ယိရန်၏ သံသယ
Vol. 41 Ch. 576
"ဒါက ဦးလေးရဲ့သဘောထားဆိုရင် မင်းကိုယ်တိုင် သူ့ကို မေးပြီးပြီလား။ လင်းကုန်း မင်းကို ဒဲ့ပြောလိုက်မယ်။ မျိုးနွယ်ခေါင်းဆောင်ရဲ့နာမည်ကို သုံးပြီး ခြောက်တိုင်း ငါက ကြောက်မယ်ထင်မနေနဲ့။ အချိန်ကျလာရင် ငါ့ကို တစ်ပြားမှမပေးဘဲ နှင်ထုတ်ပစ်ဖို့ မလွယ်ဘူးဆိုတာကို မင်း သိစေရမယ်"
လင်ယုက အံကြိတ်၍ ကြုံးဝါးလိုက်သောအခါ ဧကရာဇ်လင်းက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။ သူက နှစ်ပေါင်းများစွာရှင်သန်လာခဲ့ပြီး လောကရှိအရာများစွာကို မြင်ဖူးထားပြီဖြစ်သော်လည်း စစ်ဧကရာဇ်တစ်ယောက်ရှေ့တွင် ကြောက်လန့်ခြင်းမရှိသော တာအိုနတ်ဘုရားတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ယိရန်သည်လည်း ထီမထင်လွန်းသော လင်ယု၏အပြုအမူကြောင့် ဒေါသူပုန်ထနေခဲ့သည်။ သူ၏ဆရာသခင်ဖြစ်သော ဧကရာဇ်လင်းကိုယ်တိုင် ရောက်လာသော်လည်း တစ်ဖက်လူက မောက်မာနေဆဲပင်ဖြစ်သည်။ လင်ယုက သူ့ကိုတိုက်ခိုက်ရသော အကြောင်းအရင်းကို ကြည့်မရဟု ပြောလာခဲ့သောအခါ သူတို့ကို မျက်စိထဲမထည့်ထားကြောင်း သိသာနေသည်။ ယိရန်သည် ထိုအကြောင်းအရင်းကို စဥ်းစားရလွန်းသဖြင့် ခေါင်းပေါက်မတတ်ဖြစ်နေသော်လည်း အဖြေရှာမရခဲ့ပေ။ လင်ယု၏နောက်ခံက တောင့်တင်းသဖြင့် နယ်မြေကြောင့် တိုက်ခိုက်ခြင်းမှာလည်း အဓိပ္ပါယ်မရှိပေ။
"လင်ယု ယိရန်ရဲ့နယ်မြေကို ပြန်ပေးပြီး လျော်ကြေးအဖြစ် ဆည်းဆာရွှေဆယ်ဘီလီယံ ပြန်ပေးရမယ်။ ပြီးရင် မင်းရဲ့ချီပင်လယ်ကို ဖျက်ဆီးလိုက်ရင် ဒီကိစ္စကို ကြေအေးပေးမယ်"
ဧကရာဇ်လင်းက ခဏတာစဥ်းစား၍ အမိန့်ချမှတ်လိုက်သည်။
"ဟား ဟား အဘိုးကြီး ဒါက မင်းရဲ့သဘောထားပေါ့။ မင်းမှာ သတ္တိရှိရင် လုပ်ကြည့်လိုက်ပေါ့ကွာ။ ချီပင်လယ်ပျက်စီးသွားရင်တောင် ငါက ဆေးပညာနဲ့ ပြန်ကုသလို့ရတယ်။ ငါ့နယ်မြေကို ယိရန်ကို ပြန်ပေးစေချင်ရင်တော့ အိပ်မက်မက်နေလိုက်လေ။ လျော်ကြေးရဖို့ဆိုရင် စဥ်းတောင်မစဥ်းစားနဲ့"
လင်ယုသည် ဧကရာဇ်လင်း၏စကားကို ကြားသောအခါ အော်ဟစ်လှောင်ရယ်လိုက်သည်။
"လင်ယု မင်းက ငယ်ပါသေးတယ်။ ဒီနယ်မြေက မင်းအတွက် အရေးမကြီးပါဘူး။ လျော်ကြေးဆိုတာကလည်း လင်မျိုးနွယ်ရဲ့ကြွယ်ဝမှုနဲ့ယှဥ်ရင် မပြောပလောက်ဘူး။ ဒါပေမယ့် မင်းကို လင်မျိုးနွယ်က လက်ဗလာနဲ့ထုတ်ပယ်ပစ်လိုက်ရင် သာမန်လူတစ်ယောက် ဖြစ်သွားလိမ့်မယ်။ အပြစ်ပေးတာကို လက်မခံရင် လင်မျိုးနွယ်က ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရမယ်"
ဧကရာဇ်လင်းက ဒေါသထွက်နေသဖြင့် ကြွက်မနိုင်၊ကျီးမီးရှို့ကာ ခြိမ်းခြောက်လိုက်သည်။
"ဧကရာဇ်လင်းက ကရုဏာကြီးမားလှပါပေတယ်။ လင်ယု မြန်မြန်ဒူးထောက်ပြီး သူ့ကို အရိုအသေပေးလိုက်စမ်း"
လင်ကုန်းက ဝင်ရောက်ငေါက်ငမ်းလိုက်ခြင်းဖြစ်သည်။ တစ်ဖက်လူက လင်ယုကို အပြစ်မပေးရလျှင် အာဏာကို အသုံးပြုလိုက်ရုံဖြင့် လင်မျိုးနွယ်က ဘီလီယံတစ်ဆယ်ထက် ပို၍ဆုံးရှုံးသွားပေလိမ့်မည်။ ထို့ကြောင့် ဤအပြစ်ပေးမှုက လင်မျိုးနွယ်မထိခိုက်သဖြင့် အကောင်းဆုံးဟု သူက လက်ခံလိုက်သည်။
"သောက်လကားကောင်တွေ မင်းတို့မှာ မတ်မတ်ရပ်စရာ ကျောရိုးမရှိပေမယ့် ငါ့ကတော့ မတူဘူး။ မင်းတို့မှာ သတ္တိရှိရင် လုပ်ကြည့်လိုက်စမ်းပါ။ ငါက နယ်မြေနဲ့ လျော်ကြေးကို ပေးမယ်ဆိုရင်တောင် ဒီကောင့်ကို ဒူးထောက်စရာ အကြောင်းမရှိဘူး"
လင်ယုက အေးစက်စက် လှောင်ရယ်နေခဲ့သည်။ လင်ယု၏စကားကို ကြားသောအခါ ယိရန်မှာ ဒေါသများပေါက်ကွဲနေပြီး မည်သည့်အကြောင်းအရင်းဖြစ်ကြောင်း မေးမြန်းချင်နေခဲ့သည်။ သူက လင်ယုကို ရန်မစဖူးသော်လည်း တစ်ဖက်လူမှာ သူ့ကို ရင်ဆိုင်ရန်အတွက် အရာရာစွန့်ထားသည်။ အကြောင်းအရင်းကို မသိရသောအခါ ယိရန်မှာ မကျေမနပ်ဖြစ်နေခဲ့သည်။ သို့သော် သူမသိသောအကြောင်းအရင်းမှာ ယဲ့ချန်ဖြစ်နေကြောင်းကို ခန့်မှန်းမိလိမ့်မည်မဟုတ်ပေ။
ဤကိစ္စက လင်ယုအတွက် ဧရာမအလောင်းအစားတစ်ခုဖြစ်သည်။ သူ့ဘက်တွင် လင်မျိုးနွယ်ဝင်တစ်ယောက်မှ မရှိကြောင်း နားလည်ထားပြီး လင်ယွမ်က ကာကွယ်ပေးထားသော်လည်း ကျန်သခင်လေးများကလည်း လင်ယွမ်၏တူများဖြစ်သောကြောင့် ဘက်မလိုက်ခဲ့ပေ။ အကယ်၍ သူ၏အစ်ကိုတစ်နှင့် အစ်ကိုနှစ်သာ မျိုးနွယ်ခေါင်းဆောင်ဖြစ်လျှင် မောင်းထုတ်ခံရပေလိမ့်မည်။ သို့သော် ယဲ့ချန်ပေါ်လာသောအခါ အခြေအနေက ပြောင်းလဲသွားပြီး လင်ယွမ်ထံ ပါရမီရှင်နှစ်ယောက် ပေးပို့ခဲ့သောကြောင့် လင်ယွမ်မှာ သေချာပေါက် ကူညီပေလိမ့်မည်။ အနည်းဆုံး သူ၏အခြေအနေက အတိတ်မှထက်စာလျှင် မဆိုးရွားတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ယဲ့ချန်က သစ္စာရှိသူတစ်ယောက်ဖြစ်ကြောင်း သိလာရသောအခါ လက်ရှိတွင် သူက မည်မျှထိခိုက်ခံစားရပါစေ၊ အနာဂတ်၌ ပြန်လည်လက်စားချေနိုင်ပေလိမ့်မည်။
"အရှင် ကျုပ်တို့က လင်ယုကို လင်မျိုးနွယ်ဆီခေါ်သွားပြီး စည်းကမ်းအတိုင်း အပြစ်ပေးပါမယ်။ ယိရန်ရဲ့နယ်မြေနဲ့ လျော်ကြေးငွေကိုလည်း ပေးပါမယ်။ ဒီစီစဥ်မှုကို အရှင် ကျေနပ်ပါရဲ့လား"
လင်ကုန်းက ဧကရာဇ်လင်းကို မျက်နှာလိုမျက်နှာရဖြင့် ဖားယားနေသည်။ ဧကရာဇ်လင်းက ခေါင်းတစ်ချက်ညိတ်၍ လင်ယုထံ လက်ညှိုးဖြင့် ချိန်ရွယ်ကာ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ လင်ယုသည် ဝမ်းဗိုက်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်မိသည်။ သို့သော် ဧကရာဇ်လင်းက မကျေနပ်ဟန်ဖြင့် လက်ကို ထပ်မံဝှေ့ယမ်းလိုက်သောအခါ လင်ယု၏ညာလက်သည် သွေးများအဖြစ် ဘန်းခနဲ ပေါက်ကွဲသွား၏။ သို့သော်လည်း သူက ဒူးထောက်အရှုံးပေးခြင်းမရှိဘဲ လူမဆန်သော နာကျင်မှုကို သည်းခံ၍ ကျားရဲတစ်ကောင်ပမာ ဧကရာဇ်လင်းကို တည့်တည့်စိုက်ကြည့်နေသည်။
"လင်ယုရဲ့ကျင့်ကြံဆင့်ကို ငါ စည်းခတ်ထားလိုက်ပြီ။ စစ်ဧကရာဇ်တစ်ယောက်မဟုတ်ရင် ဒါကို မဖျက်ဆီးနိုင်ဘူး။ အရင်ဆုံး ငါ သူ့ကို အပြစ်ပေးထားတယ်ဆိုပေမယ့် လင်မျိုးနွယ်ရဲ့ အပြစ်ပေးပုံကိုရော စောင့်ကြည့်နေမယ်"
ဧကရာဇ်လင်းက လင်ယု၏အကြည့်ကို ဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်သည်။ လင်ယုက သူ့ကို မည်မျှမုန်းတီးနေပါစေ၊ အဆင့်အတန်းချင်းကွာခြားမှုကြောင့် တစ်သက်လုံး လက်စားချေနိုင်မည်မဟုတ်ဟု သတ်မှတ်ထားသည်။ သူ၏ရက်စက်မှုကြောင့် လင်မျိုးနွယ်အကြီးအကဲများမှာ ကြောက်စိတ်ကြောင့် တုန်ယင်နေပြီး မောက်မာလွန်းသော လင်ယုက အပြစ်နှင့် ထိုက်တန်သည်ဟု ဆုံးဖြတ်လိုက်သည်။
လင်ယုကမူ အံကိုတင်းတင်းကြိတ်၍ ဧကရာဇ်လင်း၏မျက်နှာကို စွဲမြဲနေအောင် မှတ်သားထားလိုက်သည်။ တစ်နေ့တွင် သူက ဤလူအားလုံးကို ပြန်လည်ပေးဆပ်စေမည်ဟု တေးမှတ်ထားလိုက်သည်။ လင်ယုကို လင်ကုန်းတို့အဖွဲ့က ချုပ်နှောင်၍ ကျစ်ဟွာတော်ဝင်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်ကို ဧကရာဇ်လင်းက စောင့်ကြည့်နေသည်။ လင်ယုက ချုပ်နှောင်ခံထားရသော်လည်း မျက်လုံးများတွင် ကြောက်စိတ်စိုးစဥ်းမျှမရှိဘဲ မုန်းတီးစိတ်များသာ ထင်ဟပ်နေသည်။
"ယိရန် မင်း အရေးပါတဲ့ တစ်ယောက်ယောက်ကိုများ စော်ကားထားမိသေးလား"
ဧကရာဇ်လင်းသည် စားပွဲကို လက်ချောင်းဖြင့်ခေါက်နေရင်း အတွေးနက်နေပြီး ယိရန်ကို မေးလိုက်သည်။
"ဆရာ ကျွန်တော်က အမြဲတမ်း သတိထားပါတယ်။ တကယ်လို့ တစ်ဖက်က အရေးကြီးတယ်ဆိုရင် ဘယ်လိုလုပ်ရန်စမှာလဲ"
ယိရန်သည် အချိန်ကြာမြင့်စွာ စဥ်းစားနေသော်လည်း အဖြေမရသောကြောင့် ခေါင်းယမ်းလိုက်သည်။ ဧကရာဇ်လင်းသည်လည်း ယိရန်၏စရိုက်ကို နားလည်ထားသဖြင့် ခေါင်းညိတ်ပြလိုက်၏။
"မင်း ဘယ်သူ့ကို စော်ကားထားမိသေးလဲ"
ဧကရာဇ်လင်းက မေးမြန်းလိုက်ခြင်းဖြစ်သည်။ လင်ယုက ယိရန်ကိုတိုက်ခိုက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသည့် အကြောင်းအရင်းကို သူလည်း မတွေးနိုင်ပေ။
"ကျွန်တော်စော်ကားမိတာဆိုရင်တော့ ရန်ယွင်မြို့မှာ နည်းနည်းရှိတယ်။ ဒါပေမယ့် အားလုံးက သာမန်လူတွေပါ"
ယိရန်က ယဲ့ချန်အကြောင်း ရုတ်တရက် သတိရသွားသည်။
"သာမန်လူတန်းစားတွေလား။ ဘာဖြစ်ဖြစ် သူတို့ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်"
သာမန်လူတန်းစားများက လင်ယုကို ထိန်းချုပ်စေခိုင်းရန် မဖြစ်နိုင်သောကြောင့် ဧကရာဇ်လင်းက မျက်မှောင်ကြုတ်လိုက်၏။
လင်ယုကို လင်းကုန်းက ဖမ်းချုပ်ကာ တော်ဝင်မြို့သို့ခေါ်ဆောင်သွားသော သတင်းကို ရလိုက်သောအခါ ယဲ့ချန်၏မျက်နှာက သုန်မှုန်နေသည်။ လင်ယုသည် သူ့နောက်ကို အကျိုးအမြတ်အတွက် လိုက်ခဲ့ခြင်းဖြစ်သော်လည်း အလုပ်အားလုံးကို စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေးခဲ့သည်။ တစ်ဖက်လူက သူ့အတွက် အစွမ်းကုန်ကြိုးစားပေးခဲ့သောကြောင့် သေချာပေါက် ကယ်တင်ရပေလိမ့်မည်။ ယဲ့မျိုးနွယ်တွင် ပါရမီရှင်များစွာရှိသော်လည်း သူက လင်မျိုးနွယ်ကဲ့သို့ ကြွယ်ဝသောမျိုးနွယ်များကို လောလောဆယ် မယှဥ်နိုင်ပေ။ ခဏတာစဥ်းစားပြီး နှင်းဧကရာဇ်ထံ ဤသတင်းပို့ရန် ယဲ့ချန်က လင်ယု၏လူယုံများကို အမိန့်ပေးလိုက်သည်။ လင်ယွမ်ထွက်ပေါ်လာလျှင် လင်ယုကို အသက်ရှင်လျက် ထိန်းသိမ်းထားရန်က ပြဿနာမဟုတ်ပေ။ လင်ယု မသေသေးသရွေ့ အနှေးနှင့်အမြန် လက်စားချေနိုင်ပေလိမ့်မည်။
လက်ရှိတွင် ရန်ယွင်မြို့၌ ဧကရာဇ်လင်းနှင့် ယိရန်ရှိနေသောကြောင့် ယဲ့ချန်က သတိကြီးကြီးထားရန် လိုအပ်နေသည်။ ယိရန်၏ကိုယ်ကျင့်စရိုက်နှင့် ဧကရာဇ်လင်း၏ နောက်ခံဖြင့်ဆိုလျှင် သူ့ကို ပြဿနာရှာလာနိုင်သည်။ လက်ရှိတွင် အရှေ့ပိုင်းတိုက်ကြီးမှရောက်လာသော နောက်ဆုံးအသုတ်၌ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်အထက်ရှိသော ပါရမီရှင်၁၆ယောက် ထွက်ပေါ်လာခဲ့သည်။ သို့သော် လင်ယု ဖမ်းဆီးခံထားရသောကြောင့် ထိုပါရမီရှင်များကို စစ်ဧကရာဇ်များထံ ပို့ဆောင်ပေးရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူ့အတွက် သတင်းအချက်အလက်များ မရနိုင်သောကြောင့် နယ်မြေအတွင်း ဧကရာဇ်လင်းရောက်လာလျှင် ပြဿနာအကြီးအကျယ် တက်သွားနိုင်သည်။ သေခြင်းတရားကို ထိုင်စောင့်နေတတ်သူ မဟုတ်သောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်၍ ငွေဖြင့်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ဤတစ်ခေါက်တွင် သူက ချန်းလိုင်ထံမှ ဆေးကုန်ကြမ်းများ ဝယ်ယူမည်မဟုတ်ဘဲ ဖြေရှင်းနည်းအချို့ ရှာဖွေရန်ဖြစ်သည်။ ထို့နောက် သူက အချိန်ဆွဲမနေဘဲ နတ်ကိုယ်ပွားကျင့်စဥ်ဖြင့် လူခွဲကာ ရန်ယွင်မြို့တွင်းသို့ တစ်ကိုယ်တော် ထွက်ခွာလာခဲ့သည်။
"ယိရန်ရဲ့ဆရာ ဧကရာဇ်လင်းက ရန်ယွင်မြို့ကို ရောက်နေတယ်"
"ဒါဆိုရင် လင်ယု အဖမ်းခံလိုက်ရတာ မဆန်းပါဘူး"
"ဧကရာဇ်လင်းက အစွမ်းထက်လိုက်တာ။ လင်ယုကို ဒီလောက်အပြစ်ပေးလိုက်တာတောင် လင်မျိုးနွယ်ဘက်က တစ်ခွန်းမှ မဟရဲဘူး"
"လင်ယုကလည်း တော်တော်လွန်ပါတယ်။ ယိရန်ကို သတ်ဖို့အတွက်တောင် ကြိုးစားခဲ့မှတော့ သေလမ်းရှာတာ မဟုတ်ဘူးလား"
"ဒီကိစ္စက ထူးဆန်းနေတယ်။ လင်ယုလိုလူမျိုးက ဘာလို့ အဆင်အခြင်မဲ့လုပ်ရတာလဲ"
ရန်ယွင်တစ်မြို့လုံးရှိ ကျင့်ကြံသူတိုင်းက နေရာတိုင်းတွင် လင်ယု၏ကိစ္စကို ဆွေးနွေးပြောဆိုနေကြသည်။ မြို့အတွင်းသို့ ဝင်ရောက်လာသော ယဲ့ချန်သည် တစ်ယောက်ယောက် နောက်ယောင်ခံလိုက်လာကြောင်း ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ယိရန်၏လူများ ဖြစ်နိုင်သောကြောင့် သူက ချန်းလိုင်၏ဆေးဆိုင်ထံ ဦးတည်မသွားဘဲ တစ်မြို့လုံးအနှံ့ လမ်းပတ်လျှောက်နေခဲ့သည်။ သူက ကိုယ်ပွားတစ်ခုသာဖြစ်သောကြောင့် ယိရန်နှင့် ဧကရာဇ်လင်းကို ကြောက်စရာမလိုပေ။ သူက လမ်းထောင့်တစ်ခုသို့ ရောက်သောအခါ ယိရန် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
"ယဲ့ချန် ယိရန်က ကောင်းတဲ့အကြံနဲ့ လာတာမဟုတ်ဘူး။ မြို့ဝန်အိမ်တော်က အရှိန်အဝါကို ငါ ခံစားမိတယ်။ သူက ဒီနေရာကိုစောင့်ကြည့်နေတဲ့ စစ်ဧကရာဇ်အဆင့်တစ် ကျင့်ကြံသူတစ်ယောက်ဖြစ်တယ်။ ငါ သူ့ကို ခြောက်လွှတ်လိုက်ရမလား"
ခြင်္သေ့ကြီး၏စကားသံက ယဲ့ချန်၏စိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။
"ဒီကောင်တွေက ကျုပ်ကို ဘာမှမလုပ်နိုင်ပါဘူး။ မစိုးရိမ်ပါနဲ့ ဆရာ"
ယဲ့ချန်က စိတ်ချင်းဆက်သွယ်၍ ဖြေကြားလိုက်ပြီးနောက် နေရာတွင်ရပ်တန့်ကာ ယိရန်ကို အေးစက်စက်စိုက်ကြည့်နေခဲ့သည်။
ယိရန်သည်လည်း ယဲ့ချန်ကို မကျေမနပ်စိုက်ကြည့်နေသည်။ အတိတ်မှဆိုလျှင် သူက သာမန်လူတန်းစားတစ်ယောက်ကို လာတွေ့ရခြင်းမှာ သူ၏အဆင့်အတန်းကို နိမ့်ကျစေသည်ဟု သတ်မှတ်ထားသောကြောင့် လုပ်မည်မဟုတ်ပေ။ သို့သော် သူ၏စိတ်ထဲ၌ မေးခွန်းများပြည့်နှက်နေကာ လင်ယုက သူ့ကိုလုပ်ကြံသော အကြောင်းအရင်းကို သိချင်နေသည်။ အဖြစ်နိုင်ဆုံးသော အကြောင်းအရင်းမှာ ယဲ့ချန်ပင်။