← Chapters

ပါရမီရှင်များကို ရောင်းချခြင်း

Vol. 41 Ch. 565

ပါရမီရှင်များကို ရောင်းချခြင်း

Vol. 41 Ch. 565

လင်ယုက လက်ဝှေ့ယမ်းလိုက်သောအခါ ကြယ်ဝိညာဥ်ပုလဲသည် ယဲ့ပင်းထံ ပျံသန်းသွားပြီး ခဏအကြာတွင် အလင်းရောင်များ ထွက်ပေါ်လာသော်လည်း ယဲ့မူနှင့် ယဲ့ဖန်းကို စမ်းသပ်စဥ်ထက် ပို၍မှိန်ဖျော့နေသည်။

"ပေါင်းစပ်နှုန်း ၄၅"

လင်ယုက သက်ပြင်းတစ်ချလိုက်ပြီး လက်ရှိတွင် မည်သို့ခံစားနေရကြောင်းကို ကိုယ်တိုင်ပင် နားမလည်ချေ။ ဤသက်ရောက်မှုက ပြင်းထန်လွန်းသောကြောင့် သူ၏စိတ်က လှုပ်ခတ်နေသည်။

"ခေါင်းဆောင် ကျုပ်တောင်းပန်ပါတယ်။ မျိုးနွယ်ကို အရှက်ရစေမိပြီ"

ယဲ့ပင်းက စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့် တောင်းပန်လိုက်သည်။

"မင်းဘွားအေ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၄၅က သူတို့အောက် နိမ့်ကျတယ်ဆိုပေမယ့် ငါတို့လို သုံးဆယ်ပတ်လည်လူတွေက သွားသေရမှာလား။ ဒီပေါင်းစပ်နှုန်းက စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာဖို့ ခက်ခဲတယ်ဆိုပေမယ့် ကြိုးကြိုးစားစားလေ့ကျင့်ရင် တာအိုနတ်အဆင့်တစ်ဆယ်က ပြေးမလွတ်ဘူး။ ကြယ်အရင်းအမြစ်နတ်ဆေးကိုသာရရင် ပေါင်းစပ်နှုန်းငါးဆယ်ကျော်သွားဖို့တောင် ဖြစ်နိုင်တယ်။ တာအိုနတ်အဆင့်တစ်ဆယ်ဆိုတာ နတ်တိုင်းပြည်တွေမှာ လေနဲ့မိုးကို ဆင့်ခေါ်နိုင်စွမ်းရှိတယ်။ ယဲ့မျိုးနွယ်က ဘာလုပ်ချင်နေတာလဲကွာ။ ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်တော့မလို့လား"

ယဲ့ပင်း၏စကားကို ကြားသောအခါ လင်ယုသည် သူ၏စိတ်ထဲတွင် ချီလင်အကောင်ပေါင်းသန်းချီ ခုန်ပေါက်နေသည့်အလား ခံစားလိုက်ရသည်။ ကုဖေးတို့လူစုမှာလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ဆွံ့အနေကြသည်။ ပေါင်းစပ်နှုန်းသုံးဆယ်ကျော်သော လင်ယုပင် ဤသို့ခံစားနေရသောအခါ ပေါင်းစပ်နှုန်းငါးနှင့် ပတ်ချာလည်တွင်ရှိသော သူတို့က အသက်ရှင်နေရန်ပင် မထိုက်တန်တော့ချေ။

"နောက်တစ်ယောက် ကျန်နေသေးတယ်"

လင်ယု၏အကြည့်သည် ကျိလေ့ထံ ကျရောက်သွားသောအခါ ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ ကျိလေ့သည် ယဲ့မျိုးနွယ်ဝင်မဟုတ်ဘဲ အရှေ့ပိုင်းတိုက်ကြီးမှ လိုက်ပါလာသည့် တစ်ယောက်တည်းသောလူဖြစ်သည်။ ယဲ့ကျန့်တန်းက သူ့ကို နောက်ဆုံးထွက်ခွာခွင့် ပေးအပ်လာသောအခါ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး ငြင်းပယ်ခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များ အန္တရာယ်ရှိနေဆဲဖြစ်သော်လည်း ခြင်္သေ့မျိုးနွယ်၏မျိုးဆက်သွေး ဆက်လက်တည့်တံရေးအတွက် ယဲ့ကျန့်တန်းနှင့် ထုံတန်၏ဖြောင်းဖျမှုကြောင့် နောက်ဆုံးတွင် သူက လက်ခံလိုက်ရသည်။ ပုလဲက ကျိလေ့ထံ ပျံသန်းလာပြီးနောက် များပြားသောအလင်းရောင်များ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

"ပေါင်းစပ်နှုန်း၅၃"

လင်ယု၏မျက်လုံးများ ပြူးကျယ်သွားသော်လည်း ဆက်တိုက်အံ့သြနေရသဖြင့် ထူးဆန်းမနေတော့ပေ။ သို့သော်လည်း သူ၏စိတ်ထဲတွင် ဤလူအုပ်ကို ကြောက်စရာမျိုးနွယ်တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ အရှေ့ပိုင်းတိုက်ကြီးမှရောက်လာသူ ခြောက်ယောက်တွင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူ ငါးယောက်နှင့် အနိမ့်ဆုံးတစ်ယောက်ပင် ၄၅အထိရှိသည်။ ယဲ့ချန်၏ခြံဝန်းအတွင်း ရောက်နေသူအားလုံး ဆွံံ့အနေကြပြီး ယဲ့မျိုးနွယ်၏အစွမ်းကို ဖော်ပြရန် စကားပင်ရှာမရချေ။

"ယဲ့ချန် တစ်ခုခုထူးဆန်းနေတာကို မခံစားမိဘူးလား"

ခြင်္သေ့ကြီးက ပြောလိုက်ခြင်းဖြစ်သည်။

"ဆရာပြောချင်တာက"

ယဲ့ချန်က တိတ်ဆိတ်သွားပြီး ယဲ့မုန့်တို့ခြောက်ယောက်၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း မြင့်မားနေခြင်းမှာ မူမမှန်ဟု ခံစားလိုက်ရသည်။

"ဘယ်လိုမျိုးနွယ်မှ ပါရမီရှင်တွေအများကြီးကို တစ်ဆက်တည်း မွေးထုတ်မပေးနိုင်ဘူး။ ငါခန့်မှန်းရသလောက်ဆိုရင် မင်းရဲ့ဝိညာဥ်အသိစိတ်ကြောင့် သူတို့တွေ ပြောင်းလဲသွားကြတာဖြစ်ရမယ်။ မင်းအတွက် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညဖြစ်နေတာကတော့ မဖြေရှင်းနိုင်တဲ့ ပဟေဠိတစ်ပုဒ်ဖြစ်တယ်။ ဒီအချက်နှစ်ခုက ဆက်သွယ်နေမယ်လို့ ငါ ထင်တယ်"

ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။ သူ၏သတိပေးချက်အရ ယဲ့ချန်သည် ယဲ့မုန့်နှင့် အခြားလူများ၏ပေါင်းစပ်နှုန်း မြင့်မားနေခြင်းအတွက် အကြောင်းထူးတစ်ခုရှိရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။ သူ၏ဒန်တန်အတွင်းရှိ ဆန်းကျယ်ထူးခြားစွာ တိုးတက်လာနေသော ကြယ်ကိုးလုံးထံ အတွေးရောက်သွားသည်။ မည်သို့ပင်ဖြစ်စေကာမူ ယဲ့မုန့်တို့အားလုံး ပါရမီရှင်ဖြစ်နေခြင်းက ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။

"ဒီနေ့ဖြစ်ပျက်သမျှကို ဘယ်သူမှ အပြင်ကို ထုတ်မပြောရဘူး"

ယဲ့ချန်၏အကြည့်က အားလုံးကို ကျော်ဖြတ်သွားပြီး နောက်ဆုံးတွင် လင်ယုထံ ကျရောက်လာခဲ့သည်။ ဤသတင်းသာပြန့်သွားလျှင် ယဲ့မျိုးနွယ်သည် ကောင်းကင်မူလတိုက်ကြီးတွင် အစွမ်းထက်လာပြီး မည်သူမှအထင်သေးရဲမည်မဟုတ်သောကြောင့် ယဲ့ချန်၏ဆုံးဖြတ်ချက်ကို သူက နားမလည်နိုင်ဖြစ်နေရသည်။ သို့သော် ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်တွင် ကိုယ်ပိုင်အစီအစဥ်တစ်ခုရှိပြီး ရန်သူများကို ရှောင်လွှဲလိုခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်၏။

"မစိုးရိမ်ပါနဲ့ အစ်ကိုကြီး။ ကျုပ်တို့က ဒီကိစ္စကို သေချာပေါက် လျှို့ဝှက်ထားပေးပါမယ်"

လင်ယုက လျင်မြန်စွာကတိပေးလိုက်ပြီး ကုဖေးတို့အားလုံးသည်လည်း ချက်ချင်းကျိန်ဆိုလိုက်ကြသည်။ ယဲ့ချန်သည် ကုဖေးတို့လူစုအပေါ် အလွန်တရာယုံကြည်သည်။ ထို့အပြင် လင်ယုသည်လည်း အခြေအနေကို ရှင်းလင်းစွာ သဘောပေါက်နိုင်သူဖြစ်ပြီး တစ်လှေတည်းစီးနေသူများဖြစ်သောကြောင့် ယဲ့ချန်၏ဘက်တွင်ရှိနေရခြင်းက အနာဂတ်တွင် သူ့ကို အကန့်အသတ်မဲ့စေမည်ဖြစ်ကြောင်း သိပေလိမ့်မည်။ ဤကိစ္စကို ယဲ့ချန်က လူသိရှင်ကြားမထုတ်ဖော်ရခြင်းမှာ ရန်သူများရှိနေသောကြောင့် မဟုတ်ဘဲ လျှို့ဝှက်ချက်များကြောင့်ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ မကောင်းကြံစည်လာနိုင်ပြီး စစ်ဧကရာဇ်အဆင့်များကို တာအိုအိမ်တော်၏ဥပဒေက ထိန်းချုပ်နိုင်လျှင်ပင် နတ်အစေခံအဆင့်များကမူ ချိုးဖျက်နိုင်စွမ်း ရှိနေနိုင်သည်။ ထိုအဆင့်များကသာ ယဲ့မျိုးနွယ်၏ထူးခြားချက်ကို သတိထားမိသွား၍ ယဲ့ချန်ကိုဖမ်းချုပ်ကာ စစ်ဆေးလျှင် သူက ခုခံနိုင်စွမ်းမရှိပေ။

"အစ်ကိုကြီး ဒီညီအစ်ကိုတွေကို ဘယ်လိုလုပ်ကြမလဲ။ ငါတို့က လူသိရှင်ကြားမကြေညာရင် သိုင်းဒေသကြီးတွေရဲ့အာရုံကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူး။ သူတို့က အရင်းအမြစ်ကောင်းကောင်းမရဘူးဆိုရင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ဘယ်လောက်မြင့်မြင့် အသုံးမဝင်ဘူး"

လင်ယုက မေးလိုက်ခြင်းဖြစ်သည်။ ယဲ့မုန့်တို့လူစုအတွက် အရင်းအမြစ်များမရှာဖွေနိုင်လျှင် နှမြောစရာကောင်းသည်ဟု သူက ခံစားနေရသည်။

"ဒီလိုလုပ်ကြမလား ။ကျုပ်ဦးလေးက ပါရမီရှင်တပည့်တွေ ရှာနေတယ်။ ယဲ့ညီအစ်ကိုတွေကို သူ့ဂိုဏ်းထဲ သွင်းပေးရမလား။ ဘယ်လိုသဘောရလဲ အစ်ကိုကြီး"

လင်ယုက ယဲ့ချန်ထံ စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလိုက်သည်။ သူက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းဖြစ်ပြီး ယဲ့မုန့်တို့သာ လင်ယွမ်၏ဂိုဏ်းအတွင်း ဝင်မည်ဆိုလျှင် ယဲ့ချန်နှင့် သူ၏ဆက်ဆံရေးမှာ ပို၍နီးကပ်လာနိုင်သည်။ ဒုတိယအနေဖြင့် လင်ယွမ်က တပည့်များ အမှန်တကယ်ရှာမတွေ့သေးသောကြောင့် ပေါင်းစပ်နှုန်းငါးဆယ်အထက်ရှိသော ပါရမီရှင်များကို ပို့ဆောင်လိုက်လျှင် လင်ယုကို ပို၍အလေးထားပေလိမ့်မည်။ ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ လေးလေးနက်နက်စဥ်းစားနေပြီး ယဲ့မုန့်တို့ကို ဤသို့ပို့ဆောင်လိုက်လျှင် အခြားမျိုးနွယ်ဝင်များအား ခေါ်ဆောင်ရန် များစွာအကျိုးမရှိပေ။

"မုန့်အာ ရွှမ်အာ အစ်ကိုတစ် အစ်ကိုနှစ် မင်းတို့အားလုံးကို ငါ ရောင်းပစ်ရလိမ့်မယ်။ သဘောတူကြရဲ့လား"

ယဲ့ချန်က တစ်လုံးချင်း မေးလိုက်သည်။

"ရောင်းမယ် ဟုတ်လား။ ဘာကိုပြောချင်တာလဲ"

လင်ယုတို့အားလုံးက မင်သက်နေကြသည်။

"ယဲ့မျိုးနွယ်ဝင်တွေကို ကယ်တင်နိုင်မယ်ဆိုရင် ဘာဖြစ်ဖြစ် လက်ခံနိုင်ပါတယ် ခေါင်းဆောင်"

ယဲ့ချန်၏စကားကိုကြားသောအခါ ယဲ့မုန့်တို့လေးယောက်အတွက် နားလည်သဘောပေါက်ရန် အချိန်ခဏသာ စဥ်းစားလိုက်ရပြီး ချက်ချင်းသဘောတူလိုက်ကြသည်။

"ကျုပ်ကိုပါ ထည့်တွက်လိုက်ပါ အစ်ကိုယဲ့။ ခင်ဗျားအနေနဲ့ နောက်ထပ်မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ကျိလေ့က ဝင်ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က သူ့ကို အခြားမျိုးနွယ်ဝင်တစ်ယောက်ပမာ အခွင့်ထူးပေးခြင်းအပေါ် လက်မခံနိုင်ချေ။

"ကျွန်တော်ကရော ခေါင်းဆောင်"

ယဲ့ပင်းက မေးခွန်းထုတ်သည်။

"မင်းကတော့ ငါ့ကို ဒီမှာကူညီပေးရမယ်။ ကျန်တဲ့ငါးယောက်က တာဝန်ထမ်းဆောင်ရမယ်။ ငါက မင်းတို့အပေါ် မတရားမလုပ်ပါဘူး။ မင်းတို့ကို တပည့်အဖြစ်လက်ခံချင်တဲ့ စစ်ဧကရာဇ်တွေဆီက ဆည်းဆာရွှေသန်းငါးရာ တောင်းမယ်။ ပြီးတော့ တပည့်ဖြစ်ရမယ်။ ကျွန်အဖြစ်ရောင်းတာ မဟုတ်ဘူး"

ယဲ့ချန်က လေးနက်စွာ ညွှန်ကြားလိုက်သည်။ တပည့်တစ်ယောက်အတွက် ဤပမာဏက အလွန်များပြားသော်လည်း ပေါင်းစပ်နှုန်းငါးဆယ်အထက်ရှိသော စစ်ဧကရာဇ်အလောင်းအလျာများအတွက်မူ နည်းသည်ဟုပင် ဆိုနိုင်သည်။ ကောင်းကင်မူလတိုက်ကြီးတွင် ဆရာတပည့်ဆက်ဆံရေးက သားအဖဆက်ဆံရေးကဲ့သို့ အလွန်နက်ရှိုင်းသည်။ ပါရမီရှင်တပည့်တစ်ယောက်အတွက် ဆည်းဆာရွှေသန်းငါးရာကိုထုတ်ပေးရန်က စစ်ဧကရာဇ်များအတွက် သေးငယ်သော ကိစ္စတစ်ခုဖြစ်သည်။

"အစ်ကိုကြီး ကျုပ်က ဆည်းဆာရွှေ၂.၅ဘီလီယံ ချက်ချင်းပေးနိုင်ပါတယ်"

လင်ယုက အလောတကြီး ဝင်ပြောလိုက်ခြင်းဖြစ်သည်။ သူ့အတွက် ဤပမာဏက သေးငယ်ပြီး ဦးလေး၏အကူအညီကိုသာရလျှင် အချိန်တိုအတွင်း နှစ်ဆမက ပြန်လည်ရှာဖွေနိုင်ပေလိမ့်မည်။

"မင်းရဲ့ဦးလေးအတွက် ယဲ့မုန့်နဲ့ ယဲ့ရွှမ်ကို လွှဲပေးနိုင်တယ်။ ကျန်တဲ့သုံးယောက်ကတော့ အခြားစစ်ဧကရာဇ်တွေကို ဆရာအဖြစ် သတ်မှတ်ရမယ်"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်၏။ လင်ယုက ခဏတာတိတ်ဆိတ်သွားပြီး ယဲ့ချန်ဆိုလိုသောအဓိပ္ပါယ်ကို သဘောပေါက်သွားခဲ့သည်။ ယဲ့ချန်၏ပန်းတိုင်က သေးငယ်ခြင်းမရှိဘဲ အထူးပါရမီရှင်ငါးယောက်ကို အသုံးချ၍ စစ်ဧကရာဇ်လေးယောက်အထိ သိမ်းသွင်းလိုခြင်းဖြစ်သည်။ ဆရာတပည့်ဆက်ဆံရေးကို လှေကားထစ်များသဖွယ် အသုံးပြုကာ ယဲ့မျိုးနွယ်က အစွမ်းအာဏာ ကြီးမားလာပေလိမ့်မည်။ စစ်ဧကရာဇ်တစ်ယောက်၏ လွှမ်းမိုးမှုကပင် ကြီးမားနေပြီဖြစ်ရာ အနာဂတ်တွင် ယဲ့မျိုးနွယ်အတွက် ကိစ္စရပ်များက လွယ်ကူချောမွေ့သွားနိုင်သည်။

ယဲ့ချန် ပို၍အစွမ်းထက်လေလေ သူ့အတွက် အမြတ်ထွက်လေလေဖြစ်သောကြောင့် လင်ယုက စိတ်လှုပ်ရှားနေသည်။ သူက ယဲ့ချန်နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသူဖြစ်သော်လည်း ယဲ့ချန်မှ စွန့်ပစ်လိုက်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော်လည်း ယဲ့ချန်က ကုဖေးတို့လူစုအပေါ် ဆက်ဆံသောသဘောထားကြောင့် သစ္စာရှိသူဖြစ်ကြောင်း တွေးမိလိုက်၏။ လက်ရှိတွင် သူလုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ယဲ့ချန်နှင့် ကုဖေးတို့အဖွဲ့၏ ဆက်ဆံရေးအတွင်း ပါဝင်နိုင်ရန်ဖြစ်သည်။

"အစ်ကိုကြီး သူတို့ကိုပို့ဆောင်ပေးဖို့ ကျုပ် တာဝန်ယူပါမယ်။ သူတို့အတွက် လုံလုံခြုံခြုံနဲ့ လျှို့ဝှက်စီမံပေးနိုင်ပါတယ်"

လင်ယုထံတွင် အဆက်အသွယ်များစွာရှိသောကြောင့် ဤကိစ္စကို ကိုင်တွယ်ရန် အစွမ်းအစရှိသည်။

"မင်းရဲ့လူယုံတွေကို အသုံးချဖို့အတွက် သတိရပါ။ မင်းရဲ့နောက်လိုက်တွေထဲမှာ သူလျှိုတွေ ရှိနေနိုင်တယ်"

ယဲ့ချန်က လင်ယုကို ခေါင်းညိတ်ပြလိုက်သော်လည်း သတိပေးခဲ့သည်။

"မစိုးရိမ်ပါနဲ့ အစ်ကိုကြီး။ ကျုပ်က သူတို့အကြံကို ကြိုသိထားလို့ ပြင်ဆင်ထားပြီးဖြစ်တယ်"

ယဲ့ချန်၏သတိပေးချက်ကို ကြားသောအခါ လင်ယုက ယုံကြည်မှုအပြည့်ဖြင့် အာမခံလိုက်သည်။ သူက လင်မျိုးနွယ်အတွင်း ငယ်ရွယ်စဥ်မှစတင်၍ အကွက်ချကြံစည်မှုပေါင်းများစွာကို ခံခဲ့ရသောကြောင့် အတွေ့အကြုံ ပြည့်ဝနေပြီဖြစ်သည်။ သူ၏လူယုံများကို အလွန်တန်ဖိုးထားသောကြောင့် လင်မျိုးနွယ်သခင်လေးတစ်နှင့် သခင်လေးနှစ်၏ သူလျှိုများ အလွယ်တကူစိမ့်ဝင်ရန် မဖြစ်နိုင်ချေ။

"ဒီကိစ္စက အချိန်ကြာနေလို့ မဖြစ်ဘူး။ ချက်ချင်းဆောင်ရွက်ပါ"

ယဲ့ချန်က ညွှန်ကြားလိုက်၏။ ယဲ့မုန့်တို့အားလုံးက ယဲ့ချန်နှင့် မခွဲခွာချင်သော်လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးဖြစ်သည်။ ယဲ့မျိုးနွယ်က အန္တရာယ်ကြားတွင် ကျန်ရစ်ခဲ့သောကြောင့် သူတို့က အချိန်ဖြုန်းနေ၍မဖြစ်ပေ။ ယဲ့ချန်သည် မျိုးနွယ်၏တာဝန်များကို တစ်ကိုယ်တော်ထမ်းဆောင်နိုင်ရသောကြောင့် သူတို့က တစ်ဖက်တစ်လမ်းမှ ကူညီရပေလိမ့်မည်။

"လူတိုင်း ငါနဲ့အတူ လိုက်ခဲ့ကြပါ"

လင်ယုသည် ယဲ့မုန့်တို့ငါးယောက်ကို ဦးဆောင်ပြီး ခြံဝန်းအပြင်သို့ ထွက်ခွာသွားခဲ့သည်။ ရက်အနည်းငယ်အတွင်း သူက ယဲ့မုန့်တို့ကို ရန်ယွင်မြို့မှ လျှို့ဝှက်စွာထွက်ခွာနိုင်ရေးအတွက် စီမံပေးခဲ့ပြီး စစ်ဧကရာဇ်များထံ ခေါ်ဆောင်သွားရန် လူယုံများကိုသာ တာဝန်ပေးအပ်ခဲ့လေသည်။

All Chapters