← Chapters

ယိရန် ပြန်ရောက်လာခြင်း

Vol. 41 Ch. 573

ယိရန် ပြန်ရောက်လာခြင်း

Vol. 41 Ch. 573

ယဲ့ချန်တွင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုံးဆယ်ကျော်ပိုင်ရှင် နောက်လိုက်များစွာရှိလာသောကြောင့် အရင်းအမြစ်များအဖြစ် ဝိညာဥ်သားရဲအသားများနှင့် ဆေးပင်များ လိုအပ်နေသည်။ ထိုနောက်လိုက်များသာ ချီပင်လယ်အဆင့်နှင့် ရွှမ်အဆင့်သို့ရောက်လျှင် ကိုယ်တိုင် ပိုက်ဆံရှာနိုင်တော့မည်ဖြစ်သည်။ ထို့နောက် သူက နောက်ထပ်မျိုးနွယ်ဝင်များကို ကယ်တင်ရန်အတွက် ပိုက်ဆံရှာဖွေနိုင်လာမည် ဖြစ်သောကြောင့် မကြာခင် ဤဖြစ်ရပ်များ သံသရာလည်ပေလိမ့်မည်။

"လင်ယု ငါက သူတို့ကိုယ်တိုင် ကောင်းကင်ဘုံငယ်တွေထဲမှာ အမဲလိုက်နိုင်တဲ့အထိ ပျိုးထောင်ပေးချင်တယ်"

ယဲ့ချန်က သူ၏အကြံကို လင်ယုနှင့် တိုင်ပင်လိုက်၏။

"အစ်ကိုကြီး မင်းလိုအပ်တာရှိရင် ဘာမဆို ငါ့ကို ပြောနိုင်ပါတယ်။ ငါက သူတော်စင်သစ်သီးတွေကို လအနည်းငယ်ကြာတိုင်း ထောက်ပံ့ပေးမယ်"

လင်ယုက ချက်ချင်းပြန်ဖြေလိုက်သည်။ လက်ရှိအချိန်သည် ယဲ့ချန်အတွက် အကူအညီအလိုအပ်ဆုံးသော အချိန်ဖြစ်နေသောကြောင့် သူက မကူညီလျှင် အနာဂတ်၌ နောက်ထပ်အခွင့်အရေးများ ထွက်ပေါ်လာရန် ခဲယဥ်းလှ၏။

"ငါက မင်းရဲ့သစ်သီးတွေကို အလကားမယူနိုင်ဘူး"

ယဲ့ချန်က ခေါင်းယမ်းလိုက်သော်လည်း လက်ရှိတွင် ပိုက်ဆံပြတ်လပ်နေသည်။ သူက ပိုက်ဆံမည်မျှရှာဖွေနိုင်ပါစေ မလုံလောက်ကြောင်း ခံစားနေရသည်။

"ဒီလိုမပြောပါနဲ့ အစ်ကိုကြီး။ သုံးလကနေ ခြောက်လကြာတိုင်း ငါက သူတော်စင်သစ်သီးသုံးသောင်း ထောက်ပံ့ပေးမယ်။ ဒီလောက်ဆိုရင် သူတို့ကို ကျင့်ကြံပေးဖို့ လုံလောက်မှာပါ"

လင်ယုက အလျင်အမြန်တွက်ချက်၍ ကတိပေးလိုက်သည်။

"ဒီသစ်သီးတွေကို ငါ့အကြွေးလို့ မှတ်ထားလိုက်ပါ။ နောက်နှစ်ဆယ်ကြာရင် ငါ မင်းကို အဆနှစ်ဆယ်ပြန်ပေးမယ်။ ပြီးရင် မင်းက လင်မျိုးနွယ်ခေါင်းဆောင် ဒါမှမဟုတ် ကျစ်ဟွာဘုရင်ဖြစ်ချင်ရင် ငါ ထောက်ပံ့ပေးမယ်"

ယဲ့ချန်က ကတိပြုလိုက်သောအခါ လင်ယုမှာ အပျော်လွန်သွားခဲ့သည်။ နှစ်၂၀အတွင်း ယဲ့ချန်၏အာဏာက စဥ်းစားမရလောက်အောင် ကြီးမားလာနိုင်သောကြောင့် ယဲ့မျိုးနွယ်သာ ထောက်ပံ့ပေးလျှင် သူက စိတ်ကြိုက်ရာထူးတစ်ခုကို ရွေးချယ်နိုင်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

လင်ယုအတွက် သူတော်စင်သစ်သီးများက ယဲ့ချန်၏အကူအညီလောက် အဖိုးမတန်ချေ။ ငါးရက်အကြာတွင် သူ၏လူယုံများက နေပင်လယ်အတွင်းမှ ကြယ်အမြုတေကို တူးထုတ်နိုင်ခဲ့ပြီး အဆက်အသွယ်များမှတဆင့် ကျစ်ဟွာတော်ဝင်မြို့သို့ ပို့ဆောင်ရောင်းချနိုင်ခဲ့သည်။ ၎င်းကို ဆည်းဆာရွှေ၂၃ဘီလီယံဖြင့် ရောင်းချနိုင်ခဲ့သောကြောင့် ပါရမီရှင်ကိုးယောက်ကို ရောင်းချရာမှရသော ငွေကြေးများနှင့် ပေါင်းလိုက်လျှင် ယဲ့ချန်၌ စုစုပေါင်း၂၇ဘီလီယံကျော် ပိုင်ဆိုင်လာခဲ့၏။ တတိယအသုတ်တွင် ကျင့်ကြံသူပေါင်း၂၇၀၀ ကျော်ပါဝင်ပြီး ယဲ့ချန်၏နယ်မြေအတွင်း နေထိုင်လိုက်ကြသည်။ နေရာထိုင်ခင်း ကျဥ်းကြပ်နေသောကြောင့် တဲအိမ်များ ထိုးထားသော်လည်း လူတိုင်းက ကြိုးကြိုးစားစား ကျင့်ကြံနေကြသည်။ ငွေပေါင်း၂၇ဘီလီယံကျော်က မျက်စိတမှိတ်အတွင်း ပြောင်သလင်းခါသွားသောကြောင့် ယဲ့ချန်မှာ ကျင့်ကြံရေးအရင်းအမြစ်အတွက် ငွေများ ပြတ်လပ်သွားခဲ့သည်။

နယ်မြေအတွင်း အိမ်များဆောက်လုပ်ရောင်းချခြင်းမှ ပိုက်ဆံများရနေသော်လည်း လိုအပ်သောပမာဏက ကြီးမားနေလွန်းသဖြင့် မလုံလောက်ချေ။ ကံကောင်းသည်မှာ အရှေ့ပိုင်းတိုက်ကြီးမှ ခေါ်ဆောင်လာသော တတိယအသုတ်တွင် ပေါင်းစပ်နှုန်းငါးဆယ်အထက်ရှိသူ ၁၆ယောက် ပါဝင်နေသည်။ သူတို့ကို စစ်ဧကရာဇ်များထံ ရောင်းချလိုက်ခြင်းဖြင့် ငွေရှစ်ဘီလီယံထပ်မံရရှိခဲ့သော်လည်း များစွာသောကျင့်ကြံသူများအတွက် အရင်းအမြစ်များအပြင် နောက်ထပ်ကယ်တင်ရမည့်သူများအတွက် ငွေကြေး လိုအပ်နေသည်။

ယဲ့ချန်သည် ရွေးချယ်စရာမရှိသောကြောင့် ပေါင်းစပ်နှုန်းငါးဆယ်အောက်ရှိ ယဲ့မျိုးနွယ်ဝင်များကို အခြားမြို့တွင် သွားရောက်အခြေချရန် ညွန်ကြားခဲ့ရသည်။ ကျင့်ကြံသူပေါင်းခြောက်ရာကျော်က ရန်ယွင်မြို့မှထွက်ခွာသွားပြီး အချို့က ကျစ်ဟွာနတ်တိုင်းပြည်အပြင်ဘက်သို့ပင် ဦးတည်နေကြသည်။ ထိုလူများ ထွက်ခွာသွားပြီးနောက် ဖိအားက အနည်းငယ် လျော့ကျသွားခဲ့သည်။

ဤအချိန်အတွင်း ယဲ့ချန်တစ်ယောက်က ကိစ္စမျိုးစုံကို ဆောင်ရွက်စီမံနေစဥ် ကျန်တစ်ယောက်က ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားသော်လည်း အကြောင်းအရင်းမသိရဘဲ အမြန်နှုန်းက ပေါင်းဆယ်နှုန်းငါးဆယ်ပိုင်ရှင်များအောက် နှေးကွေးနေသည်။ လဝက်ဆိုသောအချိန်အတွင်း သူက ချီပင်လယ်အဆင့်ခုနစ်သို့သာ ရောက်နိုင်ခဲ့ပြီး ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များကြားတွင် ချီပင်လယ်အဆင့်တစ်ဆယ်အထိ ရောက်ရှိသူများပင် ထွက်ပေါ်လာကြသည်။ သို့သော်လည်း ယဲ့ချန်က အရာအားလုံးဆုံးရှုံးနေသည်မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းရှိ ကြယ်ကိုးလုံးသည် သိသိသာသာတိုးတက် ပြောင်းလဲနေကြသည်။ သစ်သားကြယ်ပေါ်တွင် အစိမ်းရောင်သစ်ပင်များစွာ ပေါက်လာပြီး မီးတောက်ကြယ်ထက်တွင် မီးလျှံသဏ္ဍာန်အရာများ ဖြစ်တည်နေကြသည်။ ကြယ်တစ်လုံးချင်းစီက ပြောင်းလဲမှုများဖြစ်ပွားနေပြီး နတ်ဝိညာဥ်ဖြင့် လေ့ကျင့်ပေးလိုက်သောအခါ ယဲ့ချန်၏နောက်လိုက်များကြားတွင် ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်များ ထွက်ပေါ်လာခဲ့သည်။

ယဲ့ချန်က ကျင့်ကြံရာတွင် နှေးကွေးနေသော်လည်း သူ၏နောက်လိုက်များက ခုန်ပေါက်တိုးတက်လာကာ များမကြာမီပင် ရွှမ်အဆင့်များပင်ထွက်ပေါ်လာမည်ဟု ခန့်မှန်းထားခဲ့သည်။ သူတို့က ရွှမ်အဆင့်သို့ရောက်လျှင် ရီရန်ထံ အထက်တန်းစားတစ်ယောက်အဖြစ် အဆင့်တက်ရန် တောင်းဆိုနိုင်သည်။ ထို့ကြောင့် သူတို့ကို အခြားမြို့များမှလည်း အထက်တန်းစားများအဖြစ် လက်ခံကြပေလိမ့်မည်။ ယဲ့ချန်ကမူ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ဖြည်းဖြည်းမှန်မှန်ကျင့်ကြံနေပြီး အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည့် ကျင့်ကြံခြင်းအုတ်မြစ်ကို ခိုင်ခံ့စေရန် တည်ဆောက်ခဲ့သည်။

လက်ရှိတွင် ချီပင်လယ်အဆင့်သို့ ရောက်သွားသူများ ထွက်ပေါ်လာသည့်အတွက် သူတို့က ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်၍ ပိုက်ဆံရှာဖွေရန် အမဲလိုက်နိုင်ကြပြီဖြစ်သည်။ ရှာဖွေရသမျှတွင် တစ်စိတ်တစ်ပိုင်းကို ယဲ့ချန်ထံပေးအပ်ပြီး ကျန်ငွေများကိုသာ ကျင့်ကြံခြင်းအတွက် ကိုယ်တိုင်အသုံးပြုကြသည်။ သူ၏ဦးဆောင်မှုဖြင့် အရာအားလုံးက အစီအစဥ်တကျဖြစ်ပွားနေကာ တစ်ခုတည်းသော စိုးရိမ်စရာမှာ ယဲ့ကျန့်တန်း၊ ယဲ့ချိန်ရွှမ်းနှင့် အခြားလူများ အရှေ့ပိုင်းတိုက်ကြီးတွင် ကျန်ရစ်ခဲ့သောကြောင့်ဖြစ်သည်။ သူ၏အဖေနှင့် အဘိုး၏စိတ်ထားကို ယဲ့ချန်က ကောင်းကောင်းနားလည်ထားကာ ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမအဖွဲ့ဝင်များကို မကယ်တင်နိုင်မချင်း သူတို့က လိုက်လာမည်မဟုတ်ပေ။

နှစ်လဆိုသောအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ရန်ယွင်မြို့သို့ ယိရန်သည် လူအချို့နှင့်အတူ ပြန်ရောက်လာခဲ့သည်။ ထိုသတင်းက တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ယိရန်နှင့် ရှုချင်း ပျောက်ကွယ်သွားပြီးနောက် အခြေအနေအားလုံးက ပြောင်းလဲသွားကာ အထက်တန်းစားများအားလုံးမှာ လင်ယု၏ဘက်တော်သားများ ဖြစ်လာခဲ့သည်။ မည်သူမှ လင်ယုနှင့် ယဲ့ချန်ကို မဆန့်ကျင်ရဲသောကြောင့် သူတို့၏အာဏာက အထက်တန်းစားများအကြား ကြီးမားစွာ တည်ရှိနေသည်။ ယိရန်နှင့် ရှုချင်း၏ နယ်မြေအားလုံးမှာလည်း အကြွေးစာချုပ်အရ လင်ယုလက်အတွင်း ကျရောက်သွားခဲ့သည်။

ယိရန်သည် လူအချို့ကို ဦးဆောင်၍ ရီရန်၏အိမ်တော်အတွင်း ဝင်ရောက်လာခဲ့သည်။ ရီရန်က သူ့ကိုမရင်းနှီးသော်လည်း အရေးကြီးပုဂ္ဂိုလ်တစ်ယောက် လိုက်ပါလာသောကြောင့် သေချာပေါက် လက်ခံရပေလိမ့်မည်။ တစ်မြို့လုံး၏စကားဝိုင်းများတွင် ဤသတင်းက ဆွေးနွေးစရာ ခေါင်းစဥ်တစ်ခုဖြစ်နေသည်။ လူတိုင်းသည် ယိရန်၏နယ်မြေများကို လင်ယုက အကြွေးဖြင့်သိမ်းလိုက်ကြောင်း သိထားသည်။ ထို့ကြောင့် ယခုတစ်ခေါက် ယိရန်ပြန်ရောက်လာခြင်းက လက်စားချေရန် ဖြစ်နိုင်မဖြစ်နိုင် ငြင်းခုန်နေကြသည်။

"ယိရန်နဲ့ ရှုချင်းရဲ့ နယ်မြေကို လင်ယုက သိမ်းလိုက်တာ ကြားပြီးပြီလား"

"လင်ယုက ဘယ်လိုလုပ်လိုက်တာလဲ"

"ငါလည်း သေချာတော့ မသိဘူး။ ယိရန်နဲ့ရှုချင်းက လင်ယုဆီကနေ ငွေချေးပြီး နောက်ဆုံးမှာ အကြွေးမဆပ်နိုင်လို့ သိမ်းပိုက်ခံလိုက်ရတာလို့ ကြားတယ်"

ရန်ယွင်မြို့၏ စားသောက်ဆိုင်များမှတဆင့် ကောလဟာလသတင်းများက နေရာတိုင်း ပျံ့နှံ့နေကြသည်။

ခြံဝန်းတစ်ခုအတွင်း ယဲ့ချန်သည် ကောင်းကင်ဘုံငယ်များအတွင်း အမဲလိုက်ခြင်းမှရရှိလာသော ဝိညာဥ်သားရဲအသားများကို ချီပင်လယ်အဆင့်များထံ ဖြန့်ဝေပေးနေစဥ် လင်ယုက အလျင်စလို ပြေးဝင်လာခဲ့သည်။

"အစ်ကိုကြီး ယိရန် ပြန်ရောက်လာပြီ"

သူ၏မျက်နှာထားက အလွန်လေးနက်နေသည်။

"ငါ သိတယ်"

သတင်းများက နေရာတိုင်း ရောက်ရှိနေသောကြောင့် ယဲ့ချန်က သိရှိထားပြီးဖြစ်သည်။

"ဒီတစ်ခေါက် ယိရန် ပြန်ရောက်လာတာက သတင်းကောင်းမဟုတ်ဘူး။ သူက တစ်ယောက်တည်းပြန်လာတာမဟုတ်ဘဲ သူ့ဆရာဧကရာဇ်လင်းကိုပါ ခေါ်လာတယ်လို့ ကြားတယ်။ လင်မျိုးနွယ်ရဲ့ စည်းကမ်းထိန်းအကြီးအကဲလည်း လိုက်လာတယ်"

လင်ယုက ရှင်းပြလိုက်သည်။ သူက အတိတ်တွင် ယိရန်ကို သတ်နိုင်လုနီးပါးဖြစ်ခဲ့သော်လည်း ချီလင်အသက်ကယ်အဆောင်ကြောင့် ကျရှုံးခဲ့ရသဖြင့် စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ လက်ရှိတွင် အသက်ဘေးမှလွတ်မြောက်သွားသော ယိရန်က လက်စားချေရန် ပြန်ရောက်လာလေသည်။

"ဧကရာဇ်လင်းနဲ့ လင်မျိုးနွယ်ရဲ့ စည်းကမ်းထိန်းအကြီးအကဲ။ ဒါဆိုရင် မင်း ပြဿနာတက်နိုင်လား"

ယဲ့ချန်၏မျက်လုံးများက အေးစက်တင်းမာသွားခဲ့သည်။

"လင်မျိုးနွယ်ရဲ့အဘိုးကြီးတွေက ငါ့ကိုအပြစ်ရှာပြီး လင်မျိုးနွယ်ထဲကနေ နှင်ထုတ်ပစ်ဖို့အတွက် မျက်စိဒေါက်ထောက် ကြည့်နေကြတယ်။ ဒီတစ်ခေါက် စည်းကမ်းထိန်းအကြီးအကဲကိုယ်တိုင် ရောက်လာတယ်ဆိုတော့ တစ်ခုခုလုပ်ဖို့ဖြစ်မယ်။ ငါ့ကို လင်မျိုးနွယ်ကနေ မောင်းထုတ်နိုင်တယ် ဆိုပေမယ့် ဂရုမစိုက်ဘူး။ ဒီအဘိုးကြီးတွေ တစ်နေ့ နောင်တရလိမ့်မယ်"

လင်ယုက အံကြိတ်၍ ပြောလိုက်သည်။

"မင်းကို လင်မျိုးနွယ်က ထုတ်ပယ်လိုက်တယ်ဆိုရင် တစ်နေ့ကျရင် သူတို့ကိုယ်တိုင် မင်းရှေ့မှာ ဒူးထောက်လာစေရမယ်"

ယဲ့ချန်သည် သူ့အတွက် များစွာကူညီပေးခဲ့သော လင်ယုဒုက္ခရောက်မည်ကို လက်မခံနိုင်ပေ။ သူက လင်ယု၏ပခုံးကို လက်ဖြင့်ပုတ်ကာ အာမခံလိုက်သည်။ သူ၏စကားကို ကြားသောအခါ လင်ယု၏စိတ်ဓာတ်ကျနေသော အမူအရာများ ပျောက်ကွယ်သွားခဲ့သည်။ သူ့ဘက်တွင် ယဲ့ချန်သာရှိနေလျှင် မည်သည်ကိုမှ ကြောက်စရာမလိုတော့ပေ။

"စည်းကမ်းထိန်းအကြီးအကဲက ငါ့ကို တစ်ခုခုလုပ်ချင်ရင် ဦးလေးကို အရင်မေးရလိမ့်မယ်။ သူတို့က အခုအချိန်အထိ မလှုပ်ရှားသေးဘူးဆိုတော့ ဦးလေးက မဆုံးဖြတ်ရသေးဘူးထင်တယ်။ ဧကရာဇ်လင်းက ဆက်ဆံရေးတင်းမာတာကို ရှောင်လွှဲဖို့အတွက် ဦးလေးနဲ့ အရင်ဆုံး တိုင်ပင်ရလိမ့်မယ်။ ငါ့ဦးလေးဆီကို အခုချက်ချင်း စာတစ်စောင်ရေးလိုက်မယ်"

လင်ယုသည် လင်ယွမ်အတွက် ပါရမီရှင်နှစ်ယောက်ကို ပို့ဆောင်ပေးထားသောကြောင့် မည်သို့ပင်ဖြစ်စေ သူ့ဘက်တွင် ရပ်တည်ပေလိမ့်မည်။ ထို့ကြောင့် သူက ဧကရာဇ်လင်းကို စိုးရွံ့နေသော်လည်း ကြောက်စိတ် လုံးဝမရှိပေ။

နှင်းဧကရာဇ်၏မျက်နှာကို မထောက်ထားလျှင် ဧကရာဇ်လင်းအတွက် ပြဿနာတက်သွားနိုင်သည်။ သို့သော်လည်း သူ၏အဆင့်အတန်းမြင့်မားသောကြောင့် တစ်ယောက်ယောက်ကို အပြင်းအထန်ဒဏ်ရာရစေလျှင်ပင် တာအိုအိမ်တော်မှ စွက်ဖက်မည်မဟုတ်ပေ။ ထို့ကြောင့် ယဲ့ချန်အနေဖြင့် အစီအစဥ်များ ကြိုတင်ပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်သည်။ ယိရန်က သူတို့ကို လက်စားချေရန် ပြန်ရောက်လာခြင်းဖြစ်သော်လည်း ယဲ့ချန်နှင့် လင်ယုကို ရင်ဆိုင်ရခြင်းက သေချာပေါက် လွယ်ကူနေမည်မဟုတ်ပေ။

All Chapters