ယန်ရှေးဟောင်း ကုန်းမြေ
Vol. 2 Ch. 19
“လှံချီ... ရန်ကျူးလား...”
ဝူရှင်းဟောင်၏ မျက်ခုံးများမှာ အပေါ်သို့ မြင့်တက်သွား၏။
“ခင်ဗျား စိတ်ဝင်စားတယ် ဆိုတာ သူလား”
သူက မေးလိုက်သည်။
အရှင်မလင်းက ခေါင်းအား ခါယမ်းလိုက်သည်။
“ဟင့်အင်း... သစ်သားချီနဲ့ မူလယင်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးကို ပြောတာ... သူက ငါ့ကို အသိအကြွမ်းဟောင်း တစ်ယောက်ကို သတိရစေတယ်... ငါ့အမြင်မှာ သူ့ရဲ့ ပါရမီက အံ့မခန်းပဲ... တကယ်လို့ လွဲချော်မှုသာ မဖြစ်ရင် တစ်နေ့နေ့မှာ သူက အရှင်မ တစ်ယောက် ဖြစ်လာလိမ့်မယ်”
“ဪ... ခင်ဗျားပြောတာ ကျူးလန်ပဲ...”
ဝူရှင်းဟောင်မှာ စိတ်ဝင်စား သွား၏။
“တကယ်လို့ သူ ဖြစ်မလာခဲ့ရင်ရော...”
အရှင်မလင်းက ဝူရှင်းဟောင်၏ မျက်လုံးများကို သေချာ စူးစိုက်ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
“အဲဒါဆိုရင်... နင့်ရဲ့ နေသွေးနီနီဂိုဏ်းက ဝေးကွာတဲ့ မှတ်ဉာဏ်တွေထဲမှာပဲ ကျန်တော့မှာ ငါစိုးရိမ်မိတယ်...”
သူမက အင်္ကျီလက် တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် ကျောက်တိုင်ကြီးမှာ ကြက်ဥ တစ်လုံး အရွယ်အစား အထိ သေးငယ်သွား၏။ ၎င်းကို အင်္ကျီ လက်အိုးအတွင်း ထည့်သွင်း သိမ်းဆည်းလိုက်ပြီးနောက် သူမမှာ တစ်ဖက်သို့ လှည့်၍ ထွက်ခွာသွားတော့သည်။
ဝူရှင်းဟောင်မှာ နေရာတွင်ပင် ဆွံ့အကာ ကျန်နေရစ်ခဲ့၏။ သူသည် အရှင်မလင်း၏ စကားကို အလေးအနက် စဥ်းစား နေမိသည်။ သူ၏ မျက်လုံးတွင်မူ ကျူးလန်၏ ပုံရိပ်များမှာ ရှင်းလင်းစွာ ပေါ်လွင်နေခဲ့လေ၏။
“စောင့်ကြည့်ရသေးတာပေါ့...”
...
သုံးရက်ကြာပြီးနောက် ဝေ့ဝူယင်၏ စံအိမ်၌...
ဝေ့ဝူယင်သည် စားပွဲတစ်ခု၏ နံဘေးတွင် ရပ်နေခဲ့သည်။ ထိုစားပွဲထက်၌ အရောင် တောက်ပနေသည့် အမျိုးမျိုးသော အရာဝတ္ထုများမှာ နေရာယူနေ၏။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကြက်ဥ တစ်လုံး အရွယ်အစား ရှိသည့် အရာတစ်ခုကို ထိတွေ့လိုက်သည်။ ၎င်း၏ မျက်နှာပြင်သည် ချောမွေ့နေကာ အနီရောင် အဆင်းဖြင့် တောက်ပနေသည်။ ထိုအရာကား နေသွေးနီနီတောင်၏ အဖိုးတန် ရတနာ တစ်ခု ဖြစ်သည့် သွေးကျောက်တုံးပင် ဖြစ်လေသည်။
သွေးချီသည် ရုပ်ဝတ္ထုချီ အမျိုးအစား ဖြစ်ပြီး အလွန် ရန်လိုသည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည်။ အကယ်၍ ဝေ့ဝူယင်သာ ချီနှလုံးသားကို သွေးချီ နှလုံးသား အဖြစ် ပြောင်းလဲပစ်နိုင်ပါက သူ၏ ချီကျင့်စဥ် တစ်ခုစီမှာ သွေးချီ၏ လွှမ်းမိုးမှုဖြင့် ပိုမို အစွမ်းထက်လာလိမ့်မည် ဖြစ်သည်။
သို့သော်လည်း...
ဝေ့ဝူယင်သည် ထိုကဲ့သို့ ပြုလုပ်ရန် ဆန္ဒ မရှိပါချေ။ သွေးချီ အစွမ်းထက်သည်မှာ မှန်သော်လည်း မိမိ စိတ်ဆန္ဒနှင့် ကိုက်ညီမှု မရှိသည့် လမ်းကြောင်းကို မလျှောက်သည်က အကောင်းဆုံး ဖြစ်သည်။ ဝေ့ဝူယင်သည် သွေးချီ ကျောက်တုံးများကို သွေးချီနှင့် ဆက်စပ်မှု ရှိသည့် ယန်စွမ်းအင် သန့်စင်ရာ၌ အသုံးပြုရန် ရည်ရွယ်ထားသည်။
“ဒီသွေးချီ ကျောက်တုံးလောက်နဲ့တော့ ချီပျစ်ခဲခြင်း အဆင့်ငါးကို ငါ ရောက်ဦးမှာ မဟုတ်သေးဘူး... ငါ့အနေနဲ့ ဘာလုပ်သင့်လဲ... စောစောက တွေးထားသလိုပဲ ယန်စွမ်းအင် သန့်စင်တဲ့ နေရာမှာ သုံးရင် ကောင်းမလား... ဒါမှမဟုတ် ချီနှလုံးသား အတွက် ချီအမျိုးအစားသစ် တစ်ခု တည်ဆောက်ရင် ကောင်းမလား...”
ဆုံးဖြတ်ရန် ကြိုးစားရင်း ဝေ့ဝူယင်က ခရမ်းရောင် အဆင်း တောက်ပနေသည့် ဒြပ်စင် ကျောက်တုံး သုံးခုကို လှမ်းကြည့်လိုက်သည်။ နေသွေးနီနီဂိုဏ်းသည် သူတို့ ကတိပေးထားသည့် အတိုင်း နှစ်သက်ရာ ဒြပ်စင် ကျောက်တုံးများကို ဝေ့ဝူယင်အား ရွေးချယ်စေခဲ့သည်။ ဝေ့ဝူယင်သည် ထိုမိုးကြိုးကျောက်တုံးများကို ရွေးချယ် ယူလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို လျှပ်ကူး ပစ္စည်း မဟုတ်သည့် သတ္တုဖြင့် ပြုလုပ်ထားသည့် တောက်ပသော သေတ္တာထဲတွင် ထည့်သွင်း သိမ်းဆည်းထားသည်။ ထိုသေတ္တာ၏ မျက်နှာပြင်မှာ အလွန် ပူပြင်းနေ၏။
“အပူပြင်းဆုံးနဲ့ အကောင်းဆုံး မိုးကြိုးကျောက်တုံးတွေပဲ...”
ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ သူ၏ အတွေ့အကြုံအရဆိုလျှင် မိုးကြိုး၏ အရောင်သည် ၎င်း၏ ဂုဏ်သတ္တိနှင့် တိုက်ရိုက် သက်ဆိုင်မှု ရှိသည်။ အနီရောင်သည် အပျော့ဆုံးနှင့် အအေးဆုံး မိုးကြိုးဖြစ်ကာ ခရမ်းရောင်မှာ အပူပြင်းဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။ ခရမ်းရောင် မိုးကြိုးကျောက်တုံး တစ်ခုသည် အနီရောင် မိုးကြိုးကျောက်ထက် ဆယ်ဆ ပိုမိုသော မိုးကြိုးစွမ်းအင်ကို ပိုင်ဆိုင်ထားသည်။
“ဒီကျောက်တုံးတွေထဲက တစ်တုံး၊ နှစ်တုံးလောက်နဲ့တင် မိုးကြိုးချီကို မွေးဖွားနိုင်မယ်လို့ ငါ ယုံကြည်ချက် ရှိတယ်... သူတို့က ငါ့ကို အကျိုးအမြတ် ကြီးကြီးပေးလိုက်တာပဲ... ပထမ ရတဲ့ ကျူးလန်ဆိုရင် ပိုပြီးတော့တောင် ရဦးမယ် ထင်တယ်”
ဝေ့ဝူယင်က စိတ်ပျက်လက်ပျက် တွေးလိုက်မိသည်။
အမှန်တကယ်တွင်မူ ဝူရှင်းဟောင်သည် ထိုကျောက်တုံးများကို သူ၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုထဲမှနေ၍ ဝေ့ဝူယင်အား ပေးလိုက်ခြင်း ဖြစ်သည်။ ထိုကျောက်တုံး သုံးတုံး ပင်လျှင် သွေးချီရေကန်၌ သုံးလကြာ ကျင့်ကြံခြင်းထက် ပို၍ ထိုက်တန်မှု ရှိသည်။ အကယ်၍ ထိုကျောက်တုံးများသာ ကျင့်ကြံခြင်း လောက၏ တစ်နေရာ၌ ပေါ်ထွက်လာပါက သွေးထွက် သံယိုမှုများပင် ဖြစ်ပွားသွားနိုင်သည်။
“ငါသာ သတ္တု၊ မိုးကြိုး၊ သစ်သား၊ ရေခဲနဲ့ ချော်ရည်ပူချီတွေကို မွေးဖွားနိုင်ရင် ဒြပ်စင်ချီ နှလုံးသား တည်ဆောက်နိုင်စွမ်း ရှိလာမှာ... အဲဒါနဲ့ ဆိုရင် ငါ့ရဲ့ ခွန်အားက ရူးသွပ်စရာ အဆင့် တစ်ခုကို ရောက်သွားမှာ သေချာတယ်”
သဘာဝ ဒြပ်စင် လေးခုနှင့် အဆင့မြင့် ဒြပ်စင် ငါးခု စလုံးမှာ အလွန် ထူးခြားသည့် အရာများ ဖြစ်သည်။ ထိုအရာများကိုသာ ပေါင်းစပ်လိုက်ပါက ကျင့်ကြံသူမှာ ဒြပ်စင် မူလစွမ်းအင်ဟု ခေါ်သည့် အနက်ရှိုင်းဆုံး ဒြပ်စင် စွမ်းအင်ကို ထိတွေ့လာနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ ချီနှလုံးသားကို မွေးဖွားရန် အတွက် ကျင့်ကြံသူမှာ ပထမဆုံး ဒြပ်စင် ကိုးခုစလုံးကို မွေးဖွားထားရန် လိုအပ်သည်။
“ငါ့အနေနဲ့ သွေးချီ နှလုံးသား တည်ဆောက်ဖို့ကို ဘေးဖယ်ထားပြီး ဒြပ်စင်ချီ နှလုံးသားကိုပဲ ပစ်မှတ်ထား ကြိုးစားသင့်တယ်”
ထိုကဲ့သို့ ဆုံးဖြတ်လိုက်ပြီးနောက် ဝေ့ဝူယင်က သူ၏ အစီအစဥ်ကို ရေတို တစ်ခု၊ ရေရှည် တစ်ခု နှစ်ခု ခွဲခြားလိုက်သည်။
“ပထမဆုံးအနေနဲ့ ယင် ရှေးဟောင်းနယ်မြေမှာ ခြောက်လကြာ ကျင့်ကြံမယ်... သွေးချီ ကျောက်တုံးကို ငါ့ရဲ့ ယန်စွမ်းအင် အားဖြည့်ဖို့ သုံးလိုက်မယ်... ငါအနေနဲ့ အဆင့်တစ်ခု မတက်နိုင်ရင်တောင် ပိုပြီး နီးကပ်လာမှာ သေချာတယ်... ဒီလိုမျိုး ဒုတိယ အခွင့်အရေးမျိုး ငါထပ်ရတော့မှာ မဟုတ်ဘူး... မြင့်မားတဲ့ ကျင့်ကြံခြင်း အခြေခံ ရှိခြင်းက အနာဂတ်မှာ ငါ့ကို ရွေးချယ်စရာတွေ ပိုပြီး များပြားလာစေလိမ့်မယ်”
ဝေ့ဝူယင်က ပစ္စည်းများကို သေချာ သိမ်းဆည်းကာ အခန်းထဲမှ ထွက်ခွာ လာခဲ့သည်။ သေသပ်စွာ ချုပ်လုပ်ထားသော အစေခံ ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်သည် တံခါး အပြင်ဘက်၌ စောင့်ဆိုင်းနေ၏။ ထိုမိန်းကလေးမှာ ဝေ့ဝူယင် စစ်မြေပြင်မှ ကယ်တင်လာသည့် လခရမ်း အပြင်စည်း ဂိုဏ်းသူ လီယင်ပင် ဖြစ်လေသည်။
ဝေ့ဝူယင်သည် သူမ တစ်ယောက်တည်းကိုသာ အသက် ချမ်းသာပေးခဲ့ခြင်း မဟုတ်ချေ။ ပြင်းထန်စွာ ခုခံခြင်း မပြုသည့် အခြား အမျိုးသမီးများနှင့် ကလေးငယ်များကိုပါ အသက် ချမ်းသာ ပေးခဲ့ခြင်း ဖြစ်သည်။
နေသွေးနီနီဂိုဏ်းသို့ ပြန်လည် ရောက်ရှိပြီးနောက် လီယင်သည် ဝေ့ဝူယင်၏ အစေခံ ဖြစ်လာခဲ့သည်။ များသောအားဖြင့် ဆိုပါက အဓိက တပည့်များ၏ အစေခံ ဖြစ်လာသူများမှာ အလုပ်ကြမ်း၊ သို့မဟုတ် လိင်ကျွန် တာဝန်များကို ထမ်းဆောင်ရသည်။
သို့သော်လည်း လီယင်မှာမူ မည်သည့် ကန့်သတ်ချက်မျှ မခံရသည့် အပြင် ကျင့်ကြံခြင်း အတွက် အထောက်အပံ့များပင် ရရှိခဲ့သည်။ သူမသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစားနိုင်ကာ ကောင်းကင်နှင့် မြေကြီး အမတေများ ထူထပ်စွာ ပြည့်ဝနေသည့် နေရာတစ်ခုတွင်လည်း နေရ၏။ ဝေ့ဝူယင် ကိုယ်တိုင် ခေါ်ဆောင်လာသည် ဆိုသော အကြောင်းပြချက်ကြောင့် အခြား အစေခံများကပင် သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံကြသည်။
သူမသည် မယုံကြည်နိုင်ဆဲ ဖြစ်နေသည့်တိုင် သူမ၏ အခြေအနေနှင့် အဆင့်အတန်းမှာမူ ယခင်ကနှင့် မဆိုင်အောင် ပိုမို ကောင်းမွန် နေခဲ့သည်။ လခရမ်းဂိုဏ်း၏ အပြင်စည်း တပည့် အဖြစ် နေခဲ့ရသော သူမ၏ နေ့ရက်များကား ပျော်ရွှင်ဖွယ်ရာ မရှိသလောက်ပင်။ တဏှာစိတ် ပြင်းထန်သော ယောက်ျားသားများ၊ မနာလို တိုရှည်သော မိန်းမများ၊ အဆက်အသွယ်ကောင်းရှိသည့် ကျင့်ကြံသူများ၊ ကျင့်ကြံခြင်း ရင်းမြစ် အတွက် တိုက်ခိုက်ရခြင်းများ... သူမအတွက် မည်သည့်အရာကမှ လွယ်ကူခဲ့ခြင်း မရှိချေ။
ချောမောခန့်ညားသော လူငယ်လေးအား ဦးညွှတ်လိုက်ချိန်၌ သူမ၏ မျက်လုံးများမှာ လေးစား ချစ်ခင်မှုများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ သူမသာ သူ၏ မိန်းကလေး ဖြစ်လာပါက မည်သူမျှ သူမ၏ အတိတ်ကို ဂရုစိုက်တော့မည် မဟုတ်ချေ။ ထို့အတူ သူမ၏ အနာဂတ်မှာလည်း အကန့်အသတ်မဲ့ သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင်... ဝေ့ဝူယင်မှာ ယခုထိ သူမအပေါ် စိတ်ဝင်စားမှု ပြသခဲ့ခြင်းမျိုး မရှိခဲ့ချေ။
ဝေ့ဝူယင်က သူမအား ပြုံးပြလိုက်၏။
“တုလင် ပြန်လာပြီလား...”
သူ တုလင်အား မေ့မေ့၏ အခြေအနေကို သွားရောက် ကြည့်ရှုရန် စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။ မေ့မေ့သည် အဓိက တပည့် အဖြစ်မှ ပြုတ်ကျသွားခဲ့သော်လည်း ကံကောင်းထောက်မစွာပင် သူမ၌ မဟာမိတ်များနှင့် အရန် အစီအစဥ်များစွာ ကျန်ရှိနေပေသေးသည်။ ယခု၌ သူမသည် လုံခြုံသော နေရာတစ်ခု၌ နေထိုင်ကာ ဒဏ်ရာများကို ပြန်လည် ကုစားနေခဲ့သည်။ သူမသည် တိုက်ပွဲ၌ ဒဏ်ရာ အကြီးအကျယ် ရခဲ့သော်လည်း သူမ၏ ချီနှလုံးသားမှာ အကောင်းတိုင်း ကျန်ရှိနေဆဲ ဖြစ်သည်။
သူမ၏ တစ်ခုတည်းသော ပြဿနာမှာ ကြွက်သားများနှင့် စွမ်းအင်ကြော ထိခိုက်မှု ဖြစ်သည်။ မှန်ကန်သော နည်းလမ်းများဖြင့် ကုသပါက နောင်နှစ်အနည်းငယ်အတွင်းမှာပင် သူမ ပြန်လည် ကျန်းမာလာလိမ့်မည် ဖြစ်သည်။ သူမ၏ လက်ရှိ အခြေအနေကို သိလိုသောကြောင့်သာ ဝေ့ဝူယင်မှာ တုလင်ကို စေလွှတ်၍ စစ်ဆေး စေခဲ့ခြင်း ဖြစ်သည်။
“သခင်တုလင်က ပြန်မလာသေးပါဘူး...”
လီယင်က အဖြေပေးလိုက်၏။
ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှ ဆက်မမေးတော့ချေ။ သူသည် မေ့မေ့ကို ကိုယ်တိုင် သွားရောက် တွေ့ချင်သည့်တိုင် မေ့မေ့က ထိုအရာကို တားမြစ်ထားသည်။ ဝေ့ဝူယင်သည် သူမအား နားလည်ပေသည်။ မည်သို့ပင် ဆိုစေ... သူမအား ယခုကဲ့သို့ ဒဏ်ရာရရှိစေခဲ့သည့် ဟန်ယုမှာ သူ၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။
“သူပြန်လာရင် ငါ ခြောက်လလောက် မရှိဘူးလို့ ပြောလိုက်... ဘာလုပ်ရမလဲ ဆိုတာ သူသိတယ်”
ထိုသို့ဆိုပြီးနောက် ဝေ့ဝူယင်က ထွက်ခွာသွားသည်။ သူ့တွင် အနားယူ အပန်းဖြေရန် အချိန် မရှိချေ။ ကျူးလန်သည်လည်း သူနှင့် တန်းတူ ရင်းမြစ်များ ရရှိထားပြီး ထိုအရာကပင် သူ၏ ပခုံးပေါ်သို့ ဝန်ထုပ်ဝန်ပိုး အချို့ကို ကျရောက်နေသလို ခံစားစေခဲ့သည်။
သို့ဖြစ်လေရာ သူ့အနေဖြင့် အရာရာတွင် အဆင်သင့် ဖြစ်နေရန် လိုအပ်ပေသည်။
...
နေသွေးနီနီတောင်၏ တစ်နေရာ၌ အလွန် ကြီးမား ခမ်းနားလှသော တံခါးနှစ်ဖက် တပ်ဆင်ထားသော ဂိတ်ကြီး တစ်ခု တည်ရှိနေ၏။ ထိုတံခါးကြီးများသည် ရွှေရောင် အဆင်းရှိကာ ပြင်းထန် သန်မာလှသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
တံခါး၏ နံဘေး တစ်နေရာတွင်မူ...
အရပ် ခုနစ်ပေ နီးနီး မြင့်မားသော ယောက်ျားတစ်ယောက် မတ်တပ်ရပ် နေ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြီးမားသော ကြွက်သားများနှင့် ပြည့်နှက်နေသည်။ သူ၏ လက်မောင်း တစ်ဖက်စီတိုင်းမှာ အရွယ်ရောက် ယောက်ျားတစ်ယောက်၏ ပေါင်လုံးထက်ပင် ပိုမို၍ ကြီးထွားသည်။ သိပ်သည်း အစွမ်းထက်သော ယန်စွမ်းအင်များမှာ သူ၏ ပတ်ဝန်းကျင် တစ်လျှောက် ပျံ့နှံ့နေ၏။
သူသည် ပါးလွှာသော ဝတ်စုံကို ဝတ်ဆင်ထားကာ ခြေဗလာနှင့် ဖြစ်သည်။ သူ၏ ခြေသည်းများကို အနက်ရောင် ခြယ်သထား၏။ ထူထဲသော သွေးပြန်ကြောများသည် အရေပြားအောက်မှ ရုန်းကြွကာ ထွက်ပေါ်နေသည်။ စူးရှသော မျက်လုံးများနှင့် ပြောင်လက်နေသော ဦးခေါင်းသည် နေရောင်ဟပ်မှု အောက်တွင် တလက်လက် တောက်ပနေသည်။
***