← Chapters

ကျင့်ကြံခြင်း

Vol. 2 Ch. 17

ကျင့်ကြံခြင်း

Vol. 2 Ch. 17

ဝေ့ဝူယင်၏ စိတ်မျက်လုံးသည် မွေးဖွားလာသကဲ့သို့ ထင်ရကာ ရုပ်လွန်ချီနှင့် ချိတ်ဆက်သွား၏။ ချီနှလုံးသား အတွင်း ဖွဲ့စည်းနေသည့် ဝိညာဥ်ကို ထိန်းချုပ်ခြင်းအားဖြင့် သူသည် စိတ်အပေါ် လွှမ်းမိုးနိုင်၏။ လူတစ်ယောက် ဝိညာဥ် ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ချီ၏ ရှု့ထောင့်လေးခုကို အမိန့်ပေးနိုင်ရန် ဖြစ်ပေသည်။ ထိုဝိညာဥ်သည် အရာအားလုံးနှင့် ချိတ်ဆက်နေပြီး ချီစွမ်းအင်၏ အလယ်၌ ဦးနှောက်တစ်လုံး ကဲ့သို့ အလုပ်လုပ်၏။

ပုံမှန်အားဖြင့်ဆိုပါက ကျင့်ကြံသူ တစ်ယောက်သည် ရုပ်လွန်ချီကို အမိန့်ပေးနိုင်ရန် အတွက် အတွေးများကို အသုံးပြုကာ ဝိညာဥ်ကို ‌မောင်းနှင်ရသည်။ ထိုအရာက သာမန်လူများ၏ ကျောရိုး အာရုံကြောစနစ်နှင့် အတူတူပင် ဖြစ်သည်။

စိတ်၊ ရုပ်၊ ဝိညာဥ်နှင့် အမတေတို့သည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေရာ တစ်ခု အပေါ် တစ်ခု အပြန်အလှန် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ အကယ်၍ ဝေ့ဝူယင် အနေဖြင့် ဆန္ဒရှိပါက ချီနှလုံးသားကို အသုံးပြု၍ ချွီကွေ့ကဲ့သို ဒဏ်ရာ ပြန်လည် ကုသခြင်း၊ သို့မဟုတ် သူ၏ စိတ်အတွင်းရှိ မှတ်ဉာဏ်များကို တားဆီးခြင်းမျိုး ပြုလုပ်နိုင်စွမ်း ရှိပေသည်။

“ပထမ... ပုံစံခွက် ဖန်တီးခြင်း...”

ဝေ့ဝူယင်က တီးတိုး‌ရေရွတ်ကာ စိတ်ထဲတွင် ပုံစံခွက် တစ်ခုကို ဖြည်းညင်းစွာ ဖွဲ့စည်းလိုက်၏။ ၎င်းသည် အလွန် ကြီးမားသည့် စတုဂံတုံး ပုံသဏ္ဌာန် ရှိသည်။ ဝေ့ဝူယင်သည် ပြီးပြည့်စုံကာ ခေါက်ချိုးညီသော အသွားနှစ်ဖက်ပါ ဓားတစ်ချောင်းကို စိတ်ထဲတွင် ဖွဲ့စည်းရန် ဆန္ဒ ပြင်းပြလာသည်။

အလယ်မှ ထက်ခြမ်းခြမ်း လိုက်လျှင်ပင် ဓားနှစ်ချောင်းစလုံးမှာ တစ်ခုနှင့် တစ်ခု ပြီးပြည့်စုံစွာ တူညီပေလိမ့်မည်။ သို့မဟုတ် တဖန် ပြန်လည် ပေါင်းစည်းလိုက်လျှင်လည်း ပြီးပြည့်စုံသည့် တည်ဆောက်မှု တစ်ခု အဖြစ် တည်ရှိနေဦးမည် ဖြစ်သည်။  ဝေ့ဝူယင်၏ ရည်ရွယ်ချက်က ကိုယ်ပွားတစ်ခု ဖန်တီးရန် မဟုတ်ပဲ လုံခြုံ ဘေးကင်းသည့် နည်းလမ်းတစ်ခုကိုသာ လျှောက်လှမ်းရန် ဖြစ်သည်။

သူ၏ စိတ်ထဲတွင် နောက်ထပ် အသေးစိတ် အချက်အလက် နှစ်ခုလည်း ရှိသေးသည်။ သူ့အနေဖြင့် ဓား၏ အရွယ်အစားကို စိတ်၏ အရွယ်အစားထက် အတိအကျ နှစ်ဆ အနေအထားဖြင့် ထိန်းသိမ်းထားရန် လိုအပ်သည်။ ပုံမှန်အားဖြင့် လူတစ်ယောက်၏ စိတ်အရွယ်အစားကို တိုင်းတာရန်မှာ မဖြစ်နိုင်လောက်အောင်ပင် ခက်ခဲလှသည်။ သို့သော်လည်း ဝိညာဥ်နှင့် စိတ်တို့၏ ထူးခြားသော ဆက်သွယ်မှုကြောင့် ဝေ့ဝူယင်မှာ ၎င်းကို ကောင်းစွာ ဆုပ်ကိုင်နိုင်ခဲ့သည်။

နောက်ထပ် အသေးစိတ် အချက်အလက် တစ်ခုကား ခွဲထုတ်ထားသော အပိုင်းနှစ်ပိုင်းကို လွပ်လပ်သော ဓားများ အဖြစ် အသက်သွင်းရန် လိုအပ်ခြင်းပင် ဖြစ်၏။

အ‌သေးစိတ် အချက်အလက်များ အတိုင်း ပုံစံခွက်ကို ဖန်တီးပြီးနောက် ဝေ့ဝူယင်သည် အန္တရာယ် အများဆုံး ဖြစ်စဥ် ဖြစ်သည့် စိတ်ဖြိုခွဲခြင်းကို စတင်ခဲ့သည်။ ၎င်းမှာ သူ၏ မှတ်ဉာဏ်များ၊ အတွေးများနှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုကို အရည်ဖျော်ပစ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုအရာသည် အခန့်မသင့်ပါက ပြင်းထန်စွာ ပေါက်ကွဲခြင်းကိုပင် ဖြစ်စေနိုင်သည်။

သို့သော်လည်း ဝေ့ဝူယင်မှာ တဇောက်ကန်း လုပ်တတ်သူ မဟုတ်ချေ။ သူသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို မရှောင်တိမ်းနိုင်သည့်တိုင် ချီသွေဖည်မှုကြောင့် ပေါက်ကွဲမှု မဖြစ်စေရန် အတတ်နိုင်ဆုံး ပြင်ဆင်ထားခဲ့သည်။

ဝေ့ဝူယင်က အသက်ကို ပြင်းပြင်းရှူကာ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များကို စတင် ထုတ်ပယ်လိုက်၏။ မဆိုင်းမတွပင် သူ၏ ခန္ဓာကိုယ်သည် ရေနွေးငွေ့ထုတ်စက် တစ်ခုကဲ့သို့ ချီငွေ့များဖြင့် ပြည့်နှက်သွားသည်။ သူ၏ လုပ်ဆောင်ချက်သည် အခြားလူများ၏ အာရုံကို ဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်သည့်တိုင် ဝေ့ဝူယင်မှာ ထိုအရာကို ဂရုမစိုက်အားချေ။

ဝေ့ဝူယင်သည် သူ၏ ချီစွမ်းအား အားလုံးကို တိတ်တဆိတ်ပင် ထုတ်ပယ်နေခဲ့၏။ တစ်ချိန်တည်း၌ သူသည် ချီနှလုံးသား တုန်ခါမှုကို အတင်းအကြပ် ရပ်တန့်ထားသည်။

သွေးများသည် သူ၏ ပါးစပ်အတွင်း ပြည့်နှက်လာကာ သွားများမှာ နီညိုရောင် စွန်းထင်းသွားသည်။ ဝေ့ဝူယင်မှာ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်ရာ တည်ငြိမ်စွာပင် ထွေးထုတ်လိုက်သည်။ ဖြည်းညင်းစွာဖြင့် ချီများကို ဖယ်ရှားခဲ့သည့်တိုင် သူ၏ ခန္ဓာကိုယ်တွင်းရှိ အသွေးအသားများနှင့် ကိုယ်တွင်း အင်္ဂါများမှာ ထိခိုက် ပျက်စီးနေဆဲ ဖြစ်သည်။

ချီစွမ်းအင်များ ကုန်ဆုံးသွားသည်နှင့် အမျှ ဝေ့ဝူယင်မှာ တဖြည်းဖြည်း အားနည်းလာ၏။ ထိုအခိုက်၌ မည်သည့် ကျင့်ကြံသူမဆို သူ့အား သေမျိုးတစ်ယောက်နှင့် မခြား သတ်ဖြတ်နေနိုင်ပြီ ဖြစ်သည်။ ခန္ဓာကိုယ်သည် သန်စွမ်းသေးသော်လည်း သူ့၌ ခွန်အား မရှိချေ။

“စိတ်ဖြိုခွဲခြင်း...”

ဘဝ၏ အမှတ်ရစရာ မှတ်ဉာဏ်များမှာ ဝေ့ဝူယင်၏ စိတ်အတွင်း တဖျပ်ဖျပ် ပေါ်လာခဲ့သည်။ သူ တွေးခဲ့ဖူးသည့် အတွေးမှန်သမျှက သူ့အား ဖြတ်သန်းကာ စီးဆင်းသွား၏။ သူ၏ အာရုံစူးစိုက်နိုင်စွမ်းမှာ တဖြည်းဖြည်း လျော့နည်းသွားသည်။

ဘုန်း...

ရုတ်တရက် သူသည် မနာခံလိုသည့် အော်ဟစ်သံများနှင့် အတူ ပေါက်ကွဲသံ တစ်ခုကို အပြင်ဘက်တွင် ကြားလိုက်ရသည်။ သို့သော်လည်း ထိုအခိုက်၌ သူသည် ရပ်တန့်နိုင်ခြင်း မရှိချေ။ လောလောဆယ် သူ အာရုံစိုက်ရမည့် အရာ တစ်ခုသာ ရှိသည်။ ထိုအရာမှာ အခက်ခဲဆုံး အပိုင်းဖြစ်ပြီး မအောင်မြင်ပါက သူ၏ ဘဝတစ်ခုလုံး ကျရှုံးသွားပေလိမ့်မည်။

မှတ်ဉာဏ်များသည် သတ္တုရည်ကြိုများ အလား ပုံစံခွက်ထဲသို့ စီးဝင်သွား၏။ မကြာခင်မှာပင် ပုံစံခွက်မှာ ပြည့်သွားခဲ့၏။ ကံကောင်းစွာပင် သူ၏ စိတ်အာရုံ အစိတ်အပိုင်း တစ်ခုမှာ ဝိညာဥ်နှင့် ချိတ်ဆက်နေဆဲ ဖြစ်ရာ သူ့တွင် စဥ်းစားဆင်ခြင်နိုင်စွမ်း အနည်းငယ် ကျန်ရှိနေပေသေးသည်။ ဝေ့ဝူယင်သည် ဝိညာဥ် အာရုံခံနိုင်စွမ်းနှင့် ထိုစိတ်အာရုံကို အသုံးပြု၍ ပါးလွှာသည့် ခေါင်းပေါက် အလွှာတစ်ခုကို ပုံစံခွက်၏ အထက်တွင် ဖန်တီး လိုက်သည်။

လတ်တလော၌ ဓားသည် ပုံစံခွက်ထဲ၌ ပြည့်စုံ သွားသယောင် ထင်ရသော်လည်း အမှန် တကယ်တွင်မူ တစ်ဝက်မျှသာ ရှိပေသေးသည်။ ဝေ့ဝူယင် အနေဖြင့် သူစိတ်ကူးထားသည့် ပြည့်စုံသော ဓားတစ်လက်ရရှိရန် အတွက် အခြား ဓားတစ်လက်ကို သွန်းလုပ်ရပေဦးမည်။

“အေးခဲ...”

ဝေ့ဝူယင်သည် ဝိညာဥ်နှင့် ထိုစိတ်အာရုံကိုပင် အသုံးပြုကာ ချီနှလုံးသားကို ပြန်လည် အသက်သွင်းလိုက်သည်။ ၎င်းသည် ဖြည်းညင်းစွာပင် ကောင်းကင်နှင့် မြေကြီး၏ အမတေကို စုပ်ယူလာကာ ရုပ်လွန်ချီကို ထုတ်လွှတ် လာ၏။ အချိန် မည်မျှ ကုန်သွားပြီကို ဝေ့ဝူယင် မသိချေ။

ချီတစ်စက် မွေးဖွားလာပြီးနောက် သူသည် ထိုချီကို အအေးခံ ပစ္စည်းတစ်ခု အသုံးပြုကာ ပုံစံခွက်ထဲမှ ဓားအပေါ် လောင်းချလိုက်သည်။ အေးစက်ပြီး လန်းဆန်းသည့် ခံစားချက် တစ်ခုသည် သူ၏ စိတ်၌ ပြန်လည် ပေါ်လာကာ အတွေးများ၊ မှတ်ဉာဏ်များမှာ ပြန်လည် ရရှိလာခဲ့၏။

ဝေ့ဝူယင်က သူအသက်ရှင်နေသေးကြောင်း အတည်ပြုရန် လေကို လောဘတကြီး ရှူသွင်းလိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် ချွေးများဖြင့် နစ်ရွှဲနေကာ သူ၏ အမြင်အာရုံမှာ မှုန်ဝါးဝါး ဖြစ်နေခဲ့၏။

သူသည် ပုံရိပ်ခြောက်ခုကို တွေ့လိုက်ရသည်။ သူတို့ အားလုံးသည် သူ့ကို ကြည့်နေကြသည်။

ခြောက်ယောက်...

ဝေ့ဝူယင်က မှတ်ဉာဏ်များကို ပြန်လည် နှိုးဆွရန် ကြိုးစားလိုက်၏။ သူမှတ်မိသလောက် ဆိုလျှင် ခုနစ်ယောက် ရှိရပေမည်။ ကျူးလန်၊ လမ့်ရ၊ ရန်ကျူး၊ ရှုယန်၊ ရှုယင်၊ ချွီကွေ့နှင့် နတ်မိမယ်လင်း...။ ဟယ်လုံနှင့် တောက်ကွေ့တို့မှာမူ သေသွားခဲ့ချေပြီ။

ဤသို့ဆိုလျှင် အဘယ်ကြောင့် ခြောက်ယောက်သာ ရှိရသနည်း။

စိတ်စွမ်းအင်ကို တဖြည်းဖြည်း ပြန်လည် ရရှိလာသည်နှင့် အမျှ ချွီကွေ့ပျောက်နေသည်ကို ဝေ့ဝူယင် သတိထား လာမိ၏။ ချွီကွေ့သည် မေ့မေ့၏ နေရာကို ယူကာ အဓိက တပည့် ဖြစ်လာသူ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူမ ဤနေရာ၌ ရှိနေသင့်သည်။

ဝေ့ဝူယင်က အရှင်မလင်းကို လှမ်းကြည့်လိုက်ရာ သူမက ဆိုလိုက်၏။

“မင်း နီးစပ်နေပြီ... ဒါ‌ပေမဲ့ မင်းရဲ့ လက်ရှိ အခြေအနေနဲ့ စိတ်တွေ ပျံ့လွင့်နေတာက အန္တရာယ်များတယ်”

သူမ၏ စကားလုံးများက ဝေ့ဝူယင်ကို ရေဖြင့်ပက်လိုက် သကဲ့သို့ သတိဝင်သွားစေ၏။ မှန်ပေသည်။ သူ၏ စိတ်သည် တစ်ဝက်မျှသာ ပြန်လည် ပြည့်ဝသေးသည်။ သူ့အနေဖြင့် ထိုအရာကို ဂရုစိုက်ရန် လိုအပ်သည်။ အကယ်၍ ဟန်ချက်ပျက် သွားပါက မှတ်ဉာဏ်များကိုပင် ဆုံးရှုံးသွားနိုင်သည်။

ဝေ့ဝူယင်က မျက်လုံးကို မှိတ်ကာ ကိုယ်ပွားကျင့်စဥ်ကို အသက်သွင်းလိုက်၏။ သူသည် ကိုယ်ပွား အတွက် သင့်လျှော်‌သော ပုံစံခွက် တစ်ခုကို ဖန်တီးခဲ့ပြီး ဖြစ်ရာ ၎င်းကို ဖြည့်တင်းလိုက်ရုံသာ လိုအပ်ပေသည်။

ဟူး...

ဝေ့ဝူယင်၏ မျက်လုံးထဲရှိ ပုံရိပ်များမှာ ဝေဝါးကာ ပြောင်းလဲသွားပြီး တစ်ဝက်ပြည့် ဓားပုံစံခွက် တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ဝေ့ဝူယင် အနေဖြင့် ထိုအရာကို အတွေးများဖြင့် ဖြည့်စွက်ရန် လိုအပ်သည်။ ဝေ့ဝူယင် စတင် ကျင့်ကြံပြီး မကြာမီမှာပင် ထိုပုံစံခွက်သည် အရည်များဖြင့် လျှင်မြန်စွာ ပြည့်ဝလာခဲ့လေသည်။ ထိုအရည်များသည် ဝေ့ဝူယင်၏ ယင်အမတေများပင် ဖြစ်ပေသည်။

ရွှေရောင်ကျောက်တိုင်သည် မည်ကဲ့သို့ ကိုယ်ပွားခွဲရမည်ကို ဖော်ပြမထားချေ။ ထို့ကြောင့်ပင် ဝေ့ဝူယင်သည် အသင့်လျော်ဆုံးဟု ယူဆရသည့် နည်းလမ်းကို ကိုယ်တိုင် ရွေးချယ်ကာ ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

သူသည် ယောက်ျားတစ်ယောက်ဖြစ်လေရာ ကိုယ်ပိုင် ယင်အမတေ စွမ်းအင်မှာ အလွန် နည်းသည်။ ထို့ကြောင့်ပင် သူသည် သွေးကြောသုံးခု ယင်ခန္ဓာကိုယ် ပိုင်ရှင်နှင့် အတူ အိပ်ကာ ယင်စွမ်းအင်များစွာကို ရယူခဲ့သည်။ ချီပျစ်ခဲခြင်း အဆင့်လေးအထိ တက်လှမ်းပြီးသည့်တိုင် သူ့တွင် ယင်စွမ်းအင် အချို့ ကျန်ရှိနေဆဲ ဖြစ်သည်။ ကျင့်ကြံခြင်း အတွက် မလိုအပ်တော့သော ထိုလက်ကျန် ယင်စွမ်းအင်များကို သုံးခြင်းဖြင့် ဝေ့ဝူယင်သည် ဒုတိယ တစ်ဝက်ကို ဖြည့်စွက် လိုက်နိုင်သည်။

မကြာခင်မှာပင် ဝေ့ဝူယင်၏ ဓားသည် ပြည့်စုံသွားပြီ ဖြစ်သည်။ ဓား၏ တစ်ပိုင်းသည် သူ၏ မှတ်ဉာဏ်များနှင့် ပြည့်ဝနေကာ အခြား တစ်ပိုင်းမှာမူ အတွေးသစ်များ၊ မှတ်ဉာဏ်သစ်များကို လက်ခံရန် အဆင်သင့် ဖြစ်နေခဲ့သည်။ အရည်အခြေအနေမှ ‌အေးခဲပစ်ပြီးသည်နှင့် ၎င်းသည် ဝေ့ဝူယင်၏ ဒုတိယစိတ် ဖြစ်လာလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်သည် စိတ်၏ အကျယ်အဝန်း ပို၍ ပြန့်ကားလာသည်ကို တွေ့မြင်လိုက်ရ၏။ သူသည် အတွေးများ၏ သိမ်းပိုက်စိုးမိုးမှုမှ လွတ်ကင်းလာသလို ခံစားနေရသည်။

“ဒါက မွေးကင်းစ ကလေး တစ်ယောက်ရဲ့ ခံစားမှုမျိုးလား... ကလေး တစ်ယောက်က အရာဝတ္ထုတွေကို သဘာဝအတိုင်း သင်ယူလေ့လာနိုင်စွမ်း ရှိတယ်... ဘာသာစကား တစ်ခုတောင် သူတို့အတွက် မခက်ခဲဘူး... ဒါပေမဲ့ အရွယ်ရောက်လာတဲ့ လူတွေအတွက်တော့ အများကြီး ခက်ခဲတယ်... ငါသာ အဲဒီ စိတ်ကို ဗဟုတ၊ အသိဉာဏ်ပညာတွေနဲ့ ဖြည့်လိုက်မယ် ဆိုရင် ပညာရှင် တစ်ယောက်တောင် ဖြစ်လာနိုင်မလား”

ထိုအတွေးနှင့် ခံစားချက်က ဝေ့ဝူယင်ကို အံ့သြသွားစေ၏။  သူက မျက်လုံးကို ဖွင့်လိုက်သော အခါ နက်နဲသော ဉာဏ်ရည်၊ ဉာဏ်သွေးများ ကိန်းဝပ်နေသည့် ငွေရောင် အလင်းတစ်ခုမှာ တောက်ပလာ၏။ သူသည် ပတ်ချာလည်ကို ကြည့်လိုက်ရာ အခြားလူများမှာ နက်ရှိုင်းသော အာရုံဝင်စားမှု အတွင်း ကျရောက်နေသည်ကို တွေ့မြင်လိုက်ရသည်။ အရှင်မလင်း တစ်ယောက်သာလျှင် သူ့အား ကြည့်နေခဲ့၏။

“ဘယ်လောက် ကြာသွားပြီလဲ...”

ဝေ့ဝူယင်က မေးလိုက်သည်။

“နင့်မှာ လေးဆယ့်ငါးရက် အချိန်ရှိသေးတယ်”

အရှင်မလင်းက ပြန်ပြောလိုက်သည်။

လေးဆယ့်ငါးရက်...

ထိုအရာက ဆယ့်ငါးရက် ကုန်ဆုံးသွားပြီဟု ဆိုလိုပေသည်။ ဝေ့ဝူယင်သည် ဝမ်းဗိုက်ထဲမှ ဆိုးရွားသော ဆာလောင်မှုလှိုင်းကို ခံစားလိုက်ရ၏။ ဒြပ်စင် မွေးဖွားပြီးသည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်နေသည်မှာ ကံကောင်းလှသည်။ မဟုတ်လျှင် အာဟာရဓာတ် ခမ်းခြောက်ကာ သူ သေဆုံး သွားလောက်ပြီ ဖြစ်သည်။

“ချွီကွေ့ ဘာဖြစ်သွားတာလဲ...”

ဝေ့ဝူယင်မှာ ထိုအရာကို သိချင်နေမိ၏။ သူမက ချီသွေဖည်မှု ဖြစ်သွားသည်လော။ ပုံမှန်ဆိုလျှင် ပင်ကိုယ် ယင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးများ အတွက် ပထမ အဆင့်က အန္တရာယ် မရှိနိုင်ချေ။ အကယ်၍ သူမ ရွေးချယ်ထားသော လမ်းစဥ်သာ မှန်ကန်ပါက ခြေလှမ်းအားလုံးကို လွယ်ကူစွာ တက်လှမ်း နိုင်လိမ့်မည် ဖြစ်သည်။

“သူ အသတ်ခံလိုက်ရပြီ...”

ကျူးလန်က မျက်လုံးများကို ဖွင့်ကာ ဆိုလိုက်၏။ သူမသည်လည်း စိတ်ကို ကိုယ်ပွားခဲ့ပြီး ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ သူ့ကဲ့သို့ပင် လန်းဆန်းမှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်သည် သူမ မည်သည့် နည်းလမ်းကို သုံးကြောင်း မသိချေ။ သို့သော်လည်း ထိုအရာက အမှန်တကယ်ပင် အလုပ်ဖြစ်သည့် နည်းလမ်း တစ်ခု ဖြစ်ရမည်။

“အသတ်ခံလိုက်ရတယ်...”

ဝေ့ဝူယင်မှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ဤသို့ဆိုလျှင် ချီသွေဖည်မှု မဟုတ်သည်လော။

ကျူးလန်က ဝေ့ဝူယင်ကို ကြည့်ကာ ပြုံးလိုက်သည်။ ထိုအပြုံးက ကမ္ဘာကြီး မီးလောင် ပြာကျသွားသည်ကို ကြည့်လိုသော ရက်စက်သည့် အပြုံးမျိုး ဖြစ်သည်။ သို့သော်လည်း သူမ၏ အလှတရား ပုရိသတိုင်းကို သူမနှင့် အတူ ထိုမြင်ကွင်းကို ကြည့်ရန် ဖမ်းစားထားသည်။

“ချွီကွေ့က နင် စိတ်ကို နှစ်ပိုင်းခွဲနေတုန်းမှာ သတ်ဖို့ ကြိုးစားခဲ့တာ...”

ကျူးလန်က ပြောလိုက်သည်။

ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ ချွီကွေ့က အဘယ်ကြောင့် သူ့အား သတ်ဖြတ်ရန် ကြိုးစားရသနည်း။ သူသည် ထိုမိန်းမနှင့် ပတ်သက်မှု မရှိသလောက် နည်းသည်။ သို့တိုင်အောင် သူမက အဘယ်ကြောင့် ထိုသို့ လုပ်ရသနည်း။

ထို့အပြင်...

သူ မည်ကဲ့သို့ ယခုထိ အသက်ရှင် နေသေးသနည်း။ ချွီကွေ့ကရော မည်သည့် နေရာသို့ ရောက်သွားပြီနည်း။

***

All Chapters