တန်းကုန်းကျောင်းတော်
Vol. 41 Ch. 570
"ဘန်း"
လင်ယု၏လက်သီးက ဝမ်းဗိုက်ကို ထိမှန်သွားသောအခါ ရှုချင်းမှာ နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့တွနေသည်။ ဧရာမအပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသောကြောင့် သွေးများ နေရာအနှံ့ ပြန့်ထွက်သွားသည်။ လင်ယု၏လက်သီးက ထိုနေရာတွင် ရပ်တန့်သွားခြင်းမရှိဘဲ ဝမ်းဗိုက်အပေါက်အား ဖြတ်သန်း၍ ယိရန်ကို ထိမှန်သွားသဖြင့် သွေးတစ်ပွက်အန်ချလိုက်ရ၏။ သို့သော်လည်း ယိရန်သည် ဧကရာဇ်လင်း၏အသက်ကယ်အဆောင်ကို အသက်သွင်းထားသောကြောင့် ခဏအတွင်း ရှုချင်းရော သူပါ ပျောက်ကွယ်သွားကြသည်။
လင်ယု၏မျက်နှာက အနည်းငယ်အရုပ်ဆိုးနေပြီး ယိရန်လွတ်မြောက်သွားမည်ဟု မျှော်လင့်မထားပေ။ ယဲ့ချန်က သူ့ကို ဤအချက်ကြောင့် အပြစ်တင်လျှင်လည်း ခံရပေလိမ့်မည်။ သူ၏လက်သီးက ထိုနှစ်ယောက်ကို အပြင်းအထန်ဒဏ်ရာရစေခဲ့သော်လည်း သေမည်ဟု အာမခံနိုင်ခြင်း မရှိချေ။
"ဒီကောင်တွေက ကောင်းကင်မူလတိုက်ကြီးကို ရောက်သွားလောက်ပြီ။ ဧကရာဇ်လင်းရဲ့ အသက်ကယ်အဆောင်ကို အသက်သွင်းထားရင် ငါတို့ မတားနိုင်ဘူး"
တန်းဟိုင်၏မျက်နှာကလည်း အနည်းငယ် မည်းနက်နေသည်။
"ငါ အစ်ကိုကြီးခိုင်းတာကို ပြည့်စုံအောင် မလုပ်နိုင်ခဲ့ဘူး။ ငါတို့က ကောင်းကင်မူလတိုက်ကြီးကို ပြန်ရောက်အောင် စောင့်ရလိမ့်မယ်။ အရင်ဆုံး ယဲ့မျိုးနွယ်ဝင်တွေကို ခေါ်ဆောင်သွားကြတာပေါ့"
လင်ယုသည်လည်း အနည်းငယ်စိတ်ပျက်နေပြီး ခဏတာစဥ်းစားပြီးနောက် ကောင်းကင်မူလတိုက်ကြီးသို့ အပြန်ခရီးအတွက် ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။
ကောင်းကင်မူလတိုက်ကြီး၏ ထွက်ပေါက်နှင့်အဝေး ကမ်းခြေတစ်ခုတွင် ယိရန်နှင့် ရှုချင်းတို့ ထွက်ပေါ်လာကြသည်။ ရှုချင်းသည် သေလုမျောပါးဖြစ်နေပြီး ဝမ်းဗိုက်ရှိအပေါက်ကြီးမှ သွေးများ ဒလဟောစီးထွက်နေကာ အသက်ရှူသံများ နှေးကွေးနေသည်။ အကယ်၍ ယိရန်သာ သူ့ကို မကောင်းကြံခြင်းမရှိလျှင် ဤအဖြစ်ဆိုးကိုကြုံရမည် မဟုတ်သောကြောင့် သူက ယိရန်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။
"စိတ်မကောင်းပါဘူး အစ်ကိုယိ။ ငါ့ဆရာကလည်း ငါတစ်ယောက်တည်းကို ကုပေးမှာဆိုတော့ နှုတ်ဆက်ခဲ့ပါတယ်"
ယိရန်က ရှုချင်းကိုကန်ထုတ်၍ တစ်ချက်ပင်လှည့်မကြည့်ဘဲ အဝေးရှိလမ်းမကြီးထံ အားနည်းစွာ ထွက်ပြေးသွားခဲ့သည်။ ရှုချင်းသည် ယိရန်၏နောက်ကျောကို ငေးကြည့်နေရင်း နောင်တအကြီးအကျယ်ရနေပြီး ဒဏ်ရာပြင်းထန်လွန်းသောကြောင့် လှုပ်ပင်မလှုပ်နိုင်ပေ။ သူ၏အသက်စွမ်းအားများ တဖြည်းဖြည်းလျော့နည်းလာ၍ ခန္ဓာကိုယ်က လျင်မြန်စွာ အေးစက်လာနေခဲ့သည်။ သေမင်းက ချဥ်းကပ်လာနေသောကြောင့် သူ၏အမြင်အာရုံ ဝေဝါးလာကာ သေလုမျောပါးအခြေအနေ၌ ပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာ၍ ချန်းယွမ် ဖြစ်နေခဲ့သည်။ ချန်းယွမ်က ကောင်းကင်မူလတိုက်သို့ လိုက်ပါလာခြင်းမရှိသောကြောင့် ကမ်းခြေသို့ ရောက်ရှိလာခြင်းဖြစ်သည်။
"ချန်းယွမ် ငါ့ကိုကယ်ပါဦး"
ရှုချင်းသည် ချန်းယွမ်ကို မြင်သောအခါ မျက်ဝန်းများအတွင်း မျှော်လင့်ချက်အလင်းရောင်များ ထွက်ပေါ်လာကာ နောက်ဆုံးသောခွန်အားကို ဖျစ်ညှစ်၍ ချန်းယွမ်၏ခြေထောက်ကို လှမ်းဆုပ်လိုက်သည်။ သူ၏အသံက တိုးလျနေသော်လည်း နောက်ဆုံးသော မျှော်လင့်ချက်ဖြစ်နေ၍ အားမာန်တစ်ခု ပါဝင်နေသည်။ သို့သော် ချန်းယွမ်သည် ခပ်တည်တည်ရပ်နေဆဲဖြစ်သောကြောင့် သူက အထိတ်တလန့်ဖြစ်သွားရသည်။
ကောင်းကင်မူလတိုက်ကြီး၏ထွက်ပေါက်ကို ငေးကြည့်နေသော ချန်းယွမ်သည် ယိရန်နှင့် ရှုချင်းပင် ဒဏ်ရာအပြင်းအထန်နှင့် ထွက်ပြေးလာရမည်ကို ထင်မထားခဲ့ပေ။ ယဲ့ချန်သည် အရှေ့ပိုင်းတိုက်ကြီးတွင် အစွမ်းထက်အင်အားစုတစ်ခု ပိုင်ဆိုင်နေသော အကြောင်းအရင်းကို သူက နားမလည်နိုင်ပေ။ သူက လဲကျနေသောရှုချင်းကို ခွေးသေတစ်ကောင်ပမာ စိုက်ကြည့်နေရင်း နှာခေါင်းတစ်ချက်ရှုံ့ကာ ထူးထူးဆန်းဆန်း ပြုံးနေခဲ့သည်။
"မင်းက အသုံးမဝင်မှတော့ သေသင့်နေပြီ။ မင်းက သေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကို ငါ ယူလိုက်တော့မယ်"
သူက အေးစက်စက်ပြောကာ ကျင့်စဥ်တစ်ခုကို အသက်သွင်းလိုက်သောကြောင့် ဝိညာဥ်က မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုမီးတောက်က ခုခံရန်စွမ်းအားမရှိသော ရှုချင်း၏ကိုယ်ထဲသို့ လှစ်ခနဲဝင်ရောက်သွားသောအခါ နာကျင်စွာ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ခွေးကျွန်ကောင် ငါ သရဲဖြစ်သွားရင်တောင် မင်းလည်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"
သူက ချန်းယွမ်ကို စိုက်ကြည့်နေရင်း ကျိန်ဆဲကာ အသက်ရှူရပ်သွားသည်။ တစ်ချိန်တည်းမှာပင် ချန်းယွမ်၏ခန္ဓာကိုယ်က ဧရာမမြွေကြီးအဖြစ် အသွင်ပြောင်းသွားကာ သစ်ခြောက်ပင်တစ်ပင်ကဲ့သို့ ရှုံ့တွခြောက်သွေ့သွားသောကြောင့် အရေခွံတစ်ခုသာ ကျန်ရစ်ခဲ့၏။ အချိန်ခဏအကြာတွင် ရှုချင်း၏အလောင်းက အသက်ဝင်လာပြီး ဒဏ်ရာများ စတင်သက်သာလာပြီး သွေးထွက်ခြင်း ရပ်တန့်သွားခဲ့ပြီး ထထိုင်လာခဲ့သည်။
"ဒီကိုယ်က ဒဏ်ရာရထားပေမယ့် ငါ့အသက်အားတွေကို အသုံးပြုလိုက်ရင် ပြန်ကောင်းနိုင်ပါတယ်။ တာအိုနတ်အဆင့်တစ်ယောက်ရဲ့ ရုပ်ခန္ဓာက တကယ်ထူးခြားတာပဲ"
ရှုချင်း၏မျက်လုံးများသည် ချန်းယွမ်၏ မြွေမျက်လုံးများကဲ့သို့ မျက်ဆံများက တစ်ထပ်ထည်းပြောင်းလဲသွားကာ အသံပင် တစ်ထပ်တည်းတူညီနေခဲ့သည်။ ချန်းယွမ်သည် ကြေးခွံနက်မြွေမျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ် ဝိညာဥ်ဝါးမျိုကျင့်စဥ်ဖြင့် သေကာနီး ရှုချင်း၏ရုပ်ခန္ဓာကို အပိုင်စီးနိုင်ခဲ့သည်။ ထို့နောက် သူက မြွေရေခွံကိုဖျက်ဆီးကာ အဓိကလမ်းမကြီးမှတဆင့် ရန်ယွင်မြို့သို့ ပြန်ရောက်လာခဲ့သည်။ သို့သော် အဖိုးတန်ပစ္စည်းများကိုထုပ်ပိုးပြီး ချက်ချင်းထွက်ခွာသွားသော ရှုချင်းအသွင်နှင့် ချန်းယွမ်ကို မည်သူမှ နောက်ထပ်မမြင်ရတော့ပေ။
ရှုချင်း ပျောက်ကွယ်သွားပြီး ယိရန်က ဧကရာဇ်လင်းထံ ထွက်ပြေးသွားပြီးနောက် လင်ယုသည် မြို့တော်ဝန်ထံသွားရောက်ကာ စာချုပ်၏အချက်အလက်အတိုင်း သူတို့၏ပိုင်ဆိုင်မှုများအားလုံးကို သိမ်းပိုက်လိုက်သည်။ ထိုအထက်တန်းစားနှစ်ယောက် ပြန်လာလျှင်ပင် ဤအရာများကို ပြန်လည်ရယူနိုင်စွမ်းမရှိတော့ပေ။ လင်ယုက ၎င်းတို့အားလုံးကို ယဲ့ချန်အမည်ဖြင့် လွှဲပြောင်းပေးအပ်ချင်သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။ တိုက်ပွဲအပြီးတွင် ယိရန်နှင့် ရှုချင်း၏အင်အားစုများကို ရန်ယွင်မြို့တော်မှ ဖယ်ရှားလိုက်သောကြောင့် သူတို့ကိုမှီခိုနေရသော အထက်တန်းစားများမှာ အခြေအနေမလှသဖြင့် နယ်မြေများကို လင်ယုထံရောင်းချ၍ မြို့ကို စွန့်ခွာသွားကြသည်။ ရန်ယွင်မြို့တော်တစ်ခုလုံးကို လင်ယုက သိမ်းပိုက်လိုက်သော်လည်း အပြင်လူများမသိသည်မှာ အရာအားလုံးကို နောက်ကွယ်မှ ထိန်းချုပ်နေသူက ယဲ့ချန်ဖြစ်ကြောင်းကိုပင်။
"ယိရန်ရော ရှုချင်းရော ထွက်ပြေးသွားကြပြီ။ ဒီနှစ်ယောက်က ခေါင်းကိုက်စရာတွေ ဖြစ်လာနိုင်တယ်"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်ခြင်းဖြစ်သည်။ ယိရန်နှင့် ရှုချင်းတွင် အရာအားလုံးဆုံးရှုံးသွားခဲ့သောကြောင့် အနာဂတ်တွင် သေချာပေါက် လက်စားချေပေလိမ့်မည်။ ယိရန်၏နောက်ကွယ်၌ စစ်ဧကရာဇ်လင်းရှိနေသောကြောင့် သူတို့က ဂရုစိုက်ရပေလိမ့်မည်။ ထို့အပြင် ချန်းယွမ်ပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မှ ရှာမရကြောင်းကိုလည်း သူက သတိထားမိခဲ့သည်။ သို့သော်လည်း အတိတ်ကထက်စာလျှင် ယဲ့ချန်၏အခြေအနေက များစွာပိုကောင်းလာပြီး ရန်ယွင်မြို့တွင် ကောင်းစွာခြေကုပ်ယူနိုင်ခဲ့သောကြောင့် ယဲ့မျိုးနွယ်ဝင်များကို ကယ်တင်နိုင်ပြီဖြစ်သည်။
ယဲ့ချန်၏ခြံဝန်းအတွင်း ကျင့်ကြံသူပေါင်းသုံးရာကျော် စုဝေးနေကာ ရှောင်ရိ၊ နန်ရှင်းတစ်၊ ဝမ်အာ စသူတို့အားလုံး ပါဝင်နေကြသည်။
"အစ်ကိုကြီး"
ယဲ့ချန်ကိုမြင်သောအခါ ရှောင်ရိနှင့် ဝမ်အာက ချက်ချင်းပြေးထွက်လာ၍ ပျော်ရွှင်စွာ ကြိုဆိုလိုက်ကြသည်။
"သခင်"
နန်ရှင်းက သူ၏ခေါင်းတုံးပြောင်ပြောင်ကို လက်ဖြင့်ပွတ်သပ်၍ ယဲ့ချန်ကို လေးစားစွာ စိုက်ကြည့်နေသည်။
"အစ်ကိုကြီး အစ်မအမွေးပွလေးရော ဘယ်မှာလဲ"
ရှောင်ရိက အနီးအနားတွင် နင်အာကို မမြင်သောကြောင့် စပ်စုလိုက်ခြင်းဖြစ်သည်။
"မင်းရဲ့အစ်မကြီးက ဝိညာဥ်မူလသိုင်းဒေသကြီးကို သွားနေတယ်"
"အဲ့တာက ဘယ်နေရာမှာလဲ"
ရှောင်ရိသည် ယဲ့ချန်နှင့် အမွေးပွလေးအတူရှိမနေသော အကြောင်းအရင်းကို မသိသောကြောင့် စိတ်ရှုပ်သွားခဲ့သည်။
"အဝေးတစ်နေရာမှာပါ။ ဒါပေမယ့် မင်းရဲ့အစ်မကြီးကို ပြန်တွေ့ဖို့ အချိန်အကြာကြီး မစောင့်ရပါဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ရှောင်ရိ၏ခေါင်းကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။ ရှောင်ရိသည် သူနှင့်ခွဲခွာစဥ်ကထက် ကြီးပြင်းလာသည့်အပြင် ကျင့်ကြံဆင့်လည်း မြင့်တက်လာသောကြောင့် သူက ကျေနပ်စွာ ပြုံးလိုက်မိသည်။ ထို့နောက် သူက စုဝေးနေကြသော လူအုပ်ကိုကြည့်နေရင်း ခံစားချက်များ ဖြစ်ပေါ်လာသည်။ နောက်ထပ်ယဲ့မျိုးနွယ်ဝင်များအားလုံးကို ကယ်တင်နိုင်ခဲ့သောကြောင့် သူက နောက်ထပ်ကယ်တင်ရန် ကြံစည်တွေးတောနေခဲ့သည်။
"ရန်ယွင်မြို့မှာဖြစ်ခဲ့သမျှကို ငါ ကြားထားပြီးပြီ။ မင်းက အချိန်တိုအတွင်းမှာ တစ်မြို့လုံးကို ပြောင်းလဲပစ်လိုက်နိုင်မယ်လို့ မထင်ထားဘူး"
ရန်ဟိုင်က ချီးကျူးလိုက်ခြင်းဖြစ်သည်။ အချိန်ခဏအတွင်း ယဲ့ချန်ဆောင်ရွက်ခဲ့သော အလုပ်များက သူတစ်သက်လုံးထမ်းဆောင်ခဲ့သည့် တာဝန်များထက် ပို၍များပြားနေခဲ့သည်။ ယဲ့ချန်မှာ သာမန်လူတစ်ယောက်မဟုတ်ကြောင်း သူ လက်ခံလိုက်ရသည်။ လူပေါင်းသုံးရာကျော်ကို ကောင်းကင်မူလတိုက်သို့ခေါ်ဆောင်ရန် ဆည်းဆာရွှေသုံးဘီလီယံကျော် လိုအပ်သောကြောင့် ယဲ့ချန် မည်သို့ရှာဖွေလိုက်ကြောင်း စဥ်းစားမရပေ။ ဤပမာဏက အလွန်များပြားပြီး သာမန်လူများဆိုလျှင် နှစ်ဘဝသုံးဘဝရှာဖွေနိုင်သည့်တိုင်အောင် ရနိုင်စွမ်း မရှိချေ။ ယဲ့ချန်က ပါရမီရှင်များကို ရောင်းချခြင်းဖြင့် ငွေရှာလိုက်သော နည်းလမ်းမျိုးကို ရန်ဟိုင် စဥ်းစားမိရန် မဖြစ်နိုင်ပေ။
"အကြီးအကဲရန် အရှေ့ပိုင်းတိုက်ကြီးကို ပြန်ရမှာလား"
ယဲ့ချန်က မေးလိုက်သည်။
"ဟုတ်တယ်။ ဒါပေမယ့် ရှောင်ရိနဲ့ ဝမ်အာကို ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း စစ်ဆေးပြီးရင် တာအိုအိမ်တော်ကဖွင့်လှစ်ထားတဲ့ တန်းကုန်းကျောင်းတော်ဆီ အရင်ဆုံးအပ်ရဦးမယ်"
ရန်ဟိုင်က ခေါင်းညိတ်၍ ရှောင်ရိနှင့် ဝမ်အာကို တစ်ချက်စိုက်ကြည့်သည်။
"တန်းကုန်းကျောင်းတော်မှာ တက်ရောက်နေတဲ့သူအများစုက တာအိုအိမ်တော်၊ အကြီးအကဲတွေရဲ့ တိုက်ရိုက်မျိုးဆက်တွေဖြစ်ပြီး အထူးပါရမီရှင်တွေလည်း ရှိတယ်။ တကယ်လို့ သူတို့ကိုသာ ကျောင်းတော်ကလက်ခံမယ်ဆိုရင် အနာဂတ်မှာ ကျင့်ကြံရေးအတွက် ဘာမှစိတ်ပူစရာမလိုတော့ဘူး။ ဒါပေမယ့် ကျောင်းတော်ကို ဝင်ခွင့်ရဖို့အတွက် ပေါင်းစပ်နှုန်းက ငါးဆယ်အထက်ဖြစ်ရမယ်"
ရန်ဟိုင်က အသေးစိတ် ရှင်းပြလိုက်သည်။ ရန်ယွင်မြို့သည် မြို့တော်ကြီးတစ်ခုမဟုတ်သောကြောင့် ယဲ့ချန်က တန်းကုန်းကျောင်းတော်အကြောင်း မကြားဖူးသည်မှာ ထူးဆန်းသည်။ ရှောင်ရိနှင့် ဝမ်အာအတွက် ထိုနေရာက သင့်တော်ကြောင်း ယဲ့ချန်လည်း ခန့်မှန်းနိုင်ခဲ့သည်။
"ဒါဆိုရင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို ဒီမှာပဲ စမ်းသပ်လိုက်ကြတာပေါ့"
ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်၍ လင်ယုကို မျက်ရိပ်ပြလိုက်သည်။ လင်ယုသည် မြို့တော်ဝန်ရီရန်ထံမှ ကြယ်ဝိညာဥ်ပုလဲကို ပြန်မပေးရသေးသောကြောင့် ချက်ချင်းထုတ်ယူလိုက်သည်။ သူကိုယ်တိုင်လည်း ဤကျင့်ကြံသူပေါင်းသုံးရာကျော်၏ ပါရမီကို စပ်စုချင်နေခဲ့သည်။ ယဲ့မုန့်တို့ခြောက်ယောက်ကို သူစစ်ဆေးခဲ့စဥ်က အလွန်အံ့သြခဲ့ရသောကြောင့် ယခုတစ်ခေါက်တွင်လည်း ထူးဆန်းနေမည်ဟု ခံစားနေရသည်။ သူက ညာလက်ကိုယမ်းလိုက်သောအခါ ကြယ်ဝိညာဥ်ပုလဲသည် ရှောင်ရိထံ ပျံသန်းသွားကာ ရှေ့တည့်တည့်တွင် မျောလွင့်နေသည်။ သို့သော်လည်း အချိန်ကြာမြင့်သည်အထိ တုံ့ပြန်မှု မရှိချေ။
"ကြယ်ဝိညာဥ်ပုလဲက ဘာမှမတုံ့ပြန်ဘူးလား။ ရှောင်ရိကလည်း ယဲ့ချန်လိုမျိုး ပေါင်းစပ်နှုန်းသုညပိုင်ရှင်လား"
ရန်ဟိုင်၏မျက်လုံးများ စတင်ပြူးကျယ်လာကာ လူတိုင်းဆွံ့အနေကြစဥ် ပုလဲက မျက်စိကျိန်းစပ်လောက်အောင် တောက်ပလာပြီး အလင်းရောင်သည် ယဲ့မုန့်တို့ကိုစမ်းသပ်စဥ်ကထက် ပို၍တောက်ပနေသည်။ ကြယ်ဝိညာဥ်ပုလဲ၏ မူမမှန်မှုကြောင့် လင်ယုမှာ အံ့သြလွန်းသဖြင့် လဲကျလုနီးပါးဖြစ်သွားလေသည်။