← Chapters

လင်မျိုးနွယ်၏စည်းကမ်းထိန်းအကြီးအကဲ

Vol. 41 Ch. 574

လင်မျိုးနွယ်၏စည်းကမ်းထိန်းအကြီးအကဲ

Vol. 41 Ch. 574

ရက်အနည်းငယ်အတွင်း ရန်ယွင်မြို့က အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း နောက်ကွယ်၌ လှုပ်ရှားမှုများ ရှိနေသည်။ မြို့တော်ဝန်၏အိမ်တော်အတွင်း ဧကရာဇ်လင်း၊ ယိရန်နှင့် လင်မျိုးနွယ်၏အကြီးအကဲများက ဧည့်သည်ခန်းဆောင်တွင် တည်းခိုနေကြသည်။ ယိရန်၏ကိစ္စကို ဖြေရှင်းရန်အတွက် ဧကရာဇ်လင်းသည် သူ၏တပည့်သုံးယောက်နှင့်အတူ ကျစ်ဟွာတော်ဝင်မြို့ရှိ လင်မျိုးနွယ်ထံ ဒေါသတကြီး သွားရောက်ခဲ့သည်။ လင်မျိုးနွယ်၏ခေါင်းဆောင်သည် လင်ယုက ဤကိစ္စ၏တရားခံဖြစ်ကြောင်း သိရသောအခါ ဧကရာဇ်လင်းကို အလျင်အမြန်တောင်းပန်၍ စည်းကမ်းထိန်းအကြီးအကဲ လင်ကုန်းကို ယိရန်တို့နှင့်အတူ လိုက်ပါစေခဲ့သည်။ တစ်ဖက်လူသည် သွေးအရိပ်ဒေသ၏ ရာထူးကြီးသူတစ်ယောက်ဖြစ်သောအခါ သူပေးနိုင်သည့်ဖိအားက လင်မျိုးနွယ်အပေါ်တွင် အလွန်ကြီးမားသည်။ လင်မျိုးနွယ်တစ်ခုလုံး၏ စီးပွားရေးလုပ်ငန်းများ အားလုံးတွင် အထိအခိုက်အပျက်အစီးများ ဖြစ်လာနိုင်သည်။ လင်ယု၏ကိစ္စကို ဖြေရှင်းရန်အတွက် ဧကရာဇ်လင်းကို စိတ်ကျေနပ်စေရမည်ဖြစ်ပြီး သူ၏ဒေါသကို လင်မျိုးနွယ်အပေါ် ပုံချခွင့်မပြုနိုင်ပေ။

မြို့ဝန်အိမ်တော်၏ ဧည့်ခန်းဆောင်အတွင်းထိုင်နေသော ဧကရာဇ်လင်းကို ရွှေရောင်အလင်းများ ဖုံးအုပ်နေသောကြောင့် မျက်နှာကို ထင်ထင်ရှားရှားမြင်တွေ့ရန် မဖြစ်နိုင်ပေ။ ယိရန်၊ လင်ကုန်းနှင့် အခြားလူများသည် ဧကရာဇ်လင်းအောက် နိမ့်ကျသောနေရာများတွင် လေးစားစွာ နေရာယူထားကြသည်။ မြို့တော်ဝန်ရီရန်တွင် နောက်ခံကောင်းတစ်ခုရှိသော်လည်း စစ်ဧကရာဇ်တစ်ယောက်ကို မစော်ကားလိုသောကြောင့် ကောင်းကောင်းမွန်မွန် ဧည့်ခံထားခြင်းဖြစ်သည်။

"အရှင်လင်း ယိရန်ရဲ့ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်ပါပြီလား"

လင်ကုန်းက စိုးရိမ်တကြီး မေးလိုက်ခြင်းဖြစ်သည်။ သူနှင့်အတူလိုက်ပါလာသော လင်မျိုးနွယ်၏အကြီးအကဲများမှာ ဧကရာဇ်လင်းကို ဖားယားရန် အစွမ်းကုန်ပြုံးထားကြသည်။ သူတို့က စိတ်ထဲတွင် စော်ကားစရာလူများစွာရှိပါလျက် ဧကရာဇ်လင်းကိုဆန့်ကျင့်၍ သူ့တပည့်၏ပိုင်ဆိုင်မှုများကို သိမ်းယူလိုက်သော လင်ယုကို ဆက်တိုက်ကျိန်ဆဲနေသည်။ အကယ်၍ ဧကရာဇ်လင်းသာမကျေနပ်လျှင် လင်မျိုးနွယ်တစ်ခုလုံး ပြဿနာတက်သွားနိုင်သောကြောင့် သူတို့အားလုံးက အလွန်သတိထားနေပြီး တစ်ကိုယ်လုံး တုန်ယင်နေကြသည်။

"ကံကောင်းလို့ ဒဏ်ရာတွေက မပြင်းထန်ဘူးဆိုတော့ ကုသပြီးပြီ။ မင်းတို့က နှင်းဧကရာဇ်ကို သတင်းပို့ထားတယ် မဟုတ်ဘူးလား။ သူက ဘာအကြောင်းပြန်သလဲ"

ဧကရာဇ်လင်းက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်ခြင်းဖြစ်သည်။ လင်မျိုးနွယ်အကြီးအကဲများက လက်ရှိတွင် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ အမှန်စင်စစ် သူတို့က နှင်းဧကရာဇ်၏ပြန်စာကို ရထားပြီးဖြစ်သော်လည်း နှင်းဧကရာဇ်သည် လင်ယုအား အစွမ်းကုန်ကာကွယ်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ လင်ကုန်းကသာ သူ၏သဘောထားကို ဧကရာဇ်လင်းထံ တင်ပြလိုက်လျှင် ဒေါသတကြီးနှင့် ရိုက်နှက်ခံရနိုင်ချေရှိသည်။ ထိုစာအပြင် သူတို့ကိုယ်တိုင် ဖွင့်ဖတ်ခွင့်မရှိသော စာတစ်စောင်လည်း ရောက်လာခဲ့သည်။ ဧကရာဇ်လင်းထံ နှင်းဧကရာဇ်က တိုက်ရိုက်ရေးပို့ထားခြင်းဖြစ်ပြီး အတွင်းရှိအကြောင်းအရာကို သူတို့ မခန့်မှန်းနိုင်ပေ။ လင်ကုန်းသည် ထိုစာကို ဧကရာဇ်လင်းထံပေးရန် သင့်မသင့်အား ခေါင်းပေါက်မတတ် စဥ်းစားနေရသည်။

"လင်မျိုးနွယ်က အချိန်ဆွဲချင်နေတာလား။ ငါ့မှာ ဖြုန်းစရာ အချိန်မရှိဘူး"

လင်မျိုးနွယ်အကြီးအကဲများ၏ ချီတုံချတုံဖြစ်နေသော အချင်းအရာကြောင့် ဧကရာဇ်လင်းက ဒေါသထွက်စပြုလာသည်။

"ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျုပ်တို့မှာ နှင်းဧကရာဇ်ပို့လိုက်တဲ့ စာတစ်စောင် ရောက်နေပါတယ်"

ဧကရာဇ်လင်း၏ဒေါသကြောင့် လင်ကုန်းမှာ ထိတ်လန့်သွားပြီး အလျင်စလိုဦးညွှတ်ကာ စာတစ်စောင်ကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေပေးလာခဲ့သည်။ ဧကရာဇ်လင်းက မျက်မှောင်ကြုတ်၍ စာကိုဖောက်ကာ အလျင်အမြန်ဖတ်ရှုပြီးနောက် ဒေါသတကြီးဖြင့် မျက်နှာတစ်ခုလုံး ရုတ်တရက် မည်းနက်သွားခဲ့သည်။

"ကောင်းတယ်။ အရမ်းကောင်းတယ်"

သူက ဒေါသူပုန်ထနေသောကြောင့် တစ်ကိုယ်လုံးရှိ ရွှေရောင်အလင်းများ ပို၍တောက်ပလာခဲ့သည်။ နှင်းဧကရာဇ်၏စာထဲတွင် ညှိုနှိုင်းရန်အတွက် ရန်ယွင်မြို့သို့ ရက်အနည်းငယ်အတွင်း လာမည်ဟု ရေးသားထားသော်လည်း လင်ယုကို ကာကွယ်မည်ဟု ပြတ်သားစွာ ဖော်ပြထားသည်။ နှင်းဧကရာဇ်က လင်ယုအပေါ် ဤမျှအလေးထားမည်ဟု သူက မျှော်လင့်မထားပေ။

"ဒီနေ့ ငါက လင်ယုကိုစီရင်မယ်။ နှင်းဧကရာဇ်ကိုယ်တိုင်ရောက်လာရင်တောင် ယိရန်အတွက် တရားမျှတစေရမယ်။ လင်မျိုးနွယ်ဝင်တွေက ဒီလောက်အဖိုးတန်တယ်ဆိုရင် ငါ့တပည့်တွေကရော အဖိုးမတန်ဘူးလား"

သူ၏ ဒေါသတကြီးကြုံးဝါးသံကြောင့် လင်ကုန်းနှင့် အခြားလူများမှာ ကြောက်လန့်သွားကြသည်။ နှင်းဧကရာဇ်သည် လင်ယုကို ဧကရာဇ်လင်းအားဆန့်ကျင်၍ ကာကွယ်ပေးချင်နေသော အကြောင်းအရင်းအား သူတို့ နားမလည်နိုင်ပေ။ တစ်ဖက်တွင် လင်မျိုးနွယ်ကို ထောက်ပံ့ပေးထားသော နှင်းဧကရာဇ်လင်ယွမ်ဖြစ်ပြီး ကျန်တစ်ဖက်တွင် လင်မျိုးနွယ်ခေါင်းဆောင်ကိုယ်တိုင် အလေးထားရသော ဧကရာဇ်လင်းဖြစ်နေသောကြောင့် သူတို့မှာ ကျွဲနှစ်ကောင်ခတ်သည့်ကြားမှ မြေစာပင်ဖြစ်နေခဲ့သည်။ နှင်းဧကရာဇ်သာ ဒေါသထွက်သွားလျှင် လင်မျိုးနွယ်က သေချာပေါက်ရှုပ်ထွေးပြီး မျိုးနွယ်ခေါင်းဆောင်ပင် ပြဿနာတက်သွားပေလိမ့်မည်။ သို့သော်လည်း ဧကရာဇ်လင်း၏ဒေါသကြောင့် လင်မျိုးနွယ် အသက်ရှူချောင်မည်မဟုတ်ပေ။ ဘေးတွင်ရပ်နေသော ယိရန်သည်လည်း ဒေါသထွက်နေပြီး နှင်းဧကရာဇ်က လင်ယုကိုကာကွယ်မည်ဟု မျှော်လင့်မထားပေ။ လင်ယုက သူ့ကိုသတ်ရန် ကြံစည်ရဲခြင်းမှာ အဆန်းမဟုတ်တော့ပေ။

"လင်ကုန်း လင်ယုကို သွားခေါ်လာစမ်း"

ဧကရာဇ်လင်းက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ သူ၏ဒေါသကို ခံစားမိသောအခါ လင်ကုန်းသည် နောက်လိုက်များနှင့်အတူ အလျင်စလို ထွက်ခွာသွားခဲ့သည်။ လင်ယွမ်က လင်ယုကိုကာကွယ်ရန် သူတို့အား ညွှန်ကြားထားသော်လည်း ဧကရာဇ်လင်းရှေ့တွင် နီးရာဓားကြောက်နေရသည်။ ဧကရာဇ်လင်းက လင်ယုကို မည်သို့စီရင်မည်ဟု သူတို့မပြောနိုင်သော်လည်း အရှေ့ပိုင်းတိုက်ကြီးမှဖြစ်ရပ်ကို စီရင်ရုံသာဖြစ်၍ လင်ယုကိုသတ်မည်တော့ မဟုတ်ပေ။ အများဆုံး သူလုပ်မည်မှာ လင်ယုကို သင်ခန်းစာပေးရုံသာဖြစ်ပြီး ယိရန်၏နယ်မြေများကို ပြန်လည်သိမ်းယူပေလိမ့်မည်။ သူတို့က အရင်ဆုံး ဧကရာဇ်လင်းကို စိတ်ကျေနပ်စေပြီးမှ လင်ယွမ်ကို တောင်းပန်ရန် ဆုံးဖြတ်လိုက်ကြသည်။

"ဆရာ လင်မျိုးနွယ်ရော နှင်းဧကရာဇ်ပါ လင်ယုကို ကာကွယ်ချင်နေပုံပေါ်တယ်။ ဒီကိစ္စက ခက်ခဲတယ်ဆိုရင် ထားလိုက်ပါတော့"

လင်ကုန်းတို့ ထွက်ခွာသွားသောအခါ ယိရန်က ဧကရာဇ်လင်းဘက်လှည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

"ဘယ်လိုလုပ်ထားရမှာလဲ။ လင်မျိုးနွယ်က ဒီကောင့်ကို ကာကွယ်ရဲရင် ငါ့ဒေါသကို ရင်ဆိုင်ရလိမ့်မယ်။ နှင်းဧကရာဇ်ဆိုရင်တောင် ဂရုမစိုက်ဘူး။ လင်ယွမ်က ငါ့ထက် ကျင့်ကြံဆင့်နည်းနည်းမြင့်တာနဲ့ ငါ့ကို အမိန့်ပေးနိုင်မယ် ထင်နေတာလား။ ဒီနေ့ ငါက မင်းအတွက် တရားမျှတအောင် လုပ်ပေးမယ်"

ဧကရာဇ်လင်းက အေးစက်စက်ကြုံးဝါးလိုက်ပြီး လင်ယွမ်၏စာကြောင့် ဒေါသူပုန်ထနေကြောင်း ထင်ရှားသည်။ ဧကရာဇ်လင်း၏အမြင်တွင် လင်ယွမ်က ဟိတ်ဟန်ထုတ်နေခြင်းဟု အထင်မှားနေခဲ့သည်။

လင်ယု၏နယ်မြေအတွင်း လင်ယုရော တန်းဟိုင်ပါ ရှိနေပြီး လင်ကုန်းနှင့် အကြီးအကဲငါးယောက်က ဒေါကြီးမောကြီး ဝင်ရောက်လာကြသည်။

"လင်ယု အဆင်အခြင်မဲ့တဲ့ကောင် ဧကရာဇ်လင်းရဲ့တပည့်ကို သတ်ပြီး သူ့ပိုင်ဆိုင်မှုတွေကို လုယူဖို့ ကြံစည်ရဲတယ်ပေါ့။ အမှားကို ဝန်ခံစမ်း"

ဆံပင်များဖြူဖွေးနေသော လင်မျိုးနွယ်အကြီးအကဲတစ်ယောက်က အော်ဟစ်ငေါက်ငမ်းလိုက်ခြင်းဖြစ်သည်။

"ငါက ဘာမှားလို့ အမှားကို ဝန်ခံရမှာလဲ"

လင်ယုက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက်ဖြေလိုက်သည်။ ထိုအကြီးအကဲများက သူ့ကိုဖမ်းချုပ်ပြီး ဧကရာဇ်လင်းထံ ခေါ်ဆောင်သွားရန် ရောက်လာကြောင်း ထင်ရှားနေသည်။

"မင်းက ငြင်းချင်သေးတာလား။ ဧကရာဇ်လင်းကိုယ်တိုင် ရောက်နေပြီဆိုတော့ ကိုယ့်အမှားကိုယ်ဝန်ခံမယ်ဆိုရင် လင်မျိုးနွယ်မျက်နှာကြောင့် အများကြီးအပြစ်ပေးခံရမှာ မဟုတ်ဘူး။ ဧကရာဇ်လင်းကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် မင်း မသက်သာဘူး"

နောက်ထပ်အကြီးအကဲတစ်ယောက်က အချိုသတ်၍ ဖြောင်းဖျလိုက်၏။

"လင်ယု မင်း ဘာအဓိပ္ပါယ်မရှိတာတွေ လုပ်နေတာလဲ။ လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်ဖို့ မင်းက မထိုက်တန်ဘူး။ လင်မျိုးနွယ်ကိုပြန်ရောက်တာနဲ့ နံပတ်သုံးသခင်လေးနေရာက ဖယ်ရှားဖို့ ခေါင်းဆောင်ကို ငါကိုယ်တိုင်တင်ပြမယ်"

လင်ကုန်းက အေးစက်စက် ခြိမ်းခြောက်လိုက်သည်။

"ဟား ဟား ခွေးအိုကြီး မင်းက အစ်ကိုတစ်အတွက် အလုပ်လုပ်ပေးနေတာ ငါမသိဘူးများ ထင်နေလား။ မင်းက ငါအမှားလုပ်တာကိုစောင့်ပြီး လင်မျိုးနွယ်ကနေ မောင်းထုတ်ဖို့ တစ်ချိန်လုံးကြံနေတာကို ငါ သိထားတယ်"

လင်ယုက ဟက်ဟက်ပက်ပက်ရယ်မော၍ လင်ကုန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"မင်း....မင်း."

လင်ကုန်းက မျက်နှာပျက်သွားပြီး ကျန်အကြီးအကဲငါးယောက်က သူ့ကို လှည့်ကြည့်လာကြသည်။ သို့သော်လည်း ထိုငါးယောက်အနက် အချို့က သခင်လေးတစ်၏လူများဖြစ်ကာ အချို့က သခင်လေးနှစ်၏ ဘက်တော်သားများဖြစ်ပေသည်။

"မင်းကိုယ်မင်း ဒီလောက်မောက်မာနေရအောင် ဘယ်သူထင်နေတာလဲ။ မင်းက စည်းကမ်းထိန်းအကြီးအကဲရာထူးကို တစ်သက်လုံး ထိန်းသိမ်းနိုင်မယ် ထင်နေတာလား။ သတိထားနေတာ ကောင်းလိမ့်မယ် ခွေးကောင်ကြီး။ လင်မျိုးနွယ်ရဲ့ဆက်ခံသူနေရာကို ငါက ဘာလုပ်ရမှာလဲ။ ငါ့ကို အထင်သေးနေကြပါလား။ လင်မျိုးနွယ်ခေါင်းဆောင်ရာထူး ပေးလာရင်တောင် ငါက လက်ခံဖို့ စဥ်းစားရဦးမယ် ထွီ"

လင်ယုက အထင်သေးစွာဖြင့် တံတွေးဖြင့် ကြမ်းပြင်ပေါ် ထွေးထုတ်လိုက်သည်။

"မောက်မာလှချည်လား"

လင်ကုန်းနှင့် လင်မျိုးနွယ်အကြီးအကဲများ၏ မျက်နှာများက မည်းနက်သွားကြသည်။

"လင်ယု မင်း ရူးသွားတာလား။ မင်းလိုကောင်သာ လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရင် လင်မျိုးနွယ်တစ်ခုလုံးဒု က္ခရောက်သွားနိုင်တယ်"

ဆံပင်ဖြူဖြူနှင့် အကြီးအကဲက အော်ဟစ်ငေါက်ငမ်းလိုက်သည်။

"ငါ့ကိုရူးနေတယ် ထင်နေတာလား။ ငါ့မိဘတွေကွယ်လွန်သွားတည်းက မင်းတို့က ငါ့ကို လင်မျိုးနွယ်ဝင်တစ်ယောက်လို့ သတ်မှတ်ခဲ့ကြလို့လား။ ဦးလေးသာ ကာကွယ်မပေးထားရင် ငါ့ကို လင်မျိုးနွယ်က မောင်းထုတ်ပြီးနေပြီ။ ငါ လင်ယုက မျိုးနွယ်ခေါင်းဆောင်နေရာကို မလိုချင်ဘဲ အေးအေးဆေးဆေးချင်ရုံသက်သက်ပဲ။ ဒါပေမယ့် မင်းတို့က ငါ့ကို ဒီလိုမျိုးနေခွင့်မပေးဘဲ အမြဲတမ်းနှောင့်ယှက်ကြတယ်။ အခုကစလို့ လင်မျိုးနွယ်ကို ငါ စောက်ဂရုမစိုက်ဘူး။ ဒါပေမယ့် တစ်နေ့မှာ လင်မျိုးနွယ်ကို ငါ ပြန်လာပြီး ခေါင်းဆောင်ရာထူးကို သိမ်းပိုက်မယ်။ မင်းတို့အားလုံးရဲ့ သောက်ခွက်တွေကို ဖြတ်ရိုက်ပြမယ်"

လင်ယုသည် တစ်ချိန်လုံးမျိုသိပ်ထားခဲ့ရသော ဒေါသများကြောင့် စကားလုံးများ တရစပ်ထွက်ကျလာခဲ့သည်။ ညစဥ်ညတိုင်း မိဘများ၏အုတ်ဂူရှေ့တွင် သူက ငိုကြွေးခဲ့ရကြောင်းကို မည်သူမှမသိဘဲ မျက်ရည်များ ခြောက်ခန်းသွားခဲ့ရသည်။ လင်မျိုးနွယ်ဝင်အားလုံး၏ အေးစက်စက်အကြည့်များအောက်တွင် သူက ဝံပုလွေအုပ်အတွင်းရောက်နေသည့်ပမာ အားငယ်နေခဲ့ရပြီး မောင်းထုတ်မခံရစေရန် အချိန်တိုင်း သတိထားနေခဲ့သည်။

"စောက်လင်မျိုးနွယ်ကနေ ငါကိုယ်တိုင် ထွက်သွားမယ်။ မင်းတို့အားလုံးကို စောက်ဂရုမစိုက်ဘူး"

လင်ယုက အဆုတ်များ ကွဲထွက်သွားအောင် အော်ဟစ်ကြုံးဝါးလိုက်သည်။ သူခံစားခဲ့ရသော ဒေါသများကို မည်သူမှမသိနိုင်ပေ။ အတိတ်မှ အခြေအနေမျိုးဆိုလျှင် သူက ခေါင်းငုံ့၍ အရှက်ခွဲခံမည်ဖြစ်သော်လည်း လက်ရှိတွင် မည်သည်ကိုမှ ဂရုမစိုက်တော့ပေ။

"မင်း....မင်း.."

လင်ယု၏အကြည့်စူးစူးကြောင့် လင်ကုန်းမှာ ကျောရိုးထဲအထိ စိမ့်တက်သွားကာ လက်ညှိုးဖြင့် ထိုးနေသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။

"လင်မျိုးနွယ်ကနေ ထွက်သွားချင်ရင် မင်းရဲ့ပိုင်ဆိုင်မှုအားလုံးကို မျိုးနွယ်က ထုတ်ပေးတာဆိုတော့ အကုန်ပြန်ပေးရမယ်။ မင်းက အရင်ဆုံး စည်းကမ်းထိန်းခန်းမရဲ့ ခွင့်ပြုချက် လိုအပ်တယ်။ လင်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်နေသရွေ့ လင်မျိုးနွယ်ရဲ့စည်းကမ်းအတိုင်း လိုက်နာရမယ်"

အချိန်ခဏအကြာတွင် လင်ကုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော်လည်း လင်ယုက လင်မျိုးနွယ်မှ သူ၏စိတ်အတိုင်း ထွက်ခွာမည်ဆိုသောအခါ ကြိတ်၍ကျေနပ်နေခဲ့သည်။ လင်ယုထွက်မသွားခင် အနာဂတ်၌ ခေါင်းပြန်မထောင်လာနိုင်စေရန် ပိုင်ဆိုင်သမျှကို သိမ်းယူရန် သူက ဆုံးဖြတ်လိုက်လေသည်။

All Chapters