားများကြောင့် ကုဖေးနှင့် ကုလန်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူတို့က တော်ဝင်မြို့တော်ရှိ လင်မျိုးနွယ်၏သခင်လေးကို စော်ကားရန် သတ္တိမရှိပေ။ လင်မျိုးနွယ်က ရှုချင်း၊ ယိရန်နှင့် အခြားသောအထက်တန်းစားများထက် ကိုင်တွယ်ရခက်ခဲပေသည်။ ကုညီအစ်ကိုသည် ယဲ့ချန်နှင့် လင်ယု အချင်းချင်းနှုတ်ဆက်နေသည်ကို မြင်သောအခါ တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ လင်ယုက ယဲ့ချန်အပေါ် နှိမ့်ချစွာဆက်ဆံ၍ လေးစားနေပုံပေါ်သောကြောင့် သူတို့က စဥ်းစားမရဖြစ်ကုန်သည်။ တန်းဟိုင်သည်လည်း ယဥ်ပါးသော ခွေးပေါက်လေးကဲ့သို့ လိုက်ပါလာကာ ယဲ့ချန်၏ခြေဖဝါးကိုပင်လျှက်ရန် အသင့်ဖြစ်နေခဲ့သည်။ ကျန်တစ်ဖက်တွင် ယဲ့ချန်က လက်ကိုနောက်ပစ်၍ စိတ်အေးလက်အေးအနေအထားဖြင့် ပေါ့ပေါ့ပါးပါးရှိနေခဲ့သည်။

"ဘာတွေဖြစ်နေကြတာလဲ"

ကုညီအစ်ကိုသည် စိတ်ရှုပ်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

"အစ်ကိုကြီးရဲ့ပြဿနာတွေက ကျုပ်ပြဿနာပါပဲ။ တစ်ယောက်ယောက်က မင်းကိုစော်ကားရင် ငါ အလွတ်မပေးဘူး။ အနာဂတ်မှာ မင်းအမိန့်ပေးလိုက်ရင် ဓားတောင်ကိုတက်ရတက်ရ၊ မီးပင်လယ်ကိုဖြတ်ရဖြတ်ရ တစ်ချက်မတွန့်စေရဘူး။ အခု ခွင့်ပြုပါဦး"

လင်ယုက ထွက်မသွားခင် သူ၏သစ္စာရှိမှုကိုဖော်ပြရန် မမေ့ခဲ့ချေ။ ကုညီအစ်ကိုက ဤစကားကို ကြားသောအခါ မင်သက်သွားပြီး သူတို့၏ဦးနှောက်များ အလုပ်မလုပ်တော့ကြောင်း ခံစားလိုက်ရသည်။ လင်ယုသည် ကျစ်ဟွာတော်ဝင်မြို့၊ လင်မျိုးနွယ်၏ တတိယသခင်လေးဖြစ်ပြီး သူတို့၏အမြင်တွင် မော့ကြည့်ရသော တည်ရှိမှုမျိုးဖြစ်သည်။ ယဲ့ချန်က မည်သည့်နည်းလမ်းကို အသုံးပြုပြီး လင်ယုကို လေးစားနှိမ့်ချစေခဲ့ကြောင်း သူတို့က စဥ်းစားမရချေ။

"ဒါဆိုရင် ငါ မင်းကို လိုက်မပို့တော့ဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြသည်။

"မလိုပါဘူးဗျာ"

လင်ယုက အလျင်အမြန်ခေါင်းယမ်း၍ တန်းဟိုင်နှင့်အတူ ခြံဝန်းအပြင် ထွက်လာခဲ့သည်။ ကုညီအစ်ကိုက သူ့ကိုနှုတ်ဆက်ရန် ရှေ့တိုးလာကြ၏။

"သခင်လေးလင် ကျွန်တော်နဲ့ လိုက်ခဲ့ပါ"

ကုဖေးက အနည်းငယ်ခေါင်းညိတ်၍ အရိုအသေပေးကာ လမ်းပြလိုက်သည်။ လင်ယုက အဘယ်ကြောင့် ယဲ့ချန်ကို လေးစားကြောင်း မသိရသော်လည်း သူ့အတွက် ယဥ်ကျေးရမည်ဖြစ်သည်။

"မင်းတို့က အားနာလွန်းနေပါပြီ။ ဒီလက်ဆောင်တွေကို ယူလိုက်ကြ"

လင်ယုက တစ်ချက်ရယ်မောလိုက်ပြီး သူ၏သိုလှောင်လက်စွပ်အတွင်းမှ သူတော်စင်သစ်သီးအချို့ကို ကုဖေးထံ ကမ်းပေးလိုက်သည်။

"ဒါ"

ကုဖေးက မင်သက်သွားခဲ့သည်။

"ဒါက လက်ဆောင်သေးသေးလေးမို့ လက်ခံလိုက်ပါကွာ"

လင်ယုက တိုက်တွန်းလိုက်သည်။ သူတော်စင်သစ်သီးအကြောင်းကို ကုဖေးက ကြားဖူးထားပြီး ဤသစ်သီးများမှာ သွေးမီးတောက်နှင့် ပင်လယ်အဆင့်များလောက် အဖိုးမတန်သော်လည်း တစ်လုံးလျှင် ဆည်းဆာရွှေခြောက်သန်းကျော် အဖိုးတန်နေဆဲပင်ဖြစ်သည်။ လင်ယုက အလွန်ရက်ရောနေသောကြောင့် ငြင်းပယ်လျှင် ရိုင်းရာကျမည်ကို စိုးရိမ်သောကြောင့် ကုဖေးနှင့် ကုလန်က လက်ခံလိုက်ကြသည်။ ထိုအချိန်တွင် ယဲ့ချန်၏ပတ်ဝန်းကျင်မှ လူများနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ထားသော လင်ယုက ကျေနပ်စွာ ပြုံးလိုက်သည်။ ကုညီအစ်ကိုသည် လင်ယုနှင့်တန်းဟိုင်ကို နယ်မြေအပြင်သို့ လိုက်လံပို့ဆောင်ပေးလိုက်ကြသည်။

လင်ယုသည် ယဲ့ချန်နှင့် ပူးပေါင်းနိုင်ခဲ့သောကြောင့် အလွန်ဝမ်းသာနေသကဲ့သို့ တန်းဟိုင်သည်လည်း တိမ်များပေါ်သို့ရောက်နေသယောင် ခံစားနေရသည်။ သူက အမြဲတမ်းအိပ်မက်မက်နေခဲ့သော တန်းဟိုင်မျိုးနွယ်၏ ထိပ်တန်းကျင့်စဥ်တစ်ခုကို ရရှိခဲ့သည်။ သူနှင့် လင်ယုက ဘဝချင်းတူညီသောကြောင့် လင်ယု၏ ကာကွယ်ရေးနတ်သားရဲဖြစ်လာရန် သဘောတူခဲ့သည်။ လင်ယုသည် လင်မျိုးနွယ်၏ သခင်လေးတစ်ယောက်ဖြစ်သော်လည်း သူ၏ဦးလေးသာရှိမနေလျှင် မျိုးနွယ်အတွင်းမှ မောင်းထုတ်ခံရပြီးဖြစ်သည်။ နောက်ဆုံးတွင် သူက ရွေးချယ်စရာမရှိဘဲ အစွမ်းအစကိုပြသရန်အတွက် ရန်ယွင်မြို့ကဲ့သို့နေရာကို ရောက်ရှိလာရသည်။ လင်ယု၏ရည်ရွယ်ချက်တစ်ခုမှာ လင်မျိုးနွယ်သို့ ပြန်ရောက်လျှင် မောက်မာသော မျိုးနွယ်ဝင်များ၏မျက်နှာကို ဖြတ်ရိုက်ရန်ဖြစ်သည်။

ကျန်တစ်ဖက်တွင် တန်းဟိုင်သည်လည်း မျိုးနွယ်၏ စွန့်ပစ်ခြင်းခံခဲ့ရသောကြောင့် တစ်ရက်တွင် တန်းဟိုင်မျိုးနွယ်ဝင်များကို အနိုင်ယူရန် ဆုံးဖြတ်ထားသည်။ တစ်နေ့တွင် သူ၏ရှေ့မှောက်၌ မြင့်မြတ်ကာလှပသော တန်းဟိုင်မျိုးနွယ်ဝင် သားရဲအမလေးများက ဒူးထောက်ရပေလိမ့်မည်။ သူ၏မျက်လုံးများက ဤအတွေးကြောင့် ကျဥ်းမြောင်းသွားကာ လှပသောမိန်းမပျိုလေးများ ကပြနေသည့်မြင်ကွင်းကို စိတ်ကူးယဥ်မြင်ယောင်နေခဲ့သည်။ သူက ကျင့်စဥ်၏ပထမပိုင်းကိုသာ ရခဲ့သောကြောင့် အနည်းငယ်စိတ်ပျက်နေသော်လည်း အသေအချာစဥ်းစားလိုက်သောအခါ သဘာဝသာဖြစ်ကြောင်း နားလည်လိုက်၏။ ခြင်္သေ့ကြီးအတွက် သူက တာဝန်တစ်ခုမှ မထမ်းဆောင်ပေးရသောကြောင့် သစ္စာရှိမှုကို အရင်ဆုံးပြသရန် လိုအပ်သည်။ ထို့ကြောင့် တစ်ဖက်လူက သတိကြီးကြီးထားမည်မှာ ပုံမှန်သာဖြစ်သည်။ တန်းဟိုင်မျိုးနွယ်၏ ထိပ်တန်းကျင့်စဥ်တစ်ခုတည်းကပင် သူ့ကို ခြင်္သေ့ကြီးအား အဘိုးအဖြစ် သတ်မှတ်ရန်ပင် ဝန်လေးမနေတော့ပေ။

အခြားလူများက တန်းဟိုင်ကို ကျောရိုးမရှိဟု ကဲ့ရဲ့လျှင်လည်း ဤမျိုးနွယ်က နဖူးထက်ရှိ ဂျိုတစ်ချောင်းမှလွဲ၍ တစ်ကိုယ်လုံးကို သဘာဝတရား၏ချီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ တစ်ကိုယ်လုံး အရိုးမရှိသော တန်းဟိုင်သားရဲတစ်ကောင်၌ ကျောရိုး လုံးဝမရှိပေ။ သူက ယဲ့ချန်နှင့် လင်ယု၏ဆက်ဆံရေး ကောင်းမွန်စေရန် ထိန်းသိမ်းပေးရမည်ဟု ဆူံးဖြတ်ထားသည်။ အကယ်၍ ဤဆက်ဆံရေးပျက်ပြားသွားလျှင် သူက တန်းဟိုင်မျိုးနွယ်၏ ထိပ်တန်းကျင့်စဥ်ကို လက်လွှတ်ရမည်ဖြစ်သောကြောင့် အကျိုးဆက်ကို ခံနိုင်မည်မဟုတ်ပေ။

"ယဲ့ချန် ဒီတန်းဟိုင်က မင်းကို လုံးဝသစ္စာဖောက်မှာ မဟုတ်တော့ဘူး။ သူတို့ကို ဘယ်လိုအသုံးချမလဲ"

ခြင်္သေ့ကြီးက မေးလိုက်ခြင်းဖြစ်သည်။

"ကျုပ်တို့က ယိရန်နှင့် ရှုချင်းကို သင်ခန်းစာမပေးထားရင် ဒီကောင်တွေကို အမြဲသတိထားနေရလိမ့်မယ်။ အကြွေးပြန်ဆပ်ဖို့ အချိန်ရောက်ပြီ"

ယဲ့ချန်၏မျက်နှာထားက အလွန်တင်းမာနေသည်။ သူက ပြဿနာအကြီးအကျယ်တက်မည်ကို စိုးရိမ်သောကြောင့် မလှုပ်ရှားခဲ့သောအခါ ရန်သူများဘက်မှ လက်ဦးမှုရယူလုနီးပါး ဖြစ်သွားခဲ့သည်။ လက်ရှိတွင် သူက လင်ယု၏စွမ်းအားဖြင့် ယိရန်နှင်ရှုချင်းကို ဖြေရှင်းမည်ဖြစ်သောအခါ အရာအားလုံး ပို၍လွယ်ကူလာပေလိမ့်မည်။

"ယဲ့ချန် ငါ မင်းကို တကယ်လေးစားတယ်။ ပထမဆုံး မင်းက မင်းရဲ့လူတွေအပေါ်မှာ ရာနှုန်းပြည့်သစ္စာရှိပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေရင်တောင် လက်လွှတ်လိုက်ဖို့ ဘယ်တော့မှမတွေးခဲ့ဖူးဘူး။ နောက်တစ်ချက်အနေနဲ့ မင်းက ဘယ်ရန်သူကိုမှမကြောက်ဘဲ သတ္တိရှိရှိ ရင်ဆိုင်ရဲတယ်။ မင်းကို တစ်ချက်လောက်လာထိလိုက်ရင်ကို ပြန်ပြီးလက်စားချေရဲတယ်။ အတိတ်က ငါသာ ဒီလိုမျိုးသတ္တိရှိခဲ့ရင် ကောင်းမယ်ကွာ"

ခြင်္သေ့ကြီးက ယဲ့ချန်ကို စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။ ခြောက်ရက် ကျော်လွန်သွားပြီးနောက် လင်းနန်နှင့်ရှောင်ယွဲ့သည် ယဲ့မုန်၊ ယဲ့ရွှမ်၊ ယဲ့ဖန်း၊ ယဲ့မူ၊ ယဲ့ပင်းနှင့် ကျိလေ့တို့ကိုခေါ်ဆောင်ကာ ပြန်လည်ရောက်ရှိလာကြသည်။

"အစ်ကိုယဲ့"

ယဲ့မုန်၊ ယဲ့ရွှမ်နှင့် ယဲ့ပင်းတို့က ယဲ့ချန်၏ဘေးတွင် ဝိုင်းရံလိုက်ကြသည်။

"ညီလေး"

ယဲ့ဖန်းနှင့် ယဲ့မူက ယဲ့ချန်၏အစ်ကိုကြီးများဖြစ်သောကြောင့် ရင့်ကျက်ကြသော်လည်း လက်ရှိတွင် စိတ်လှုပ်ရှားနေကြသည်။ လင်းနန်နှ င့်ရှောင်ယွဲ့သည် ယဲ့ချန်၏မိတ်ဆွေများဖြစ်ကြောင်း ပြောကာ သူတို့ကို ခေါ်ဆောင်လာသော်လည်း အလုံးစုံမယုံရဲကြပေ။ လက်ရှိတွင် သူတို့က ယဲ့ချန်ကို မြင်သောအခါတွင်မှ စိတ်အေးသွားခဲ့ကြသည်။ လမ်းတလျှောက်တွင် သူတို့က ယဲ့ချန်၏အောင်မြင်မှုများအကြောင်းကို လင်းနန်ထံမှ သိခဲ့ရသည်။ အချိန်တိုအတွင်း ယဲ့ချန်ရယူနိုင်ခဲ့သော အောင်မြင်မှုများကြောင့် သူတို့အားလုံးက ယဲ့မျိုးနွယ်၏ပါရမီရှင်အတွက် ဂုဏ်ယူနေကြသည်။ ကျိလေ့သည်လည်း ယဲ့ချန်ကို ခေါင်းအနည်းငယ်ညွှတ်၍ အရိုအသေပေးလိုက်၏။

"အစ်ကိုကြီး သူတို့က ဘယ်သူတွေများလဲ"

ယဲ့ချန်၏ပိုင်နက်အတွင်း အလည်အပတ်ရောက်ရှိလာသော လင်ယုက ယဲ့ချန်ဘက်လှည့်ကာ မေးလိုက်ခြင်းဖြစ်သည်။

"သူတို့ဟာ အရှေ့ပိုင်းတိုက်ကြီးကလာတဲ့ ငါ့မျိုးနွယ်ဝင်တွေပါ။ အခုမှ ကောင်းကင်မူလတိုက်ကြီးကို ရောက်လာကြတာလေ"

ယဲ့ချန်က မိတ်ဆက်ပေးလိုကိသည်။

"အခုမှ ရောက်လာကြတာလား"

အရှေ့ပိုင်းတိုက်ကြီးမှ ယဲ့မျိုးနွယ်ဝင်များကို ယဲ့ချန်က ခေါ်ဆောင်လိုနေကြောင်း လင်ယု သဘောပေါက်သွားခဲ့သည်။

"မင်းတို့ လမ်းတလျှောက် ဘာတွေကြုံခဲ့ရသေးလဲ"

ယဲ့ချန်က လင်းနန်ထံ အခြေအနေကို စုံစမ်းလိုက်သည်။ လင်းနန်က လင်ယုကို တစ်ချက်ကြည့်၍ ဖြေသင့်မဖြေသင့် တုံ့ဆိုင်းနေသည်။

"အဆင်ပြေပါတယ်။ သူကလည်း ငါတို့နဲ့ တစ်ဖွဲ့တည်းဖြစ်နေပြီ"

ယဲ့ချန်က ခေါင်းညိတ်၍ ပြောခွင့်ပေးလိုက်သည်။ သူ၏စကားကြောင့် လင်းနန်မှာ တုန်လှုပ်သွားခဲ့ပြီး လင်ယုကို သိမ်းသွင်းနိုင်ခဲ့သော ယဲ့ချန်၏အရည်အချင်းကို လေးစားနေမိသည်။

"ကျုပ်တို့ အရှေ့ပိုင်းတိုက်ကြီးကိုရောက်ပြီး သိပ်မကြာခင်မှာ ယိရန်ရဲ့တပည့် ယုရှန်ဆိုတာ ရောက်လာခဲ့တယ်။ သူက ဦးလေးယဲ့တို့ကို တိုက်ခိုက်ချင်ပေမယ့် ငါတို့ကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ထွက်ပြေးသွားခဲ့တယ်။ ငါတို့ရဲ့ကျင့်ကြံဆင့်က သူလောက်မမြင့်ပေမယ့် နတ်ဆိုးချပ်ဝတ်ကြောင့် အနိုင်ယူနိုင်ခဲ့တယ်။ ကံကောင်းတာက အကြီးအကဲရန်ဟိုင်က ဦးလေးယဲ့တို့ကို ကာကွယ်ပေးထားနိုင်ခဲ့တယ်"

လင်းနန်က အခြေအနေကို ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်သည်။ ယိရန်နှင့် ရှုချင်းတို့ဘက်မှ အမှန်တကယ်လှုပ်ရှားလာသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုကိသည်။ ကံကောင်းစွာဖြင့် စီမုက သူ့ကို သတိပေးခဲ့သောကြောင့် လင်းနန်နှင့် ရှောင်ယွဲ့ကို အချိန်မီစေလွှတ်နိုင်ခဲ့သည်။ မဟုတ်လျှင် ယဲ့မျိုးနွယ်အတွက် အလွန်အန္တရာယ်များသွားပေလိမ့်မည်။

"ယိရန်နဲ့ ရှုချင်းလက်ချက်လား။ ဒီကောင်တွေက အစ်ကိုကြီးရဲ့မျိုးနွယ်ကို ထိခိုက်အောင် ကြံစည်ရဲတယ်ပေါ့။ သူတို့က ဝက်ဝံနှလုံးနဲ့ ကျားသစ်အသည်းကိုစားထားလို့ ဒီလောက်ရဲတင်းနေကြတာလား။ သူတို့ကို သင်ခန်းစာပေးရသေးတာပေါ့"

လင်ယုက အကြောင်းစုံကို ကြားသောအခါ မျက်နှာတစ်ခုလုံး မည်းနက်သွားကာ ကြုံးဝါးလိုက်လေသည်။

All Chapters