← Chapters

ရှောင်ရိနှင့် ဝမ်အာကို ခွဲခွာရခြင်း

Vol. 41 Ch. 571

ရှောင်ရိနှင့် ဝမ်အာကို ခွဲခွာရခြင်း

Vol. 41 Ch. 571

"ပေါင်းစပ်နှုန်းက ဘယ်လောက်လဲ"

ကုဖေးတို့လူစုသည် ပါးစပ်အဟောင်းသားဖြစ်နေသော လင်ယု၏အမူအရာကို မြင်သောအခါ စိတ်မရှည်နိုင်တော့ဘဲ မေးလိုက်ခြင်းဖြစ်သည်။ ကြယ်ဝိညာဥ်ပုလဲ၏ တုံ့ပြန်မှုအရ ရှောင်ရိ၏ပေါင်းစပ်နှုန်းက မြင့်မားရန် သေချာနေပြီး အနည်းဆုံး ယဲ့မုန့်တို့ခြောက်ယောက်ထက် သာလွန်ပေလိမ့်မည်။

"ဒါက ဘာလေးလဲ။ ကြည့်ရတာ ပျော်စရာကောင်းပုံပဲ"

ရှောင်ရိက ပျော်ရွှင်စွာပြောလိုက်ပြီး ခေါင်းမော့၍ လေထဲတွင်ရပ်တန့်နေသော ပုလဲကို စပ်စုနေခဲ့သည်။ ထို့နောက် သူက လက်သေးသေးလေးများဖြင့် ၎င်းကိုဖမ်းယူလိုက်သောအခါ ၎င်းက နာခံမှုရှိစွာဖြင့် အလင်းတန်းများရုတ်သိမ်း၍ လက်ဖဝါးအတွင်း လိုက်ပါလာခဲ့သည်။ လင်ယုသည် ၎င်းနှင့်ဆက်သွယ်လိုသော်လည်း မည်မျှကြိုးစားပါစေ၊ တုံ့ပြန်လာခြင်းမရှိသောကြောင့် ရှောင်ရိ၏ပေါင်းစပ်နှုန်းက အလွန်မြင့်နေပြီး သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခြင်း ဖြစ်နိုင်သည်။ ၎င်းကို ရှောင်ရိက အလွယ်တကူထိန်းချုပ်နိုင်နေသောကြောင့် လင်ယုမှာ ကူကယ်ရာမဲ့နေခဲ့သည်။

"လင်ယု ရှောင်ရိရဲ့ပေါင်းစပ်နှုန်းက ဘယ်လောက်လဲ"

ယဲ့ချန်က တည်ငြိမ်စွာ မေးလိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က သူ၏ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းအပေါ် အကျိုးသက်ရောက်မှုရှိသည်။ ထို့ကြောင့် သူနှင့် အချိန်ကြာမြင့်စွာ နီးနီးကပ်ကပ်နေထိုင်ခဲ့သော ရှောင်ရိ၏ပေါင်းစပ်နှုန်းက သေချာပေါက် နိမ့်ကျနေမည် မဟုတ်ပေ။

"ခုနစ်ဆယ်"

လင်ယုက ပြန်မဖြေခင် သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်လုံးချင်းပြောသည်။ ဤသို့သော ပါရမီရှင်မျိုးက ဒဏ္ဍာရီလာဖြစ်သောကြောင့် သူကိုယ်တိုင် အရှင်လတ်လတ်မြင်ရမည်ဟု မျှော်လင့်မထားပေ။ ဤသို့သောပါရမီရှင်မျိုးက ကျင့်ကြံရာတွင် အလွန်လျင်မြန်ပြီး ပေါင်းစပ်နှုန်းငါးဆယ်နှင့် ခြောက်ဆယ်ကြားရှိသူက စစ်ဧကရာဇ်အဆင့်သို့ရောက်ရန် နှစ်ပေါင်းတစ်ရာ အနည်းဆုံးလိုအပ်ပြီး အချို့အတွက် ပို၍နှစ်ကြာကြာ အချိန်ယူရသည်။ သို့သော် ပေါင်းစပ်နှုန်းခုနစ်ဆယ်ရှိသူတစ်ယောက်သည် နှစ်အနည်းငယ်အတွင်း ထိုအဆင့်သို့ ရောက်နိုင်သောကြောင့် သာမန်အမြင်များဖြင့် အကဲဖြတ်မရနိုင်သည့် အမှန်တကယ် ပါရမီရှင်မျိုးဖြစ်ပေသည်။ သူက နတ်အစေခံအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုအပ်ပြီး အဖိုးတန်ဆေးများဖြင့် ပြုစုပျိုးထောင်ပေးခြင်းခံရလျှင် ထိုအဆင့်သို့ရောက်ရန် အခွင့်အရေးတစ်ခု ရှိသည်။ နတ်အစေခံအဆင့်များက ကောင်းကင်မူလတိုက်ကြီးတွင် ဥပဒေအထက်မှ ထိပ်တန်းကျင့်ကြံသူများဖြစ်သည်။ ယဲ့ချန်၏နောက်လိုက် ဖြစ်လာပြီးနောက် လင်ယုမှာ ဖိအားတစ်ခုကို ကြီးမားစွာခံစားနေရသည်။ လွန်ခဲ့သောရက်များအတွင်း ပေါင်းစပ်နှုန်းငါးဆယ်ပတ်ချာလည်ရှိသော ပါရမီရှင်ခြောက်ယောက်ကို သူက စမ်းသပ်ပေးခဲ့ရပြီး ပို၍မူမမှန်သော ပါရမီရှင်တစ်ယောက်အား နောက်ထပ်တွေ့ရမည်ဟု အိပ်မက်ပင်မမက်ထားပေ။

ယဲ့ချန်တွင် ပေါင်းစပ်နှုန်းခုနစ်ဆယ်အထက်ရှိသော အမျိုးသမီးနှစ်ယောက်လည်း ရှိသည်ဟု လင်ယုက ကြားထားသည်။ သို့သော်လည်း ထိုမိန်းမနှစ်ယောက်ကို သူကိုယ်တိုင်မမြင်ခဲ့ရသောကြောင့် များစွာအံ့သြခြင်း မရှိပေ။ လက်ရှိတွင် သူက ပေါင်းစပ်နှုန်းခုနစ်ဆယ် ပိုင်ရှင်တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ပေးလိုက်ရသောအခါ ခံစားချက်များကို စကားဖြင့် ဖော်ပြရန်ပင် မစဥ်းစားတတ်တော့ချေ။

"ပေါင်းစပ်နှုန်းခုနစ်ဆယ်"

ရန်ဟိုင်သည်လည်း ရှောင်ရိကို ငေးမောကြည့်ရှုနေမိသည်။ သူက ယဲ့ချန်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေပြီး အတွေးနက်နေခဲ့သည်။ နင်အာရော ရှောင်ရိပါ ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သော ပါရမီရှင်များ ဖြစ်နေကြသည်။ ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးတွင် လူဦးရေက ဘီလီယံရာချီပြီး ပေါင်းစပ်နှုန်းခုနစ်ဆယ်အထက်ရှိသူမှာ တစ်ရာအောက် နည်းပါးသည်။ ထို့ကြောင့် ဤပါရမီရှင်မျိုးထွက်ပေါ်လာရန် ဖြစ်နိုင်ချေက ဘီလီယံအနည်းငယ်မှ တစ်ယောက်သာဖြစ်သည်။ သို့သော်လည်း ယဲ့ချန်၏ဘေးတွင် နှစ်ယောက်အထိရှိနေသောကြောင့် ရန်ဟိုင်မှာ စဥ်းစားရခက်ခဲနေသည်။ ကုဖေးတို့လူစုမှာလည်း ယဲ့ချန်၏ဘေးရှိ အစွမ်းထက်လွန်းသော ပါရမီရှင်များကြောင့် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

ယေဘူယျပြောရလျှင် လက်ရှိအချိန်အထိ အရှေ့ပိုင်းတိုက်ကြီးမှ ပြောင်းရွှေ့လာသူများတွင် ပေါင်းစပ်နှုန်းအနိမ့်ဆုံးမှာ လေးဆယ်ကျော်ဖြစ်သောကြောင့် ထိုအကြောင်းသိထားသူအားလုံး မင်သက်နေကြသည်။ ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များမှာမူ ထိုလူများ၏မျက်နှာထားများကြောင့် အကြောင်းအရင်းကို ဝေခွဲမရဖြစ်နေကြ၏။

"အစ်ကိုကြီး သမီးလည်း စမ်းသပ်ချင်တယ်"

ဝမ်အာက ယဲ့ချန်၏အင်္ကျီစကို လက်ဖြင့်ဆွဲ၍ တစာစာပူဆာလိုက်သောအခါ ကျစ်ဆံမြှီးလေးနှစ်ခုမှာ ဘယ်ညာယမ်းခါနေသောကြောင့် အလွန်ချစ်စရာကောင်းနေသည်။ သူမက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းအကြောင်း မသိထားသော်လည်း ရှောင်ရိနှင့် ကစားဖက်များဖြစ်သောကြောင့် ပြိုင်ဆိုင်လိုစိတ်ရှိနေခဲ့သည်။ ရှောင်ရိက ကြယ်ပုလဲကို လွှတ်ပေးလိုက်သောအခါတွင်မှ လင်ယုသည် ပြန်လည်ထိန်းချုပ်ခွင့်ရသွားပြီး ဝမ်အာထံ ပျံသန်းသွားစေလိုက်သည်။ အချိန်ခဏအကြာတွင် ၎င်းသည် ရှောင်ရိကိုစမ်းသပ်သကဲ့သို့ အလင်းရောင်များ တောက်ပထိန်လင်းလာခဲ့သည်။

"နောက်ထပ်ပေါင်းစပ်နှုန်း ခုနစ်ဆယ် တစ်ယောက်ပါလား"

လင်ယု၏စိတ်များ ဗလာဖြစ်သွားကာ ထိတ်လန့်လွန်းသဖြင့် ဦးနှောက်တစ်ခုလုံး အလုပ်မလုပ်တော့ဘဲ ထုံကျင်သွားလေသည်။ ယဲ့ချန်၏လွှမ်းမိုးမှုက ဝမ်အာအပေါ် နည်းပါးသော်လည်း သူမထံတွင် နတ်အစေခံတစ်ယောက်ဖြစ်သော ဖီးနစ်၏မျိုးဆက်သွေး ပိုင်ဆိုင်ထားသည်။ အမှန်တရားတွင် သူမ၏မျိုးဆက်သွေးပါဝင်မှုက နိမ့်ကျနေသော်လည်း ယဲ့ချန်၏ဝိညာဥ်နှင့် ပေါင်းစပ်ကျင့်ကြံခဲ့သောအခါ ၎င်းကို အဆင့်တစ်ခုအထိ အသက်သွင်းနိုင်ခဲ့သည်။ ထို့ကြောင့်သာ သူမ၏ပေါင်းစပ်နှုန်းက ခုနစ်ဆယ်အထိ မြင့်တက်လာခဲ့ပြီး သို့မဟုတ်လျှင် ငါးဆယ်နှင့်ခြောက်ဆယ်ကြားက အကန့်အသတ် ဖြစ်ပေလိမ့်မည်။

"အကြီးအကဲရန် သူတို့နှစ်ယောက်လုံးရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ခုနစ်ဆယ်ဆိုတော့ တန်းကုန်းကျောင်းတော်ကို ဝင်ဖို့အတွက် အရည်အချင်းမီတယ်မလား"

ယဲ့ချန်က တစ်ချက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။ သူက ရှောင်ရိနှင့် ဝမ်အာ၏ပေါင်းစပ်နှုန်းမှာ မနိမ့်ကျနိုင်ဟု ကြိုတင်တွက်ဆထားသော်လည်း အတည်ပြုပြီးသောအခါ ဂုဏ်ယူစိတ်ကို ခံစားနေရသည်။ သူ၏ညီအရင်းနှင့် ညီမအရင်းကဲ့သို့ သဘောထားသူများက ထူးချွန်နေသောကြောင့် အစ်ကိုကြီးတစ်ယောက်၏ ဝမ်းမြောက်သောစိတ်ထား ဖြစ်ပေါ်လာသည်။

"ဒါပေါ့။ သူတို့က အဆင့်မီပါတယ်။ တန်းကုန်းကျောင်းတော်ကိုရောက်ရင် နှစ်ယောက်လုံးကို အကောင်းဆုံးလေ့ကျင့်ပေးမှာ သေချာပါတယ်"

ရန်ဟိုင်က ယဲ့ချန်၏အမေးကြောင့် သတိပြန်ဝင်လာကာ အသေအချာအာမခံလိုက်၏။

"ဒါဆိုရင် သူတို့နှစ်ယောက်ကို အကြီးအကဲရန်ဆီ စိတ်ချလက်ချအပ်လိုက်ပါမယ်"

ယဲ့ချန်သည် ရှောင်ရိနှင့် ဝမ်အာအတွက် အရင်းအမြစ်လုံလောက်စွာ မထောက်ပံ့ပေးနိုင်သောကြောင့် ကောင်းမွန်သည့် နေရာတစ်ခုသို့ ပို့ဆောင်ပေးရန် စီစဥ်လိုခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးတွင် လုံခြုံသောကြောင့် သူက ရှောင်ရိနှင့်ဝမ်အာကို စိုးရိမ်စရာမလိုသည့်အပြင် ပေါင်းစပ်နှုန်း၇၀ဟူသော ပါရမီကြောင့် အစွမ်းထက်ကျင့်ကြံသူများမှာ သူတို့ကို အနိုင်ကျင့်မည့်အစား အစွမ်းကုန်လေ့ကျင့်ပေးပေလိမ့်မည်။

"မစိုးရိမ်ပါနဲ့။ ငါ့တာဝန်ထားလိုက်ပါ"

ရန်ဟိုင်သည် ယဲ့ချန်၏စိုးရိမ်စိတ်ကို နားလည်သောကြောင့် အာမခံလိုက်သည်။

"အစ်ကိုကြီး ဝမ်အာနဲ့ ကျွန်တော်က အစ်ကိုကြီးကို ထပ်ပြီးခွဲခွာရဦးမှာလား"

ရှောင်ရိက ယဲ့ချန်ကိုစိုက်ကြည့်ရင်း သနားစဖွယ် မေးလိုက်သည်။ သူက ယဲ့ချန်နှင့်ပြန်တွေ့ရသည်မှာ အချိန်မကြာသေးသော်လည်း နောက်တစ်ခေါက် ခွဲခွာရဦးမည်ဖြစ်သောအခါ စိတ်ထဲတွင် မလိုလားခဲ့ပေ။

"မင်းတို့က လိမ္မာရမယ်နော်"

ယဲ့ချန်က ရှောင်ရိ၏ခေါင်းကို ပွတ်သပ်၍ ရှောင်ရိနှင့် ဝမ်အာကို ကောင်းကင်ဘုံငယ်များအတွင်း မဝင်ရောက်ရန်အချက်မှ အစပြု၍ မှာကြားစရာရှိသည်များကို မှာကြားလိုက်သည်။

"အစ်ကိုကြီးကို နောက်တစ်ခေါက် ပြန်တွေ့နိုင်ဦးမှာလား"

ဝမ်အာက ယဲ့ချန်၏ဝတ်ရုံစကို ခပ်တင်းတင်းဆုပ်ကိုင်၍ မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် မော့ကြည့်လာခဲ့သည်။

"ဒါပေါ့။ သိပ်မကြာခင် မင်းတို့နဲ့ အစ်ကိုကြီး ပြန်တွေ့ရမှာပါ"

ယဲ့ချန်က လေးနက်စွာ ကတိပေးလိုက်သည်။ထို့ နောက် ရန်ဟိုင်သည် ဝမ်အာနှင့်ရှောင်ရိကို ခေါ်ဆောင်သွားသောအခါ သူတို့က ခြေလှမ်းတိုင်း နောက်သို့လှည့်ကြည့်၊လှည့်ကြည့်ဖြင့် လိုက်ပါသွားကြရလေသည်။

ယဲ့ချန်သည် အနည်းငယ်ဝမ်းနည်းနေသော်လည်း ကလေးနှစ်ယောက်၏ အနာဂတ်အတွက် စိတ်ပိုင်းဖြတ်ထားသည်။ အနာဂတ်၌ သူတို့သည် ပြန်တွေ့ရန်အချိန်များစွာရှိပြီး လောလောဆယ်အရေးကြီးသည်မှာ လိုအပ်သည်ကို ဦးစားပေးလုပ်ဆောင်ရန် ဖြစ်သည်။ ဘေးတွင်ရှိနေသော လင်ယုသည် ကလေးနှစ်ယောက်၏ ယဲ့ချန်အပေါ် ကိုးစားမှုကို ရိပ်မိသည်။ သူ့ကိုထိတ်လန့်စေသည်မှာ ယဲ့ချန်က ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူ၏အစီအစဥ်အတွင်း ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး ပါဝင်လာပြီဖြစ်သည်။ နင်အာ၊ ထန်တိုက်လင်နှင့် ယဲ့ချန်အကြားမှဆက်ဆံရေး မည်မျှနက်ရှိုင်းသည်ကို လင်ယုက မသိသော်လည်း ထိုနှစ်ယောက်မှာ သိုင်းဒေသကြီးနှစ်ခု၏ ရွေးချယ်ခြင်းခံရသော အထူးပါရမီရှင်များဖြစ်နေကြသည်။ ရှောင်ရိနှင့် ဝမ်အာသည် တာအိုအိမ်တော်လက်အောက်ရှိ ကျောင်းတော်သို့ဝင်ခွင့်ရခဲ့ပြီး ယဲ့မုန့်တို့ငါးယောက်သည်လည်း စစ်ဧကရာဇ်သုံးယောက်၏ အရိပ်အာဝါသအောက် ခိုလှုံနိုင်ခဲ့သည်။ ရက်အနည်းငယ်အတွင်း ယဲ့ချန်၏လူများ ဆက်သွယ်ပူးပေါင်းနိုင်ခဲ့သော အင်အားစုအားလုံးက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသည်။

"ကျန်တဲ့လူတွေကို စမ်းသပ်လိုက်ရအောင်"

ရန်ဟိုင် ထွက်ခွာသွားပြီးနောက် ယဲ့ချန်က ခုံတန်းတစ်ခုပေါ်ထိုင်ချကာ လင်ယုကို ညွှန်ကြားလိုက်သည်။ သူက ရန်ဟိုင်ကိုယုံကြည်သော်လည်း တစ်ဖက်လူမှာ တာအိုအိမ်တော်၏ အမှုထမ်းတစ်ယောက်ဖြစ်နေသောကြောင့် ကိစ္စတိုင်းကို အသိပေးရန် မသင့်တော်ပေ။ လင်ယုက ခေါင်းညိတ်၍ ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမအဖွဲ့ဝင်များကို ကြယ်ဝိညာဥ်ပုလဲဖြင့် တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးလိုက်လေသည်။

သွေးအရိပ်ဒေသ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော တောင်များအနက် ချီလင်တောင်တန်း၌ ဧကရာဇ်လင်း၏အိမ်တော် ရှိနေခဲ့သည်။ ၎င်းတောင်တန်းသည် ကီလိုမီတာထောင်ချီရှည်လျားပြီး နဂါးကြီးတစ်ကောင်ပမာ ရစ်ခွေနေကာ တောင်ထိပ်များများက ကြီးကျယ်ခမ်းနားစွာဖြင့် ကောင်းကင်အတွင်း ထိုးတက်နေကြသည်။ ဧကရာဇ်လင်းသည် သွေးအရိပ်ဒေသ၏တပည့်များကို ပညာသင်ကြားပေးရန် တာဝန်ယူထားသူဖြစ်သောကြောင့် တပည့်ပေါင်းတစ်ရာကျော် လက်ခံထားသည်။ ထိုတပည့်များအနက် ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူ ပါရမီရှင်ငါးယောက်ရှိပြီး သုံးယောက်မှာ မွေးရာပါပေါင်းစပ်နှုန်း ငါးဆယ်ကျော်သူများမဟုတ်ဘဲ နတ်ဆေးများဖြင့် အဆင့်မြှင့်တင်ပေးခြင်း ခံထားရသူများ ဖြစ်ကြသည်။ ကြယ်အရင်းအမြစ်ဆေးကဲ့သို့ နတ်ဆေးများက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို အနည်းငယ် မြင့်တက်စေနိုင်သည်။

ဧကရာဇ်လင်းသည် သွေးအရိပ်ဒေသ၏ အခြားစစ်ဧကရာဇ်များကဲ့သို့ ကျင့်ကြံခြင်းတွင် အာရုံစိုက်ရမည့်အစား သင်ကြားရေးတွင် အာရုံစိုက်ထားသည်။ သူ၏တပည့်အချို့မှာ သွေးအရိပ်သိုင်းဒေသအတွင်း ရာထူးအဆင့်အတန်း မြင့်မားသောကြောင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အာဏာအတော်အတန် ပိုင်ဆိုင်ထားသည်။ ခြံဝန်းအတွင်းရှိ ခန်းမကျယ်ကြီးတစ်ခုအတွင်း ကြံ့ခိုင်သော ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်က ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ အဓိကထိုင်ခုံပေါ်တွင် နေရာယူထားသည်။ သူ၏တစ်ကိုယ်လုံးကို ရွှေရောင်အလင်းများ လွှမ်းခြုံနေသဖြင့် နေမင်းပမာထင်မှတ်ရပြီး မည်သူမှ သူ၏ရုပ်သွင်ကို ထင်ရှားစွာ မြင်နိုင်မည်မဟုတ်ပေ။ ရွှေရောင်အလင်းကွင်းတစ်ခုက သူ့ကို လှည့်ပတ်နေသဖြင့် ကြီးကျယ်ခမ်းနား၍ မြင့်မြတ်သော အသွင်ကိုဆောင်သည်။

"ဆရာ"

ဧကရာဇ်လင်း၏ရှေ့မှောက်တွင် ယိရန်က ဒူးထောက်၍ အော်ဟစ်နေသည်။ သူ၏ခန္ဓာကိုယ်က ဒဏ်ရာများပြည့်နှက်နေကာ အဝတ်အစားများစုတ်ပြဲနေပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည်။ သူ၏မျက်နှာက စက္ကူပမာ သွေးဆုတ်ဖြူရော်နေပြီး နှုတ်ခမ်းထောင့်မှ သွေးအချို့စီးကျနေကာ တစ်ကိုယ်လုံးက သေလုမျောပါးယိမ်းယိုင်နေသည်။ သူက အပြင်းအထန်ဒဏ်ရာရထားသော်လည်း ဧကရာဇ်လင်းထံ ပြန်ရောက်ရန်အတွက် အားမလျှော့ဘဲ ခရီးဆက်ခဲ့သည်။ သူက အံကိုတင်းတင်းကြိတ်၍ လျှောက်လှမ်းခဲ့ရပြီး စိတ်ထဲတွင် သေခြင်းကို ကြောက်လန့်သောစိတ်နှင့် ယဲ့ချန်နှင့် လင်ယုကို မုန်းတီးသောစိတ်များ ပြည့်နှက်နေသည်။ သူက မောပန်းနေပြီဖြစ်သောကြောင့် ဧကရာဇ်လင်းရှေ့မှောက်သို့ ရောက်သောအခါ စိတ်အေးသွား၍ တစ်ကိုယ်လုံး ပုံလျက်သားလဲကျသွားခဲ့သည်။

"ယိရန် ဘာတွေဖြစ်လာတာလဲ။ ဘယ်သူက မင်းကို ဒီအခြေအနေရောက်အောင် တိုက်ခိုက်လိုက်တာလဲ"

ဧကရာဇ်လင်း၏စကားသံတွင် ဒေါသသံအချို့ စွက်နေသည်။ သူက ညာလက်ကို ယမ်းလိုက်သောအခါ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၍ ယိရန်၏ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားခဲ့၏။ ယိရန်၏ဒဏ်ရာအခြေအနေက များစွာသက်သာလာသဖြင့် အနည်းဆုံး အသက်မသေစေရန် ထိန်းသိမ်းနိုင်သွားလေသည်။

All Chapters