လင်ယု၏သတ္တိ
Vol. 41 Ch. 575
"လင်းကုန်း မင်း ငါ့ကို တစ်ပြားမှမယူဘဲ ထွက်သွားစေချင်တာလား။ ဒီနေ့ မင်းပြောသမျှကို ငါ မှတ်ထားတယ် ခွေးအိုကြီး"
လင်ယုက လင်ကုန်းကို အေးစက်စက်စိုက်ကြည့်နေစဥ် ယဲ့ချန် ရောက်ရှိလာခဲ့သည်။ လင်မျိုးနွယ်အကြီးအကဲများ လင်ယုထံရောက်နေကြောင်းသိသိချင်း သူက အလျင်စလို ထွက်လာခြင်းဖြစ်သည်။ အငြင်းအခုံဖြစ်ပွားနေသော စကားသံများက ကျယ်လောင်လွန်းသဖြင့် အပြင်မှပင် ကြားနေရသည်။
"နှင်းဧကရာဇ်က မင်းကိုကာကွယ်ပေးရင်တောင် မျိုးနွယ်ခေါင်းဆောင်ကို ဒီအကြောင်းတင်ပြပြီး မင်းကို လင်မျိုးနွယ်က ထုတ်ပယ်ခိုင်းမယ်။ လင်မျိုးနွယ်ရဲ့ငွေတစ်ပြားကိုတောင် ယူသွားဖို့ မစဥ်းစားနဲ့။ အခု ငါနဲ့အတူလိုက်ခဲ့ပြီး ဧကရာဇ်လင်းကို ချက်ချင်းတွေ့ရမယ်။ မင်းက အမှားလုပ်ထားတဲ့သူဖြစ်လို့ ဧကရာဇ်လင်းအပြစ်ပေးတာကို ခံရမယ်လို့ ခေါင်းဆောင်က အမိန့်ပေးလိုက်တယ်"
လင်ကုန်းသည် လင်ယု၏အကြည့်ကြောင့် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထလာပြီး အကြောင်းအရင်းတစ်ခုကြောင့် ယခုလင်ယုနှင့် အတိတ်မှလင်ယု ကွာခြားနေကြောင်း ခံစားလိုက်ရသည်။ သို့သော် သူက လင်ယုနှင့် ဆန့်ကျင်ဘက်မှဖြစ်သောကြောင့် ဒေါသတကြီးဖြင့် အော်ဟစ်ငေါက်ငမ်းလိုက်သည်။
"လင်ကုန်း ဧကရာဇ်လင်းက လင်မျိုးနွယ်ဝင်တစ်ယောက်လား။ ငါ့ကို ဘာကြောင့် သူက အပြစ်ပေးနိုင်မှာလဲ"
"အစ်ကိုကြီး"
လင်ယုက အေးစက်စက်တုံ့ပြန်လိုက်ပြီး ယဲ့ချန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းဦးညွှတ်၍ ကြိုဆိုလိုက်သည်။
"ဧကရာဇ်လင်း ရောက်နေပြီလား"
ယဲ့ချန်က မေးလိုက်သည်။
"ဟုတ်ပါတယ်။ ရီရန်ရဲ့အိမ်တော်မှာ ရှိနေပါတယ်"
လင်ယုက ခေါင်းညိတ်ပြလိုက်သည်။
"လင်ယု မင်းက တော်တော်အမြင်ကောင်းရှိတာပဲ။ သာမန်လူတစ်ယောက်ကိုတောင် အစ်ကိုကြီးလို့ ခေါ်နေတယ်။ အစကတော့ မင်းကို သတ္တိရှိတယ်လို့ ထင်နေတာ။ လက်စသတ်တော့ မင်းက ရူးနေတာပဲ ဟား ဟား"
ဆံပင်အဖြူနှင့်အကြီးအကဲက လှောင်ရယ်လိုက်သည်။ ထိုအချိန်တွင် လင်ကုန်းသည်လည်း စိတ်အေးသွားခဲ့သည်။ လင်ယုသည် လင်မျိုးနွယ်မှ ထုတ်ပယ်ခံရမည့်အရေးကို ဂရုမစိုက်သောအခါ ပိုကောင်းသည့်နောက်ခံတစ်ခု တွေ့သွားခြင်းလားဟု သူက သံသယဝင်နေခဲ့သည်။ လက်ရှိတွင် သာမန်လူတစ်ယောက်ကို အစ်ကိုအဖြစ် အသိအမှတ်ပြုထားသောအခါ လင်ယု၏ဦးနှောက်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေပုံပေါ်သည်။
ယဲ့ချန်က လှောင်ပြောင်လိုက်သူကို တစ်ချက်ကြည့်လိုက်သောအခါ မျက်ဝန်းအတွင်းရှိ ကြယ်ကိုးလုံးလည်ပတ်သွားကာ ခြင်္သေ့ကြီး၏အရှိန်အဝါ ထွက်ပေါ်လာသည်။ ထိုလူက စစ်ဧကရာဇ်တစ်ယောက်၏ စိုက်ကြည့်ခြင်းခံနေရသကဲ့သို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး နောက်သို့ ခြေလှမ်းများစွာ တွန်းထုတ်ခံလိုက်ရသည်။ တစ်ဖက်လူက ချီပင်လယ်အဆင့်ဖြစ်သော်လည်း ဧကရာဇ်လင်းထက်ပင် ပို၍ကြောက်စရာကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်နေသည်။ သို့သော် အရှိန်အဝါက ဖြတ်ခနဲ ထွက်ပေါ်လာခြင်းသာဖြစ်၍ မင်သက်နေသော ဆံပင်ဖြူအကြီးအကဲမှာ ပုံရိပ်ယောင်အတွင်း ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အကြည့်တစ်ချက်ဖြင့် တာအိုနတ်အဆင့်တစ်ယောက်ကို အဝေးသို့ တွန်းထုတ်ပြလိုက်သော ယဲ့ချန်ကြောင့် လင်ကုန်း၏စိတ်များ ပြန်လည်လေးလံလာခဲ့သည်။ အပေါ်ယံတွင် တစ်ဖက်လူက ချီပင်လယ်အဆင့် ကျင့်ကြံသူဖြစ်သော်လည်း အစွမ်းထက်နောက်ခံမျိုး ရှိမရှိ သူ အတပ်မသိပေ။ လင်ယုသည် မောက်မာတတ်သော်လည်း အကင်းပါးသူတစ်ယောက်ဖြစ်သောကြောင့် သာမန်ချီပင်လယ်အဆင့်တစ်ယောက်ကို အကြောင်းအရင်းမရှိဘဲ ရိုသေလေးစားနေမည်မဟုတ်ပေ။
ခန်းမအတွင်းရှိ လေထုက တင်းမာနေပြီး မူလကမောက်မာနေသော လင်မျိုးနွယ်အကြီးအကဲအားလုံး အမြှီးကုပ်၍ ငြိမ်သက်နေကြသည်။
"လင်ယု မင်းက အပြစ်လုပ်ထားပြီး ဧကရာဇ်လင်းကို လိုက်မတွေ့ရဲဘူးလား။ မင်းရဲ့နယ်မြေထဲမှာ ပုန်းနေရုံနဲ့ ဒီကိစ္စကို ရှောင်နိုင်မှာမဟုတ်ဘူး။ ဧကရာဇ်လင်းရဲ့စကားတစ်ခွန်းနဲ့တင် မင်းကို ကောင်းကင်မူလတိုက်ကြီးပေါ်မှာ စီးပွားရေးလုပ်မရတော့အောင် တားမြစ်နိုင်တယ်"
အချိန်ခဏအကြာတွင် ဧကရာဇ်လင်းကို ကြောက်လန့်နေသော လင်ကုန်းက အရဲစွန့်ကာ ခြိမ်းခြောက်လိုက်သည်။
"ဧကရာဇ်လင်းက မင်းအဘိုးမို့လို့ လင်မျိုးနွယ်ရဲ့ကိစ္စတွေကို ဝင်ရှုပ်ခွင့်ရှိသွားတာလား။ ငါက ဒီကောင့်ကို ဘာကြောင့်မတွေ့ရဲရမှာလဲ။ သူ့ကို မြို့ဝန်အိမ်တော်မှာ စောင့်ခိုင်းထားလိုက်စမ်း။ ငါ့အလုပ်တွေပြီးရင် လာတွေ့မယ်"
လင်ယုက လက်နှစ်ဖက်နောက်ပစ်၍ ကြီးစိုးစွာ တုံ့ပြန်လိုက်သည်။
"မင်းကိုယ်မင်း ဘယ်သူထင်လို့ ဧကရာဇ်တစ်ယောက်ကို စောင့်ခိုင်းရတာလဲ"
လင်ကုန်းက စိတ်ထဲမှ လင်ယုကို အဆက်မပြတ် ကျိန်ဆဲနေသည်။ ယဲ့မျိုးနွယ်တွင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော်သူများစွာရှိပြီး ခြောက်ဆယ်အထက် ပါရမီရှင်များပင် ရှိနေသောကြောင့် အနာဂတ်တွင် သူ့ဘက်၌ စစ်ဧကရာဇ်များစွာရှိလာနိုင်သဖြင့် လင်ယုက ဧကရာဇ်လင်းကို လုံးဝမကြောက်ပေ။ ယဲ့ချန်သည် လင်ယုနှင့် လင်ကုန်း၏စကားများကို အခြေခံ၍ လင်မျိုးနွယ်တွင် လင်ယုကို မောင်းထုတ်ချင်နေသူ များစွာရှိကြောင်း နားလည်လိုက်သည်။ ဧကရာဇ်လင်းက လင်ယုကို လာတွေ့ရန် ဆင့်ခေါ်လိုက်ခြင်းတွင် မကောင်းသောရည်ရွယ်ချက်ရှိကြောင်း သိသာနေသည်။ ဧကရာဇ်လင်း မည်သို့အပြစ်ပေးမည်ကို သူက မခန့်မှန်းနိုင်ပေ။
"လင်ယု မင်းက လင်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေတုန်းပဲဆိုတာကို မမေ့နဲ့။ မင်းရဲ့လုပ်ရပ်ကြောင့် လင်မျိုးနွယ် ဘယ်လောက်ဒုက္ခရောက်သွားတယ်ဆိုတာကို သိလား"
လင်ကုန်းက ဒေါသတကြီး ငေါက်ငမ်းနေသည်။
"မင်းမသွားဘူးဆိုရင် စည်းကမ်းအတိုင်း ဆုံးဖြတ်ရလိမ့်မယ်"
အခြားအကြီးအကဲများကလည်း ဝိုင်းဝန်းဖိအားပေးလိုက်ကြသည်။
"ကျုပ် သွားမယ်"
လင်ယုက သဘောတူလိုက်သော်လည်း ကြောက်စိတ်စိုးစဥ်းမျှ မရှိချေ။
"ငါ မင်းနဲ့အတူလိုက်ခဲ့မယ် ညီလေးလင်"
ယဲ့ချန်က သူနှင့်အတူ ဆိုးတူကောင်းဘက် ရပ်တည်လိုက်သည်။
"ငါတစ်ယောက်တည်း သွားမယ်အစ်ကိုကြီး။ ဒီကောင်ကြီးက တာအိုအိမ်တော်ရဲ့ဥပဒေကြောင့် ငါ့ကို မသတ်ရဲဘူး။ စိတ်မပူပါနဲ့"
လင်ယုက ခေါင်းယမ်း၍ ငြင်းဆန်ကာ အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။ ယဲ့ချန်လိုက်ပါလာလျှင် ယိရန်က မကောင်းကြံနိုင်ကြောင်း တွေးမိလိုက်သည်။
"ဒါဆိုရင် ဂရုစိုက်ပါ"
ယဲ့ချန်က လင်ယု၏အကြည့်ကို နားလည်လိုက်သောကြောင့် ခေါင်းညိတ်လိုက်၏။
"စိတ်ချပါ"
ထို့နောက် လင်ယုသည် လင်မျိုးနွယ်အကြီးအကဲများနှင့်အတူ ရီရန်၏အိမ်တော်သို့ လိုက်ပါသွားခဲ့ရသည်။ ယဲ့ချန်ထံတွင် ပါရမီရှင်များစွာရှိနေသော်လည်း စစ်ဧကရာဇ်များထွက်ပေါ်လာရန် အချိန်တစ်ခု လိုအပ်နေသည်။ လက်ရှိတွင် ဧကရာဇ်လင်းတစ်ယောက်တည်းက သူ့ကို များစွာဖိအားပေး၍ နှိပ်ကွပ်နိုင်စွမ်းရှိနေခဲ့သည်။ တစ်ဖက်လူက လင်ယုကို မသတ်နိုင်သော်လည်း စစ်ဧကရာဇ်ဆိုသော အဆင့်အတန်းကြောင့် ပြင်းပြင်းထန်ထန်ရိုက်နှက်လျှင်ပင် တာအိုအိမ်တော်မှ စွက်ဖက်မည်မဟုတ်ပေ။ လင်ယု၏အသက်က အန္တရာယ်မရှိသော်လည်း ဒဏ်ရာရရှိမည့်အဖြစ်ကို ရှောင်လွှဲနိုင်မည်မဟုတ်ချေ။ သူက ကြိုတင်ပြင်ဆင်မှုအဖြစ် စစ်ဧကရာဇ်များထံ တပည့်ဖြစ်နေကြသော သူ့လူများထံ စာတစ်စောင်စီ ပေးပို့ခဲ့သည်။ အကယ်၍ စစ်ဧကရာဇ်တစ်ယောက်နှစ်ယောက်သာ ကိုယ်တိုင်ရောက်ရှိလာလျှင် ဧကရာဇ်လင်းကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ သို့သော် လက်ရှိ၌ ကံဆိုးစွာဖြင့် အကြောင်းပြန်စာတစ်စောင်မှ ရောက်ရှိမလာသေးပေ။
"လင်ယု ဧကရာဇ်လင်းကို တွေ့နေတာတောင် အရိုအသေမပေးဘူးလား"
မြို့ဝန်အိမ်တော်အတွင်း လင်ကုန်းသည် ဧကရာဇ်လင်း၏ရှေ့မှောက်သို့ ရောက်နေသော်လည်း မောက်မာနေဆဲဖြစ်သည့် လင်ယုကို ငေါက်ငမ်းလိုက်၏။
"မင်းက လင်မျိုးနွယ်ရဲ့ စည်းကမ်းထိန်းအကြီးအကဲလား။ ဧကရာဇ်လင်းရဲ့ အိမ်စောင့်ခွေးလား။ လင်မျိုးနွယ် သိက္ခာကျအောင် မလုပ်နဲ့ ခွေးအိုကြီး"
လင်ယုက အေးစက်စက်စိုက်ကြည့်၍ လှောင်ရယ်လိုက်သည်။ လူပုံအလယ်တွင် လင်ယုက ခွန်းတုံ့ပြန်လာသောကြောင့် လင်ကုန်းမှာ ပြေးထွက်၍ ရိုက်နှက်ချင်နေခဲ့၏။ သို့သော်လည်း စည်းကမ်းထိန်းခန်းမ၏ ခွင့်ပြုချက်မရှိ၍ လင်ယုသည် ဆက်ခံသူအလောင်းအလျာတစ်ယောက် ဖြစ်နေဆဲဖြစ်သောကြောင့် လင်ကုန်းမှာ ဤသို့လုပ်ရန် သတ္တိမရှိချေ။
"မင်းက လင်ယုလား"
ထိုအချိန်တွင် အဓိကနေရာ၌ထိုင်နေသည့် ဧကရာဇ်လင်းက တင်းမာသောလေသံဖြင့် မေးလာခဲ့သည်။ သူ၏အကြည့်တွင် သတ်ဖြတ်လိုစိတ်များထင်ဟပ်နေပြီး လင်ယု၏ချွေးပေါက်များပင် ပြင်းထန်လွန်းသော ဖိအားကြောင့် တင်းကျပ်သွားခဲ့၏။ အကြည့်တစ်ချက်သာ ဖြစ်သော်လည်း ထွက်ပေါ်လာသော ဖိအားကြောင့် လင်ယုမှာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဤကား စစ်ဧကရာဇ်တစ်ယောက်၏ အစွမ်းဖြစ်သည်။
"ဟုတ်တယ်"
ကြောက်မက်ဖွယ်ဖိအားကို ခံစားနေရသော်လည်း လင်ယု၏အသွင်အပြင်က အားနည်းခြင်းမရှိဘဲ ခေါင်းမတ်မတ်ထားကာ ပြန်ဖြေလိုက်သည်။ အတိတ်မှဆိုလျှင် စစ်ဧကရာဇ်များက သူ့ကို အကြောက်လွန်စေနိုင်သော်လည်း လက်ရှိ၌ ကွဲပြားနေပြီး ယဲ့ချန်၏နောက်ခံကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာသည်။
"မင်းက စစ်ဧကရာဇ်ဖြစ်နေရင်တောင် ငါ မကြောက်ဘူးကွ။ ငါမသေသေးသရွေ့ တစ်နေ့ကျရင် မင်းမျက်ခွက်ကြီးကို ဖြတ်နင်းပြမယ်"
လင်ယုသည် ဧကရာဇ်လင်း၏ဖိအားကို ကြံ့ကြံ့ခံရင်း စိတ်ထဲမှ ကြုံးဝါးနေသည်။ ယဲ့ချန်က သူ့ကို ညီအစ်ကိုအရင်းတစ်ယောက်ပမာ သဘောထားလာကြောင်း ခံစားခဲ့ရသည်။ ယဲ့ချန်၏နောက်ခံနှင့် ယဲ့မျိုးနွယ်၏ပါရမီရှင်များကို မြင်ဖူးသူတိုင်း စိတ်ထဲတွင် ယုံကြည်ချက်များ ပြင်းထန်နေသည်။ သူ၏အမြင်တွင် ဧကရာဇ်လင်းကို ကြောက်စရာတစ်ချက်ပင် မရှိချေ။
ဧကရာဇ်လင်းသည် လင်ယု၏မျက်လုံးများတွင် ကြောက်စိတ်ကို မြင်ရမည့်အစား လှောင်ရိပ်များကိုသာ မြင်နေရသည်။ စစ်ဧကရာဇ်တစ်ယောက်ဖြစ်သော သူ့အတွက် ဤအဖြစ်မျိုး လုံးဝမကြုံခဲ့ဖူးပေ။
"ဒီကောင်လေးက မောက်မာတတ်တဲ့ စိတ်ထားရှိလို့လား ဒါမှမဟုတ် အားကိုးစရာတစ်ခုခု ရှိနေလို့လား"
သူက ဝေခွဲမရဖြစ်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဧကရာဇ်လင်း၏ဘေးတွင် ရပ်နေသော ယိရန်သည် လင်ယုကိုမြင်သောအခါ ဒေါသစိတ်များ ဖြစ်ပေါ်လာသည်။ ထိုနေ့တွင် သူ့ကို လင်ယုက သတ်နိုင်လုနီးပါးအခြေအနေထိ ရောက်ခဲ့သောကြောင့် ရန်ငြှိုးကို လက်စားချေရပေလိမ့်မည်။
"လင်ယု မင်းကငါ့ တပည့်ကို အကွက်ချကြံစည်ပြီး သတ်ဖို့ကြိုးစားတဲ့အပြင် ပိုင်ဆိုင်မှုတွေကိုပါ လုယူခဲ့တယ်။ ဒါက အမှန်တွေပဲလား"
ဧကရာဇ်လင်းက အေးစက်စက်မေးလိုက်ခြင်းဖြစ်သည်။
"အေး ဟုတ်တယ်။ ငါ လုပ်ခဲ့တယ်"
လင်ယုက တစ်ချက်ပင်တုံ့ဆိုင်းမသွားဘဲ ပြန်ဖြေလိုက်၏။ သူက ဆင်ခြေများပေး၍ ကိုယ့်ကိုကိုယ်ကာကွယ်ခြင်းမရှိသောအခါ ဧကရာဇ်လင်းမှာ အံ့သြသွားခဲ့သည်။ လင်မျိုးနွယ်အကြီးအကဲများသည်လည်း တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်စွာ ကြည့်လိုက်မိကြသည်။ သူတို့က လင်ယုဆင်ခြေများပေးလျှင် ဝင်ရောက်ငေါက်ငမ်းရန် အဆင်သင့်ပြင်ထားသော်လည်း လင်ယုက မခုခံသောအခါ အောင့်သက်သက်ဖြစ်သွားကြသည်။
"မင်းရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေသေးတာလား။ မင်းသာ ငါ့ကို အမှန်အတိုင်းပြောရင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးမယ်"
ဧကရာဇ်လင်းက ခဏတာစဥ်းစား၍ တစ်ခုခုထူးဆန်းနေကြောင်း ခံစားနေရသဖြင့် ကမ်းလှမ်းလိုက်သည်။ ယေဘူယျသဘောပြောရလျှင် လင်ယုသည် နယ်မြေတစ်ခုအတွက် ယိရန်ကိုလုပ်ကြံခြင်းမှာ ယုံကြည်နိုင်စရာ မရှိချေ။ ဤလုပ်ရပ်ကြောင့် ဧကရာဇ်လင်းသာ ဖိအားပေးလာလျှင် သူ၏ဆက်ခံသူရာထူး ပျောက်သွားနိုင်ကြောင်း နားလည်ပေလိမ့်မည်။ လင်ယု၏ အားကိုးအားထားဖြစ်သောအရာကို သူက မည်သို့မှ မခန့်မှန်းနိုင်ပေ။
"ငါကိုယ်တိုင်လုပ်ခဲ့တာပဲ။ မင်းဘယ်လိုအပြစ်ပေးပေး လက်ခံတယ်။ ဒီလိုဆိုရင် လုံလောက်ပြီလား"
လင်ယုက လှောင်ပြုံးတစ်ချက်ဖြင့် ပြန်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူများက သူ့ကို သေချာပေါက်ထိခိုက်အောင် လုပ်ကြပေလိမ့်မည်။ ကိစ္စများက ဤအခြေအနေထိ ရောက်လာသော်လည်း လင်ယုက ကိုယ်လွတ်ရုန်းရမည့်အစား ယဲ့ချန်ကို ဖုံးကွယ်ပေးထားခဲ့သည်။
"လင်ယု မင်း သေချာစဥ်းစားစမ်း။ မင်းက ဒီကိစ္စကို ရှုပ်ထွေးအောင်လုပ်ပြီး အကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ရင် ဧကရာဇ်လင်းက အပြစ်မပေးရင်တောင် လင်မျိုးနွယ်က မင်းရဲ့ဆက်ခံသူရာထူးကို ရုတ်သိမ်းမယ်။ မင်းရဲ့ပိုင်နက်အားလုံးကို သိမ်းယူပြီးရင် လင်မျိုးနွယ်ကနေ ထုတ်ပယ်ပစ်မယ်"
လင်ကုန်းက ဝင်ရောက် သတိပေးလိုက်ခြင်းဖြစ်သည်။
"လင်ကုန်း ငါ့ကို မင်းက ထုတ်ပယ်ချင်တယ်ဆိုရင် ဦးလေးရဲ့အမြင်ကို မေးပြီးပြီလား"
လင်ယုက ဒေါသထွက်လွန်းသဖြင့် လှောင်ပြုံးပြုံးနေသော်လည်း ကျားရဲတစ်ကောင်ပမာ စိုက်ကြည့်နေခဲ့သည်။
"ဒီကိစ္စက လင်မျိုးနွယ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တယ်။ နှင်းဧကရာဇ်က မင်းကို ကာကွယ်ပေးမှာ မဟုတ်ဘူး"
လင်ကုန်းသည် ထိုအကြည့်ကြောင့် တစ်ကိုယ်လုံး ကြောက်စိတ်များ ပျံ့နှံ့သွားသော်လည်း ဟန်ကိုယ့်ဖို့၍ သတ္တိမွေးကာ ငေါက်ငမ်းလိုက်သည်။ လင်ယု၏သတ္တိများသည် နှင်းဧကရာဇ်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်နိုင်သော်လည်း နှင်းဧကရာဇ်သည် လင်မျိုးနွယ်၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခဲသောကြောင့် လင်ကုန်းက စိုးရိမ်မနေခဲ့ပေ။