လက်မလျှော့လိုသော ရန်သူများ
Vol. 41 Ch. 566
ကောင်းကင်မူလတိုက်ကြီး၏ မြောက်ပိုင်းတွင် တစ်နှစ်ပတ်လုံး နှင်းများကျဆင်း၍ ရေခဲများဖုံးအုပ်နေသော တောင်ကြီးတစ်လုံးရှိကာ အလွန်အမင်းအေးစက်သော ရာသီဥတုကြောင့် ချီပင်လယ်အဆင့်ကျင့်ကြံသူများ လာရောက်ရန်ပင် မဖြစ်နိုင်ပေ။ ၎င်း၏တောင်ကြားအတွင်း ရေခဲဖြင့်ပြုလုပ်ထားသော ကြီးကျယ်ခမ်းနားသည့် နန်းတော်ကြီးတစ်ခု တည်ရှိကာ တသုန်သုန်တိုက်ခတ်နေသော လေအေးများကြောင့် အပူချိန်က နိမ့်လွန်းသည်။ သို့သော်လည်း ရေခဲတောင်ကြီး၏ရာသီဥတုက ရေခဲနန်းတော်အတွင်းမှ အအေးဓာတ်နှင့်ယှဥ်လျှင် နွေးထွေးသည်ဟု ဆိုနိုင်သည်။ ထိုအချိန်တွင် ပုံရိပ်သုံးခုက ရေခဲတောင်ကြီးကိုဖြတ်သန်း၍ တောင်ကြားထံ တရွေ့ရွေ့ခရီးဆက်နေကြသည်။ ယဲ့မုန့်၊ ယဲ့ရွှမ်နှင့် လင်ယု၏နောက်လိုက် တာအိုနတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ထိုလူကသာ သူ၏ချီများဖြင့် အကာအကွယ်ပြုလုပ်မထားပေးလျှင် ယဲ့မျိုးနွယ်ဝင်နှစ်ယောက်မှာ အေးခဲသေဆုံးသွားပေလိမ့်မည်။ ဤနေရာရှိ ရာသီဥတုကြောင့် ရွှမ်အဆင့်များပင် ပေါ့ဆမိပါက ချက်ချင်းအေးခဲသွားနိုင်သောကြောင့် ဖြစ်သည်။
ယဲ့မုန့်နှင့် ယဲ့ရွှမ်သည် ဤရက်များအတွင်း ကောင်းကင်မူလတိုက်ကြီးအကြောင်း ပိုမိုသိရှိလာကာ အဝေးရှိရေခဲနန်းတော်ကြီးကိုကြည့်ရင်း စိတ်လှုပ်ရှားနေကြသည်။ ထို့အပြင် သူတို့၏ဆရာဖြစ်လာမည့် နှင်းဧကရာဇ်က မည်သို့သောလူစားမျိုးဖြစ်မည်ကို စဥ်းစားနေမိကြသည်။
"ဘယ်သူတွေလဲ"
အေးစက်တည်ငြိမ်သော စကားသံတစ်ခု ထွက်ပေါ်လာကာ နတ်ဘုရားများ၏အမိန့်သံကဲ့သို့ တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။ တစ်ဖက်လူက သူတို့ကိုသတ်ချင်လျှင် အတွေးတစ်ချက်သာလိုအပ်သည်ဟု သူတို့သုံးယောက်က သဘောပေါက်လိုက်ပြီး အစွမ်းထက်အရှိန်အဝါတစ်ခုအောက် ကျရောက်သွားကြသည်။
"လေးစားရပါသော နှင်းဧကရာဇ် ကျွန်တော်မျိုးက သခင်လေးလင်ယုရဲ့ လူယုံတစ်ယောက်ပါ"
လင်ယွမ်၏အရှိန်အဝါ ထွက်ပေါ်လာသောအခါ တာအိုနတ်အဆင့်ကျင့်ကြံသူက ရေခဲနန်းတော်ဘက်လှည့်ကာ နှင်းတောထဲတွင် လေးလေးစားစားဒူးထောက်၍ လျှောက်တင်လိုက်သည်။ ယဲ့မုန့်နှင့် ယဲ့ရွှမ်သည်လည်း တုံ့ဆိုင်းခြင်းမရှိ၊ ဒူးထောက်လိုက်ကြသည်။
"ဘာကြောင့်များ ရောက်လာကြတာလဲကွဲ့"
လင်ယု၏လူယုံဖြစ်ကြောင်း သိလိုက်ရသောအခါ လင်ယွမ်၏ အရှိန်အဝါဖိအားက လျော့နည်းသွားပြီး သူ၏အသံများစွာ ပို၍သိမ်မွေ့လာသည်။
"သခင်လေးလင်က အရှင့်အတွက် ပါရမီရှင်တပည့်နှစ်ယောက်ကို ပို့ဆောင်ခိုင်းလိုက်တာပါခင်ဗျာ"
လင်ယု၏နောက်လိုက်က ချက်ချင်းပြန်ဖြေလိုက်သည်။
"ငါ့တပည့်ဖြစ်လာဖို့ဆိုရင် သူတို့က ချီပင်လယ်အဆင့်တောင် မရောက်သေးလို့ မဖြစ်နိုင်ဘူး"
"အရှင် သူတို့က ချီပင်လယ်အဆင့်ကို မရောက်သေးပေမယ့် နှစ်ယောက်လုံးက စစ်ဧကရာဇ်အလောင်းအလျာတွေပါ"
လင်ယု၏နောက်လိုက်က အလျင်အမြန် ရှင်းပြလိုက်သည်။
"ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော်တာလား"
လင်ယွမ်က မယုံကြည်ဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ကြယ်ဝိညာဥ်ပုလဲနှစ်လုံးက နှင်းတောကိုဖြတ်သန်း၍ ယဲ့မုန့်နှင့် ယဲ့ရွှမ်ထံ ရောက်ရှိလာကာ စစ်ဆေးလိုက်သည်။
"၅၃ ၅၆"
လင်ယွမ်ပင် အနည်းငယ်အံ့သြသွားခဲ့သည်။ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်များဆိုလျှင် သိုင်းဒေသကြီးများထံ ရောက်ရှိသွားတတ်သောကြောင့် တစ်ကိုယ်တော်နေထိုင်သည့် လင်ယွမ်အတွက် တစ်ယောက်ရရှိနိုင်ရန်ပင် အလွန်တရာခက်ခဲသည်။ သို့သော်လည်း လင်ယုက သူ့အတွက် ပါရမီရှင်နှစ်ယောက်အထိ ပို့ဆောင်ပေးလာသည်။ ဤပါရမီရှင်နှစ်ယောက်က ချီပင်လယ်အဆင့်သို့ မရောက်သေးသော်လည်း နှင်းဧကရာဇ်အတွက် သူတို့ကို အဆင့်တက်အောင်ပြုလုပ်ပေးရန် အလွန်လွယ်ကူနေသည်။ ထို့အပြင် သူတို့၏ကျင့်ကြံဆင့်က နိမ့်ကျနေသောကြောင့် အခြားအင်အားစုများ၏ တပည့်များမဟုတ်ကြောင်း သက်သေပြပြီးဖြစ်သည်။
"သူတို့ကို ငါ လက်ခံလိုက်မယ်။ လင်ယုကို တော်တယ်လို့ ပြောလိုက်"
လင်ယွမ်က ချီးကျူးစကား ပြောလိုက်ခြင်းဖြစ်သည်။
"မင်းတို့ကို ငါ ဒီအထိပဲလိုက်ပို့ပေးနိုင်မယ်။ အနာဂတ်မှာ အောင်မြင်ကြပါစေ"
လင်ယု၏နောက်လိုက်က ရေခဲနန်းတော်ကို သုံးကြိမ်အရိုအသေပေးပြီးနောက် ယဲ့မုန့်တို့ဘက်လှည့်ကာ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ချီများကို ပြန်လည်ရုတ်သိမ်းလိုက်သောကြောင့် ကောင်းကင်မှ နှင်းများ ချက်ချင်းကျဆင်းလာသည်။ ထိုအချိန်တွင် ယဲ့မုန့်တို့က အအေးဓာတ်ကိုရင်ဆိုင်ရန် အသင့်ပြင်ထားသော်လည်း နှင်းများနှင့်ထိတွေ့လိုက်ချိန်တွင် အေးစက်မှုကို ခံစားရမည့်အစား နွေဦးလေညှင်းတိုက်ခတ်သွားသည့်ပမာ ခံစားလိုက်ရသောကြောင့် အံ့အားသင့်သွားကြသည်။
အဝေးရှိ ရေခဲနန်းတော်၏တံခါးက ပွင့်ဟလာပြီး သူတို့နှစ်ယောက် ဝင်ရောက်လာရန်အတွက် ကြိုဆိုဖိတ်ခေါ်နေသည်။ အအေးဓာတ်ကို မခံစားရသော အကြောင်းအရင်းမှာ ရာသီဥတုကို လင်ယွမ်က ထိန်းချုပ်ထားသောကြောင့်ဖြစ်နိုင်သဖြင့် ယဲ့မုန့်နှင့် ယဲ့ရွှမ်က ဆရာသခင်အပေါ် လေးစားမှုများဖြစ်ပေါ်လာသည်။ ထို့နောက် သူတို့က အကြည့်ချင်းဖလှယ်၍ နှင်းတောကိုဖြတ်သန်းကာ နန်းတော်ကြီးထံ ဦးတည်လိုက်ကြသည်။ အချိန်ခဏအတွင်း သူတို့က ပျောက်ကွယ်သွားပြီး နှင်းတောထဲတွင် ထင်ကျန်ခဲ့သော ခြေရာများကို နှင်းများ ဖုံးလွှမ်းသွားခဲ့သည်။ လင်ယု၏နောက်လိုက်က သူတို့ပျောက်ကွယ်သွားသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ လင်ယွမ်ကို အရိုအသေပေးကာ ရေခဲတောင်ပေါ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ရန်ယွင်မြို့တော်တွင် ကျန်ရစ်ခဲ့သော ယဲ့ချန်က ရက်အနည်းငယ်အတွင်း ယဲ့မုန့်နှင့် ယဲ့ရွှမ်သည် နှင်းဧကရာဇ်၏တပည့်၊ ယဲ့ဖန်းနှင့် ယဲ့မူသည် ဧကရာဇ်ချမ်း၏တပည့်နှင့် ကျိလေ့သည် ခြင်္သေ့ဧကရာဇ်၏တပည့်ဖြစ်သွားကြောင်း သတင်းများရလိုက်သည်။ ဤဧကရာဇ်သုံးယောက်လုံးသည် ကိုယ်ပိုင်အင်အားစုများ တည်ထောင်ထားကာ သိုင်းဒေသကြီးများနှင့် အဆက်အစပ်မရှိပေ။ ဧကရာဇ်လင်နှင့် ဧကရာဇ်ချမ်တွင် တပည့်တစ်ယောက်မှမရှိဘဲ ဧကရာဇ်ချိုးတွင် ပေါင်းစပ်နှုန်းငါးဆယ်ပိုင်ရှင် တပည့်တစ်ယောက်သာ ရှိသည်။ သူတို့အားလုံးက အစွမ်းထက်ဆက်ခံသူတစ်ယောက် လိုအပ်နေသော်လည်း တပည့်ရွေးချယ်ရာတွင် အလွန်တင်းကျပ်ကြသည်။ ထို့ကြောင့် အခြားအင်အားစုများနှင့် မသက်ဆိုင်သော ပါရမီရှင်များကို တပည့်အဖြစ် ရလိုက်သောအခါ မငြင်းပယ်ခဲ့ကြပေ။
ယဲ့မုန့်၊ ယဲ့ရွှမ်၊ ယဲ့ဖန်း၊ ယဲ့မူနှင့် ကျိလေ့တို့မှာ နောက်ခံကောင်းကောင်း ပိုင်ဆိုင်သွားပြီဖြစ်သောကြောင့် ယဲ့ချန်က စိတ်လက်ပေါ့ပါးသွားသည်။ သူက ဤကိစ္စမှ ဆည်းဆာရွှေနှစ်ဘီလီယံခွဲ အမြတ်ထွက်ခဲ့ပြီး အိမ်ရာရောင်းချရာမှ နောက်ထပ်တစ်ဘီလီယံ ရရှိခဲ့သည်။ ထို့ကြောင့် ယဲ့မျိုးနွယ်ဝင်များကို ထပ်မံခေါ်ဆောင်ရန်အတွက် ကုဖေးတို့အဖွဲ့ကို အရှေ့ပိုင်းတိုက်ကြီးထံ ချက်ချင်းစေလွှတ်လိုက်သည်။ ဆည်းဆာရွှေသုံးဘီလီယံခွဲဖြင့် လူပေါင်းသုံးရာ့ငါးဆယ်ကို ခေါ်ဆောင်လာနိုင်စွမ်းရှိသည်။
"ဘာတွေဖြစ်ကုန်တာလဲ။ အသုံးမကျတဲ့ အမှိုက်ကောင်တွေ ဒီကိစ္စလေးကိုတောင် အဖြစ်ရှိအောင် မလုပ်နိုင်ဘူး"
ယဲ့ချန်က သူ၏မျိုးနွယ်ဝင်များကို ကယ်တင်ရန် အလုပ်ရှုပ်နေစဥ် ယိရန်၏စားသောက်ဆိုင်အတွင်း ကျိန်ဆဲသံများ ထွက်ပေါ်လာသည်။ ဤရက်များအတွင်း သူက ငွေကြေးများစွာသုံးစွဲပြီး အရှေ့ပိုင်းတိုက်ကြီးထံ ကျင့်ကြံသူအုပ်စုသုံးခု ပို့လိုက်သော်လည်း မည်သည့်သတင်းမှမရဘဲ ပျောက်ကွယ်သွားကြသည်။ ပထမအဖွဲ့တွင် ချီပင်လယ်အဆင့်နှစ်ယောက်၊ ဒုတိယအဖွဲ့တွင် ချီပင်လယ်အဆင့်ငါးယောက်နှင့် နောက်ဆုံးအဖွဲ့တွင် ရွှမ်အဆင့်တစ်ယောက်နှင့် ချီပင်လယ်အဆင့်နှစ်ယောက် ပါဝင်သဖြင့် ခရီးသွားခအဖြစ် သူပိုင်ဆိုင်ထားသမျှကို အသုံးချခဲ့ရသော်လည်း သုံးဖွဲ့လုံးမှာ အရှေ့ပိုင်းတိုက်ကြီးမှ ပြန်မလာနိုင်ခဲ့ပေ။ ထို့ကြောင့် သူက အလွန်ရှုပ်ထွေးနေပြီး အရှေ့ပိုင်းတိုက်ကြီးတွင် ယဲ့ချန်ဘက်မှ ရွှမ်အဆင့်တစ်ယောက်ရှိနေခြင်းလားဟု သံသယဝင်လာခဲ့သည်။
"အစ်ကိုယိ ကျုပ်စုံစမ်းရသလောက်ဆိုရင် ယဲ့ချန်က ဒီရက်တွေအတွင်း ဆည်းဆာရွှေသုံးဘီလီယံခွဲ ရခဲ့တယ်။ သူက ယဲ့မျိုးနွယ်ဝင်တွေကို အရေအတွက်များများ ကယ်တင်နိုင်ဖို့ ပြင်ဆင်နေတယ်"
ရှုချင်းက အခန်းအတွင်းသို့ အလျင်စလိုဝင်ရောက်လာကာ ပြောလိုက်ခြင်းဖြစ်သည်။
"သုံးဘီလီယံခွဲကို ဒီကောင်က ဘယ်လိုရှာလိုက်တာလဲ"
ယိရန်က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ယဲ့ချန်သည် အိမ်များစွာရောင်းချလိုက်လျှင်ပင် တစ်ဘီလီယံပတ်လည်ထက် ပိုမရနိုင်ဟု သူက တွက်ချက်ထားခဲ့သည်။ သူက ငွေသုံးဘီလီယံခွဲကို တစ်ချက်တည်းရှာပြလိုက်သောအခါ အံ့သြစရာဖြစ်နေခဲ့သည်။ ယိရန်ကိုယ်တိုင်ပင် သူ၏နယ်မြေကို ရောင်းချလိုက်လျှင် ဤငွေပမာဏကို မရနိုင်ချေ။ လင်ယု၏စျေးကွက်အတိုင်း ရောင်းချလျှင်ပင် အများဆုံး နှစ်ဘီလီယံခွဲအထိသာ ရနိုင်ပေလိမ့်မည်။
"ဒီကောင်က တာအိုလက်နက်ခြောက်ခုကို လင်ယုဆီ ရောင်းချခဲ့တယ်လို့ ကြားတယ်။ တစ်ခုကို ဆည်းဆာရွှေသန်းသုံးရာစျေးနဲ့ ရောင်းလိုက်တယ်"
ရှုချင်းမသိသည်မှာ ဤသတင်းကို လင်ယုနှင့် နောက်လိုက်များက ရည်ရွယ်ချက်ရှိရှိ ဖြန့်ထားခြင်းဖြစ်သည်။ သို့သော်လည်း ရှုချင်းက ယုံကြည်နေပြီး ယဲ့ချန် ရုတ်တရက် ငွေများစွာရရှိလာသည့်အပေါ် ဤအကြောင်းအရင်းက မှန်ကန်နိုင်သည်ဟု သတ်မှတ်လိုက်သည်။
"မင်းကို ဒီသတင်း ဘယ်သူက ပြောလိုက်တာလဲ"
တာအိုလက်နက်တစ်ခု၏ စျေးနှုန်းက တစ်ခုလျှင် အနည်းဆုံး ဆည်းဆာရွှေတစ်ဘီလီယံဖြစ်ကြောင်း သိထားသည့် ယိရန်က မျက်မှောင်ကြုတ်လိုက်သည်။
"လင်ယုရဲ့နောက်လိုက်တွေဆီက ရလိုက်တာပါ။ ယဲ့ချန်က တာအိုလက်နက်တွေ အရှုံးခံရောင်းလိုက်တဲ့အတွက် လင်ယုနဲ့ ရင်းနှီးနေပြီလို့လည်း သိရတယ်"
ရှုချင်းက သူသိထားသမျှကို ပြောလိုက်သည်။
"လင်ယုက စီးပွားရေးသမားတစ်ယောက်ပဲ။ သူက ဒီလောက်အမြတ်ထွက်နေမှတော့ ယဲ့ချန်နဲ့ရင်းနှီးသွားတာ အဆန်းမဟုတ်ဘူး။ ပြဿနာက ဒီလောက်တာအိုလက်နက်တွေ အများကြီးကို ဒီကောင် ဘယ်လိုရလာတာလဲ။ ပြီးတော့ လူသားအဆင့် နတ်ဆိုးချပ်ဝတ်တွေကိစ္စကလည်း ထူးဆန်းတယ်"
ယိရန်က အတွေးနက်နေပြီး သုံးသပ်လိုက်သည်။
"ဒါတွေကို အရှေ့ပိုင်းတိုက်ကြီးက ရလာတာများ ဖြစ်နေမလား"
ရှုချင်းက ခန့်မှန်းလိုက်သည်။
"ဖြစ်နိုင်တယ်"
ယိရန်က ခေါင်းညိတ်လိုက်သည်။
"ငါတို့ရော အရှေ့ပိုင်းတိုက်ကြီးကို လူကိုယ်တိုင်သွားကြမလား။ ရွှမ်အဆင့်တစ်ယောက်ကို ပို့လိုက်ပေမယ့် ပြန်မလာဘူးဆိုတော့ သေသွားလောက်ပြီ။ အရှေ့ပိုင်းတိုက်ကြီးမှာ ယဲ့ချန်ရဲ့ဝှက်ဖဲ တစ်ခုခုရှိနေနိုင်တယ်။ ငါတို့ကိုယ်တိုင်မသွားရင် ဖြေရှင်းနိုင်မယ် မထင်ဘူး"
ရှုချင်းက ခဏတာတိတ်ဆိတ်သွားပြီး အခြေအနေကို သုံးသပ်ပြလိုက်သည်။
"ငါတို့ကိုယ်တိုင်သွားမယ်ဆိုရင် အသွားအပြန် ခရီးတစ်ခေါက်အတွက် ဆည်းဆာရွှေသန်းရှစ်ရာ ကုန်ကျလိမ့်မယ်"
ယိရန်၏လက်ထဲတွင် ဤမျှပိုက်ဆံများများ မကျန်ရစ်သောကြောင့် ခေါင်းကိုက်နေသည်။
"ငါတို့စွန့်စားသင့်တယ်။ ယဲ့မျိုးနွယ်ဝင်တွေ ကောင်းကင်မူလတိုက်ကြီးမရောက်ခင် တားနိုင်ရင် ဆည်းဆာရွှေသုံးဘီလီယံခွဲက ငါတို့အပိုင် ဖြစ်လာမှာပဲ"
ရှုချင်း၏မျက်လုံးများက လောဘစိတ်ကြောင့် အရောင်တောက်နေသည်။ သူက သတင်းများကို အခြေခံ၍ ဤအကြံကို ကြံစည်လိုက်ခြင်းဖြစ်ပြီး ဤခရီးတွင် ရတနာများမရခဲ့လျှင်ပင် အရှုံးမရှိဟု အပိုင်တွက်ထားသည်။
"သူတို့ ဘယ်အချိန် ထွက်ခွာမယ်ဆိုတာကို မင်း သိထားလား"
ယိရန်သည်လည်း သေချာပေါက် အမြတ်ရမည့်ကိစ္စကြောင့် စိတ်လှုပ်ရှားနေသည်။
"သိတယ်။ ယဲ့ချန်လူတွေနဲ့ လင်ယုရဲ့လူတွေထဲမှာ သူလျှိုထည့်ထားတယ်"
ရှုချင်းက ဆန်းကျယ်စွာပြုံး၍ ကိုယ့်ကိုကိုယ်ဂုဏ်ယူစွာ ပြောလိုက်လေသည်။