ပြပွဲကောင်းတစ်ခု
Vol. 41 Ch. 568
လင်ယုသည် ယိရန်၏စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် ယဲ့ချန်၏နယ်မြေအတွင်း လာရောက်တွေ့ဆုံခဲ့သည်။
"ဘယ်လိုလဲ။ ဒီကောင်တွေ မင်းဆီက ပိုက်ဆံချေးပြီလား"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"မရသေးဘူး။ ဒီကောင်တွေက သတိကြီးကြီးထားနေတယ်။ ဒီလောက်လွယ်လွယ်နဲ့ လှည့်စားမရဘူး"
လင်ယုက ပြန်ဖြေလိုက်သည်။
"ဒီလိုလည်း အဆင်ပြေတယ်။ ကောင်းကင်မူလတိုက်ရဲ့ ထွက်ပေါက်ကို သေချာစောင့်ကြည့်ထားလိုက်။ ထွက်သွားသမျှလူတိုင်းကို သတ်ပစ်။ ဒီကောင်တွေ မင်းဆီက ပိုက်ဆံချေးပြီဆိုရင် မင်းကိုယ်တိုင် အရှေ့ပိုင်းတိုက်ကြီးကိုလိုက်သွားပြီး တားမြစ်ပေးပါ။ သူတို့က ထောင်ချောက်ထဲ ရောက်မလာသေးဘူးဆိုရင်တော့ အစီအစဥ်အတိုင်း ယဲ့မျိုးနွယ်ဝင်တွေကို ကယ်ကြတာပေါ့"
ယဲ့ချန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ အရာရာက သူ၏လက်ခုပ်အတွင်းရှိနေသောကြောင့် စိုးရိမ်ပူပန်စရာ မလိုပေ။ ယိရန်နှင့် ရှုချင်းက ငါးစာကိုလာဟပ်လျှင် သူက သေချာပေါက် လက်စားချေရမည်ဖြစ်သည်။ ငါးစာကို မဟပ်လျှင်လည်း ထိုနှစ်ယောက်ကို ဖြည်းညှင်းစွာရှင်းပစ်ရန် အချိန်ပေါင်းများစွာရှိနေခဲ့သည်။ လင်ယုသည် ယဲ့ချန်၏လူများက ဆည်းဆာရွှေသုံးဘီလီယံခွဲနှင့်အတူ အရှေ့ပိုင်းတိုက်ကြီးသို့ ထွက်ခွာသွားပြီဟု သတင်းဖြန့်လိုက်သည်။ ထိုသတင်းကို ရသောအခါ ယိရန်နှင့် ရှုချင်းမှာ ဆက်လက်မတည်ငြိမ်နိုင်တော့ဘဲ ဆုံးဖြတ်ချက်တစ်ခု မြန်မြန်မချလျှင် အခွင့်အရေးတစ်ခု ဆုံးရှုံးရတော့မည်ဖြစ်သည်။
"အစ်ကိုယိ ကျုပ်တို့ လိုက်သွားကြမှာလား"
ရှုချင်းက အကြံတောင်းလိုက်သော်လည်း ယိရန်၏မျက်နှာတွင် ဝေခွဲမရဟန်ဖြင့် ဆုံးဖြတ်ရခက်ခဲနေသည်။ သူတို့က အမြတ်ကြီးကြီးမားမားရနိုင်သော်လည်း အလျော်အစားကြီးမားသော အလောင်းအစားတစ်ခုဖြစ်သည်။ သူတို့ကျရှုံးသွားလျှင် အရာအားလုံး ဆုံးရှုံးရမည်ဖြစ်သောကြောင့် ယိရန်မှာ စွန့်စားရန် သတ္တိမရှိပေ။
"ချန်းယွမ် ဘယ်မှာလဲ။ ဒီကောင့်ကို မြန်မြန်ခေါ်လိုက်စမ်း"
ယိရန်သည် အရှေ့ပိုင်းတိုက်ကြီးမှ လာသူဖြစ်သော ချန်းယွမ်အကြောင်း သတိရလိုက်သောကြောင့် အော်ဟစ်အမိန့်ပေးလိုက်သည်။ ချန်းယွမ်သည် ထိုနေရာမှ အခြေအနေများကို သေချာပေါက်သိနေပေလိမ့်မည်။ အချိန်ခဏအတွင်း ချန်းယွမ်က အူယားဖားယားရောက်ရှိလာသည်။
"သခင်တို့"
သူက အထက်တန်းစားနှစ်ယောက်လုံးကို အရိုအသေပေးလိုက်ပြီး ထိုနှစ်ယောက်ရှေ့မှောက်တွင် အလွန်ရိုသေနှိမ့်ချပုံပေါ်သည်။
"ယဲ့ချန်က ဆည်းဆာရွှေသုံးဘီလီယံခွဲရှာနိုင်ခဲ့ပြီး ယဲ့မျိုးနွယ်ကိုကယ်တင်ဖို့ ထွက်ခွာသွားတယ်လို့ သတင်းရတယ်"
ယိရန်က တစ်လုံးချင်း ပြောလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချန်းယွမ်က မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးထွက်လာသည်။ သူ၏သိုလှောင်အိတ်အတွင်း ဆည်းဆာရွှေတစ်သိန်းနှစ်သိန်းခန့်သာ ရှိနေကြောင်းတွေးမိလိုက်သောအခါ စိတ်ထဲတွင် အော်ဟစ်ကျိန်ဆဲလိုက်မိသည်။ သူတို့နှစ်ယောက်လုံးက အရှေ့ပိုင်းတိုက်ကြီးမှလာသူဖြစ်သော်လည်း ယဲ့ချန်က အလွန်ချမ်းသာပြီး သူက အလွန်ဆင်းရဲနေရသောအခါ ဘက်မညီမှုကို ခံစားလိုက်ရသည်။
"ဒီကောင်က တာအိုလက်နက်ခြောက်ခုကို လင်ယုဆီရောင်းခဲ့တယ်လို့ ကြားတယ်။ အရှေ့ပိုင်းတိုက်ကြီးက ရလာတာ ဖြစ်နေမလား"
ရှုချင်းက ချန်းယွမ်ကို စိုက်ကြည့်၍ အေးစက်စက်မေးလိုက်ခြင်းဖြစ်သည်။
"ဖြစ်နိုင်တာက ဝိညာဥ်မျှော်စင်လား။ အရှေ့ပိုင်းတိုက်ကြီးမှာ မျှော်စင်၁၂ခု ရှိပြီး အစွမ်းထက်ကျင့်ကြံသူတွေရဲ့ အမွေအနှစ်လို့ ပြောပါတယ်။ အဖိုးတန်ရတနာတစ်ခုဖြစ်နိုင်တဲ့ ကျောက်စိမ်းနန်းတော်လည်း ပါဝင်နေတယ်"
ချန်းယွမ်က အံ့သြတကြီးဖြင့် ခဏတာစဥ်းစားပြီးနောက် ဖြေလိုက်သည်။
"ကျောက်စိမ်းနန်းတော်က ကြယ်သခင်ရဲ့ မဟာတာအိုလက်နက်သုံးခုထဲက တစ်ခု မဟုတ်လား။ ဒါက ပျောက်ကွယ်နေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ။ ဒါက အရှေ့ပိုင်းတိုက်ကြီးကို ရောက်နေမယ်လို့ ထင်မထားဘူး"
ယိရန်နှင့် ရှုချင်း ကထိတ်လန့်သွားကာ အကြည့်ချင်းဖလှယ်၍ ယိရန်က ရေရွတ်လိုက်ခြင်းဖြစ်သည်။ ဒဏ္ဍာရီများအရ ကျောက်စိမ်းနန်းတော်သည် နေရာလပ် တာအိုရတနာတစ်ခုဖြစ်ကာ အတွင်း၌ အထပ်ကိုးထပ်ရှိသောကြောင့် အခြားတာအိုလက်နက်များကို သိမ်းဆည်းထားနိုင်သည်။
"စကားမစပ် သခင် အရှေ့ပိုင်းတိုက်ကြီးရဲ့ နေပင်လယ်ထဲမှာလည်း ကြယ်အမြုတေတစ်ခု ရှိနေပါတယ်"
ချန်းယွမ်က ဤကိစ္စကို သူ၏ကိုယ်ကျိုးအတွက် ဖုံးကွယ်ထားလိုသော်လည်း လက်ရှိအခြေအနေအရ ကြယ်အမြုမှာ ယဲ့ချန်၏ပိုင်ဆိုင်မှုဖြစ်သွားရန် လက်တစ်ကမ်းသာ လိုအပ်သည်။ ရှုချင်းနှင့်ယိရန်တို့သာ ရသွားလျှင် သူ့အတွက် အကျိုးအမြတ်ရနိုင်သောကြောင့် ထုတ်ပြောလိုက်ခြင်းဖြစ်သည်။
"ဘယ်အရွယ်အစားလဲ"
ယိရန်က စိတ်လှုပ်ရှားသွားခဲ့သည်။ ကောင်းကင်မူလတိုက်ကြီး၌ပင် ကြယ်အမြုတေကဲ့သို့ ရတနာများက အလွန်အဖိုးတန်ပြီး ချန်းယွမ်မှထု တ်ပြောလာသောကြောင့် အရွယ်အစားသေးငယ်ပုံ မရချေ။
"နှစ်မီတာအမြင့်ရှိတဲ့ ကောင်းကင်နီကျားတစ်ကောင်ရဲ့ ခန္ဓာကိုယ်လောက် ကြီးမားပါတယ်"
ချန်းယွမ်က အလွန်ကြီးမားသော ကြယ်အမြုတေအကြောင်း ထုတ်မပြောလိုသော်လည်း သူမရလျှင် ယဲ့ချန်ရသွားမည်ကို မနာလိုသောကြောင့် မစားရသည့်အမဲ သဲနှင့်ပက်လိုက်သည်။
"ဘာ ဒီလောက်ကြီးတာလား။ ခွေးမသား မင်း ဘာလို့စောစောက မပြောရတာလဲ"
ယိရန်၏မျက်လုံးများက မယုံကြည်ဟန်ဖြင့် ပြူးကျယ်သွားကာ အော်ဟစ်ကျိန်ဆဲလိုက်သည်။ ရှုချင်းသည်လည်း အလွန်စိတ်လှုပ်ရှားသွားကာ ဤရတနာကို အရယူနိုင်လျှင် သေချာပေါက်ချမ်းသာပေလိမ့်မည်။
"ကြယ်အမြုတေတစ်ခုရဲ့တန်ဖိုးကို ဒီငယ်သားက မသိခဲ့မိလို့ပါ"
ချန်းယွမ်က ကြောက်ကြောက်လန့်လန့်နှင့် တောင်းပန်လိုက်သည်။ ဤမျှကြီးမားသော ကြယ်အမြုတေက ဆည်းဆာရွှေဘီလီယံတစ်ဆယ်ကျော် တန်ဖိုးရှိသောကြောင့် သူတစ်ကိုယ်ကောင်းဆန်သည်မှာ ပုံမှန်သာဖြစ်သည်။ သို့သော်လည်း ယဲ့ချန်၏လူများကသာ ၎င်းကို ရယူသွားနိုင်လျှင် ဆုံးရှုံးမှု အလွန်ကြီးမားသောကြောင့် ယိရန်က ဒေါသူပုန်ထနေခဲ့သည်။
"ကြယ်အမြုတေက နေပင်လယ်ရဲ့အလယ်မှာ အေးခဲနေပါတယ်။ ယဲ့ချန်က ဘယ်လိုမှတူးထုတ်နိုင်မှာ မဟုတ်ပါဘူး"
ချန်းယွမ်က သူ့ကိုယ်သူကာကွယ်ရန် ပြောလိုက်ခြင်းဖြစ်သည်။
"ခွေးမျိုးအောက်တန်းစား သူကိုယ်တိုင် မတူးနိုင်ရင် တူးနိုင်တဲ့ ကျင့်ကြံသူတွေ ငှားလို့ရတယ်"
ယိရန်က အဆက်မပြတ်ကျိန်ဆဲနေရင်း ရှုချင်းနှင့် အကြည့်ချင်းဖလှယ်ကာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သူက အရှေ့ပိုင်းတိုက်ကြီးသို့ သွားရောက်ရပေလိမ့်မည်။ ယဲ့ချန်၏လူများကို မသတ်နိုင်လျှင်ပင် ကြယ်အမြုတေများကို တူးထုတ်နိုင်ခဲ့ပါက သေချာပေါက် အမြတ်ထွက်ပေလိမ့်မည်။ ထို့နောက် ယိရန်နှင့် ရှုချင်းသည် ဆွေးနွေးပြီးနောက် လင်ယုထံမှ သုံးဘီလီယံချေးရန် ဆုံးဖြတ်လိုက်ကြသည်။ ဤကိစ္စကို ရာနှုန်းပြည့်အောင်မြင်နိုင်ရန်အတွက် သူတို့က ကူညီမည့်နောက်လိုက်များစွာကို ခေါ်ဆောင်သွားရန်အတွက်ဖြစ်သည်။ ထို့နောက် သူတို့က လင်ယုထံ လျင်မြန်စွာရောက်ရှိလာကာ နယ်မြေအားလုံးကိုအပေါင်ထား၍ သုံးဘီလီယံချေးရန် တောင်းဆိုလိုက်ကြသည်။ ယဲ့ချန်၏လူများက အရှေ့ပိုင်းတိုက်ကြီးသို့ ထွက်ခွာသွားပြီဖြစ်သောကြောင့် ယိရန်မှာ သူ၏ငါးစာကို မဟပ်ဟု ထင်ထားသော လင်ယုသည် တစ်ဖက်လူများ ရုတ်တရက်ရောက်လာမည်ဟု မျှော်လင့်မထားပေ။
"မင်းတို့နယ်မြေအားလုံးကို အပေါင်ထားရင် အများဆုံး နှစ်ဘီလီယံပဲရမယ်။ တကယ်လို့ သုံးဘီလီယံလိုချင်တယ်ဆိုရင် အပေါင်ပစ္စည်း ထပ်လိုအပ်တယ်"
လင်ယုက အေးစက်စက်ပြုံး၍ ပြောလိုက်သည်။ ယိရန်နှင့် ရှုချင်းက အလျင်စလိုရောက်လာသောအခါ သူ၏လက်ခုပ်အတွင်း ရောက်နေပြီဖြစ်သောကြောင့် စိတ်ကြိုက်ဆော့ကစားပေနိုင်သည်။
"နယ်မြေတွေအပြင် စားသောက်ဆိုင်နဲ့ ရန်ယွင်မြို့ထဲကအိမ်တွေပါ အပေါင်ထားမယ် အစ်ကိုလင်။ ဒီလိုဆိုရင် အဆင်ပြေလား"
ယိရန်မှာ လင်ယု၏အမြတ်ထုတ်မှုကို ဒေါသထွက်စိတ်ဆိုးနေသော်လည်း လက်ခံရုံသာ တတ်နိုင်သည်။ သို့သော် ကြယ်အမြုတေအကြောင်း တွေးမိသောအခါ အရာအားလုံးကို စွန့်လွှတ်ပြီး စွန့်စားရန် ပြတ်သားနေခဲ့သည်။
"ကောင်းပြီ"
လင်ယုက တစ်ချက်ရယ်မောလိုက်ပြီး စာချုပ်တစ်ခု အလျင်အမြင်ပြင်ဆင်ကာ အသေးစိတ်အချက်အလက်များကို စီမံလိုက်၏။ ယိရန်နှင့် ရှုချင်းက အကြွေးကို ရက်နှစ်ဆယ်အတွင်း ပြန်မပေးနိုင်လျှင် သူတို့၏ပိုင်ဆိုင်မှုအားလုံးကို လင်ယုထံ လွှဲပြောင်းပေးရပေလိမ့်မည်။ ဆယ်ရက်အတွင်းပြန်ပေးမည်ဆိုလျှင် သန်းရှစ်ရာအတိုးပေးရမည်ဖြစ်ပြီး အချိန်ကြာလေလေ အတိုးက များလေလေဖြစ်သည်။ စာချုပ်ပါအချက်အလက်များကြောင့် ယိရန်နှင့် ရှုချင်းမှာ တစ်ကိုယ်လုံးချွေးစို့နေကြသည်။ သို့သော်လည်း ကြယ်အမြုတေကြောင့် သူတို့က အံကြိတ်ပြီး လက်မှတ်ရေးထိုးလိုက်ကြသည်။ အတိုးနှုန်းက ပိုမိုများပြားနေသည်ဆိုလျှင်တောင် အလွန်အဖိုးတန်သော ကြယ်အမြုတေကြောင့် ယိရန်နှင့် ရှုချင်းမှာ လက်ခံဦးမည်သာဖြစ်သည်။ ယိရန်နှင့် ရှုချင်း လက်မှတ်ရေးထိုးပြီးသောအခါ လင်ယု၏မျက်နှာထက်တွင် အောင်နိုင်သူတစ်ယောက်၏အပြုံးမျိုး ဖြစ်တည်လာကာ ငွေသုံးဘီလီယံကို ချက်ချင်းထုတ်ပေးလိုက်သည်။
"ငွေက ဒီမှာပါ"
လင်ယုက လှောင်ပြုံးပြုံးနေသော်လည်း လောဘဇောတိုက်နေသည့် လူနှစ်ယောက်မှာ သူ၏မျက်နှာထားကိုပင် အကဲမခတ်နိုင်ဘဲ အရေးတကြီး ထွက်ခွာသွားခဲ့ကြလေသည်။
လင်ယုက နှာခေါင်းရှုံ့လိုက်ပြီး ဤအကြောင်းသတင်းပေးရန်အတွက် ယဲ့ချန်ထံ သူ၏လူယုံတစ်ယောက် စေလွှတ်လိုက်သည်။ ယိရန်နှင့် ရှုချင်းသည် အဖွဲ့တစ်ခု လျင်မြန်စွာဖွဲ့စည်းပြီး အရှေ့ပိုင်းတိုက်ကြီးထံ အလျင်စလို ထွက်ခွာလာကြသည်။ ထိုအဖွဲ့တွင် တာအိုနတ်အဆင့်သုံးယောက်၊ ရွှမ်အဆင့်ဆယ့်တစ်ယောက်နှင့် ချီပင်လယ်အဆင့်သုံးဆယ်ကျော် ပါဝင်သည်။ အခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် သူတို့က အင်အားအပြည့်နှင့် စီမံလာခြင်းဖြစ်သည်။ ထိုအချိန်တွင် လင်ယု၏အဖွဲ့မှာလည်း ကောင်းကင်မူလတိုက်ကြီး၏ ထွက်ပေါက်ထံ ဦးတည်လာနေပြီဖြစ်သည်။ လင်ယု၏အဖွဲ့တွင် လင်ယု၊ တန်းဟိုင်နှင့် လူယုံတာအိုနတ်အဆင့်ငါးယောက်၊ ရွှမ်အဆင့်ဒါဇင်ကျော်နှင့် ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူများ ပါဝင်သည်။
လင်ယု၏အဖွဲ့သည် အဓိကလမ်းမကြီးမှ ထွက်ခွာလာခြင်းမဟုတ်ဘဲ လင်ယုပိုင်ဆိုင်ထားသော နယ်မြေများအတွင်းမှ ဖြတ်သန်းလာသောကြောင့် မည်သူမှ သတိမထားမိခဲ့ပေ။ ရန်ယွင်မြို့ကို ထိန်းချုပ်ထားနိုင်သော ယဲ့ချန်ကမူ သူ၏နယ်မြေအတွင်း ရှိနေခဲ့သည်။ လင်ယု၏အဖွဲ့ ထွက်ခွာသွားသောအခါ အရာအားလုံးသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသောကြောင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ အကြောင်းအရင်းတစ်ခုကြောင့် ယိရန်နှင့် ရှုချင်းမှာ အရှေ့ပိုင်းတိုက်ကြီးသို့သွားရန် ဆုံးဖြတ်ခဲ့ကြသောကြောင့် သူနှင့် လင်ယု ပူးပေါင်းကြံစည်ထားသည့် ထောင်ချောက်အတွင်း ကျဆင်းလာခြင်းဖြစ်သည်။ ယိရန်သည် ယဲ့မျိုးနွယ်ဝင်များကိုသတ်ရန် ကြံစည်ခဲ့ကြောင်း တွေးမိသွားသောအခါ ယဲ့ချန်၏မျက်နှာက ချက်ချင်းအေးစက်တင်းမာလာသည်။
လင်ယုနှင့် တန်းဟိုင်အပြင် တာအိုနတ်အဆင့်များ ပါဝင်နေသောကြောင့် ကိစ္စများရှုပ်ထွေးသွားမည်ကို ယဲ့ချန်က စိုးရိမ်မနေခဲ့ပေ။ ယဲ့ချန်တစ်ယောက်က ဆေးဖော်စပ်နေပြီး ကျန်တစ်ယောက်က ကျင့်ကြံနေသော်လည်း အရှေ့ပိုင်းတိုက်ကြီးမှ သတင်းကို အမြဲတမ်းနားစွင့်ထားသည်။ နောက်ဆုံးတွင် ယိရန်နှင့် ရှုချင်း၏အဖွဲ့မှာ ကောင်းကင်မူလတိုက်မှ ထွက်ခွာသွားကြောင်း ကြားသိလိုက်ရသောအခါ ပြပွဲကောင်းတစ်ခု ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်း သိလိုက်ရလေသည်။