← Chapters

လင်ယုထံမှ ငွေချေးရခြင်း

Vol. 41 Ch. 567

လင်ယုထံမှ ငွေချေးရခြင်း

Vol. 41 Ch. 567

"ဒါပေမယ့် ငါတို့နှစ်ယောက်အတွက် ခရီးသွားခအဖြစ် ဆည်းဆာရွှေသန်းရှစ်ရာ လိုအပ်တယ်။ ဒါတွေကို ဘယ်ကသွားရှာကြမလဲ။ ငါတို့နယ်မြေတွေကို လင်ယုဆီ ရောင်းရမှာလား"

ယိရန်က မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်။ နယ်မြေကိုအပေါင်ထားပြီး လင်ယုဆီက ပိုက်ဆံချေးရမယ်။ သူက ယဲ့ချန်နဲ့ လက်နက်အရောင်းအဝယ် လုပ်ဖူးတယ်ဆိုပေမယ့် သူတို့ဆက်ဆံရေးက ဒီလောက်နက်ရှိုင်းမှာမဟုတ်ဘူး။ ငါတို့ပိုင်နက်ကို အပေါင်ထားလိုက်ရင် သူ ငြင်းမယ် မထင်ဘူး။ အများဆုံးမှ အတိုးနည်းနည်းပေးလိုက်ရုံပေါ့။ ယဲ့ချန်ငွေတွေကို လမ်းတစ်ဝက်ကတားမြစ်ပြီး လုယူနိုင်ခဲ့ရင် သေချာပေါက် အမြတ်ထွက်ပြီ"

ရှုချင်းက ခေါင်းညိတ်လိုက်သည်။ ယိရန်သည် မျက်မှောင်ကြုတ်၍ ဤကိစ္စက ပေါ့သေးသေးမဟုတ်သောကြောင့် အလေးအနက်စဥ်းစားနေသည်။ သူက ရွှမ်အဆင့်တစ်ယောက်ကို အရှေ့ပိုင်းတိုက်ကြီးထံ စေလွှတ်ခဲ့သော်လည်း ပြန်ရောက်မလာခဲ့ပေ။ ယဲ့ချန်သည် လက်ရှိပိုင်ဆိုင်မှုဖြင့် သူ၏မျိုးနွယ်ကို ကာကွယ်ရန်အတွက် ရွှမ်အဆင့်များ ငှားရမ်းနိုင်စွမ်းရှိသည်။ သူနှင့် ရှုချင်းဟူသော တာအိုနတ်အဆင့်နှစ်ယောက်သွားမည်ဆိုလျှင် ပြဿနာ လုံးဝမရှိနိုင်ချေ။

"ဒီကောင့်မှာ ငွေသုံးဘီလီယံခွဲရှိတာ သေချာလား"

"သေချာတယ်"

"ကောင်းပြီ။ ဒါဆိုရင် လုပ်လိုက်ကြတာပေါ့"

ယိရန်သည် လက်ရှိတွင် ငွေများစွာဆုံးရှုံးခဲ့ရပြီး ပထမဆုံးအနေဖြင့် လေလံပွဲတွင် သန်းကိုးဆယ်အရှုံးပေါ်ခဲ့ကာ နောက်လိုက်များကို အရှေ့ပိုင်းတိုက်ကြီးထံ စေလွှတ်ရန်အတွက် သန်းသုံးရာနီးပါး ကုန်ကျခဲ့သည်။ ဤကိစ္စများကြောင့် သူ၏ပိုင်ဆိုင်မှုများက လုံးလုံးပါးပါးလာပြီး စားသောက်ဆိုင်နှင့် နယ်မြေမှရသော ဝင်ငွေများကြောင့်သာမဟုတ်လျှင် အလုံးအထည်မပျက် နေနိုင်မည်မဟုတ်ချေ။ အကယ်၍ သူကသာ ယဲ့ချန်၏ငွေများကို ဖြတ်လုနိုင်ခဲ့လျှင် လက်ရှိအခြေအနေဆိုးမှ ရုန်းထွက်နိုင်ပေလိမ့်မည်။

"ငါ လင်ယုကို ဆက်သွယ်လိုက်မယ်။ ငါ့နယ်မြေကိုလည်း အပေါင်ထားလို့ရပါတယ်"

ရှုချင်း၏မျက်လုံးများတွင် သွေးဆာလောင်မှုများ ထင်ဟပ်နေသည်။

"ဒါဆိုရင် ဆည်းဆာရွှေသန်းလေးရာစီ ချေးကြရအောင်။ ငါက ဧကရာဇ်လင်းရဲ့တပည့်ဆိုတော့ လင်ယုက အနည်းဆုံး မျက်နှာသာပေးပြီး ငြင်းရဲမှာမဟုတ်ဘူး"

ယိရန်က လက်နှစ်ဖက်ကိုနောက်ပစ်၍ ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

"တစ်ဘီလီယံစီချေးပြီး နောက်လိုက်တွေခေါ်သွားရင် ပိုမကောင်းဘူးလား"

အရှေ့ပိုင်းတိုက်ကြီး၏ အခြေအနေများကို မသိသောကြောင့် ရှုချင်းက ကြိုတင်ပြင်ဆင်ရန် သတိပေးလိုက်သည်။ ထို့ကြောင့် သူတို့နှင့်အတူ နောက်လိုက်များခေါ်သွားပါက လုံခြုံရေးအတွက် ပို၍စိတ်ချရပေလိမ့်မည်။ သူတို့က စုစုပေါင်းနှစ်ဘီလီယံချေးလျှင်ပင် ယဲ့ချန်၏ငွေများကို လုယူနိုင်ပါက အမြတ်ထွက်မှာ သေချာသည်။ ယိရန်နှင့် ရှုချင်းက အသေအချာဆွေးနွေးပြီးနောက် လင်ယုကို ဖိတ်ခေါ်ရန် နောက်လိုက်တစ်ယောက် စေလွှတ်လိုက်၏။

"ညီအစ်ကိုတို့ နောက်တစ်ကြိမ် ပြန်ဆုံကြပြီ။ မင်းတို့နဲ့တွေ့ရတာ ဝမ်းသာပါတယ်"

လင်ယုက စားသောက်ဆိုင်အတွင်း တစ်လှမ်းချင်းလျှောက်ဝင်လာပြီး အထက်တန်းစားနှစ်ယောက်ကို မြင်သောအခါ မျက်လုံးများ ကျဥ်းမြောင်းသည်အထိ ပြုံးလိုက်၏။ သူ၏အပြုံးတွင် မြင်ရသူတိုင်းကို စိတ်အေးသွားစေနိုင်သော ဓာတ်တစ်မျိုးပါဝင်နေသကဲ့သို့ ဆင်တူနေသည်။

"အစ်ကိုလင်က အားနာနေပြန်ပါပြီ"

ယိရန်က မတ်တပ်ရပ်၍ ကြိုဆိုလိုက်သည်။

"အစ်ကိုလင် ကျေးဇူးပြုပြီး ထိုင်ပါဦး"

ရှုချင်းက ခုံတစ်လုံးကို ညာလက်ဖြင့်ညွှန်ပြ၍ ဖိတ်ခေါ်လိုက်၏။

"လက်ဖက်ရည်ကောင်းလေးပါလား။ ညီအစ်ကိုတို့က ကျုပ်ကို ဘာကြောင့်တွေ့ချင်တာလဲ"

လင်ယုက ထိုင်ခုံတွင် ဟန်ပါပါထိုင်ချလိုက်ပြီး တည်ခင်းဧည့်ခံလာသော လက်ဖက်ရည်ကြမ်းကို အရသာခံ၍ တစ်ငုံသောက်ပြီးမှ မေးမြန်းလိုက်သည်။

"ပြောရမှာတော့ ရှည်ပါတယ်ဗျာ။ ငါတို့က အစ်ကိုလင်ကို ပြဿနာနည်းနည်း ပေးရလိမ့်မယ်"

ရှုချင်းက သက်ပြင်းတစ်ချက်ချ၍ ယိရန်ကို လှမ်းကြည့်ကာ ခါးသက်သက်ပြုံးလိုက်သည်။

"ငါ့ကို အားနာစရာ မလိုပါဘူး။ မင်းတို့လိုအပ်တာ တစ်ခုခုရှိရင် ပြောသာပြောလိုက်ပါ"

လင်ယုက ထိုနှစ်ယောက်ကို ဝေ့ကြည့်၍ လက်ဖက်ရည်ကြမ်းကို နောက်တစ်ကြိမ်သောက်လိုက်ပြန်သည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်နေပြီး ယိရန်တို့၏ရည်ရွယ်ချက်ကို ခန့်မှန်းသိရှိထားပြီးဖြစ်သည်။ သူက သတင်းများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး ရှုချင်း၏ သူလျှိုများဆိုသည်မှာလည်း သူနှင့်ယဲ့ချန်၏ အကြံအစည်ပင်ဖြစ်သည်။ နောက်ဆုံးတွင် စိတ်ရှည်စွာ စောင့်ဆိုင်းမှု၏ရလဒ်အဖြစ် ယိရန်နှင့် ရှုချင်းက ငါးစာကို လာဟပ်လေသည်။

"ဒီလိုပါ။ ရက်အနည်းငယ်အတွင်း ငါ့ဂိုဏ်းမှာ ကောင်းကင်ပူဇော်ပွဲရှိတယ်။ ငါက ဆရာ့ကို လက်ဆောင်ပေးဖို့ တာအိုလက်နက်တစ်ခုကို မျက်စိကျနေပေမယ့် ပိုက်ဆံပြတ်နေတယ်"

ယိရန်က စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့် အကြောင်းအရင်းကို လီဆယ်ပြောလိုက်၏။

"ညီလေးယိကတော့ နောက်တော့မယ်။ ရန်ယွင်မြို့မှာ အထက်တန်းစားတစ်ယောက်ဖြစ်တဲ့ မင်းက တာအိုလက်နက်တစ်ခုကိုတောင် မဝယ်နိုင်ဘူးလား"

လင်ယုက မယုံကြည်ဟန်ဖြင့် လှောင်ရယ်လိုက်၏။

"အစ်ကိုလင်က ကျုပ်ကို အထင်ကြီးနေပြီ။ ငါက ရန်ယွင်မြို့မှာ စီးပွားရေးလုပ်တယ်ဆိုပေမယ့် နေရာကျဥ်းကျဥ်းလေးပါ။ အစ်ကိုလင်နဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ။ ပြီးတော့ ငါမျက်စိကျတဲ့ တာအိုလက်နက်က ဆည်းဆာရွှေနှစ်ဘီလီယံခွဲ တန်ကြေးရှိတယ်"

ယိရန်သည် လင်ယု၏လှောင်ပြောင်မှုအတွက် စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင် ဟန်လုပ်၍ ပြုံးပြနေရသည်။

"ဒါတော့ နည်းနည်းစျေးကြီးတယ်"

လင်ယုက မျက်ခုံးများပင့်၍ ရေရွတ်လိုက်သည်။

"ငါ့မှာရှိသမျှငွေတွေနဲ့ ညီလေးရှုဆီက ချေးထားတာတောင် သန်းငါးရာပဲ ရှာဖွေနိုင်ခဲ့တယ်"

ယိရန်က ထပ်ပြောလိုက်သော်လည်း လင်ယုက စိတ်ထဲတွင် ကြိတ်လှောင်နေခဲ့သည်။ ယိရန်စေလွှတ်လိုက်သမျှ နောက်လိုက်များကို အရှေ့ပိုင်းတိုက်ကြီးတွင် ရှင်းပစ်လိုက်သူများမှာ သူ၏လူယုံများဖြစ်ကြသည်။ ထို့ကြောင့် ယိရန်နှင့် ရှုချင်းတွင် သန်းငါးရာမရှိကြောင်း အတပ်သိထားသည်။

"ဒါဆိုရင် အစ်ကိုယိက ငါ့ဆီကနေ ငွေနှစ်ဘီလီယံ ချေးချင်တာလား။ ငါက မကူညီချင်တာတော့မဟုတ်ပေမယ့် ပိုင်နက်တွေအများကြီးနဲ့ တာအိုလက်နက်ခြောက်ခု ဝယ်ထားလိုက်မိတယ်။ လက်ရှိမှာ ပိုက်ဆံအများကြီး မကျန်တော့ဘူး။ သူတော်စင်သစ်သီးတွေ ရင့်မှည်သွားမှသာ ငါ့အတွက် ငွေပေါ်လိမ့်မယ်။ ဒီလောက်ပိုက်ဆံအများကြီး ထုတ်မပေးနိုင်ဘူး"

လင်ယုက ယိရန်ကို ညည်းတွားပြလိုက်သည်။ သူက မည်မျှဆင်းရဲကြောင်း ပြောဆိုနေသော်လည်း အကွက်ထဲဝင်လာလျှင် ယိရန်၏တောင်းဆိုချက်ကို လက်ခံရန် ဆုံးဖြတ်ထားသည်။ သူက အပေါ်ယံတွင် ပြုံးပြထားသော်လည်း ထိုနှစ်ယောက်ကို သတိကြီးကြီးထားနေသည်။ သူ၏စကားများအရ ယဲ့ချန်သည် တာအိုလက်နက်ခြောက်ခုကို လင်ယုထံ ရောင်းချခဲ့ကြောင်း ယိရန်က ထင်မြင်သွားခဲ့သည်။ သူမသိသည်မှာ ယဲ့ချန်နှင့် လင်ယုက ပူးပေါင်းထားပြီးဖြစ်၍ ယဲ့ချန်အတွက် အမှောင်ရိပ်ထဲမှ လှုပ်ရှားပေးနေသူဖြစ်သည်။

"အစ်ကိုလင်ကို အခက်တွေ့အောင် မလုပ်ပါဘူး။ ဒီငွေတွေကို ဆယ်ရက်ကြာရင် ပြန်ပေးပါ့မယ်။ အစ်ကိုလင်က ငါ့ကို မယုံဘူးလား။ ငါက အမြဲတမ်း စကားတည်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်"

ယိရန်က လေးနက်သော မျက်နှာထားနှင့် အာမခံလိုက်သည်။

"ငါက ညီလေးယိကို ယုံကြည်ပါတယ်။ ငါ့လက်ထဲမှာ ဒီလောက်ပိုက်ဆံအများကြီး တကယ်မရှိပါဘူး"

လင်ယုသည် သူ့ကိုသတ်လျှင်ပင် ငွေထုတ်မပေးဟူသော မျက်နှာထားဖြင့် ခပ်တည်တည် ခေါင်းယမ်းပြလိုက်သည်။

"အစ်ကိုယိနဲ့ ကျုပ်က ညီအစ်ကိုတွေဖြစ်ပါတယ်။ ဒီလိုလုပ်ရင် အဆင်ပြေမလား။ ကျုပ်တို့ပိုင်ဆိုင်သမျှ နယ်မြေတွေရဲ့တစ်ဝက်ကို အစ်ကိုလင်ဆီမှာ အပေါင်ထားလိုက်ပါမယ်။ ငွေကို အချိန်မီပြန်မဆပ်နိုင်ရင် နယ်မြေတွေကို သိမ်းယူလိုက်ပါ"

ရှုချင်းနှင့် ယိရန်က အကြည့်ချင်းဖလှယ်၍ တိတ်ဆိတ်သွားပြီးနောက် ရှုချင်းက ပြောလိုက်ခြင်းဖြစ်သည်။

"ငါ့လက်ထဲမှာ တကယ်ပိုက်ဆံမရှိလို့ပါကွာ။ မင်းတို့ကို မချေးပေးချင်လို့ မဟုတ်ပါဘူး။ မင်းတို့နှစ်ယောက် တကယ်လိုအပ်နေတယ်ဆိုရင်လည်း ကြိုးစားပေးပါမယ်"

လင်ယုက သက်ပြင်းတစ်ချက်ချ၍ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် အစ်ကိုလင်ကို ဒုက္ခပေးရတော့မယ်"

ယိရန်က စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း လင်ယုကို အပေါ်ယံမှ ကျေးဇူးတင်နေရသည်။ လင်ယုတွင် ပိုက်ဆံမရှိကြောင်းကို သူက လုံးဝမယုံချေ။

"အတိုးတော့ ပေးရလိမ့်မယ်နော်"

လင်ယုက ဤကိစ္စကိုပြောရန် အားတုံ့အားနာဖြစ်နေဟန်ဖြင့် တုံ့ဆိုင်းနေခဲ့သည်။

"ဒီခွေးကောင်က တစ်ချိန်လုံးညည်းတွားနေပြီး နောက်ဆုံးမှာ ရည်ရွယ်ချက်အစစ်ကို ထုတ်ပြောလာပြီ။ ဒီကောင်က အတိုးဘယ်လိုတောင်းရမလဲ စဥ်းစားနေတာပဲ"

ယိရန်နှင့် ရှုချင်းက စိတ်ထဲတွင် ဒေါသမီးတောက်လောင်နေသော်လည်း သည်းခံရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။

"အတိုးပေးရတာကတော့ သဘာဝပါပဲ။ အတိုးက ဘယ်လောက်ပေးရမလဲ"

ယိရန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

"ဆယ်ရက်အတွက် သန်းငါးရာ၊ ရက်နှစ်ဆယ်အတွက် သန်းတစ်ထောင့်ရှစ်ရာ၊ တစ်လစာအတွက် သန်းသုံးထောင့်ခုနစ်ရာ ပေးရမယ်"

လင်ယု၏စကားကို ကြားသောအခါ ယိရန်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ခါနေသည်။ လင်ယုက အမှန်တကယ်အမြတ်ကြီးစားသော ငွေရှင်ကြေးရှင် တစ်ယောက်ဖြစ်သည်။

"ဒီအတိုးက လူတိုင်းချေးနေတဲ့ ပေါက်စျေးဆိုတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် အပေါင်အနေနဲ့ ထားဖို့အတွက် နယ်မြေတစ်ဝက်က မလုံလောက်ဘူးနော်။ နယ်မြေအားလုံးကို အပေါင်ထားမှရမယ်"

နောက်ဆုံးတွင် လင်ယုက သူ၏အစွယ်များကို ထုတ်ပြလာပြီဖြစ်သည်။

"နယ်မြေအားလုံးကို အပေါင်ထားရမယ် ဟုတ်လား"

ရှုချင်းက ထိတ်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး အလွန်အရုပ်ဆိုးသွားခဲ့သည်။

"ဒါဆိုရင် အစ်ကိုလင်ကို ဒုက္ခမပေးတော့ပါဘူး"

နယ်မြေတစ်ဝက်ကို အပေါင်ထားခြင်းက သူတို့၏အကန့်အသတ်ဖြစ်သော်လည်း လင်ယုက နယ်မြေအားလုံးကို အပိုင်သိမ်းချင်နေခဲ့သည်။

"ဒါဆိုရင် ငါ့ကို ခွင့်ပြုဦး"

လင်ယုက ချက်ချင်းမတ်တပ်ထရပ်၍ အပြုံးတစ်ခုဖြင့် နှုတ်ဆက်ထွက်ခွာလိုက်သည်။

"ဒီခွေးကောင်က တော်တော်စောက်ကျင့်မကောင်းပါလား။ ဆည်းဆာရွှေနှစ်ဘီလီယံအတွက် တစ်လစာကို အတိုး၃.၇ဘီလီယံ လိုချင်နေတယ်"

လင်ယု ထွက်ခွာသွားသောအခါ ယိရန်က စားပွဲကို လက်ဖြင့် ဖြန်းခနဲရိုက်ချလိုက်သည်။

"အရှေ့ပိုင်းတိုက်ကြီးကနေ ပြန်လာဖို့အတွက် ငါးရက်ဆိုရင် လုံလောက်တယ်။ အတိုးသန်းငါးရာ ပေးရမယ်ဆိုရင် ပြဿနာမရှိပေမယ့် နယ်မြေအားလုံးကို အပေါင်ထားခိုင်းတာကတော့ လွန်လွန်းတယ်"

ရှုချင်းက မျက်မှောင်ကြုတ်၍ မကျေမနပ်ရေရွတ်လိုက်၏။ သာမန်စျေးကွက်အရ နယ်မြေတစ်ဝက်၏တန်ကြေးမှာ နှစ်ဘီလီယံဖြစ်သောကြောင့် အားလုံးကို အပေါင်ထားရန် မဖြစ်နိုင်ချေ။ သူတို့က ပိုက်ဆံလိုအပ်လျှင် ရွေးချယ်စရာမရှိဘဲ လက်ခံရမည်ဖြစ်သော်လည်း လင်ယုမှာ မျက်နှာသာလုံးဝမပေးသောကြောင့် ဒေါသူပုန်ထနေကြ၏။

"လင်ယုက ငါတို့ပိုင်ဆိုင်မှုတွေအားလုံးကို ဝါးမျိုချင်နေတယ်"

ယိရန်က မုန်းတီးစွာ ရေရွတ်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူသည် စီးပွားရေးသမားဖြစ်သောကြောင့် ငွေကြေးနှင့်ပတ်သက်လျှင် မည်သည့်မျက်နှာမှမထောက်ခြင်းက ပုံမှန်ဖြစ်သည်။ သို့သော်လည်း လင်ယုမှာ ယိရန်နှင့် ရှုချင်းကို ထောင်ချောက်ဆင်ဖမ်းရန်အတွက် ယဲ့ချန်နှင့်ပူးပေါင်းထားခြင်းကို သူတို့က မခန့်မှန်းနိုင်ကြပေ။ သူတို့၏အမြင်တွင် လင်မျိုးနွယ်ကဲ့သို့ မျိုးနွယ်ကြီးတစ်ခု၏ သခင်လေးတစ်ယောက်က ယဲ့ချန်ကဲ့သို့ သာမန်အဆင့်နိမ့်လူတန်းစားတစ်ယောက်နှင့် ပူးပေါင်းစရာအကြောင်း လုံးဝမရှိပေ။

"အရင်ဆုံး ယဲ့ချန်မှာ သုံးဘီလီယံခွဲ တကယ်ရှိမရှိ သေချာအောင် လုပ်ရမယ်။ မဟုတ်ရင် ငါတို့က အရာအားလုံး ရှာဖွေရလိမ့်မယ်"

ယိရန်က ခဏတာစဥ်းစားပြီးနောက် ညွှန်ကြားလိုက်သည်။ ဤကိစ္စက စွန့်စားရမည်ဖြစ်သောကြောင့် သူက အစိုးရိမ်ကြီးနေသည်။ ထို့အပြင် မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ၊ စိတ်ထဲတွင် အလွန်လေးလံနေခဲ့လေသည်။

All Chapters