← Chapters

ချန်းလိုင်ထံ အကြံတောင်းခြင်း

Vol. 41 Ch. 577

ချန်းလိုင်ထံ အကြံတောင်းခြင်း

Vol. 41 Ch. 577

"ငါတို့ တွေ့ကြပြန်ပြီ"

ယိရန်သည် ယဲ့ချန်ရှေ့တွင် ပိတ်ရပ်၍ မောက်မာစွာ တားမြစ်လိုက်သည်။ ယဲ့ချန်၏မျက်နှာထက်တွင် မဲ့ပြုံးတစ်ခုဖြစ်ပေါ်လာကာ စိတ်ပျက်လက်ပျက် အမူအရာမျိုးရှိနေသည်။ သူက သာမန်လူတစ်ယောက်ဖြစ်သော်လည်း ခပ်တည်တည်မျက်နှာထားကြောင့် ယိရန်က ဒေါသထွက်လာခဲ့သည်။ တစ်ဖက်လူ၏လက်ထဲတွင် များစွာဆုံးရှုံးခဲ့ရသောကြောင့် လူသတ်ခြင်းကိုသာ တားမြစ်မထားလျှင် ယဲ့ချန်ကိုသတ်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

"ငါ့ကိုသတ်ဖို့အတွက် လင်ယုကို အမိန့်ပေးလိုက်တာ မင်းလား"

ယိရန်က ဒေါသကိုမျိုသိပ်၍ ယဲ့ချန်ကို အေးစက်စက်မေးလိုက်သည်။ လက်ရှိ ယဲ့ချန်၏မျက်နှာထားသည် ဧကရာဇ်လင်းရှေ့မှောက်တွင် မောက်မာစွာရပ်ခဲ့သော လင်ယု၏မျက်နှာထားအတိုင်း တစ်ထပ်တည်း တူညီနေခဲ့သည်။

"မင်းက စောက်ရူးလား။ လင်ယုလိုလူမျိုးကို ငါက အမိန့်ပေးနိုင်မယ်လို့ တကယ်ထင်နေတာလား"

ယဲ့ချန်က လှောင်ပြုံးကလေးဖြင့် ပြန်မေးလိုက်သည်။ လင်ယု၏အဆင့်အတန်းအရ သာမန်လူတန်းစားတစ်ယောက်၏အမိန့်ကို နာခံမည်မဟုတ်ကြောင်း ယိရန်လည်း နားလည်ထားသည်။ သို့သော်လည်း ရန်ယွင်မြို့သို့ ယဲ့ချန် ရောက်ရှိလာချိန်မှစတင်၍ တစ်ခုခုမှားယွင်းနေပြီး သူက အရာရာတွင် ဆက်တိုက်ဆုံးရှုံးနေရသည်။ သူနှင့် ရှုချင်းက တစ်ဖက်လူကို ဆက်တိုက်မကောင်းကြံခဲ့သော်လည်း နောက်ဆုံးတွင် ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်ခွင့်ဆုံးရှုံးသွားရုံသာမက အရှေ့ပိုင်းတိုက်ကြီးသို့ စေလွှတ်လိုက်သူများလည်း ပြန်ရောက်မလာခဲ့ပေ။ ထို့နောက် သူတို့ကိုယ်တိုင် လင်ယုထံမှပိုက်ဆံချေးပြီး အရှေ့ပိုင်းတိုက်ကြီးသို့ ခရီးထွက်ခဲ့သောအခါတွင်လည်း ချုံခိုတိုက်ခိုက်ခံရသဖြင့် သေလုမျောပါး ထွက်ပြေးလာရသည်။ သူ၏ကျရှုံးမှုအားလုံးက ယဲ့ချန်နှင့် ပတ်သက်ဆက်နွယ်နေသော်လည်း ယုတ္တိမရှိချေ။ လင်ယုက ဧကရာဇ်လင်းကိုပင် အကြောက်အလန့်မရှိ၊ ခွန်းတုံ့ပြန်နေသော အကြောင်းအရင်းက သာမန်လူတန်းစားတစ်ယောက် လုံးဝမဖြစ်နိုင်ပေ။ ယဲ့ချန်က လင်ယုအပေါ် မိစ္ဆာကျင့်စဥ်များအသုံးပြု၍ ထိန်းချုပ်ထားရန်မှာလည်း လင်ယုက တာအိုနတ်အဆင့်နှင့် ယဲ့ချန်က ချီပင်လယ်အဆင့်မျှသာဖြစ်သည်။

"ဘာဖြစ်ဖြစ် လင်ယုအဖမ်းခံလိုက်ရလို့ မင်းကို လွှတ်ပေးမယ်မထင်နဲ့။ ငါက ဒီကိစ္စကို အဆုံးထိလိုက်မယ်။ လင်ယုနောက်ကွယ်မှာရှိနေတာ ဘယ်သူဖြစ်ဖြစ် သေချာပေါက် လက်စားချေပြမယ်"

ယိရန်က ယဲ့ချန်ကို အထက်စီးမှ အေးစက်စက်ခြိမ်းခြောက်လိုက်သည်။

"မင်းစောက်လုပ် မင်းလုပ်လေ။ ငါ့ကို အခုလာတွေ့တာက ဒီကိစ္စ ပြောမလို့လား"

ယဲ့ချန်ကမူ ထီမထင်ဟန်ဖြင့် ပြုံးပြနေခဲ့သည်။

"ငါ ဘာသက်သေမှရှာမတွေ့နိုင်ရင်တောင် ဝမ်းသာမနေနဲ့ဦး။ ငါ့ဆရာက စစ်ဧကရာဇ်တစ်ယောက်ဖြစ်တယ်။ သူကိုယ်တိုင်ထွက်လာဖို့ ငါ တောင်းဆိုလိုက်ရင် မင်း ဒုက္ခရောက်သွားမှာ သေချာတယ်"

ယိရန်သည် ယဲ့ချန်၏မျက်နှာထားကြောင့် စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းရဲ့လှည့်ကွက်သေးသေးလေးတွေကို ငါက ကြောက်မယ်ထင်နေရင် လာခဲ့လိုက်ပေါ့"

ယဲ့ချန်က တစ်ချက်ရယ်မောလိုက်ပြီး ယိရန်ကို လျစ်လျူရှုကာ ဖြတ်ကျော်သွားခဲ့သည်။

"ယဲ့ချန် စစ်ဧကရာဇ်တစ်ယောက်က မင်းရဲ့ကျင့်ကြံဆင့်ကို ချိတ်ပိတ်ဖို့အတွက် မူလစည်းဆိုတဲ့ နည်းလမ်းတစ်ခု အသုံးပြုနိုင်တယ်။ အခြားစစ်ဧကရာဇ်တွေသာ ကူညီမပေးဘူးဆိုရင် ငါကိုယ်တိုင်တောင် ဖြေရှင်းဖို့ အချိန်သုံးနှစ် လိုအပ်တယ်။ မင်း သတိထားသင့်တယ်"

ခြင်္သေ့ကြီး၏ သတိပေးစကားသံ ထွက်ပေါ်လာခဲ့သည်။

"ကျုပ် သတိထားပါ့မယ် ဆရာ"

ယဲ့ချန်က ရင်ထိတ်သွားကာ ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။ စစ်ဧကရာဇ်လင်းထက် ခြင်္သေ့ကြီးက ကျင့်ကြံဆင့်နှစ်ဆင့် မြင့်သော်လည်း သူ၏ကာကွယ်ရေးသားရဲ ဖြစ်နေသောကြောင့် ခွန်အားက အကန့်အသတ်ရှိသည်။ ထို့ကြောင့် မူလစည်းကိုဖြေရှင်းရန် မလွယ်ကူပေ။ ယိရန်သည် ထွက်ခွာသွားသော ယဲ့ချန် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီး မကျေမနပ်ဖြစ်နေခဲ့သည်။

"ဆရာ သူ့ရဲ့ကျင့်ကြံဆင့်ကို ဘာကြောင့် ချိတ်မပိတ်လိုက်တာပါလဲခင်ဗျာ"

သူက ဧကရာဇ်လင်းကို အသံပို့လွှတ်ကာ မေးလိုက်သည်။

"ဒါက ကိုယ်ပွားတစ်ခုဆိုတာကို မင်း မမြင်နိုင်ဘူးလား"

"ချီပင်လယ်အဆင့်တွေ ကျင့်ကြံနိုင်တဲ့ ကိုယ်ပွားကျင့်စဥ် ရှိလို့လား"

ယိရန်က ထိတ်လန့်အံ့သြနေသည်။

"ချီပင်လယ်အဆင့်တွေ အသုံးပြုနိုင်တဲ့ နတ်ကိုယ်ပွားကျင့်စဥ်ဆိုတာ ရှိတယ်။ ကိုယ်ပွားတစ်ခုချင်းစီက မူလကိုယ်လောက်ကို အစွမ်းထက်တယ်။ ငါက သူ့ကိုယ်ပေါ်မှာ အနည်းဆုံး တာအိုလက်နက်နှစ်ခုရှိနေမယ်လို့ ခံစားမိတယ်။ ငါမဆုံးဖြတ်နိုင်တဲ့ အရှိန်အဝါတစ်ခုလည်း ပုန်းကွယ်နေသေးတယ်။ ဒီကောင့်မှာ လျှို့ဝှက်ချက်တွေ အတော်များပုံရတယ်ဆိုတော့ သာမန်ချီပင်လယ်အဆင့်တစ်ယောက်လို့ သဘောထားလို့မဖြစ်ဘူး"

ဧကရာဇ်လင်း၏စကားများကြောင့် ယိရန်မှာ ပို၍အံ့သြလာခဲ့သည်။ သူ၏ဆရာပင် ထွင်းဖောက်မမြင်နိုင်သော လျှို့ဝှက်ချက်များကို ယဲ့ချန်က ပိုင်ဆိုင်ထားသည်။

"လင်ယုကို အမိန့်ပေးလိုက်တာက သူလား"

သူက အလန့်တကြား မေးမြန်းလိုက်သည်။

"ဖြစ်နိုင်တယ်။ သူ့ကိုယ်ပွားနှစ်ခုရဲ့ တည်နေရာတွေကိုသိရင် ကျင့်ကြံဆင့်ကို ငါက ချိတ်ပိတ်ထားနိုင်တယ်။ လောလောဆယ်တော့ သူ့ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ခဏထားလိုက်ဦး"

စစ်ဧကရာဇ်တစ်ယောက်အတွက် သာမန်လူတစ်ယောက်၏ကျင့်ကြံဆင့်ကို ချိတ်ပိတ်ရခြင်းက အလွန်လွယ်ကူသောကြောင့် တည်ငြိမ်စွာ ဖြေလိုက်သည်။ ထို့အပြင် ဤလုပ်ရပ်ကို တာအိုအိမ်တော်မှလည်း ခွင့်ပြုထား၏။ ကောင်းကင်မူလတိုက်ကြီးပေါ်တွင် စစ်ဧကရာဇ်တစ်ရာကျော်သာရှိပြီး တစ်ယောက်ချင်းစီက အဆင့်အတန်းမြင့်မားသည်။ ဥပဒေက တင်းကျပ်သော်လည်း စစ်ဧကရာဇ်များကို မျက်နှာသာအနည်းငယ် ပေးမထားလျှင် ငြိမ်းချမ်းမှုက ပျက်ပြားသွားနိုင်သည်။

ယဲ့ချန်သည် လူပြတ်သော လမ်းထောင့်တစ်ခုသို့ ရောက်သောအခါ ခြင်္သေ့ကြီး၏ကာကွယ်မှုအောက်တွင် နေရောင်အောက်မှ သူခိုးကျင့်စဥ်ဖြင့် ရုပ်သွင်ကို ပြောင်းလဲလိုက်သည်။ သူက နေ့တစ်ဝက်ခန့် လမ်းပေါ်တွင် အချိန်ဖြုန်းပြီး နောက်ယောင်ခံသူများမရှိကြောင်း သေချာသွားသောအခါတွင်မှ ချန်းလိုင်၏ဆေးဆိုင်သို့ ဦးတည်လိုက်သည်။ ဆိုင်အကူ၏လမ်းပြပေးမှုဖြင့် သူက ချန်းလိုင်၏အခန်းအတွင်းသို့ ရောက်လာကာ မူလအသွင်သို့ ပြောင်းလိုက်၏။

"မင်းက ဘာကြောင့် ရုပ်ဖျက်လာရတာလဲ"

ထိုင်ခုံတစ်လုံးပေါ်တွင် ပျင်းရိစွာထိုင်၍ ငွေတစ်ပြားကို ဆော့ကစားနေသော ချန်းလိုင်က မေးလိုက်ခြင်းဖြစ်သည်။

"နောက်ယောင်ခံလိုက်တဲ့သူတွေ ရှိနေတော့ ငါလည်း ရွေးစရာမရှိဘူး"

ယဲ့ချန်က ပခုံးတွန့်ပြလိုက်၏။ ဤလအနည်းငယ်အတွင်း သူက ချန်းလိုင်နှင့် စီးပွားရေးဆက်လုပ်ခဲ့သောကြောင့် ပို၍ရင်းနှီးလာကြသည်။ ချန်းလိုင်သည်လည်း ယဲ့ချန်ကြောင့် ငွေကြေးများစွာ အမြတ်ရခဲ့သည်။

"ဧကရာဇ်လင်း ရောက်နေတယ်ဆိုတော့ မင်းက ပြဿနာတက်ပြီထင်တယ်။ မင်းကို သူက ပစ်မှတ်ထားနေရင် ကောင်းကောင်းနေနိုင်မှာ မဟုတ်ဘူး"

ချန်းလိုင်က သူကိုယ်တိုင်အတွက် သေရည်တစ်ခွက်ငှဲ့ကာ တစ်ငုံသောက်၍ အရသာကို ခံစားနေသည်။

"ငါ့ကြောင့် မင်းပါဒုက္ခရောက်မှာ မကြောက်ဘူးလား"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြန်မေးလိုက်သည်။

"မကြောက်ဘူး။ မဟုတ်ရင် ငါက မင်းနဲ့ စီးပွားရေးဆက်လုပ်နေမှာ မဟုတ်ဘူး။ အများဆုံးမှ မင်းကို ဧကရာဇ်လင်းက သတ်ပစ်လိမ့်မယ်။ ငါနဲ့ ဘာမှမဆိုင်ဘူး"

ချန်းလိုင်၏မျက်နှာက တည်ငြိမ်သွားပြီး တစ်ချက်ပြုံးလိုက်သည်။

"မင်းတို့ကောင်တွေက တကယ်မယုံရဘူး"

ချန်းလိုင်၏နောက်ကွယ်မှ အဖွဲ့အစည်းသည် စစ်ဧကရာဇ်တစ်ယောက်ကို မကြောက်ကြောင်း ယဲ့ချန်က သိလိုက်ရသည်။ ထို့နောက် သူက ခေါင်းယမ်း၍ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ငါက စီးပွားရေးသမားဆိုတော့ ပိုက်ဆံကိုသာ ဂရုစိုက်တယ်။ မင်းပိုက်ဆံပေးနိုင်လို့ကတော့ ဘာဖြစ်ဖြစ် လုပ်ပေးနိုင်တယ်။ ပိုက်ဆံဝင်စရာမရှိရင်တော့ မင်းသေရင်တောင် ငါ လှည့်ကြည့်မှာ မဟုတ်ဘူး"

ချန်းလိုင်က ရယ်မော၍ ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။ သူ၏စကားကြောင့် အရာအားလုံးမှာ ပိုက်ဆံရှိလျှင် ချောမွေ့သည့်သဘော သက်ရောက်သွားခဲ့သည်။

"ဧကရာဇ်လင်းက ငါ့ကို ပြဿနာရှာချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းမျိုးနဲ့ ရှောင်ရှားရမလဲ"

ချန်းလိုင်ထံတွင် နည်းလမ်းတစ်ခုခုရှိကြောင်း ယဲ့ချန်က အတပ်သိနေသည်။

"စစ်ဧကရာဇ်တစ်ယောက်က စိတ်ကြိုက်လူမသတ်နိုင်ပေမယ့် မင်းရဲ့ချီပင်လယ်ကို ဖောက်ခွဲပြီး ကျင့်ကြံဆင့်ကို ချိတ်ပိတ်လိုက်နိုင်တယ်။ မင်းက နည်းနည်းသည်းခံလိုက်ရင် အသက်အန္တရာယ်မရှိဘဲ ပြီးသွားလိမ့်မယ်"

ပိုက်ဆံအနံ့မရသေးသောအခါ ချန်းလိုင်က ခေါင်းယမ်းပြလိုက်၏။

"ငါက သည်းခံချင်တာမဟုတ်ဘဲ သူတို့ကို ပြန်ပေးဆပ်စေချင်တာဆိုရင်ရော"

ယဲ့ချန်က နှာခေါင်းရှုံ့၍ အေးစက်စက်ပြောလိုက်သည်။

"မင်းက ဧကရာဇ်လင်းကို ပြန်ပေးဆပ်ရအောင် လုပ်ချင်တယ်ပေါ့။ လောလောဆယ်တော့ မင်းမှာ ဒီလိုအစွမ်းမျိုး မရှိဘူး။ မင်းက တကယ်လို့ မနာကျင်ချင်ဘူးဆိုရင် ဆည်းဆာရွှေငါးဘီလီယံသုံးပြီး မြို့ဝန်ဆီမှာ ရွှေအဆင့်သခင်အဖြစ် လျှောက်ထားလိုက်။ တာအိုအိမ်တော်က အသိအမှတ်ပြုလိုက်တာနဲ့တပြိုင်နက် ဧကရာဇ်လင်းတောင် မင်းကို သူ့စိတ်ကြိုက် တိုက်ခိုက်ရဲမှာမဟုတ်ဘူး"

ချန်းလိုင်က မျက်ခုံးများပင့်၍ ယဲ့ချန်ကို အမြင်သစ်တစ်မျိုးနှင့် ပြန်ကြည့်လာသည်။

"ငါးဘီလီယံ"

ဤငွေက ယဲ့မျိုးနွယ်ဝင်အယောက်ငါးရာကို ကယ်တင်နိုင်သောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ပိုက်ဆံကို နှမြောနေသော်လည်း ရွှေအဆင့်သခင်တစ်ယောက်ဖြစ်မလာလျှင် ဧကရာဇ်လင်းကို တစ်ချိန်လုံး သတိထားနေရပေလိမ့်မည်။

"မြို့တော်ဝန်ရီရန်ကို ခေါ်လိုက်ပါ။ ဒီကိစ္စက သူနဲ့ သက်ဆိုင်တယ်မလား"

ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

"ရီရန်လား မင်းဘာသာ သွားရှာလေ"

ချန်းလိုင်က သေရည်တစ်ငုံသောက်၍ ပြန်ဖြေသည်။

"ရီရန်က မင်းနဲ့အတူရှိနေတာ မဟုတ်ဘူးလား။ ခေါ်သာခေါ်လိုက်စမ်းပါ"

ယဲ့ချန်က ချန်းလိုင်၏နောက်ရှိ နံရံကို စိုက်ကြည့်နေသည်။ ရီရန်သည် အခန်းနောက်တွင် အမှန်တကယ်ရှိနေသောကြောင့် ချန်းလိုင်မှာ အံ့သြနေခဲ့သည်။ ယဲ့ချန်က ချီပင်လယ်အဆင့်တစ်ယောက်ဖြစ်၍ ရီရန်မှာ တာအိုနတ်အဆင့်တစ်ယောက်ဖြစ်သော်လည်း ပုန်းအောင်းနေသည်ကို တစ်ဖက်လူမှ အတပ်ပြောနိုင်နေသည်။

"ငါက ဒီနေရာမှာ ချန်းလိုင်နဲ့ သေရည်သောက်ဖို့ ရောက်နေတာပါ။ မိတ်ဆွေလေးက ရှာတွေ့သွားမယ်လို့ မထင်ထားဘူး"

ထပ်မံပုန်းအောင်းနေစရာ မလိုတော့သဖြင့် ရီရန်က နံရံနောက်မှ ထွက်လာခဲ့သည်။ သူ၏ပုံစံက ပေါ့ပေါ့ပါးပါးရှိနေသဖြင့် ယဲ့ချန်အပေါ် စိတ်မကွက်ကြောင်း သိသာနေသည်။

"ကျုပ်လည်း ခင်ဗျားရှိနေမယ်လို့ မမျှော်လင့်ထားဘူး"

"မိတ်ဆွေလေးက ရွှေအဆင့်သခင်တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ပြီးပြီလား"

ဆည်းဆာရွှေငါးဘီလီယံက သာမန်လူတစ်ယောက် ရှာဖွေနိုင်စွမ်းသော ပမာဏမဟုတ်သောကြောင့် ရီရန်မှာ အလွန်စိတ်ဝင်စားနေသည်။ ကောင်းကင်မူလတိုက်ကြီးပေါ်ရှိ အထက်တန်းစားများ၏အဆင့်များတွင် ကိုယ်ပိုင်ဝိသေသတစ်ခုစီ ရှိသည်။ ရွှေအဆင့်သခင်တစ်ယောက်က ကိုယ်ပိုင်အင်အားစုနှင့် စီးပွားရေးအဖွဲ့အစည်းတစ်ခု တည်ထောင်နိုင်စွမ်းရှိသည်။ စစ်ဧကရာဇ်များက သူတို့ကိုထိခိုက်လိုလျှင် တာအိုအိမ်တော်မှ ခွင့်ပြုချက်ကို အရင်ဆုံး တောင်းခံရပေလိမ့်မည်။ ရန်ယွင်မြို့တော်တွင် ရွှေအဆင့်သခင်တစ်ယောက်မှမရှိဘဲ ခရမ်းရွှေအဆင့်ဆိုလျှင် ပို၍ဂုဏ်သိက္ခာကြီးမြင့်၍ နတ်တိုင်းပြည်အမျိုးမျိုး၌ပင် အရေးပါလေသည်။

"ဟုတ်တယ်"

ယဲ့ချန်က သေချာစွာ ခေါင်းညိတ်ပြလိုက်သည်။ ရီရန်နှင့် ချန်းလိုင်မှာ အကြည့်ချင်းဖလှယ်၍ မျက်လုံးများတွင် အံ့သြစိတ်များ ထင်ဟပ်နေသည်။ ဆည်းဆာရွှေငါးဘီလီယံမှာ သေးငယ်သောပမာဏ မဟုတ်သော်လည်း ကောင်းကင်မူလတိုက်သို့ ရောက်ရှိသည်မှာ အချိန်မကြာသေးသော ယဲ့ချန်က ရှာဖွေနိုင်ခဲ့သည်။

"ငါတို့ရထားတဲ့ သတင်းအချို့ကို မိတ်ဆွေလေးက အတည်ပြုပေးစေလိုပါတယ်"

အခန်းအတွင်း၌ ခဏတာတိတ်ဆိတ်သွားပြီးနောက် ရီရန်၏စကားသံ ထွက်ပေါ်လာသည်။

"မြို့တော်ဝန် လွတ်လွတ်လပ်လပ်သာ ပြောပါ"

ယဲ့ချန်သည် ရီရန်ကို တစ်ချက်ကြည့်၍ ထိုသတင်းများကို စိတ်ဝင်စားသွားခဲ့သည်။

"အမှန်အတိုင်းပြောရရင် ငါနဲ့ ချန်းလိုင်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်အတွက် အလုပ်လုပ်ပေးနေတာ ဖြစ်တယ်။ တပည့်မရှိတဲ့ စစ်ဧကရာဇ်အချို့က လောလောဆယ် တပည့်တွေ လက်ခံလိုက်တယ်လို့ ငါတို့ သတင်းရထားတယ်။ သူတို့အားလုံးက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော်တဲ့ ပါရမီရှင်တွေလို့ ကြားထားပြီး မျိုးရိုးနာမည်က ယဲ့လို့ ခေါ်တယ်မဟုတ်လား။ ငါတို့ရဲ့သုံးသပ်မှုအရ မိတ်ဆွေလေးဟာ အရှေ့ပိုင်းတိုက်ကြီးက ယဲ့မျိုးနွယ်တွေကို ကောင်းကင်မူလတိုက်ကြီးဆီ ခေါ်ဆောင်လာတယ်၊ လင်ယုကလည်း ငါ့ဆီကနေ ကြယ်ဝိညာဥ်သလင်းကျောက် ငှားသွားတယ်ဆို ဆက်စပ်တွေးကြည့်လိုက်ဖို့ မခက်ခဲပါဘူး"

ရီရန်သည် ယဲ့ချန်၏မျက်နှာထားကို အကဲခတ်နေရင်း ရှင်းပြလိုက်လေသည်။

All Chapters