ကောင်းကင်နှလုံးသား ချီကျင့်ကြံခြင်း နည်းလမ်း
Vol. 2 Ch. 16
ဝေ့ဝူယင်က ထိုအသံရှင်မှာ လမ့်ရဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်သည်။ သူမသည် သူ့အား ညှို့ငင်အားပြင်းသည့် အပြုံးတစ်ခုကို ဆင်မြန်းကာ ကြည့်နေခဲ့၏။
“ဒူးထောက်ပြီး နင့်ရဲ့ လျှာနဲ့ ပါးစပ်ကို ငါစိတ်ကျေနပ်တဲ့ အထိ သုံးပေးမယ် ဆိုရင်တော့ စဥ်းစားပေးမယ်...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ သူ၏ စကားများက အောက်တန်းကျကာ ရန်ကျူး၊ ကျူးလန်၊ ရှုယင်နှင့် ချွီကွေ့တို့၏ အကြည့်များကို ဆွဲဆောင်သွားသည်။
လမ့်ရ၏ အမူအရာမှာ အနည်းငယ် တောင့်တင်းသွား၏။ သူမ၏ မျက်လုံးများက လျှို့ဝှက်စွာ တောက်ပသွားသည်။ ဤနေရာ၌ ရှိသမျှ ယောက်ျား အားလုံးတွင် ဝေ့ဝူယင်မှာ ပါရမီ အမြင့်မားဆုံး၊ ဉာဏ်အကောင်းဆုံး ဖြစ်ကြောင်း သူမသိသည်။ ထိုအကောင်သည် နောက်ခံ အင်အား တောင့်တင်းခြင်း မရှိသော်လည်း ဆယ်စုနှစ် တစ်ခု အတွင်းမှာပင် နာမည်ခံ တပည့်မှ အဓိက ဖြစ်သည့်တိုင် အန္တရာယ်ကင်းစွာ တက်လှမ်းနိုင်ခဲ့သည်။ သူသည် အရှင်မလင်းကို မြင်လျှင်မြင်ချင်း ချစ်ခွင့်ပန်သည့် အခြား ကောင်စုတ်များနှင့် မတူပဲ ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်စွမ်း ရှိသူလည်း ဖြစ်သည်။
သူမ၏ ခန့်မှန်းချက် အရဆိုလျှင် ဝေ့ဝူယင်မှာ ချီသွေဖည်မှုသာ မဖြစ်ပါက ထိပ်ဆုံး သုံးနေရာကို တက်လှမ်းနိုင် ပေလိမ့်မည်။
သူမသာလျှင် မဟုတ်။ ကျူးလန်မှာလည်း ထိုနည်းတူ တွေးနေမိခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် ဝေ့ဝူယင်ကို သတ်ဖြတ်ပစ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက် အကြားမှ ရန်ငြိုးမှာ ပေါ့သေးသေး မဟုတ်ချေ။ ဝေ့ဝူယင် ချီပျစ်ခဲခြင်း အဆင့်ခြောက်သို့ သူမထက် စော၍ ရောက်သောနေ့သည် သူမ သေရမည့်နေ့ ဖြစ်သည်။
ဝေ့ဝူယင်၏ စကားက ညတ်ပစ်ကာ စီးပိုးခြင်းများနှင့် ပြည့်နေသည့်တိုင် လမ့်ရက ပြုံးလိုက်၏။
“နင် ဆန္ဒရှိမယ် ဆိုရင်... ငါ... ငါ”
ရှက်သွေးဖြာနေသော သူမ၏ မျက်ဝန်းများ၌ လိင်စိတ်ဆန္ဒများမှာ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းကို မြင်သည်နှင့် ယောက်ျား အများစုမှာ စိတ်ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားကြလိမ့်မည် ဖြစ်သော်လည်း ဝေ့ဝူယင်မှာမူ ထူးမခြားနားစွာပင် ရှိနေဆဲ ဖြစ်သည်။ သူက အေးစက်စက် နှာခေါင်းရှုံ့ကာ သူမကို ကျောခိုင်းလိုက်သည်။
သူသည် ခန်းမ၏ ထောင့်တစ်နေရာသို့ သွားရောက်ကာ ထိုင်ချလိုက်၏။ သူ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်စွာပင် အခြားလူများမှာမူ အရှင်မလင်း၊ ရွှေရောင်ကျောက်တိုင်တို့နှင့် နီးနိုင်သမျှ နီးအောင် နေရာယူထားကြသည်။ ကောင်းကင်နှင့် မြေကြီး၏ အမတေများကို ထုတ်လွှတ်ပေးနိုင်သည့် ရွှေရောင်ကျောက်တိုင်နှင့် ချီသွေဖည်ခြင်းကို တားဆီးပေးနိုင်သော အရှင်မလင်း၏ အနားတွင် ရှိနေခြင်းမှာ သူတို့၏ ယုံကြည်ချက်များကို ပိုမို တိုးပွားစေသည်။
သို့သော်လည်း ဝေ့ဝူယင်မှာမူ ဝေးကွာသော နေရာတွင် ရှိသည့် ထောင်တစ်ထောင့်တွင်သာ နေရာယူခဲ့သည်။ ထိုအရာက လူတိုင်းကို ထူးဆန်းကာ သံသယ ဝင်စေ၏။ အရှင်မလင်းပင်လျှင် သူအား တစ်ချက် လှမ်းကြည့်သည်။
ဝေ့ဝူယင်က သူတို့ အားလုံးကို လျစ်လျူလိုက်၏။ အကယ်၍ အရှင်မလင်းသာ ကယ်တန်ရန် ဆန္ဒရှိပါက ထိုအကွာအဝေးလောက်ကာ စာဖွဲ့စရာ မရှိချေ။
ဝေ့ဝူယင်က မျက်လုံးများကို မှိတ်ကာ ပထမ အဆင့် “စိတ်ပြိုကွဲခြင်းနှင့် ပွားစည်းခြင်း” ကို ကျင့်ကြံရန် စတင်လိုက်သည်။ ထိုအဆင့်၌ ကျင့်ကြံသူသည် စိတ်ကို ခန္ဓာကိုယ်မှ ခွာ၍ “ပျော်ဝင်စေရန်” လိုအပ်သည်။ ဤနေရာ၌ သုံးနှုန်းထားသည့် “ပျော်ဝင်စေရန်” ဟူသော ဝေါဟာရသည် တိုက်ရိုက်အားဖြင့် မဟုတ်ပဲ တင်စား ရေးသားထားခြင်းမျိုးသာ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်၏ စိတ်ကို မတူကွဲပြားသည့် သတ္တုရိုင်းများ ရောစပ်ထားသော အရာတစ်ခုဟု ယူဆပါက ၎င်းကို အရည်ဖျော်ပစ်ရမည်ဟု ဆိုလိုပေသည်။
ထို့နောက်တွင် ၎င်းအား ပုံစံနှစ်ခု အဖြစ် ခွဲထုတ် ဖန်တီးရန် လိုအပ်သည်။ တစ်ခုမှာ မူလစိတ် ဖြစ်ကာ အခြားတစ်ခုမှာ စိတ်ကိုယ်ပွားဖြစ်လာလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်သည် ထိုနည်းလမ်းမှာ သေမျိုးလောကရှိ သတ္တုလုပ်သားများ တီထွင်ခဲ့သည် ဟုပင် ခံစားလာရသည်။ ထိုကဲ့သို့ အရည်ပျော်ဝင်စေခြင်းဖြင့် စိတ်ပိုမို သန့်စင်လာခြင်း ဟူသော အကျိုးကျေးဇူးများပင် ရရှိလာနိုင်သည်။ သို့သော်လည်း သူနားမလည်သည့် အရာမှာ ပြဿနာ၏ အဓိက အချက်ဖြစ်သော “အေးခဲစေခြင်း” နှင့် “ခွဲခြားခြင်း” တို့ပင် ဖြစ်သည်။
စိတ်အား အရည်ပျော်ဝင်စေမည် ဆိုလျှင် ၎င်းကို ပြန်လည် အေးခဲစေရန်လည်း လိုအပ်ပေလိမ့်မည်။ သို့သော်လည်း သူတို့တွင် ထိုအရာကို မည်ကဲ့သို့ ပြုလုပ်ရမည် ဟူသော သဲလွန်စ မရှိချေ။
“ခွဲခြားခြင်း” ဟူသော အရာကို “ပြန်လည် အေးခဲခြင်း” မဖြစ်ပွားခြင် လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုအရာက ကျင့်စဥ်၏ အခက်ခက်ဆုံး အတားအဆီး ဖြစ်သည်။ သူ၏ စိတ်ကို နှစ်ပိုင်းခွဲမည် ဆိုလျှင်လည်း ထိုအရာမှာ စိတ်တစ်ခုလုံး၏ အပိုင်းအစ နှစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။ ၎င်းသည် ကိုယ်ပွား တစ်ခုနှင့် အတူပဲ ထက်ခြမ်းခြမ်းထားသည့် ဒင်္ဂါး တစ်ခုနှင့်သာ တူပေလိမ့်မည်။ ထိုနှစ်ခုကို ပေါင်းစပ်မှသာလျှင် ပြည့်စုံသော ဒင်္ဂါး တစ်ပြား ဖြစ်လာလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ စိတ်များမှာ အနည်းငယ် ရှုပ်ထွေးသွား၏။ သူ့အနေဖြင့် စိတ်ထဲရှိ မှတ်ဉာဏ်များနှင့် စဥ်းစား တွေးခေါ်နိုင်စွမ်းများကို နှစ်ပိုင်း ခွဲထုတ်ပစ်နိုင်ပါမည်လော။ ထိုကဲ့သို့ ပြုလုပ်ရန် စဥ်းစားခြင်းကပင်လျှင် မိုက်မဲသည့် အတွေးအခေါ် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ အနည်းငယ် လွဲချော်သွားလျှင်ပင် ခန္ဓာကိုယ် အတွင်း၌ ချီသွေဖည်မှု ဖြစ်သွားပေလိမ့်မည်။
ရှည်ကြာစွာ တွေးတောပြီးနောက် ဓားဖန်တီးခြင်းမှာ သင့်တော်သည့် နည်းလမ်း တစ်ခုဟု ဝေ့ဝူယင် ခံစားလာရသည်။ စိတ်အား တိုက်ရိုက် ထက်ပိုင်းဖြတ်ပစ်ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။ ထိုလမ်းကြောင်းကို လျှောက်လှမ်းသူတိုင်းမှာ ကျဆုံးသွားဖွယ် ရှိသည်။ ရွှေရောင်ကျောက်တိုင်၌ ဖော်ပြထားသော နည်းလမ်းမှာ ယေဘုယျ လမ်းညွှန်ချက် တစ်ခုသာ ဖြစ်သည်။ သို့ဖြစ်ရာ ဝေ့ဝူယင်သည် သူ၏ ကိုယ်ပိုင် နားလည်မှုကို အသုံးပြုရန် ဆုံးဖြတ်ခဲ့၏။
ဘေးကင်းပြီး အသင့်တော်ဆုံး ဖြစ်သည့် နည်းလမ်းမှာ ဓားနှစ်ခုကို တစ်ခုတည်း အဖြစ် ပေါင်းစပ်ပြီးနောက် နှစ်ခုအဖြစ် တဖန်ပြန်လည် ခွဲထုတ်ရန် ဖြစ်သည်။ ဝေ့ဝူယင်သည် ထိုနည်းလမ်းကို တစ်ပတ်လုံး စဥ်းစားပြီးမှ ရရှိခဲ့ခြင်း ဖြစ်သည်။
လမ်းစဥ်အား ဆုံးဖြတ်လိုက်ပြီးနောက် ဝေ့ဝူယင်မှာ စိတ်သက်တောင့်သက်သာ ဖြစ်ကာ ပြုံးလိုက်မိ၏။ ထိုအချိန်တွင်ပင် သူ၏ နားထဲသို့ ဆူညံသံတစ်ခု ဝင်ရောက်လာသည်။
“အား... ကယ်ပါ...”
ထိုအသံသည် အံ့သြခြင်း၊ မယုံကြည်နိုင်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်သည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ တောက်ကွေ့၏ ခန္ဓာကိုယ်မှာ ငါးပူတင်း တစ်ကောင်၏ ခန္ဓာကိုယ် ကဲ့သို့ ပြန့်ကားလာသည်ကို တွေ့မြင်ရ၏။ သူ၏ ကြွက်သားများမှာ ထူးဆန်းသော နေရာများတွင်မှာပါ ပေါင်းကားနေလေရာ ရယ်စရာပင် ကောင်းနေသေးသည်။
သို့သော်လည်း ဝေ့ဝူယင်က ချက်ချင်းပင် သတ္တုချီကို ထုတ်လွှတ်ကာ ခန္ဓာကိုယ် အနှံ့ ကာကွယ်လိုက်သည်။ တစ်ချိန်တည်း၌ သူသည် လက်များကို ရှေ့သို့ ဆန့်ထုတ်ကာ အကာအကွယ် ပစ္စည်း တစ်ခုကို ထုတ်ယူရန် အဆင်သင့် ပြင်ထား၏။
တောက်ကွေ့၏ အသနားခံနေသည့် အကြည့်များကို တွေ့မြင်နေရသည့်တိုင် အရှင်မလင်းမှာ တည်ငြိမ်စွာပင် ကြည့်နေဆဲ ဖြစ်သည်။
တောက်ကွေ့၏ ခန္ဓာကိုယ်မှာ ဆက်လက် ပြန့်ကားလာနေ၏။ သူ၏ မျက်လုံးများ အတွင်းရှိ စဥ်းစား ဆင်ခြင်ဉာဏ်များမှာ တဖြည်းဖြည်း လျော့နည်းသွားကာ သူ၏ စိတ်မှာလည်း စတင် လဲပြိုလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့်တိုင် ဆက်လက် ကြီးမား ကျယ်ပြန့်လာနေဆဲ ဖြစ်သည်။
ကျူးလန်သည် အဓိက တပည့်များ အကြား၌ အလျှင်မြန်ဆုံး တုန့်ပြန်နိုင်သူဖြစ်ကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မြူမှုန်များဖြင့် ဖုံးအုပ်သွားသည်။ အခြားလူများမှာလည်း တစ်စုံတစ်ရာကို ရိပ်မိသွားကြဟန် ရကာ ချက်ချင်းပင် အကာအကွယ်များကို ထုတ်ဖော်လိုက်ကြသည်။ သို့သော်လည်း အနီးအနား၌ ကျင့်ကြံနေသည့် ဟယ်လုံမှာမူ နက်ရှိုင်းသော စျာန်ဝင်စားမှုတစ်ခု အတွင်း ကျရောက်နေပုံ ပေါ်သည်။ သူသည် အရေးပေါ် အခြေအနေ၏ နောက်ဆုံး အဆင့်အထိ နိုးထသည့်ပုံ မရသေးချေ။
ဘုန်း...
ရဲရဲနီသော သွေးများ၊ အင်္ဂါအစိတ်အပိုင်းများ၊ ကလီစာများနှင့် အရိုးများမှာ ဖရိုဖရဲဖြင့် ပေါက်ကွဲ ထွက်ပေါ်လာ၏။ ပြင်းထန်သော ချီမုန်တိုင်းမှာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ကာ ဆိုးရွားစွာ ရိုက်ခတ်သွားသည်။
ဝေ့ဝူယင်သည် ဝေးကွာသော ထောင့်တစ်နေရာ၌ ထိုင်နေသည့်တိုင် ထိုပေါက်ကွဲမှုမှာ အရှိန်အဟုန်ဖြင့် သူ၏ ငွေရောင်ချီ ရပ်ဝန်း အတွင်း ရောက်ရှိလာ၏။ သူသည် ချီအား လှည့်ပတ်ကာ ခန္ဓာကိုယ်ကို ယိုင်လဲ မသွားအောင် ထိန်းချုပ်လိုက်ရသည်။
စက္ကန့်ပိုင်း အတွင်းမှာပင် ပေါက်ကွဲမှုမှာ ပြီးဆုံးသွား၏။ ဝေ့ဝူယင်က အပျက်အစီးများ အကြားသို့ လှမ်းကြည့်လိုက်ရာ ဓားတစ်ချောင်း နံရံတွင် စိုက်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုဓားသည် ကွဲအက်ကာ ထက်ပိုင်း ပြတ်လုပြတ်ခင် ဖြစ်နေခဲ့သည်။
“ဒါက... ဟယ်လုံရဲ့ ဓား မဟုတ်လား...”
ဖြစ်နိုင်ချေကို စိတ်ထဲမှ တွက်ချက်ထားပြီး ဖြစ်သည့်တိုင် ဝေ့ဝူယင်မှာ ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးများမှာ ပြန်လည် တည်ငြိမ်လာ၏။ ဟယ်လုံ သေသွားချေပြီ။
ဝေ့ဝူယင်က သူ၏ ခန့်မှန်းချက်ကို အတည်ပြုရန် အတွက် ပတ်ဝန်းကျင်ကို ဖြန့်ကျက်ကာ ကြည့်လိုက်သည်။ သူသည် ဓားနှင့် မနီးမဝေး တစ်နေရာ၌ သိမ်မွေ့ ရှည်လျားသော လက်ချောင်းတစ်ခုကို တွေ့မြင်ရ၏။ ၎င်းမှာ ဟယ်လုံ၏ ဓားကိုင်သော လက်ချောင်းတစ်ချောင်း ဖြစ်ကြောင်း သူကောင်းစွာ သိပေသည်။
ဟယ်လုံ၏ အလောင်းအား အပြည့်အစုံ ပြန်လည် မရနိုင်ကြောင်း ဝေ့ဝူဝင် နားလည်ပေသည်။ ဟယ်လုံသည် ဓားလမ်းစဥ်ကိုပင် တစိုက်မတ်မတ် လျှောက်လှမ်းသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ ခန္ဓာကိုယ် ကျင့်ကြံခြင်းမှာ အခြားလူများထက် အားနည်းပေသည်။
မကြာခင်မှာပင် ဖုန်မှုန့်များမှာ ကြဲပါးသွား၏။ ဝေ့ဝူယင်၏ အမြင်အာရုံမှာ ပိုမို ကြည်လင်လာသည်။ သူသည် ကောင်းကင်နှလုံးသား ကျောက်တိုင် အနား၌ အရှင်မလင်း ဆက်လက် ထိုင်နေသည်ကို တွေ့မြင်ရ၏။ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာနှင့် အလွန် နီးကပ်စွာ တည်ရှိခဲ့သည့်တိုင် သူမ၏ ပတ်လည် ဆယ်ပေ ဧရိယာမှာမူ သွေးနှင့် အညစ်အကြေး ကင်းစင်၍ အကြွင်းမဲ့ သန့်ရှင်းစွာ ရှိနေဆဲ ဖြစ်သည်။
ဝေ့ဝူယင်သည် ရှုယန်၏ နှုတ်ခမ်းများတွင် သွေးများ စီးကျနေသည်ကို တွေ့မြင်ရ၏။ သူ၏ လက်များကမူ ရင်ဘတ်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ရှုယင်သည် သူ့အား ဖေးမထားကာ ချီအကာအကွယ် အလွှာ တစ်ခုကို ထုတ်လွှတ်နေ၏။ ဝေ့ဝူယင်သည် ထိုမိန်းကလေး၏ မျက်ဝန်းထောင့်တွင် မျက်ရည်စ အချို့ တွဲခိုနေသည်ကို တွေ့မြင်လိုက်ရသည်။
ရန်ကျူးနှင့် လမ့်ရတို့၏ ကျင့်ကြံခြင်းမှာ အခြားလူများထက် စာလျှင် ပိုမို မြင့်မားကြသည်။ ထို့အပြင် သူတို့သည် ရှုယန်တို့ ကဲ့သို့ တောက်ကွေ့နှင့် နီးနီးနားနားတွင် ရှိမနေကြချေ။ ထို့ကြောင့်ပင် သူတို့သည် အချိန်မီ နောက်သို့ ဆုတ်ခွာနိုင်ခဲ့ပြီး မထိခိုက်အောင် ရှောင်တိမ်းနိုင်ခဲ့သည်။
ကျူးလန်မှာမူ တောက်ကွေ့၏ ချီဖောက်ပြန်မှုကို ဝေ့ဝူယင်ပြီးလျှင် ဒုတိယမြောက် သတိထားမိသူ ဖြစ်ရာ အစောကတည်းကပင် ဘေးကင်းရာ နေရာသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ချွီကွေ့၏ တစ်ကိုယ်လုံးမှာမူ သွေးများဖြင့် နစ်ရွှဲနေ၏။ သူမ၏ ကျင့်ကြံခြင်း အဆင့်နှင့် ခန္ဓာကိုယ်မှာ တပည့်များ အားလုံးထဲတွင် အနိမ့်ဆုံး ဖြစ်သည်။ တောက်ကွေ့နှင့် ဝေးကွာသော တစ်နေရာ၌ ရှိနေခဲ့ခြင်းကြောင့်သာ သူမ အသက်ချမ်းသာရာ ရခဲ့ခြင်း ဖြစ်သည်။ သူမက အံကို တင်းတင်းကြိတ်လျှက် ချီအား လှည့်ပတ်ကာ ဒဏ်ရာများကို ပြန်လည် ကုစားလိုက်သည်။
အရှင်မလင်းမှာ ထိုအရာများအား သတိထားမိပုံပင် မရချေ။ သို့မဟုတ် ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်သည်။ သူမက တည်ငြိမ်စွာပင် အားလုံးကို သတိပေးလိုက်၏။
“မင်းတို့မှာ ငါးဆယ့်သုံးရက် အချိန်ကျန်သေးတယ်... အဆင့်တစ်ကို ရောက်အောင် မကျင့်ကြံနိုင်တဲ့ ဘယ်သူမဆို ဆုရွေးချယ်တဲ့ နေရာမှာ ပါမှာ မဟုတ်ဘူး”
အရှင်မလင်း၏ စကားလုံးများက အားလုံး၏ နှလုံးသားများကို အေးခဲ သွားစေ၏။
နှလုံးမဲ့လိုက်လေခြင်း...
နှစ်ယောက် သေဆုံးကာ အခြားနှစ်ယောက်မှာလည်း ဒဏ်ရာရနေခဲ့ပြီ ဖြစ်သည်။ အခြားလူများမှာလည်း ကြောက်ရွံ့ တုန်လှုပ်နေကြ၏။ သို့တိုင်အောင် သူမက သူတို့အား ဆက်လက် ကျင့်ကြံရန် တိုက်တွန်းနေတုန်း ဖြစ်သည်။ အကယ်၍ သူတို့သာ ငြင်းဆန်ပါက အဓိက တပည့် နေရာများပင် ဆုံးရှုံးသွားနိုင်ပေသည်။
ဝေ့ဝူယင်က ပြန့်ကျဲနေသော နီရဲရဲ သွေးစများကို ငေးကြည့်ရင်း မျက်မှောင် ကြုတ်လိုက်သည်။ သို့သော်လည်း သူသည် ကိုယ်ပိုင် နားလည်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး အပေါ် ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။ သံသယ ရှိစရာ မလိုအောင်ပင် သူရွေးချယ်ထားသည့် နည်းလမ်းသည် အန္တရာယ် ကင်းပေလိမ့်မည်။
ဝေ့ဝူယင်က စိတ်ကို တည်ငြိမ်အောင် ထိန်းကာ ကျင့်ကြံခြင်းကို စတင်လိုက်၏။ သွေးစိမ်းနှင့် သေခြင်းတရား၏ အငွေ့အသက်တို့ အကြားတွင်ပင် သူ၏ စိတ်မှာ လေးနက်သော အခြေအနေ တစ်ခုသို့ ရောက်ရှိသွား၏။
***