← Chapters

ပိုးသားဧကရာဇ်နှစ်ယောက်၏ယှဉ်ပြိုင်ပွဲ

Vol. 79 Ch. 1101

ပိုးသားဧကရာဇ်နှစ်ယောက်၏ယှဉ်ပြိုင်ပွဲ

Vol. 79 Ch. 1101

အခန်း (၁၁၀၁) ပိုးသားဧကရာဇ်နှစ်ယောက်၏ယှဉ်ပြိုင်ပွဲ

မျက်လုံးများ ဖွင့်မကြည့်ခင်အချိန်အထိတော့ ပိုးသားဧကရာဇ် (၂)ယောက်က အတိအကျ တူညီနေကြသည်ပင်။

တစ်ယောက်က အဖြူရောင် ၊ တစ်ယောက်က အနက်ရောင် ဝတ်ဆင်ထားသည်မှတပါး အခြားသော ကွဲပြားချက် မရှိပေ။

နတ်ဆိုးများကို တိုက်ခိုက်ခဲ့သော တိုက်ကွက်သည်ပင် တစ်ပုံစံတည်း ဆင်တူနေသည် မဟုတ်ပါလား။

သို့သော် သူတို့မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အလွယ်တကူ ခွဲခြားနိုင်သွားခဲ့သည်။

အဖြူရောင်ဝတ် ပိုးသားဧကရာဇ်၏ မျက်ဝန်းများထဲ၌ အမျက်ဒေါသ ၊ ဝမ်းနည်းမှု ၊ ပျော်ရွှင်မှု ၊ ကြင်နာမှု စသည့် အမျိုးမျိုးသော စိတ်ခံစားချက်များဖြင့် ပြည့်နက်နေပြီး ခံစားချက် ရောင်စဉ်များ လင်းလက်နေသည်။

သူ၏မျက်တန်းများထဲတွင် စိတ်ခံစားချက်များစွာကို အဆက်မပြတ် ဖမ်းဆုပ်နိုင်မည် ဖြစ်သည်။

အနက်ရောင်ဝတ်ပိုးသားဧကရာဇ်၏ မျက်ဝန်းများကတော့ ဆန့်ကျင်ဘက်ဖြစ်စွာ တည်ငြိမ်နေပြီး မည်သည့်ခံစားချက်အရိပ်အယောင်ကိုမှ မတွေ့ရပေ။

အခြားသော သက်ရှိများကိုပင် သက်မဲ့အရာဝတ္ထုများပမာ သဘောထားဟန် ရှိသည်။

သူ့မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းတမ်းခြင်းများ မတွေ့မြင်ရသော်လည်း ထိုမျက်ဝန်းများကို ရင်ဆိုင်မိသည်နှင့် မသိစိတ်ထဲတွင် တုန်လှုပ်သွားစေနိုင်သည်။

မျက်လုံးများဖွင့်ပြီးသည်နှင့် အဖြူရောင်ဝတ်ပိုးသားဧကရာဇ်က မန်ဝမ်ကို ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

“ဝမ်အာ... မကြောက်ပါနဲ့ ၊ ဘာမှ မဖြစ်ပါဘူး”

ထို့နောက် သူက ရန်ကျောက်ကဲအား စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်လိုက်ရင်း...

“မင်းက တကယ်ထူးခြားတဲ့သူပဲ မိတ်ဆွေလေး’ရန်’”

အနက်ရောင်ဝတ်ပိုးသားဧကရာဇ်ကတော့ စကားများမနေဘဲ ကောင်းကင်ထက်မှ စစ်ထိုက်ရှန်းထျန်းအလံကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ရန်ကျောက်ကဲနှင့်မန်ဝမ်အား အကဲခတ်လိုက်၏။

သူ၏မျက်ဝန်းများက နွေးထွေးမှုကင်းမဲ့နေပြီး မည်သည့်ခံစားချက်မှ ရှိမနေပေ။

ထိုအချိန်...

ကောင်းကင်ထက်တွင်တုန်ခါနေသည့် စစ်ထိုက်ရှန်းထျန်းအလံက အလင်းတန်းပမာ ပြောင်းလဲသွားပြီး အဝေးသို့ လွင့်ပျံသွားသည်။

အနက်ရောင်ဝတ်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲ ၊ မန်ဝမ်နှင့် အဖြူရောင်ဝတ်ပိုးသားဧကရာဇ်တို့ကို တစ်ချက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမဆိုဘဲ ထိုအလံနောက်သို့ လိုက်ပါသွားသည်။

အဖြူရောင်ဝတ်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲနှင့် မန်ဝမ်ကိုကြည့်ကာ သက်ပြင်းချရင်း...

“အခွင့်အရေးရတဲ့အချိန်ကျ ပိုပြီးစကားရှည်ရှည် ပြောကြတာပေါ့”

ထို့နောက် သူက အနက်ရောင်ဝတ်ပိုးသားဧကရာဇ်နောက်သို့ လိုက်ပါသွားတော့သည်။

လွန်ခဲ့သည့်အခိုက်အတန့်က ပြေင်းဆန်နေသော တိုက်ပွဲစစ်မြေပြင်သည် ယခုတော့ ငြိမ်သက်သွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲက နဖူးထက်သို့ လက်တစ်ဖက်ဖြင့်ကာရင်း ပျောက်ကွယ်သွားသော ပိုးသားဧကရာဇ် (၂)ယောက်ထံသို့ စူးစိုက်ကြည့်လိုက်သည်။

ထို့နောက် မန်ဝမ်ကို လှည့်ကြည့်ရင်း...

“အဖြူရောင်ဝတ်ပိုးသားဧကရာဇ်က မင်းကို နှစ်သိမ့်မပေးချင်တာ မဟုတ်ပါဘူး ၊ ဒါပေမဲ့... စစ်ထိုက်ရှန်းထျန်းအလံ အနက်ရောင်ပိုးသားဧကရာဇ်လက်ထဲရောက်သွားရင် မင်းအတွက် အရမ်းအန္တရယ်များတယ်လေ”

သူက ဆက်ပြောသည်။

“မင်းနဲ့ ကြာပန်းနီဒေဝီ’ဖုထင်’ အန္တရယ်ကင်းဖို့အတွက် အဖြူရောင်ဝတ်ကောင်းကင်ဧကရာဇ်က စစ်ထိုက်ရှန်းထျန်းအလံကို ယူနိုင်မှဖြစ်မှာ မဟုတ်လား”

“ပြီးတော့... သူ အမြဲတမ်းကိုင်ဆောင်တဲ့ လက်နက်နဲ့ပတ်သက်ပြီးတော့လည်း လေးနက်တဲ့ခံစားချက်ရှိမှာသေချာတယ် ၊ တကယ်တော့ ဒီ စစ်ထိုက်ရှန်းထျန်းအလံက မင်းနဲ့ ကြာပန်းနီဒေဝီ ‘ဖု’ ထက်တောင်ပိုပြီး သူနဲ့ အချိန်အကြာကြီး ရှိခဲ့တာ မဟုတ်လား”

ထိုစကားကိုကြားတော့ မန်ဝမ်က ပြုံးလိုက်ရင်း...

“အစ်ကိုကြီး’ရန်’ ... ကျွန်မက အဲဒါကို စိတ်ပူတာမဟုတ်ပါဘူး ၊ အဖေ ဘာဖြစ်သွားတာလဲဆိုတာ သိချင်တာပါ”

ရန်ကျောက်ကဲက လေထုထဲမှ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး အပိုင်းအစ အကြွင်းအကျန်များကို သိမ်းယူနေရင်း မန်ဝမ်ကို ရှင်းပြသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပိုးသားဧကရာဇ် နှစ်ပိုင်းကွဲသွားတာပဲ ၊ သူ့ရဲ့ခန္ဓာကိုယ် အသွင်ပြောင်းပြီး ပြိုကွဲသွားပြီးတဲ့နောက် ငရဲကိုးထပ်က နတ်ဆိုးချီစွမ်းအားတွေရဲ့ အကအူညီနဲ့ မတူညီတဲ့ ရုပ်ခန္ဓာနှစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တယ်”

“သူတို့ရဲ့မှတ်ဉာဏ်တွေ ၊ အသိပညာအခြေခံတွေ ၊ တတ်ကျွမ်းတဲ့သိုင်းပညာတွေ အားလုံးက အတူတူပဲ ၊ အသိစိတ်နဲ့ ကိုယ်ရည်ကိုယ်သွေးပဲ ကွဲပြားသွားတာ”

ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...

“အဖြူရောင်ပိုးသားဧကရာဇ်က ခံစားချက်ရှိတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီး အနက်ရောင်ပိုးသားဧကရာဇ်ကတော့ ခံစားချက်ကင်းမဲ့တဲ့လမ်းကြောင်းကိုလိုက်တယ်”

မန်ဝမ်က တိုးလျစွာဖြင့်...

“ဒါဖြင့် ဘာတွေဖြစ်လာမလဲ”

ရန်ကျောက်ကဲက...

“သူတို့ကြားမှာ တိုက်ပွဲဖြစ်လာမှာပေါ့”

သူက ဆက်ပြောသည်။

“အနိုင်ရတဲ့သူကပဲ ရှေ့ဆက်ဖို့ အခွင့်အလမ်းရှိလိမ့်မယ် ၊ မဟုတ်ရင်... သူတို့ရဲ့ ကျင့်ကြံခြင်း ရပ်တန့်သွားလိမ့်မယ်”

“သူတို့နှစ်ယောက်က အခုချိန်မှာ လက်ရည်ညီနေတယ် ၊ နှစ်ယောက်လုံးက အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိနေပေမယ့် နှစ်ပိုင်းမကွဲခင်ကထက်တော့ တန်ခိုးစွမ်းအားနည်းပါးသွားကြတယ် ၊ ဒါပေမဲ့ သူတို့စိတ်ထဲက မူမမှန်တဲ့ ရူးသွပ်မှုနဲ့ အားနည်းချက်ကတော့ မရှိတော့ဘူး”

ရန်ကျောက်ကဲက ပခုံးတွန့်ရင်း...

“ဒါပေမဲ့ သူတို့အားနည်းတယ်ဆိုတာက နှစ်ပိုင်းမကွဲခင် ပိုးသားဧကရာဇ် ဒါမှမဟုတ် တခြားအစစ်အမှန်နတ်ဘုရားတွေထက်ပဲ အားနည်းတာ ၊ သေမျိုးလူသား ကျင့်ကြံသူတွေနဲ့ ယှဉ်လိုက်ရင်တော့ မိုးနဲ့မြေလို တန်ခိုးစွမ်းအား ကြီးမားနေတုန်းပဲ”

အဖြူရောင်ပိုးသားဧကရာဇ် မည်သည့်စကားမှမဆိုဘဲ ထွက်ခွာသွားသည်ကို သတိပြုမိပြီး မန်ဝမ် မျက်တောင်တစ်ချက် ခတ်လိုက်သည်။

အနက်ရောင်နှင့် အဖြူရောင် ပိုးသားဧကရာဇ်ကြား ယှဉ်ပြိုင်မှု အနိုင်အရှုံးက ရိုးရှင်းစွာ ပြီးဆုံးသွားမည် မဟုတ်ပေ။

တိုက်ပွဲတွင် အနိုင်ရသူက ရှေ့ဆက်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။ ဤသည်က မည်သူအသက်ရှင်မည် မည်သူသေဆုံးမည်ကို ဆုံးဖြတ်သည့် တိုက်ပွဲဖြစ်လာပေမည်။

တစ်နည်းဆိုရသော် အသက်ရှင်ကျန်ရစ်သူသာလျှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်လုံးက အခြားတစ်ယောက်၏ ကိုယ်ပွား မဟုတ်သောကြောင့်ပင်။

ရန်ကျောက်ကဲက လွင့်ပျံနေသော မိုးကြိုးပုံဆောင်ခဲများကို သိမ်းဆည်းလိုက်ရင်း...

“တိုက်ပွဲမှာအနိုင်ရတာက သူတို့အတွက် ပထမခြေလှမ်းပဲ ရှိသေးတယ်”

သူက ဆက်ပြောသည်။

“အနိုင်ရတဲ့သူက အရင်လိုပဲ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သွားလိမ့်မယ်”

“အခု သူတို့နှစ်ယောက်လုံးက ပုံမှန်စိတ်ပြန်ဖြစ်သွားပြီဆိုပေမယ့် ကျင့်ကြံခြင်းသွေဖယ်တာကြောင့် ကျန်ရစ်ခဲ့တဲ့ ဒဏ်ရာတွေက ရှိနေဆဲပဲ ၊ ဒီတော့ ဆက်ပြီးကျင့်ကြံနိုင်ဖို့ ဒဏ်ရာတွေကို အရင်ကုစားမှ ဖြစ်လိမ့်မယ်”

“ပြီးတော့ သူတို့အနိုင်ရသွားရင်... လုပ်စရာတွေလည်း ရှိနေသေးတယ်... ဘယ်လိုမျိုးလဲဆိုတော့”

ရန်ကျောက်ကဲက မန်ဝမ်ကိုကြည့်ရင်း...

“အနက်ရောင်ပိုးသားဧကရာဇ် အနိုင်ရသွားရင် သူက မင်းနဲ့ မင်းရဲ့အစ်မကို သတ်ပစ်လိမ့်မယ်”

ထို့နောက် ရန်တိကို သတ်ဖြတ်ကာ ထိုက်ယိဟွာတိမ်တိုက်ကိုရယူပြီး သူကိုယ်တိုင်အတွက် သန့်စင်ကျင့်ကြံမည် ဖြစ်သည်။

ခံစားချက်ကင်းမဲ့သောလမ်းကိုလျှောက်လှမ်းသေ အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် ထိုက်ယိဟွာတိမ်တိုက်မရှိပါက ဆက်လက်ကျင့်ကြံရန် အတားအဆီးများနှင့် ရင်ဆိုင်ရပေမည်။

ထိုက်ယိဟွာတိမ်တိုက် ရရှိမှသာလျှင် ဧကရာဇ် (၃)ပါးနှင့် တူညီသောအဆင့်တွင် ရပ်တည်လာနိုင်ခြေ ရှိမည် ဖြစ်သည်။

မန်ဝမ်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ရင်း...

“ဒါဖြင့် အဖြူရောင်ပိုးသားဧကရာဇ် အနိုင်ရသွားရင်ရော... ဘာဆက်ဖြစ်မလဲ”

ရန်ကျောက်ကဲက...

“အဖြူရောင်ဝတ် ပိုးသားဧကရာဇ်...”

ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“အဲဒီအကြောင်း ငါ အများကြီးတော့ မသေချာဘူး ၊ ဒါပေမဲ့ အဖြူရောင်ပိုးသားဧကရာဇ် အနိုင်ရသွားမယ်ဆိုရင် အနည်းဆုံးတော့ မင်းနဲ့ မင်းရဲ့အစ်မ အန္တရယ်ကင်းသွားမှာပေါ”

မန်ဝမ်က ကြိုးစားကာ ပြုံးလိုက်သည်။

ရန်ကျောက်ကဲက ညင်သာစွာဖြင့်...

“အဖြူရောင်ပိုးသားဧကရာဇ်က သူကိုယ်တို်ငတောင် ဘယ်လိုရှေ့ဆက်ရမလဲ သိမှာမဟုတ်ဘူး”

“အခုလိုမျိုး ရုပ်ခန္ဓာ နှစ်ပိုင်းကွဲမသွားခင် စိတ်ဝိညာဉ်နှစ်ပိုင်းကွဲနေတဲ့အချိန်တုန်းက အဲဒီလိုမျိုး မသေချာမှုတွေကြောင့်ပဲ ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်းက တဖြည်းဖြည်း အသာစီးရသွားတာပေါ့”

ခံစားချက်ရှိသည့်လမ်းစဉ်နှင့်ယှဉ်လျှင် ခံစားချက်ကင်းမဲ့သည့်လမ်းစဉ်ကတော့ အနည်းဆုံး ပြတ်သားသည့်အမြင်တစ်ခု ပေါ်လွင်စေသည်။

ခံစားချက်ရှိသည့်လမ်းစဉ်ကတော့ အဖြေမရှာနိုင်သည့် လမ်းဆုံးသို့ ရောက်နေပုံရသည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ အထွတ်ထိပ်ပုဂ္ဂိုလ်အများစုကတော့ ပိုးသားဧကရာဇ် ခံစားချက်ကင်းမဲ့သည့်လမ်းစဉ်ကို ရွေးချယ်လျှင် စိတ်ကျေနပ်ကြပေမည်။

ထိုလမ်းစဉ်ကိုရွေးချယ်မည်ဆိုပါက ပိုးသားဧကရာဇ်အနေဖြင့် ဧကရာဇ် (၃)ပါးနှင့် တူညီသည့်အဆင့်သို့ ဆက်လက်တက်လှမ်းနိုင်မည် မဟုတ်ပါလား။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် တာအိုဝါဒ များစွာ ကျဆင်းလာခဲ့သည်ဖြစ်ရာ အထွတ်ထိပ်ပုဂ္ဂိုလ်များ များပြားလာသည်မှာ ကောင်းသည့်အချက် ဖြစ်ပေသည်။

သို့သော် ရန်တိနှင့် ထိုက်ယိဟွာတိမ်တိုက် ဤကိစ္စတွင် မပတ်သက်မှသာ ဤကိစ္စကို ထောက်ခံနိုင်ကြပေလိမ့်မည်။

ရန်တိနှင့်ပတ်သက်လာမည်ဆိုလျှင် ကျန့်ဟွမ်ဓားဧကရာဇ်က လုံးဝ သဘောတူညီမည်မဟုတ်လေရာ အခြားသူများသည်လည်း နှစ်ခါပြန် စဉ်းစားကြရပေလိမ့်မည်။

ရန်တိ၏ အရည်အချင်းနှင့် တန်ခိုးစွမ်းအားက ပြောစရာမလိုအောင် ထက်မြက်သည်။

မန်ဝမ်က သက်ပြင်းချရင်း...

“တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော... အဖြူရောင်ဝတ်အဖေကိုပဲ အနိုင်ရစေချင်လိုက်တာ...”

ရန်ကျောက်ကဲက ပြုံးရင်း...

“အမှန်ပဲ... ဒါပေမဲ့ ဘာကိုမှ မင်းထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ၊ ဒီအခြေအနေကြီးကလည်း အရမ်းရှုတ်ထွေးတယ်လေ”

မန်ဝမ်က ရန်ကျောက်ကဲကိုကြည့်ရင်း...

“အစ်ကိုကြီး’ရန်’ ... ဒီလိုတွေဖြစ်လာမယ်လို့ အစကတည်းက တွေးထားတာလား”

ရန်ကျောက်ကဲက လက်ကာပြရင်း...

“ငါ အခြေအနေတွေကို အနည်းအကျဉ်းလောက်ပဲ ခန့်မှန်းထားတာပါ”

သူက ဆက်ပြောသည်။

“ပြီးတော့ ပိုးသားဧကရာဇ် ဒီလိုဖြစ်သွားမယ်လို့ ငါ ထင်မထားခဲ့ဘူး ၊ ငါက သူ့ရဲ့ ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်းကိုပဲ ဟန့်တားဖို့ လုပ်ဆောင်ခဲ့တာ ၊ ဒါပေမဲ့ သူ့စိတ်ဝိညာဉ်ထဲမှာဖြစ်သွားတဲ့ ရုန်းကန်မှုက အရမ်းပြင်းထန်ပြီး အခုအခြေအနေအထိ ဖြစ်သွားတာပဲ”

ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး အကြွင်းအကျန်များကို စုစည်းပြီးနောက် ရန်ကျောက်ကဲ မန်ဝမ်ကိုခေါ်ကာ နေရာမှ ထွက်လာခဲ့သည်။

“အရမ်းကြီး ပုံစံကျတယ်လို့ မဆိုသာပေမယ့် အခုအခြေအနေက မဆိုးလှပါဘူး ၊ အဖြူရောင်ပိုးသားဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်ကို ထိန်းထားလိမ့်မယ် ၊ ဒါဆို လူတိုင်း နည်းနည်းအသက်ရှူချောင်သွားတဲ့အပြင် အချိန်လည်း ပိုရလာနိုင်တယ်”

“ဒါပေမဲ့ ငါတို့တွေ အရမ်းသတိလက်လွတ်နေလို့တော့မရဘူး ၊ ငါ့အထင်ပြောရရင်... ဒီတိုက်ပွဲမှာ အနက်ရောင်ပိုးသားဧကရာဇ်က အနိုင်ရနိုင်ခြေ များတယ်”

All Chapters