အရှင်မလင်း
Vol. 2 Ch. 15
“ငါလက်ခံတယ်...”
မိန်းကလေး၏ အသံက လှပ ညင်သာလှပြီး ထူးခြားသည့် ဆွဲဆောင်နိုင်ခြင်း တစ်ခုကို သယ်ဆောင်ထားသည်။
“တကယ်လို့ မင်းသာ ချီနည်းလမ်းရဲ့ အဆင့်ငါးကို ရောက်နိုင်မယ် ဆိုရင်ပေါ့”
သူမ၏ စကားအဆုံး၌ အားလုံးက ဟယ်လုံကို လှမ်းကြည့်လိုက်ကြသည်။ ဟယ်လုံက မျှော်လင့်ချက်တို့ ပြည့်ရွှမ်းသော မျက်ဝန်းများဖြင့် ဒူးထောက်ထားရာမှ ထရပ်လိုက်၏။
“ဒီလို ချစ်ဇနီး တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရမှာ ကောင်းတဲ့ ကိစ္စပဲ”
ယုံကြည်ချက်ရှိသော အပြုံးတစ်ခုက သူ၏ မျက်နှာထက်တွင် ပေါ်လာသည်။
“ဒီကောင်က ရူးသွားတာလား...”
ဝေ့ဝူယင်က ခေါင်းအား ခါလိုက်သည်။
ဘုန်း... ဘုန်း...
ဆက်တိုက်ဆိုသလိုပင် တောက်ကွေ့နှင့် ရှုယန်တို့မှာလည်း ကြမ်းပြင်များထက်သို့ ဒူးထောက်ချကာ နတ်မိမယ်လင်းကို လက်ထပ်လိုကြောင်း ဖွင့်ဟကြပြန်သည်။ ရှုယန်၏ အမွှာညီမ၊ ရှုယင်မှာ မျက်နှာပျက် သွား၏။ မနာလိုမှုနှင့် အထင်သေးမှု အရိပ်အယောင်တို့က သူမ၏ မျက်ဝန်းများတွင် နေရာယူလာသည်။
ကျူးလန်၊ လမ့်ရ၊ ရန်ကျူးနှင့် ချွီကွေ့တို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ သိမ်ငယ်စိတ်နှင့် အတူ ဒေါသများ ထွက်လာကြသည်။ ထိုယောက်ျားလေးများ အပေါ် သူတို့၏ စိတ်ထဲ၌ ရှိသည့် အမြင်များမှာ အဆိုးဘက်သို့ ပြောင်းလဲ လာကြသည်။
ဝေ့ဝူယင်မှာ ထိုကဲ့သို့ လိုက်လုပ်ရန် စိတ်ကူးရင်း တိုင်လုံးကြီးကို ကြည့်ကာ အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။ သို့သော်လည်း တစ်ချိန်တည်း၌ ချီကျင့်စဥ်နည်းလမ်း အပေါ် သူ၏ သိလိုစိတ်မှာ ပိုမို မြင့်တက် လာခဲ့သည်။ မြင့်မြတ်သော အရှင်မ တစ်ပါးကပင် ထိုကျင့်စဥ်ကို အဆင့်ငါးထိ ကျင့်ကြံနိုင်သူကို လက်ထပ်မည်ဟု ဆိုသည်။ ထိုအရာက ထင်သလောက် မရိုးရှင်းလှချေ။
ဝေ့ဝူယင်တွေးနေစဥ်မှာပင် မိန်းကလေး၏ အသံက မရဏပြည်မှ အိပ်မက်ဆိုး တစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။
“ဒါပေမဲ့... အနည်းဆုံး ဒုတိယ အဆင့်အထိ မအောင်မြင်ဖူး ဆိုရင်တော့ နင်တို့ရဲ့ စကားတွေ အတွက် တန်ရာတန်ကြေးကို ပြန်ပေးဆပ်ရမယ်”
“ ... “
တောက်ကွေ့တို့ သုံးယောက်သားမှာ တုန်ရီသွားကာ သူတို့၏ စိတ်များမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။ သို့သော်လည်း ဝေ့ဝူယင်က နောက်မှနေ၍ သူတို့ကို အားပေးလိုက်၏။
“မင်းတို့ ဘာလို့ စိုးရိမ်နေကြတာလဲ... မင်းတို့ရဲ့ ရည်ရွယ်ချက်က အဆင့်ငါးထိ ရောက်အောင် ကျင့်ဖို့ ဟုတ်တယ်မလား...”
သူ၏ စကားလုံးများက အေးစက်သော ရေကန်ထဲမှ အသက်ကယ် စီးကြောင်း တစ်ခုကဲ့သို့ သူတို့ကို ကမ်းခြေဆီ ဆွဲခေါ်သွားသည်။ မှန်ပေသည်။ သူတို့၏ ရည်မှန်းချက်မှာ အဆင့်ငါး ဖြစ်သည်။ အဘယ်ကြောင့် နိမ့်ကျသော အဆင့် တစ်ခုကို တွေးကာ စိတ်ပူနေရမည်နည်း။
အရှင်မလင်းက ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဝေ့ဝူယင်သည် သူမ၏ အကြည့်ကို မြင်ရာ ရိုသေသော အမူအရာကို ပြသလိုက်သည်။
“ငါ စည်းမျဥ်းတွေကို စပြီး ရှင်းပြမယ်... အဲဒီ အတောအတွင်းမှာ ဘယ်သူမှ စကားပြောခွင့် မရှိဘူး”
သူမက ပြောပြီးနောက် ရွှေဝါရောင် ကျောက်တိုင်ကြီးဘက်သို့ လှည့်ကာ မျက်နှာမူလိုက်သည်။
“ဒီကျောက်တိုင်ကြီးမှာ မင်းတို့ ကျင့်ကြံရမယ့် ရှေးဟောင်းချီ နည်းလမ်းကို ရှိတယ်... ဒါကို ကောင်းကင်နှလုံးသား ချီကျင့်ကြံခြင်း နည်းလမ်းလို့ ခေါ်ပြီး အဆင့် ခုနစ်ဆင့် ပါဝင်တယ်... ဒီချီနည်းလမ်းရဲ့ ရည်ရွယ်ချက်က အပို ချီနှလုံးသားကို တည်ဆောက်ဖို့ပဲ”
“ကောင်းကင်နှလုံးသား ချီကျင့်ကြံခြင်း နည်းလမ်း...”
ဝေ့ဝူယင်က တုန်လှုပ်မှုနှင့် အတူ နှလုံးသားထဲမှ တီးတိုး ရေရွတ်လိုက်သည်။ အပို ချီနှလုံးသားကို တည်ဆောက်ရန်... ထိုအယူအဆကား ခြွင်းချက်တစ်ခုလိုပင်။
ချီနှလုံးကား စိတ်၊ ရုပ်၊ ဝိညာဥ်နှင့် အမတေတို့ သိပ်သည်းပေါင်းစပ် ထားသော အရာ ဖြစ်သည်။
“စိတ်”သည် အတွေးများ၊ ယုံကြည်ချက်များ၊ အမှတ်တရများနှင့် ဆက်စပ်နေသည်။ ၎င်းသည် အနုစိတ်သည့် အတွင်းပိုင်း ခံစားမှု သဏ္ဌာန် တစ်ခု ဖြစ်ကာ ကိုယ်ပိုင် နားလည်နိုင်စွမ်း အပြည့်အဝ ရှိရန် လိုအပ်သည်။
“ရုပ်” မှာမူ ပြင်ပနှင့် အတွင်းပိုင်း သဏ္ဌာန် နှစ်မျိုးလုံး ဖြစ်ကာ တစ်ဦးတစ်ယောက်၏ အသွေးအသားနှင့် အပြင်လောက၏ အနှစ်သာရတို့ကို ပေါင်းစပ်ထားသည်။ ခန္ဓာ သင့်တင့်သော အဆင့်တစ်ခုသို့ ရောက်သောအခါ အသွေးအသား၏ အနှစ်သာရ အမတေမှာ မွေးဖွားလာသည်။ ၎င်းသည် အခြေခံ တည်ဆောက်ခြင်း အလွှာ၏ ပထမ ခြေလှမ်း ဖြစ်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်လည်း ဖြစ်သည်။
“ဝိညာဥ်” မှာမူ အလွန်နူးညံ့သည့် အသွင်တစ်ခု ဖြစ်သည်။ ဝိညာဥ် တစ်ခုကို ဖန်တီးရန် အတွက် ကျင့်ကြံသူသည် စိတ်ကို လောက ဝိညာဥ်ထဲသို့ ရောနှောရန် လိုအပ်သည်။ လောက ဝိညာဥ်သည် နေရာတိုင်း၌ ရှိပြီး လူတိုင်း၌လည်း ဝိညာဥ် တစ်ခု ရှိပြီးသား ဖြစ်သည်။ ထိုအရာကို အာရုံခံရန် ခက်ခဲရုံသာ ဖြစ်သည်။ သို့သော်လည်း ထိုအရာကို အာရုံခံမိပါက ကျင့်ကြံခြင်း နည်းလမ်းများနှင့် အတူ ကိုယ်ပိုင် ထိမ်းချုပ်နိုင်သည့် ထူးခြားသော ဝိညာဥ်ကို တည်ဆောက်လာနိုင်ကြသည်။
နောက်ဆုံးတစ်ခုမှာ “အမတေ” ဖြစ်ပြီး ၎င်းမှာ စိတ်နှင့် တိုက်ရိုက် ဆန့်ကျင်နေသော အရာ တစ်ခု ဖြစ်သည်။ “အမတေ”သည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများ ဖြစ်ပြီး ကျင့်ကြံသူများကို ၎င်းကို သွေးကြောများ အသုံးပြု၍ စုပ်ယူကာ “ထျန်းတျန်” ထဲတွင် သိုလှောင်ရသည်။
ထိုလေးခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် “ချီနှလုံးသား”သည် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအင် ကိုးဆယ် ရာခိုင်နှုန်းကို ဆုပ်ကိုင်ထားသည်။ ကျန်စွမ်းအင် ဆယ်ရာခိုင်နှုန်းမှာမူ သွေးကြောများနှင့် ကြွက်သားများ တစ်လျှောက် တသမတ်တည်း ပုံစံဖြင့် စီးဆင်းနေသည်။ “ချီနှလုံးသား”သည် သာမန် နှလုံးသား တစ်ခု ကဲ့သို့ အလိုအလျောက် အလုပ်လုပ်ကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို စုပ်ယူသန့်စင်သည်။ အကယ်၍ အပို ချီနှလုံးသား တစ်ခုသာ ဖွဲ့စည်းနိုင်ပါက ကျင့်ကြံသူ၏ ဒဏ်ရာ ပြန်လည်ကုသနှုန်း၊ ကျင့်ကြံခြင်း အမြန်နှုန်းများမှာ နှစ်ဆအထိ မြင့်တက် လာလိမ့်မည် ဖြစ်သည်။
အရှင်မလင်းက လူတိုင်း၏ ဆွံ့အနေမှုကို လျစ်လျူက ဆက်ပြောလိုက်၏။
“ကောင်းကင်နှလုံးသား ကျောက်တိုင်မှာ အဆင့် ခုနစ်ခုကို ဖော်ပြထားတယ်... မင်းတို့တွေ ဒီနေ့က စပြီး ကျင့်ကြံဖို့ သုံးလ အချိန်ရတယ်... အဲဒီ သုံးလအတွင်း ဒီခန်းမက မင်းတို့အတွက် ကျင့်ကြံခြင်း ခန်းမ ဖြစ်လိမ့်မယ်... ခုစနိုင်ပြီ”
သူမ၏ စကားက တိုတိုနှင့် ရှင်းရှင်း ဖြစ်သည်။ ဝေ့ဝူယင်သည် စိတ်အား တည်ငြိမ်အောင် ပြုလုပ်ကာ ကောင်းကင် နှလုံးသား ကျောက်တိုင်ကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း အခြားလူများမှာမူ အရှင်မလင်း၏ စကားကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။ သူတို့သည် အခြားလူများနှင့် အတူ သုံးလကြာ ကျင့်ကြံရမည်ဟု ဆိုသည်။
ပုံမှန်အားဖြင့် ကျင့်ကြံခြင်းတွင် မည်သူမျှ ဝင်ရောက် စွက်ဖက်ခြင်း မရှိစေရန် ဆိတ်ငြိမ်ခြင်းနှင့် အထီးကျန်ခြင်းတို့ လိုအပ်သည်။ ထိုအရာမှာ ချီသွေဖည်မှုကိုပင် ဖြစ်စေနိုင်သည့် နည်းလမ်းတစ်ခု ဆိုလျှင် ပို၍ပင် ဂရုစိုက်ရန် လိုအပ်သည်။
သူတို့၏ မျက်ဝန်းများထဲရှိ သတိထားမှုများမှာ ပို၍ လေးနက်သွားကြသည်။ သို့သော်လည်း ဝေ့ဝူယင်မှာမူ ထိုကဲ့သို့ စီစဥ်ထားခြင်း အပေါ် သံသယ မရှိပါချေ။ သူက တိုက်ရိုက်ပင် ရွှေရောင် ကျောက်တိုင်ကြီးဆီသို့ လျှောက်သွားကာ စာလုံးများကို ကြည့်လိုက်၏။ ကျောက်တိုင်၏ ထိပ်ပိုင်းနေရာ၌ စာလုံးအကြီးဖြင့် ရေးသားထားသော စာကြောင်းတစ်ခု ရှိသည်။ ထိုအရာသည် “ကောင်းကင် နှလုံးသား အဆင့်တစ်၊ စိတ်ပြိုကွဲခြင်းနှင့် ပွားစည်းခြင်း” ဟု အဓိပ္ပာယ် ရသည်။
ဝေ့ဝူယင်က ထိုခေါင်းစဥ်အောက်ရှိ စားများကို မဖတ်ပဲ အောက်ရှိ အခြား ခေါင်းစဥ်များကိုသာ ဆက်ဖတ်လိုက်၏။ သူသည် စတင် ကျင့်ကြံခြင်း မပြုခင် အဆင့်များကို နားလည်ထားလိုပေသည်။ ကောင်းကင်ချီနှလုံးသား ကျင့်ကြံခြင်း နည်းလမ်း၏ အဆင့် ခုနစ်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
အဆင့်(၂) ရုပ် ပြန်လည် မွေးဖွားခြင်းနှင့် ပေါင်းစပ်ခြင်း
အဆင့်(၃) သန့်စင်သော အမတေနှင့် အစစ်အမှန် အမတေ
အဆင့်(၄) ဝိညာဥ် ဖြတ်တောက်ခြင်းနှင့် ဝိညာဥ် အသွင်ပြောင်းခြင်း
အဆင့်(၅) ကောင်းကင်၏ ကောင်းကင်
အဆင့်(၆) အနန္တ နှလုံးသား
အဆင့်(၇) ...
သတ္တမ အဆင့် ကျင့်ကြံခြင်းတွင် အမည် မရှိချေ။ သို့သော်လည်း ဝေ့ဝူယင်သည် ထိုကျင့်ကြံခြင်း လမ်းစဥ်၏ အခြေခံ သဘောတရားကို တီးမိခေါက်မိ ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်အသစ် တို့ကို “ကောင်းကင်၏ ကောင်းကင်” ဟူသော တစ်စုံတစ်ခုကို အသုံးပြု မွေးဖွားစေကာ ချီနှလုံးသား အသစ်တစ်ခု တည်ဆောက်စေခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအရာမှာ ခေါင်းစဥ်များကို ဆက်စပ်ထားသည့် မှန်းဆချက် တစ်ခုသာ ဖြစ်သည်။ ဝေ့ဝူယင် နားမလည်နိုင်သည့် အရာများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။
အပို ချီနှလုံးသားတစ်ခု ဖန်တီးရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။ စိတ်၊ ရုပ်နှင့် ဝိညာဥ်တို့မှာ ချီနှလုံးသားနှင့် နက်ရှိုင်းစွာ ဆက်သွယ်ထားသည်။ အကယ်၍ မတော်တဆသာ ချီနှလုံးသား ပျက်စီးသွားပါက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များပင် ဖြစ်ပေါ်လာကာ ဒုက္ခိတ ဘဝနှင့် အဆုံးသတ် သွားနိုင်သည်။
အကယ်၍ လက်ရှိပိုင်ဆိုင်ထားသော စွမ်းအားများကိုသာ ဆုံးရှုံးသွားပါက ဝေ့ဝူယင် အနေဖြင့် နောက်တစ်ကြိမ် ထပ်မံ ကျင့်ကြံရန် ဖြစ်နိုင်တော့မည် မဟုတ်ချေ။ ထိုအရာက သူ၏ ခြေထောက်များကို ဖြတ်လိုက်ခြင်းနှင့်ပင် ဆင်တူသည်။ သူ့အနေဖြင့် အမိဝမ်းတွင်းသို့ ပြန်လည် ဝင်စား၍ ဘဝအား နောက်တစ်ဖန် အသစ်မှ ပြန်လည် စတင်မှာသာလျှင် ဖြစ်နိုင်ချေရှိသည်။
“ချီသွေဖည်မှု ဖြစ်နိုင်ချေ ရှိတယ် ဆိုတယ် အံသြလောက်စရာ မဟုတ်တော့ဘူး... သေချာကြည့်ရင် ပထမ အဆင့်နဲ့ စတုတ္ထ အဆင့်တွေက အခက်ခဲဆုံး ဖြစ်လိမ့်မယ်”
အကြီးအပိုင်၏ ပြောစကားအရဆိုလျှင် အမြင့်ဆုံး စံချိန်မှာ အဆင့်လေးဟု ဆိုသည်။ ဝေ့ဝူယင်မှာ အရှင်မလင်းကို လှမ်းကြည့်ကာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ ထိုအဆင့်မြင့် ကျင့်ကြံသူသည် ချီသွေဖည်ခြင်း ဖြစ်ပါက ကယ်တင်ကောင်း ကယ်တင်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့ တွေးနေသူက သူတစ်ယောက်တည်း မဟုတ်ချေ။ အခြားလူများတွင်လည်း တူညီသော အတွေးများ ရှိကြပေသည်။ အကယ်၍ သူတို့ အနေဖြင့် လွဲချော်မှု တစ်ခုခု ဖြစ်ပါက အရှင်မလင်းမှာ သူတို့ကို ကယ်တင်ပေလိမ့်မည်။ အချို့လူများဆိုလျှင် ပထမ စာပိုဒ်ကို ဖတ်ကာ ကျင့်ကြံခြင်းကိုပင် စတင် နေကြပြီ ဖြစ်လေသည်။
ဝေ့ဝူယင်မှာ သေချာစွာ တွေးတောနေခဲ့၏။
“နေဦး... အဲဒါက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့ ဘာမထူးဘူး... အရှင်မလင်းက ကယ်နိုင်တဲ့ စွမ်းအား ရှိတယ်ဆိုရင်တောင် သူက ကယ်ပါ့မလား... ကိုယ့်အသက်ကို ကယ်တင်ဖို့ အခြားတစ်ယောက် အပေါ် မှီခိုနေရတာက ဘယ်တော့မှ မလုံခြုံဘူး”
ဝေ့ဝူယင်က ခေါင်းအား ခါယမ်းလိုက်သည်။ သူတို့အား ကူညီရန် အတွက် သူမတွင် အကြောင်းပြချက် ကောင်းကောင်း မရှိချေ။
ဝေ့ဝူယင်မှာ ကျင့်ကြံရန် အလျင်လိုခြင်း မရှိတော့ချေ။ ထို့အစား သူက အဆင့်တစ်ခုချင်းစီ၏ အကြောင်းအရာများကို သုံကြိမ်ထက် မနည်း သေချာ နားလည်အောင် ဖတ်လိုက်သည်။ သူသည် စကားလုံး တစ်လုံးကို မမှတ်မိလျှင်ပင် အစမှ ပြန်၍ နောက်တစ်ခေါက် ဖတ်သည်။ အခြားလူများမှာ ဝေ့ဝူယင်၏ သတိကြီးသော လုပ်ရပ်ကို မြင်ကြသော်လည်း မည်သို့မှ အနှောက်အယှက် မပေးကြပါချေ။
“ဝေ့ဝူယင် ငါတို့ နှစ်ယောက် ပူးပေါင်းကြရင် ဘယ်လိုလဲ...”
ဆွဲဆောင်မှု အပြည့်ဖြင့် ချိုအီနေသော အသံတစ်ခုမှာ ထွက်ပေါ်လာ၏။