← Chapters

ချောင်ပိတ်ရိုက်ခြင်း

Vol. 41 Ch. 569

ချောင်ပိတ်ရိုက်ခြင်း

Vol. 41 Ch. 569

အရှေ့ပိုင်းတိုက်ကြီးရှိ ယဲ့တောင်ကြားအတွင်း ဟောက်ညီအစ်ကို၊ လင်းနန်နှင့် ရှောင်ယွဲ့တို့ ရောက်ရှိနေပြီး ကျင့်ကြံသူများကို စုစည်းနေသည်။ လက်ရှိတစ်ခေါက် ခေါ်ဆောင်သွားမည့် လူသုံးရာအသုတ်တွင် ယဲ့မျိုးနွယ်ဝင်များ၊ အားဖန်ကိုးကောင်၊ နန်ရှင်း၊ နင်အာ၏အစ်ကိုချင်ယု၊ ရှောင်ရိ၊ ဝမ်အာစသူတို့ပါဝင်သည်။ သို့သော်လည်း ရှောင်ရိနှင့် ဝမ်အာကို ရန်ဟိုင်က သူ၏လုပ်ပိုင်ခွင့်ဖြင့် ခေါ်ဆောင်မည်ဖြစ်သောကြောင့် ခရီးသွားခပေးရန် မလိုအပ်ပေ။ ဤလူသုံးရာတွင် ကြယ်ခန်းမ၏ ပါရမီရှင်တပည့်များလည်း ပါဝင်နေပြီး သူတို့က ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် ပေါင်းစပ်နိုင်စွမ်းမြင့်သောကြောင့် သစ္စာအရှိဆုံး အဖွဲ့ဝင်များ ဖြစ်ကြသည်။

ယဲ့ကျန့်တန်း၊ ယဲ့ချိန်ရွှမ်းစသော ခေါင်းဆောင်ပိုင်းများက ကောင်းကင်မူလတိုက်ကြီးသို့ နောက်ဆုံးအခေါက်မှ လိုက်ပါလာကြရန် ဆုံးဖြတ်ထားသည်။ ယဲ့မျိုးနွယ်ဝင်အားလုံး ထွက်ခွာသွားလျှင် ကြယ်ခန်းမအတွက် တရားမျှတမှုမရှိသောကြောင့်ဖြစ်သည်။ ဝူဇီသည်လည်း ယဲ့ကျန့်တန်းနှင့်အတူ နေရစ်ခဲ့ပေလိမ့်မည်။ ထိုအချိန်တွင် ကီလိုမီတာထောင်ချီအကွာမှ အစွမ်းထက်လွန်းသော အရှိန်အဝါများထွက်ပေါ်လာကာ ဧရာမပုံရိပ်ကြီးများသည် ကောင်းကင်ထက်၌ ဖြစ်ပေါ်လာကြသည်။ ထိုနတ်ဘုရားပုံရိပ်များက ယိရန်နှင့်အဖွဲ့ဖြစ်သည်။

"မကောင်းတော့ဘူး။ ယိရန်နဲ့ ရှုချင်း ရောက်လာပြီ"

ယိရန်က သူတို့နောက်သို့ အမှန်တကယ်လိုက်လာသောကြောင့် လင်းနန်တို့လေးယောက်လုံး မျက်နှာပျက်သွားကြသည်။ ရန်သူများက တာအိုနတ်အဆင့်များဖြစ်သောကြောင့် သူတို့အားလုံးကို သတ်ရန်အတွက် လက်ချောင်းတစ်ချက်လှုပ်ရုံသာ လိုအပ်သည်။ လင်းနန်တို့လေးယောက်၏ အမူအရာများကြောင့် ယဲ့မျိုးနွယ်ဝင်အားလုံး စိုးရိမ်တကြီးဖြစ်သွားကြသည်။ ယဲ့ချန်သည် ရန်ယွင်မြို့တော်တွင် အထက်တန်းစားများနှင့် ပဋိပက္ခဖြစ်ထားကြောင်း သူတို့ကသိထားသဖြင့် ကောင်းကင်ထက်ရှိပုံရိပ်ကြီးများ၏ အံ့လောက်ဖွယ်အစွမ်းကို မြင်သောအခါ ထိတ်လန့်နေကြသည်။ အရှေ့ပိုင်းတိုက်ကြီးတွင် တာအိုနတ်အဆင့်များမှာ နတ်ဘုရားသဖွယ် တည်ရှိမှုများဖြစ်ကြသည်။

"ဒါတွေက ယဲ့မျိုးနွယ်ဝင်တွေလား။ အကုန်ဖမ်းလိုက်စမ်း"

အေးစက်စက် စကားသံတစ်ခုက ခေါင်းလောင်းကြီးတစ်ခုကို တီးခတ်လိုက်သကဲ့သို့ ကျယ်လောင်စွာထွက်ပေါ်လာကာ ဧရာမလက်ဝါးကြီးတစ်ဖက် ကျဆင်းလာသည်။ ကောင်းကင်က ချက်ချင်းအမှောင်ဖုံးသွားကာ မီတာရာချီရှည်လျားသော ဧရာမလက်ဝါးကြီးကျရောက်လာလျှင် ယဲ့တောင်ကြားတစ်ခုလုံး အမှုန့်ဖြစ်သွားပေလိမ့်မည်။ ယိရန်နှင့် ရှုချင်းက အစွမ်းထက်လွန်းသောကြောင့် ခုခံရန် မဖြစ်နိုင်ပေ။ တာအိုနတ်အဆင့်များနှင့် ချီပင်လယ်အဆင့်ကြားတွင် ကွာခြားမှုကြီးမားသော်လည်း ဟောက်ညီအစ်ကို၊ လင်းနန်နှင့် ရှောင်ယွဲ့က လေပေါ်သို့ခုန်တက်လာကာ ယဲ့တောင်ကြားကို အသက်ပေးကာကွယ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ကြသည်။

"မင်းတို့ ဘယ်သူ့ကို ဖမ်းချင်နေတာလဲ"

ကျင့်ကြံသူလေးယောက်က ယဲ့မျိုးနွယ်ရှေ့တွင် မားမားမတ်မတ်ရပ်ကာ ယိရန်ကို စိန်ခေါ်လိုက်သည်။

"ပုရွက်ဆိတ်တစ်အုပ်ပါလား။ မင်းတို့ကိုသတ်ဖို့အတွက် ဒီလောက်အလျင်လိုမနေပါနဲ့။ မင်းတို့ကိုမသတ်ခင် ဆော့ကစားနှိပ်စက်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ အရင်ဆုံး ဆည်းဆာရွှေတွေကို လက်လွှဲပေးစမ်း"

ယိရန်က လှောင်ရယ်လိုက်ခြင်းဖြစ်သည်။ ဧရာမလက်ဝါးကြီးကျဆင်းလာသောအခါ ပတ်ဝန်းကျင်က အချိန်များရပ်တန့်သွားသယောင် အေးခဲသွားပြီး ၎င်းရှေ့တွင် လူတိုင်းက ဖုန်မှုန့်လေးများပမာ အစွမ်းအစကင်းမဲ့နေသည်။

"ဘုန်း"

နားကွဲမတတ်ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသော်လည်း ယိရန်၏လက်က ဟောက်ရဲတို့ကို ထိမှန်သွားရမည့်အစား အလင်းလွှာတစ်ခု၏ တားမြစ်ခြင်းခံလိုက်ရသည်။ ထိုအစီအရင်က ယဲ့တောင်ကြားနှင့် ကြယ်ခန်းမတစ်ခုလုံးကို ကာကွယ်ပေးထားပြီး တာအိုနတ်အဆင့်ကျင့်ကြံသူ၏တိုက်ကွက်ကို ရာနှုန်းပြည့် ခုခံနိုင်ခဲ့သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ။ ယဲ့မျိုးနွယ်နောက်မှာ တာအိုနတ်အဆင့်ကျင့်ကြံသူတွေ ရှိနေတာလား"

ယိရန်က အံ့သြမဆုံးဖြစ်နေစဥ် အဝေးမှ စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ယိရန် ငါတို့တွေ့ကြပြန်ပြီ ဟား ဟား"

"မင်း....မင်း ဒီနေရာကို ဘာလာလုပ်တာလဲ"

လင်ယုကို ရုတ်တရက်မြင်လိုက်ရသောအခါ ယိရန်၏စိတ်များ လေးလံသွားခဲ့သည်။

"မင်းရဲ့ဉာဏ်ရည်နဲ့ဆိုရင် ငါဘာလာလုပ်တာလဲ ခန့်မှန်းမိမှာပါ"

လင်ယုက လှောင်ပြုံးတစ်ချက်ဖြင့် ပြောလိုက်ရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော်လည်း ယဲ့တောင်ကြားအထက်တွင် ချက်ချင်းထွက်ပေါ်လာသည်။

"မင်းက နယ်မြေကို အပိုင်သိမ်းချင်လို့ ငါတို့ကို သတ်မလို့လား"

ယိရန်၏မျက်နှာက သတ်ဖြတ်လိုစိတ်ကြောင့် မည်းနက်သွားခဲ့ပြီး လင်ယု၏ထောင်ချောက်အတွင်း ကျရောက်သွားကြောင်း ချက်ချင်းနားလည်လိုက်သည်။ အရာအားလုံးက လင်ယု၏လက်ခုပ်အတွင်း ရှိနေခဲ့သည်။ ရှုချင်းသည်လည်း လင်ယုထွက်ပေါ်လာမှုကြောင့် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားခဲ့သည်။

"တကယ်တော့ မင်းကိုသတ်လိုက်ရင် နယ်မြေတွေအကုန် ငါ့အပိုင်ဖြစ်လာမှာ မှန်ပါတယ်။ ဒါပေမယ့် မင်းကို သတ်ချင်တဲ့ အကြောင်းအရင်းက ဒါကြောင့်မဟုတ်ဘူး"

လင်ယုက သူ့ထံဦးတည်နေသော လူသတ်လိုစိတ်များကို လျစ်လျူရှု၍ ခေါင်းယမ်းပြလိုက်သည်။

"ဒါဆိုရင် မင်းက ဘာကြောင့် ဒီပုရွက်ဆိတ်တွေကို ကာကွယ်နေရတာလဲ"

ယိရန်က လင်ယု၏စကားကြောင့် စိတ်ရှုပ်သွားပြီး ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမကို တစ်ချက်ငုံ့ကြည့်လိုက်၍ နားမလည်နိုင်ဖြစ်နေခဲ့သည်။

"ဒီအကြောင်းအရင်းကို မင်းဘာသာစဥ်းစားပေါ့ကွာ။ မင်းတို့နှစ်ယောက် သေရမယ့်အကြောင်းအရင်းကတော့ မစော်ကားသင့်တဲ့ လူတစ်ယောက်ကို စော်ကားမိလို့ ဆိုပါတော့"

လင်ယု၏မျက်နှာပေါ်ရှိ အပြုံးပျောက်ကွယ်သွားကာ ချက်ချင်းအေးစက် တင်းမာလာပြီး တိုက်ရိုက်မဖြေခဲ့ပေ။

"သူက ယဲ့ချန်အကြောင်း ပြောနေတာလား။ မဖြစ်နိုင်ပါဘူး"

ယဲ့ချန်သည် အရှေ့ပိုင်းတိုက်ကြီးမှ လာရောက်သူဖြစ်သောကြောင့် ကောင်းကင်မူလတိုက်ကြီး၌ နောက်ခံမရှိနိုင်ပေ။ ယဲ့မျိုးနွယ်သည်လည်း သူ့အတွက် ပုရွက်ဆိတ်များသာဖြစ်သောကြောင့် ယိရန်သည် လင်ယုက သူ့ကို ယဲ့ချန်ကြောင့် သတ်ချင်နေခြင်းမဟုတ်ဟု ယုံကြည်နေသည်။ သူက လင်ယုကဲ့သို့ မျိုးနွယ်ကြီးတစ်ခု၏ သခင်လေးမဟုတ်သော်လည်း စစ်ဧကရာဇ်တစ်ယောက်၏တပည့်ဖြစ်ပြီး အနာဂတ်၌ စစ်ဧကရာဇ်ဖြစ်လာနိုင်ချေ ရှိသည်။ ဧကရာဇ်လင်းက ဧကရာဇ်လင်အောက် အားနည်းသော်လည်း သွေးအရိပ်သိုင်းဒေသ၏ လူတစ်ယောက်ဖြစ်သောကြောင့် သြဇာအာဏာအချို့ ပိုင်ဆိုင်ထားသည်။ လင်ယုက သူ့ကိုသတ်လိုက်လျှင် ဧကရာဇ်လင်းက သေချာပေါက် လက်စားချေပေလိမ့်မည်။ ဧကရာဇ်လင်းက လင်ယုကို ဥပဒေကြောင့် မသတ်ဖြတ်နိုင်သော်လည်း လင်မျိုးနွယ်ကို ဖိအားအချို့ပေးလိုက်ပါက အချိန်ကျလာလျှင် လင်ယုမှာ ဆက်ခံသူသခင်လေးနေရာမှ ဖယ်ပေးရပေလိမ့်မည်။

"ဒီကောင်က သူ့အတွက် အကျိုးမရှိတာကို ဘာကြောင့်လုပ်ချင်နေတာလဲ။ လင်မျိုးနွယ် ဆက်ခံသူအလောင်းအလျာအဖြစ်ကနေ ထုတ်ပယ်ခံရရင်တောင် ဂရုမစိုက်ဘူးလား"

ယိရန်အတွက် စဥ်းစားရ အလွန်ခက်ခဲနေသည်။ သို့သော် သူမသိသည်မှာ လင်ယုက အကျိုးအပြစ်အားလုံးကို တွက်ချက်ထားပြီး ဤလူသတ်မှုကြောင့် ဆက်ခံသူရာထူးမှ ပြုတ်သွားနိုင်သော်လည်း ဂရုမစိုက်ကြောင်းဖြစ်သည်။ ထိုအချိန်တွင် တာအိုနတ်အဆင့်ငါးယောက်က ယိရန်တို့အဖွဲ၏ လေးဘက်လေးတန်တွင် တိတ်တဆိတ်ထွက်ပေါ်လာကာ လွတ်လမ်းများကို ပိတ်ဆို့ထားလိုက်ကြသည်။ တာအိုနတ်အဆင့်များ၏ အရှိန်အဝါက ပြင်းထန်လွန်းသောကြောင့် လေထုက တင်းကျပ်သွားပြီး တိုက်ပွဲတစ်ခု ပြင်းထန်စွာဖြစ်ပေါ်လာရန် နီးကပ်နေခဲ့သည်။

"လင်ယု ငါသေသွားရင် ဆရာက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး။ မင်းက လင်မျိုးနွယ်ဝင်တစ်ယောက်ဆိုရင်တောင် ခံစားသွားရလိမ့်မယ်"

ယိရန်က လင်ယုကို အေးစက်စက် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

"သေကာနီးလူတစ်ယောက်က စောက်စကားတော်တော်များလွန်းတယ်။ ငါ စိတ်မရှည်တော့ဘူး။ မင်းဆရာ ဧကရာဇ်လင်းက ဒီနေရာမှာရှိမနေတော့ ခြိမ်းခြောက်လည်း အပိုပဲ။ ငါတို့က သူ့ကိုကြောက်နေရင် ဒီလိုမျိုးကြံစည်နေမှာ မဟုတ်ဘူး"

တန်းဟိုင်သည် အေးစက်စက်ပြောလိုက်ပြီး ပါးစပ်ဟ၍ ရေချီများကို ထွေးထုတ်လိုက်သောအခါ ကောင်းကင်က အပြာရောင်သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားလေသည်။ သူက ခြင်္သေ့ကြီးချီးမြှင့်ထားသော ကျင့်စဥ်ကြောင့် မည်သည်ကိုမှ ဂရုစိုက်မနေတော့ပေ။ လင်ယုနှင့်အတူ တာအိုနတ်အဆင့်များလိုက်ပါလာသော်လည်း ဧကရာဇ်လင်း၏နောက်ခံကြောင့် ကြောက်စိတ်ကင်းမဲ့နေသော ယိရန်မှာ သူ၏စကားများကြောင့် အကြောက်လွန်သွားခဲ့သည်။ တစ်ဖက်လူက သူ့ကို သေချာပေါက်သတ်ရန် ကြံစည်ထားသောကြောင့် အင်အားအရာ၌ သာလွန်နေခဲ့သည်။

"အစ်ကိုလင် ကျုပ်တို့ကြားမှာ ရန်ငြှိုးမရှိဘူး"

ရှုချင်းက တုန်တုန်ယင်ယင်နှင့် ဝင်ပြောလိုက်ခြင်းဖြစ်သည်။

"ရန်ငြှိုးတော့မရှိပေမယ့် မင်းရဲ့ကံကိုသာ အပြစ်တင်လ်ုက်ပါတော့"

လင်ယုက အေးစက်စက်ပြုံးလိုက်ပြီး လက်တစ်ဖက်ယမ်း၍ အချက်ပြလိုက်သောအခါ တန်းဟိုင်နှင့် တာအိုနတ်အဆင့်ငါးယောက်က ယိရန်တို့အဖွဲ့ထံ ပြေးဝင်သွားကြသည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာကာ လောကတစ်ခုလုံး တုန်ခါသွားပြီး တာအိုနတ်အဆင့်များ၏ တိုက်ပွဲကြောင့် ကမ္ဘာပျက်ကပ်ဘေး ကျရောက်လာသည့်ပမာ အပျက်အစီးများ ဖြစ်ပေါ်လာသည်။ ကောင်းကင်တွင် နတ်အလင်းများ ယှက်သန်းနေသဖြင့် မျက်စိများကျိန်းစပ်လောက်အောင် တောက်ပနေပြီး တိုက်ခိုက်နေသော ပုံရိပ်များကို ဝေဝေဝါးဝါးသာ မြင်တွေ့နေရ၏။ လေထုက ပူလောင်နေပြီး ကြောက်မက်ဖွယ်ချီလှိုင်းများက ကာကွယ်ရေးအစီအရင်၏ အပြင်ဘက်တွင် တဘုန်းဘုန်းပေါက်ကွဲနေသည်။

ဟောက်ရဲတို့လူစုသည် လင်ယု အချိန်မီရောက်လာသဖြင့် သက်ပြင်းကိုယ်စီ ချလိုက်မိသည်။ သူတို့မသိသည်မှာ လင်ယုက အချိန်များစွာစော၍ ကြိုရောက်နေပြီး ယိရန်တို့ကို ချောင်ပိတ်ဖမ်းရန်အတွက် တာအိုရတနာတစ်ခုဖြင့် ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားခြင်းဖြစ်သည်။ တာအိုနတ်အဆင့်ခြောက်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ယိရန်နှင့် ရှုချင်းမှာ ဒုက္ခရောက်နေပြီး အချိန်ခဏအတွင်း ဒဏ်ရာအပြင်းအထန် ရသွားကြသည်။ ယိရန်၏နောက်လိုက် တာအိုနတ်အဆင့်ကျင့်ကြံသူမှာ တန်းဟိုင်၏ခွာအောက်တွင် ခေါင်းကိုပြားကပ်နေအောင် နင်းချေခံလိုက်ရသည်။ ကျန်နောက်လိုက်များမှာမူ တာအိုနတ်အဆင့်များ၏တိုက်ပွဲမှ ထွက်ပေါ်လာသော ချီလှိုင်းများကြောင့် အစအနပင်မကျန်အောင် ပေါက်ကွဲသေဆုံးသွားခဲ့ကြသည်။ အင်အားချင်းရော အရေအတွက်ချင်းပါ မယှဥ်နိုင်သဖြင့် ယိရန်နှင့်ရှုချင်းဘက်တွင် အနိုင်ရနိုင်ချေ လုံးဝမရှိပေ။ တိုက်ပွဲက တစ်ဖက်သတ်ဖြစ်ပွားနေပြီး နှစ်ယောက်လုံး ဆက်တိုက်ရိုက်နှက်ခံနေရသောကြောင့် လျှို့ဝှက်ကျင့်စဥ်များ ထုတ်သုံးနေသည့်တိုင်အောင် မကြာခဏ သွေးအန်နေရသည်။

"ပြေးကြစို့"

ယိရန်က သတိပေးလိုက်ပြီး လူကြီးတစ်ယောက်၏ လက်တစ်ဝါးအရွယ်ရှိ ရွှေရောင်အကြေးခွံတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းထံမှ လေဟာနယ်စွမ်းအားများ ထွက်ပေါ်လာကာ ယိရန်နှင့် ရှုချင်းကို လွှမ်းခြုံလာသည်။

"ဒီလောက်မလွယ်ဘူးလေ"

လင်ယုက အေးစက်စက်ပြောလိုက်ပြီး လေဟာနယ်စွမ်းအားများကို လက်သီးဖြင့်ထိုးချလိုက်သည်။ လင်မျိုးနွယ်၏ သခင်လေးတစ်ယောက်ဖြစ်သော သူ၏ကျင့်ကြံဆင့်က ယိရန်ထက် နှစ်ဆင့်မြင့်နေပြီး အရင်းအမြစ်များစွာဖြင့် ပျိုးထောင်ခြင်းခံထားရသည်။ အဆင့်မျိုးမျိုးရှိသော သူတော်စင်သစ်သီးများကို မှီဝဲကြီးပြင်းလာသည့် လင်ယု၏အစွမ်းသည် ယိရန်ထုတ်ယူလိုက်သော ဧကရာဇ်လင်း၏ အသက်ကယ်ချီလင်အဆောင်ကို တားမြစ်နိုင်ချေရှိသည်။ သူ၏လက်သီးချက်က နီးကပ်လာသောအခါ ယိရန်၏မျက်နှာက အကြောက်လွန်နေသောကြောင့် သွေးဆုတ်သွားပြီး ရှုချင်းကို ရုတ်တရက်ဖမ်းချုပ်ကာ သူ့ရှေ့တွင် သူရဲဘောကြောင်စွာဖြင့် ကာထားလိုက်လေသည်။

All Chapters