← Chapters

ဆုလာဘ်

Vol. 2 Ch. 18

ဆုလာဘ်

Vol. 2 Ch. 18

“နင် အသက်ဆက်ရှင်ဖို့ အတွက် အရှင်မလင်းက သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်တယ်လေ...”

ကျူးလန် ဆက်ပြောလိုက်သော စကားလုံးများက ဝေ့ဝူယင်၏ စိတ်ထဲမှ မေးခွန်းများကို ရှင်းလင်းသွားစေ၏။

ဝေ့ဝူယင်က ထိုင်ရာမှ ထရပ်ကာ အရှင်မလင်းကို လေးလေးစားစား ဦးညွှတ်လိုက်၏။ အကယ်၍ သူမသာ ဝင်ရောက် မစွက်ဖက်ပါက ချွီကွေ့၏ လုပ်ကြံမှုတွင် သူ သေဆုံးနေလောက်ပြီ ဖြစ်သည်။

“ချွီကွေ့က သူ့ကိုယ်သူ ဒဏ်ရာ ရချင်ယောင်ဆောင်ပြီး နင် အားနည်းတဲ့ အချိန်ကို စောင့်နေတာ... သူ့ရဲ့ ရည်ရွယ်ချက်က နင်နဲ့သူ နှစ်ယောက်စလုံး အတူတူ သေဖို့ပဲ... နှလုံးသား အတွက် ဆိုပြီး ဟိုတစ်ယောက် လုပ်ခဲ့သလိုမျိုးပေါ့”

ကျူးလန်က ထပ်ဖြည့် ပြောလိုက်သည်။ အလားတူပင် ဟန်ယုသည် အသေခံ တိုက်ကွက်ကို သုံး၍ မေ့မေ့အား လုပ်ကြံခဲ့ဖူးသည်။

ဝေ့ဝူယင်၏ အကြည့်များမှာ လမ့်ရထံ ကျရောက်သွား၏။ သူ၏ မျက်လုံး အတွင်းမှ သတ်ဖြတ်လိုသည့် အရိပ်အငွေ့မှာ ပို၍ တောက်ပလာသည်။

“အဲဒီ ကိစ္စအတွက် အချိန်ကုန် ခံမနေကြနဲ့တော့... နင့်တို့ အားလုံးမှာ အချိန် လေးဆယ့်ငါးရက် ကျန်သေးတယ်... ကျင့်ကြံဖို့ အရည်အချင်းရှိတဲ့ လူတွေ အနေနဲ့ သေမှာကို ပူနေစရာ မလိုဘူး... ဆက်ပြီး ကျင့်ကြံကြ”

အရှင်မလင်းက အမိန့်ပေးလိုက်၏။ သူမ၏ လေသံအရဆိုလျှင် ဝေ့ဝူယင်မှာ ကျင့်ကြံရာ၌ အရည်အချင်း ပိုမို မြင့်မားသောကြောင့် ချွီကွေ့ကိုသာ စတေးလိုက်ပုံ ပေါ်သည်။

ဝေ့ဝူယင်က ကျေးဇူးတင်စွာဖြင့် အရှင်မလင်းကို နောက်တစ်ကြိမ် ဦးညွှတ်ကာ မျက်လုံးများကို မှိတ်လိုက်တော့သည်။ သူကား နောက်တစ်ကြိမ် ထပ်မံ ကျင့်ကြံရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင် အာရုံစိုက်ကာ ကျင့်ကြံနေသည့် အတွင်း အဖြစ်အပျက် အချို့ ဖြစ်ပွား သွားခဲ့၏။ ပထမဆုံး ရှုယန်မှာ ဒဏ်ရာများမှ ပြန်လည် သက်သာလာကာ ကျင့်ကြံခြင်းကို ပြန်လည် စတင်ခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် သုံးဆယ့်ခြောက်ရက်မြောက်နေ့၌ သူ စိတ်လွတ်သွားကာ ချီသွေဖည်မှု ဖြစ်လုနီးနီး အထိ ဖြစ်သွားခဲ့သည်။ နောက်ဆုံးအခိုက်အတန့်၌ ရှုယင်သည် အချိန်မီ လှုပ်ရှားကာ သူ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

သို့သော်လည်း သူ၏ ချီနှလုံးသားမှာမူ မပေါက်ကွဲသေးသည့်တိုင် ကျိုးကြေလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် ချီကို ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ အကယ်၍ သူသာ ချီနှလုံးသားကို မပြင်ဆင်နိုင်ပါက ဒုက္ခိတ တစ်ယောက် အနေဖြင့် ဘဝအား အဆုံးသတ် သွားရ‌တော့မည် ဖြစ်သည်။

တစ်ချိန်တည်း၌...

ရန်ကျူး၊ လမ့်ရနှင့် ရှုယင်တို့မှာ ကောင်းကင် နှလုံးသား ချီနည်းလမ်း ပထမ အဆင့်ကို အသီးသီး အောင်မြင် ခဲ့ကြသည်။

ဝေ့ဝူယင်၏ တွက်ဆချက်မှာ မှန်ကန်ပေသည်။ မိန်းကလေးများသည် မွေးရာပါ ယင်စွမ်းအင်ကို ပိုင်ဆိုင်ထားရာ ကောင်းကင် နှလုံးသား ကျင့်စဥ်ကို ကျင့်ကြံရာ၌ ကြီးစွာသော အားသာချက်များ ရှိပေသည်။ အထူးသဖြင့် မူလယင်ကို ပိုင်ဆိုင်ထားသည့် အပျိုစင် ရန်ကျူးနှင့် ကျူးလန်တို့မှာ လမ့်ရနှင့် ရှုယင်တို့ထက် ဆယ်ရက်ခန့်ပင် ပိုစော၍ အောင်မြင်ခဲ့သည်။

နောက်ထပ် အဖြစ်အပျက် တစ်ခုကား...

ကောင်းကင် နှလုံးသား ချီနည်းလမ်း၏ အဆင့် (၂) ဖြစ်သော “ရုပ် ပြန်လည် မွေးဖွားခြင်းနှင့် ပေါင်းစပ်ခြင်း” အဆင့်သို့ ကျူးလန် ရောက်ရှိသွားခြင်း ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်သည် စွမ်းအင် အသစ်များဖြင့် လောင်မြိုက်နေပုံ ရသည်။ ထိုအဆင့်၏ အံ့အားသင့်စရာ အကောင်းဆုံး အချက်ကား အရေပြားလဲခြင်းပင် ဖြစ်၏။ သူမသည် အရေပြား လဲလှယ်ဖြင်း ဖြစ်စဥ်ကို ဖြတ်သန်းသော အခါ၌ ချီအကာအကွယ် တစ်ခု၏ နောက်၌ ဝင်ရောက် ပုန်းကွယ်နေခဲ့လေသည်။

နောက်တစ်ပတ် တိတိ အကြာတွင် ဝေ့ဝူယင်သည်လည်း ထိုအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်သည် အရေခွံကို လဲလှယ်ရာ၌ မည်သည့် အကာအကွယ်ကိုမျှ အသုံးချေ။ သူသည် အခန်းထဲတွင်ပင် ကိုယ်တုံးလုံး ချွတ်ချကာ ခန္ဓာကိုယ် အပြောင်းအလဲများကို လေ့လာ ဆန်းစစ်ခဲ့သည်။ ထိုအတောအတွင်း၌ သူသည် အခန်းထဲတွင် ရှိနေသော မိန်းကလေး အချို့၏ အကြည့်များကို လက်ခံ ရရှိခဲ့၏။

ဒုတိယ အဆင့်သည် အရေပြားအား အသစ် ပြန်လည် မွေးဖွားလာစေရုံမျှသာမက ဆဲလ်များကိုပါ ပြောင်းလဲသွား သွားခဲ့သည်။ ဝေ့ဝူယင်သည် သူ၏ ဗီဇကို ကူးယူ၊ တည်းဖြတ်ပြီး ပြန်လည် ပြုပြင်လိုက်သည် ဟုပင် ခံစားနေရသည်။ သို့သော်လည်း ထိုအရာမှာ သူ၏ ချီနှလုံးသားနှင့် ချိတ်ဆက်နေဆဲ ဖြစ်သည်။

ထိုရှာ‌ဖွေ တွေ့ရှိမှုက ဝေ့ဝူယင်ကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။ ထိုအသစ် မွေးဖွားလာသော ခန္ဓာကိုယ်နှင့် ဆိုပါက လက်ရှိ ကြံ့ခိုင်မှုအခြေအနေကို ထိန်းသိမ်းနိုင်ဦးမည့် အပြင် ရုပ်အမတေ စွမ်းအင်ဖြင့် ချီနှလုံးသား အသစ်တစ်ခုပင် ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်မှာ ထိုရှေးဟောင်း ချီနည်းလမ်းကို ပို၍ ကျင့်ကြံလေလေ၊ ပို၍ သိလိုစိတ် များပြား လာလေလေ ဖြစ်နေခဲ့သည်။

နောက်လက်ကျန်ရက်များ အတွင်း၌ သူနှင့် ကျူးလန်မှ လွဲ၍ မည်သူမျှ အဆင့် (၂) ကို ထပ်မံ ရောက်ရှိခြင်း မရှိတော့ချေ။ သို့သော်လည်း နောက်ဆုံး အခိုက်အတန့်၌ ကျူးလန်မှာ တတိယ အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့၏။ တတိယ အဆင့်ကို ရောက်ရှိရန်မှာ မခက်ခဲသော်လည်း ဝေ့ဝူယင်မှာ အမတေ စွမ်းအင် ရင်းမြစ် လိုအပ်ချက်ကြောင့် ခြေတစ်လှမ်း နောက်ကျသွားခဲ့ခြင်း ဖြစ်သည်။

အဆုံး၌...

အဓိက တပည့် ယှဥ်ပြိုင်ပွဲကား အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ကျူးလန်သည် ပထမ ရရှိကာ ဝေ့ဝူယင်က ဒုတိယ နေရာ ရရှိခဲ့သည်။ ရန်ကျူးမှာ တတိယ အဖြစ် သတ်မှတ်ခံရ၏။ သူမသည် အပျိုစင် မဟုတ်တော့သော လမ့်ရ၊ ရှုယင်တို့ထက် အလျင်စော၍ ပထမ အဆင့်သို့ ရောက်ရှိခဲ့ခြင်းကြောင်း ဖြစ်သည်။

အရှင်မလင်းက သူတို့ကို ကြည့်ကာ‌ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူမက သူတို့ အနေဖြင့် ထိုချီနည်းလမ်းကို ဆန္ဒရှိသလို ဆက်လက် ကျင့်ကြံနိုင်ကြောင်း ဆက်လက် ပြောပြသည်။ အခြားလူများကို ထိုနည်းလမ်းအား ဖြန့်ကျက်ရန်ပင် သူမက ခွင့်ပြုထားသည်။

ထို့နောက်...

သူမက ပြောထားသည့်အတိုင်းပင် အဆင့်(၂) သို့ မရောက်ခဲ့သော ရှုယန်အား ဒုက္ခိတဖြစ်အောင် ပြုလုပ်ပစ်လိုက်သည်။ ရှုယင်နှင့် ရှုယန်တို့သည် ဒူး‌ထောက်ကာ တောင်းပန်ခဲ့သည့်တိုင် သူမက ခွင့်လွှတ်ခဲ့ခြင်း မရှိချေ။ အရှင်မလင်းသည် နတ်သမီးလေး ကဲ့သို့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့်တိုင် ပြတ်သားကာ ရက်စက်သူ ဖြစ်ပေသည်။

ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းအား ခါယမ်းမိသည်။ သူသည် အဓိက တပည့် ပြိုင်ပွဲတွင် သင်ခန်းစာ နှစ်ခုကို သင်ယူခဲ့ရသည်။ အရာရာတွင် ယုံကြည်မှု မလွန်ကဲစေရန်နှင့် စကားမကျွံမိစေရန်တို့ပင် ဖြစ်သည်။

သို့ဖြစ်လေရာ...

အဓိက တပည့် အရေအတွက်မှာ ကိုးယောက်မှ နေ၍ ငါးယောက် (ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး လေးယောက်) အဖြစ် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ သုံးယောက်မှာ သေဆုံး၍ တစ်ယောက်မှာ ဒုက္ခိတ ဖြစ်သွားခဲ့သည်။ မကြာမီရက်များမှာ နေသွေးနီနီ ဂိုဏ်းအတွင်း အလွန် ရှုပ်ထွေးသည့် နေ့ရက်များ ဖြစ်လာပေလိမ့်မည်။

ဝေ့ဝူယင်သည် ထိုကိစ္စများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် ဆုံးဖြတ်ကာ ကိုယ်ပိုင် ခြံဝန်းရှိရာဆီသို့ ပြန်လာခဲ့သည်။ သူသည် ရက်ပိုင်းအတွင်းမှာပင် ဒြပ်စင် ကျောက်တုံးများ၊ သွေးချီ ကျောက်တုံးများနှင့် ကျင့်ကြံခြင်း ကုန်းမြေ အတွင်း ဝင်ရောက်ခွင့်တို့ကို ရရှိလိမ့်မည် ဖြစ်သည်။ သို့ဖြစ်လေရာ သူ့အနေဖြင့် ထိုအရာများအား မည်ကဲ့သို့ စီမံ သုံးစွဲမည်ကို ဂရုတစိုက် စဥ်းစားရန် လိုအပ်ပေသည်။

အဓိက တပည့်များ ထွက်ခွာသွားပြီးနောက် သွေးတာအိုခန်းသည် ဆိတ်ငြိမ်စွာ ကျန်ရစ်ခဲ့၏။ အရှင်မလင်းနှင့် ရွှေရောင် ကျောက်တိုင်ကြီးသာလျှင် ထီးထီး ကျန်ရှိခဲ့ပေသည်။

“သူတို့ကို ခင်ဗျား သဘောတွေ့ရဲ့လား...”

အသံတစ်ခုသည် အရိပ်ထဲမှ ပျံ့လွင့်လာ၏။ ထို့နောက် ငယ်ရွယ်ကာ ခန့်ညား ချောမောသည့် လူငယ် တစ်ယောက်ပါ ပေါ်လာခဲ့၏။  သူသည် အင်ပါယာ တစ်ပါးကဲ့သို့ သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ပတ္တမြား သရဖူ တစ်ခုကို ဆင်မြန်းထားသည်။ ထိုပတ္တမြားသည် နီမြန်းသော အလင်းတစ်စုံကို ထုတ်လွှတ်နေကာ သွေးတာအို ခန်းမအတွင်း နေတစ်စင်း ကဲ့သို့ တောက်လောင်နေလေ၏။

အရှင်မလင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမက မည်သည့်စကားမှ ပြန်မပြေချေ။ သို့သော်လည်း လူငယ်မှာ ထိုအရာကို စိတ်ရှိဟန် မရပဲ ရွှေရောင် ကျောက်တိုင်နားဆီသို့ ညင်သာစွာ ချဥ်းကပ်လာ၏။ သူ၏ သွယ်လျသော လက်ချောင်းများသည် ထိုအရာကို ထိတွေ့လိုနေဟန် ရသော်လည်း လက်ကိုသာ နောက်သို့ ပြန်ရုတ်လိုက်သည်။

“ကျုပ်ရဲ့ဂိုဏ်းက ဒီလောက်အထိ အသုံးမကျမယ်လို့ ထင်မထားဘူး... ‌တောင်းပန်ပါတယ်”

သူက အကြည့်ကို ရွှေရောင် ကျောက်တိုင်ထံမှ ခွာကာ တောင်းပန်စကား ပြောဆိုလိုက်သည်။

“သူတို့တင် အသုံးမကျတာ မဟုတ်ပါဘူး... မဟာဂိုဏ်းကြီး ငါးဂိုဏ်းလို့ ခေါ်တဲ့ အခြားဂိုဏ်းတွေက ရလဒ်တွေလည်း မကောင်းလှပါဘူး”

အရှင်မလင်းက နေသွေးနီနီဂိုဏ်း၏ ဘိုးဘေး အကြီးအကဲဟု လူအများ သိကြသည့် သွေးနီရောင် ဝတ်စုံဝတ် လူငယ်ကို ကြည့်လိုက်သည်။ သူကား ဂိုဏ်း၏ တစ်ဦးတည်းသော “အရှင်” လည်း ဖြစ်ပေသည်။

“ဪ... ငါ့ကို စိတ်ဝင်စားအောင် လုပ်နိုင်တာ တစ်ယောက်တော့ ရှိတယ်...”

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အရှင်မလင်းက ဆိုလိုက်၏။

ဘိုးဘေး အကြီးအကဲ ဝူရှင်းဟောင်က ထိုတစ်ယောက်ကို သိနေဟန်ဖြင့် ပြုံးလိုက်၏။

“ဝေ့ဝူယင်လို့ ခေါ်တဲ့ ကလေးမလား... သူက ပထမ အဆင့်ကိုတောင် ရောက်အောင် တက်လှမ်းနိုင်ခဲ့တယ်... ကျုပ်ကြားသလောက်ဆို ‌ယောက်ျားလေး တစ်ရာမှာ တစ်ယောက်ပဲ အဲဒီ အဆင့်ကို ကျော်ဖြတ်နိုင်တယ်ဆို... အဲဒါသာ အမှန်ဆို သူက တော်တော် အံ့အားသင့်ဖို့ ကောင်းနေပြီ”

ဂိုဏ်း၏ အဓိက တပည့်များထဲတွင် ယောက်ျားလေး လေးယောက် ရှိသည့်အနက် သူတစ်ယောက်တည်းသာ ကောင်းကင်နှလုံးသား ချီနည်းလမ်း၏ ဒုတိယ အဆင့်ကို တက်ရောက် နိုင်ခဲ့သည်။ အခြားသုံးယောက် အနက် နှစ်ယောက်မှာ သေဆုံး၍ တစ်ယောက်မှာ ဒုက္ခိတ ဖြစ်သွားခဲ့သည်။ ထိုအချက်က ဝေ့ဝူယင်၏ ပါရမီမှာ မည်မျှ မြင့်မားကြောင်း ဖော်ပြနေသည်။

“နင်ပြောတာက နင်ကယ်လိုက်တဲ့ ကောင်လေးလား...”

အရှင်မလင်းက မျက်ခုံးပင့် လိုက်၏။ သူမ၏ စကားလုံးများအရ ဝေ့ဝူယင်မှာ သူမ ရည်ညွှန်းသည့် တစ်ယောက် မဟုတ်ကြောင်း ဖော်ပြနေသည်။ သူမသည် ဝေ့ဝူယင်၏ နာမည်ကိုပင် သိထားပုံ မရချေ။

ဘိုးဘေး အကြီးအကဲ ဝူရှင်းဟောင်က သူမအား နားမလည်စွာ ကြည့်လိုက်၏။

“ဟုတ်တယ်လေ... သူက အသက် နှစ်ဆယ်ကျော်နဲ့တင် ချီပျစ်ခဲခြင်း အဆင့်လေးကို ရောက်နေပြီ... နောက်ပြီး ကောင်းကင် နှလုံးသား ချီနည်းလမ်းရဲ့ ပထမ အဆင့်ကို အောင်မြင်အောင် ကျင့်ကြံနိုင်တာကလည်း သူ့ရဲ့ ပါရမီကို ပြနေတာပဲ မဟုတ်လား”

အရှင်မလင်းက ပြုံးကာ ခေါင်းခါလိုက်၏။ လွန်ခဲ့သည့် လပိုင်း၌ ဝေ့ဝူယင်၏ အသက်ကို ကယ်တင်ပေးခဲ့သည်က သူမ မဟုတ်ချေ။ ဝူရှင်းဟောင်သာ ဖြစ်ပေသည်။ အရှင်မလင်းသည် ဟယ်လုံနှင့် တောက်ကွေ့တို့ သေဆုံးသွားသည်ကိုပင် သွေးအေးအေးနှင့် ကြည့်နေခဲ့သူ ဖြစ်သည်။ သူမအတွက် ဝေ့ဝူယင်မှာ တောက်ကွေ့တို့ထက် ပို၍ ထူးခြားခြင်း မရှိချေ။

“သူ့ရဲ့ ပါရမီက မလုံလောက်ဘူးလို့ ခင်ဗျား ဆိုလိုတာလား...”

ဝူရှင်းဟောင်က မျက်မှောင်ကြုတ်လိုက်၏။ သူ၏ အမြင်အရဆိုလျှင် ဝေ့ဝူယင်မှာ လက်ရှိ အဓိက တပည့် မျိုးဆက်တွင် ပါရမီ အရှိဆုံး ဖြစ်သည်။ ထို့အပြင် ထိုကလေးမှာ ဉာဏ်ရည်ဉာဏ်သွေးနှင့် စိတ်ထိန်းချုပ်နိုင်ခြင်း တို့တွင်လည်း အလွန် မြင့်မားလှသည်။

“အင်း... သူက လုံခြုံဘေးကင်းတဲ့ နည်းလမ်း တစ်ခုကို ရွေးပြီး ကျင့်ကြံခဲ့တာ... နောက်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အခြားလူရဲ့ ယင်စွမ်းအင်ကိုလည်း သုံးခဲ့သေးတယ်... ငါ့မျက်လုံးထဲမှာတော့ သူက မိန်းမ တစ်ယောက်နဲ့ မကွာခြားဘူး... သူ့ရဲ့ ပါရမီက အခြားလူတွေနဲ့ တန်းတူ ဒါမှမဟုတ် ပိုပြီး နိမ့်ကျတယ် လို့တောင် ဆိုနိုင်တယ်...”

“သက်တူရွယ်တူတွေနဲ့ နှိုင်းယှဥ်ရင် သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက မြင့်မားတယ်လို့ ဆိုနိုင်ပေမဲ့ တကယ်တမ်းကျတော့ သူက ရှားပါးတဲ့ ရတနာ အချို့ကို သုံးပြီး ကျင့်ကြံထားခဲ့တာ... ကံကောင်းခြင်းဆိုတာက အစဥ်အမြဲ မရှိနိုင်ဘူး...  စစ်မှန်တဲ့ ပါရမီကပဲ တည်မြဲနိုင်တယ်”

သူမ၏ စကားလုံးများမှာ ညင်သာနေသော်လည်း သေချာမှုများနှင့် ပြည့်နှက်နေသည်။

သူမ၏ ခန့်မှန်းချက်ကား မှန်ကန်ပေသည်။ သံမဏိ အမတေ ရင်းမြစ်နှင့် ဆုံမှတ်သုံးခု ယင်ခန္ဓာတို့ကြောင့် သာလျှင် ဝေ့ဝူယင်သည် မြင့်မားသော ကျင့်ကြံခြင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“ငါ့အမြင်အရ ဆိုရင် လှံချီ မျိုးစေ့နဲ့ မိန်းကလေးက သူ့ထက် ပိုပြီး သာတယ်”

အရှင်မလင်းက ဆိုလိုက်လေ၏။

***

All Chapters