← Chapters

ယန်ရှေးဟောင်း နယ်မြေ (၂)

Vol. 2 Ch. 20

ယန်ရှေးဟောင်း နယ်မြေ (၂)

Vol. 2 Ch. 20

ဝေ့ဝူယင်သည် သူ၏ ကြိုးကြာငှက်နှင့် အတူ ဂိတ်တံခါးနားသို့ ပျံသန်းလာ၏။ ထို့နောက် သူက ကြိုးကြာထက်မှ ခုန်ချကာ လူသန်ကြီး၏ အရှေ့တွင် ဆင်းသက်လိုက်သည်။ ၐသူ၏ မျက်လုံးများသည် တည်ငြိမ်ကာ မည်သည့် ထူးခြားချက်မှ မရှိနေချေ။ သို့သော်လည်း ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခုမှာ သူ၏ ခန္ဓာကိုယ် အတွင်း တိတ်တဆိတ် လှုပ်ရှားနေလေ၏။

စူးရှသော မျက်ဝန်း တစ်စုံနှင့် ငွေရောင် မျက်လုံးများသည် လေထဲတွင် တွေ့ဆုံသွားသည်။ မီးပွားတစ်ခုမှာ တောက်လောင် သွားလေ၏။

မည်သည့် စကားတစ်ခွန်းမှ မဆိုပါပဲ လူသန်ကြီးက ခြေဖနှောင့်ကို ပေါက်လိုက်၏။ သူ၏ ခြေဖဝါးအောက်ရှိ ကျောက်ခဲများမှာ ကွဲကြေကာ နေရာအနှံ့ လွင့်စဥ် သွားသည်။ ထို့နောက် ကြောက်မက်ဖွယ် အော်ဟစ် မာန်သွင်းသံနှင့် အတူ သူက လက်သီးကို ဆုပ်ကာ ဝေ့ဝူယင်အား လှမ်းထိုးလိုက်လေ၏။ ချီများမှာ သူ၏ ခန္ဓာကိုယ် အနှံ့ စီးဆင်းကာ လက်သီးတွင် စုရုံးသွားသည်။

ဝေ့ဝူယင်ကလည်း လက်သီးကို ဆုပ်လိုက်၏။ ပါးလွှာသော ချီအလင်းလွှာ တစ်ခုမှာ သူ၏ လက်သီးထိပ်၌ ပေါ်ထွက်လာသည်။ သူသည် လူသန်ကြီး၏ လက်သီးကို လက်သီးဖြင့်ပင် တိုက်ရိုက် ပြန်လည် ခုခံ လိုက်လေသည်။

ဘုန်း...

ပြင်းထန်သော ပေါက်ကွဲသံ တစ်ခုမှာ ထွက်ပေါ်လာ၏။ အရိပ်တစ်ခုသည် အမြောက် ကျည်ဆန် ကဲ့သို့ နောက်သို့ အရုပ်ကြိုးပြတ် လွင့်စဥ်သွားသည်။ ထိုအရိပ်သည် မြေပြင်သို့ ပြင်းထန်စွာ ကျကာ နောက်သို့ လျှောတိုက် ထွက်သွားလေ၏။

ဝေ့ဝူယင်က အေးစက်သော အပြုံးဖြင့် ရှေ့သို့ တိုးလာခဲ့သည်။ သူ၏ လက်တစ်ဖက်မှာ လည်ပင်းကို ခပ်ဖွဖွ ဆုပ်ကိုင်ထား၏။

“ဂါး...”

သားရဲကဲ့သို့ လူသန်ကြီးမှာ အော်ဟစ်ကာ ပြန်လည် ခုန်ပေါက် ထလာ၏။ ထို့နောက် သူက အံ့အားသင့်နေသော မျက်လုံးများဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။

“အကိုက သတ္တုချီကိုတောင် မွေးဖွား ပြီးသွားပြီပဲ...”

လူပျိုဖော် မဝင်သေးသည့် ကလေး တစ်ယောက်၏ အသံကဲ့သို့ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် လူသန်ကြီးထံမှပင် ဖြစ်ပေသည်။

“ဝေ့စီ... အဲဒီလို ရန်လိုနေတာတွေ ရပ်ဖို့ မင်းကိုငါ မပြောထားဘူးလား...”

ဝေ့ဝူယင်၏ အေးစက်သော မျက်နှာထက်၌ ဖော်ရွေသော အပြုံးတစ်ခုက အစားထိုး နေရာယူ လာ၏။ ထို့နောက် သူက လက်နှစ်ဖက်ကို မြှောက်ကာ အနည်းငယ် ရယ်မောလိုက်သည်။

“လာ လာ... မင်း အကိုဝမ်းကွဲကို ဖက်ပါဦး”

ထိုလူသန်ကြီး၏ နာမည်မှာ ဝေ့စီ ဖြစ်သည်။ သူသည် ဝေ့ဝူယင် ဦးလေး၏ သားဖြစ်ကာ ဝေ့ဝူယင်ထက် ငါးနှစ်ခန့် ငယ်သည်။ သူသည် ယန်ရှေးဟောင်း နယ်မြေ၏ စောင့်ရှောက်သူ ဖြစ်ကာ ဝေ့ဝူယင်၏ ထောက်ခံချက်ဖြင့် ထိုရာထူးကို ရရှိထားခြင်း ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ချီပျစ်ခဲခြင်း အဆင့်တစ် “ချီဖန်တီးခြင်း” အလွှာ၌ ဖြစ်သည်။ သို့သော်လည်း သူသည် မွေးရာပါ နတ်ဘုရား ခွန်းအားဖြင့် မွေးဖွားလာသူ ဖြစ်ရာ ဒြပ်စင် မွေးဖွားပြီးသည့် လူများနှင့်ပင် ခန္ဓာကိုယ်ချင်း ယှဥ်နိုင်သည်။ ထိုအကြောင်းရင်းကြောင့်ပင် သူ ဤရာထူးကို ရရှိထားခြင်း ဖြစ်သည်။  သို့သော်လည်း ထိုထူးခြားသော ခန္ဓာကိုယ်တွင် ပြဿနာ အချို့ ရှိနေပေသည်။

ထိုကြီးထွားလွန်းသော ခန္ဓာကိုယ်ကြောင့်ပင် ဝေ့စီသည် ယန်စွမ်းအင် အများအပြားကို နေ့စဥ်နေ့တိုင်း လိုအပ်သည်။ ထို့အပြင် သူ၏ အစာစားနှုန်းမှာလည်း အလွန် မြင့်မားလှ၏။ ထို့ကြောင့်ပင် ဂိုဏ်းသည် သူ့အား အတွင်းစည်း တပည့် ရာထူး အပြင် အထူးနေရာတစ်ခုကိုပါ ပေးထားရသည်။

ယန်ရှေးဟောင်း နယ်မြေသည် နေ့စဥ်နေ့တိုင်း သူလိုအပ်သည့် ယန်စွမ်းအင်များကို ထုတ်လွှတ်ပေးသည်။ ထိုအကျိုးအမြတ်ကြောင့်သာ မဟုတ်ပါက သူသည် အဓိက တပည့် တစ်ဦး အဖြစ် တက်လှမ်းရန် ကြိုးစား နေလောက်ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ယခု၌ သူသည် ဝေ့ဝူယင်၏ အဖွဲ့သား တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။

ဝေ့စီက ကြမ်းကြမ်းပင် ပြေးလာ၍ ဝေ့ဝူယင်အား ဖက်လိုက်၏။ သူသည် မျက်နှာ၌ ရယ်မော ပြုံးရွှင်နေသည့်တိုင် လက်နှစ်ဖက်တွင်မူ နွားတစ်ကောင်ကိုပင် စိစိညက်ညက် ကြေသွားစေနိုင်သည့် ခွန်အားမျိုးကို ထုတ်ဖော်ထားသည်။

ဝေ့ဝူယင်မှာ ဝေ့စီ၏ ရည်ရွယ်ချက်ကို ရိပ်မိရာ ပြုံးလိုက်သည်။ သူက လျှို့ဝှက်စွာပင်  ခွန်အား အချို့ကို လက်၌ ထည့်သွင်းကာ ပြန်လည် ဖက်လိုက်၏။

“အ... အ... ငါအရှုံးပေးပါတယ်... ငါအရှုံးပေးပါတယ်”

ဝေ့စီမှာ ဝေ့ဝူယင်၏ ပွေ့ဖက်မှုတွင် အရိုးများ ကျိုးကြေတော့မတတ် ခံစားလိုက်သည်။

“ဟဟ...”

ဝေ့ဝူယင်က အနည်းငယ် ရယ်မောလျှက် သူ့အား လွှတ်ပေးလိုက်၏။ သူက ဝမ်းကွဲညီဖြစ်သူကို ခြေအစ ခေါင်းအဆုံး ကြည့်လိုက်သည်။

“မင်းတောင် အရွယ်ရောက်လာပြီပဲ...”

ဝေ့စီက အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းအား ငုံ့လိုက်သည်။

“အကိုရောပဲ...”

ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဝေ့ဝူယင်ကို ပြန်ကြည့်လိုက်သည်။

“ဒါနဲ့ အကို အဆင့်လေးကို ဘယ်တုန်းက ရောက်သွားတာလဲ”

“တာဝန်နဲ့ သွားနေရတဲ့ အတွင်းမှာ...”

ဝေ့ဝူယင်က အေးအေး‌ဆေးဆေးပင် ပြန်ပြောလိုက်သည်။

“ဪ အင်း... အကို အဆင့်လေးကို ရောက်သွားပြီ ဆိုတဲ့ ကောလဟာလတွေတော့ ကြားတယ်... ကျွန်တော်က ကောလဟာလတွေ ဖြစ်မယ်လို့ ထင်နေတာ... ကျွန်တော်နဲ့ နောက်ဆုံးတွေ့တုန်းက အကိုက အဆင့်နှစ်မှာပဲ ရှိနေသေးတာလေ”

ဝေ့စီမှာ အဆင့်တစ်ခုတက်ရန် မည်မျှ ခက်ခဲကြောင်း သိရှိထားရာ အနည်းငယ် အံ့သြနေမိသည်။ ဝေ့ဝူယင်က အလေးအနက် မထားသည့်ဟန် ပခုံးတွန့်ကာ လက်ထဲမှ ကျောက်ပြားကို ဝေ့စီထံ ပစ်ပေးလိုက်သည်။

“ငါ ယန်ရှေးဟောင်းနယ်မြေကို ခြောက်လလောက် ဝင်ပြီး ကျင့်ကြံမယ်”

ဝေ့စီမှာ ပထမ၌ အနည်းငယ် အံ့အားသင့်နေသော်လည်း ချက်ချင်းပင် သူ၏ နဖူးကို ရိုက်လိုက်သည်။

“ဟုတ်သားပဲ... အကိုက အဓိက တပည့်ပြိုင်ပွဲမှာ ဒုတိယနေရာ ရထားတာ... ကျွန်တော် ခုချိန်ထိ တောက်ကွေ့၊ ဟယ်လုံ၊ မေ့မေ့၊ ချီကွေ့နဲ့ ရှုယန်တို့ ကျဆုံးသွားတာ မယုံနိုင်သေးဘူး... သုံးယောက်သေ၊ တစ်ယောက် ဒုက္ခိတဖြစ်၊ နောက်တစ်ယောက်က ဒဏ်ရာ အကြီးအကျယ်ရ...”

သူက စိတ်မကောင်းဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ယခုနှစ် ဂိုဏ်း၏ အဓိက တပည့်ပြိုင်ပွဲသည် လူတိုင်း ဟင်ခနဲ၊ ဟာခနဲ ဖြစ်စေသည့် အလှည့်အပြောင်း များစွာနှင့် အတူ ပြီးဆုံး သွားခဲ့သည်။ ဂိုဏ်းသည် မကြာခင် အဓိက တပည့် လေးယောက်ကို အသစ်ထပ်မံ ရွေးချယ်ဦးမည် ဖြစ်သည်။ ထိုရွေးချယ်ပွဲတွင်လည်း သွေးစွန်းသော အဖြစ်အပျက်များနှင့် အလှည့်အပြောင်းများ ထပ်မံ ဖြစ်ပွားဦးမည်မှာ သေချာပေသည်။

ဝေ့ဝူယင်သည် ထိုအရှုပ်အထွေးများ အတွင်း ပါဝင်ရန် ဆန္ဒ မရှိချေ။ သူသည် သူ၏ အဖွဲ့သားများကို ဂရုတစိုက် နေကြရန်နှင့် လိုအပ်သည့် အချိန်တိုင် အကြီးအကဲကျိထံ သွားရောက် အကူအညီတောင်းရန် မှာကြားထားသည်။ အကြီးအကဲကျိသည် သူနှင့် မဟာမိတ် ဖွဲ့စည်းထားပြီး ဖြစ်ရာ သူ၏ အဖွဲ့သားများကို ကျိန်းသေ ကူညီပေလိမ့်မည်။

ဝေ့ဝူယင်သည် စုမေ့ကို အဖွဲ့ဝင်သစ်များ လက်ခံရာ၌ သတိထားရန် သတိပေးခဲ့သည်။ သစ္စာဖောက်မှု များစွာနှင့် ကြုံတွေ့ခဲ့ပြီးဖြစ်လေရာ ဝေ့ဝူယင်မှာ နောက်လိုက် အင်အား များပြားခြင်း အပေါ် သာယာခြင်းများ မရှိတော့ချေ။ စစ်တပ်တစ်ခု၏ အင်အားမှာ ကျင့်ကြံခြင်း လောက၌ သိပ်အသုံးမဝင်လှချေ။ အရှင် အဆင့် ရှိသူ တစ်ယောက်မှာ ဂိုဏ်းတစ်ဂိုဏ်းလုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပေသည်။

“ကဲ... ငါဝင်တော့မယ်...”

ဝေ့ဝူယင်က ဝေ့စီကို ကျော်ဖြတ်ကာ တံခါးအတွင်း လှမ်းဝင်လိုက်၏။ ထိုအချိန်တွင်ပင် ဝေ့စီ၏ လက်တစ်ဖက်က သူ၏ ပခုံးပေါ်သို့ ကျရောက်လာသည်။

“ဘာလို့လဲ...”

ဝေ့ဝူယင်မှာ အချိန် သိပ်မဖြုန်းချင်တော့ပေ။

“ဟိုဟာ... မိန်းကလေး ရန်ကျူး အထဲမှာ ရောက်နေတယ်”

ဝေ့စီ၏ မျက်နှာက ‌ထိတ်လန့်ခြင်းတို့နှင့် ပြည့်နှက်နေသည်။

ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်သည်။ သူမက မည်ကဲ့သို့ ဝင်သွားသနည်း။ သူသိထားသလောက် ဆိုလျှင် ယန်ရှေးဟောင်း နယ်မြေထဲ ဝင်ရောက်နိုင်သည့် တစ်နာရီစာပင်လျှင် ကုန်ကျစရိတ် ကြီးမားလှသည်။

“ဘယ်လောက်ကြာမှာလဲ... “

ဝေ့ဝူယင်သည် ပြဿနာများကို ရှောင်လွှဲရန် အတွက် နာရီ အနည်းငယ် ထပ်မံ စောင့်ဆိုင်းရန် စိတ်မရှိပါချေ။ ယခု အခိုက်အတန့်၌ ရန်ကျူးသည် သူ၏ ပြိုင်ဘက် မဟုတ်တော့သော်လည်း ဂိုဏ်း၏ လူငယ်မျိုးဆက် နံပတ်တစ်ဟု သတ်မှတ်ခံထားရသည့် တပည့် အပေါ် သူ့အနေဖြင့် လေးစားမှု ထားရှိရမည် ဖြစ်သည်။

"အဲဒါက...”

ဝေ့စီမှာ အနည်းငယ် တုံ့ဆိုင်းနေ၏။

“ဘယ်လောက်ကြာမှာလဲ ပြောကွာ...”

ဝေ့ဝူယင်က ထပ်မေးလိုက်သည်။ သူ၏ လေသံတွင် စိတ်မရှည်ခြင်း အချို့ ပါဝင်လာ၏။

“ခြောက်လ....”

ဂိတ်တံခါးဝ၌ တိတ်ဆိတ်မှုမှာ အချိန် အတန်ကြာ နေရာယူသွားလေသည်။ ဝေ့ဝူယင်သည် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို တွေးတောနေဟန် ရ၏။ ရုတ်ချည်းပင် သူသည် သာမန် ဒြပ်စင် ကျောက်တုံး သုံးဆယ်နှင့် ဂုဏ်သတ္တိချင်း ညီမျှသော ခရမ်းရောင် မိုးကြိုးကျောက်တုံး သုံးခုကို ပြန်လည် အမှတ်ရလိုက်သည်။ သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွား၏။

ဂိုဏ်းသည် လူသိရှင်ကြား ကြေညာထားသည်ထက် ပိုမိုသည့် ဆုလာဘ်များကို သူတို့ထံ ပေးအပ်ခဲ့သည်။ ထိုအရာက တပည့် သုံးယောက် သေဆုံးမှုကြောင့် ဖြစ်နိုင်မည်လော။ ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။ ထိုအရာများကို လိုက်စဥ်းစားနေခြင်းက အကျိုးမရှိချေ။

ဝေ့ဝူယင်၏ အတွေးတွင် ရန်ကျူး၏ ပုံရိပ်က တစ်ဖန် ပြန်လည် ပေါ်လာခဲ့သည်။

“ရန်ကျူးက ‘ယန်ကို အသုံးချပြီး ယင်ပျိုးထောင်ခြင်း’ နည်းလမ်းနဲ့ ချီပျစ်ခဲခြင်း အဆင့်လေးကို ချိုးဖျက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်... ဒီနည်းလမ်းက အန္တရာယ် များတယ်”

ဝေ့ဝူယင်က သက်ပြင်းတစ်ချက်ချကာ ဝေ့စီကို လှည့်ကြည့်လိုက်၏။

“သူက ဘယ်သူ့ကိုမှ ဖြတ်သန်းခွင့် မပြုဖို့ အမိန့်ပေးသွားတာလား...”

ဝေ့စီက တိတ်တဆိတ်ပင် ခေါင်းညိတ်ပြလိုက်၏။

ဝေ့ဝူယင်မှာ ပြန်လည် ဆိတ်ငြိမ်သွားသည်။ သူသည် စဥ်းစားရန် အချိန် တစ်မိနစ်ခန့် ယူလိုက်သည်။ သူ့ နေရာတွင် အခြားတစ်ယောက် ဆိုပါက “ရန်ကျူး” အထဲတွင် ကျင့်ကြံနေသည်ဟု ကြားသည်နှင့် ကျောခိုင်းကာ ပြန်လည် ထွက်ခွာသွားလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ကိုယ်တိုင် ပင်လျှင် နာရီ အနည်းငယ်မျှသာ ကြာမည် ဆိုပါက သူမအား အပြင်၌ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားသည်။ သို့သော်လည်း ခြောက်လဆိုသော အချိန်ကာလကား ကြာမြင့်လှသည်။ ဝေ့ဝူယင်တွင် ထိုမျှလောက် စောင့်ရန် အချိန် မရှိချေ။

“ငါနားလည်ပြီ... ဒါပေမဲ့ ငါလည်း ကျင့်ကြံရဦးမယ်... သူ့ကို ခြောက်လလောက် အပြင်မှာ စောင့်မနေနိုင်ဘူး... ဘာမှ မစိုးရိမ်နဲ့... သူငါ့ကို ဘာမှ မလုပ်နိုင်ဘူး... နောက်ပြီး ငါမှာလည်း သူ့ကို တစ်ခုခု လုပ်ဖို့ ဘာရည်ရွယ်မှ မရှိဘူး”

ဝေ့ဝူယင်က ဝေ့စီ စိတ်ချစေရန် မှာကြားကာ အထဲသို့ ဝင်လာခဲ့သည်။

ဟူး...

ဂိတ်တံခါးအား ကျော်ဖြတ်လိုက်သည်နှင့် ထူထဲသော ယန်စွမ်းအင် အရှိန်အဝါက ဝေ့ဝူယင်ကို ရိုက်ခတ်လာ၏။ သူ၏ နှလုံးသည် လေးပင်စွာ ခုန်လာကာ သူ၏ သွေးများမှာ ဆူပွက် လာသကဲ့သို့ ထင်ရသည်။

လမ်းလျှောက်လာရင်း ဝေ့ဝူယင်သည် အသက်ရှူသံ ပြင်းပြင်းကို ကြားလိုက်ရ၏။ သူက နှုတ်ခမ်းကို ကိုက်ကာ နားစွင့်လိုက်သည်။ ထိုအရာများကား ညူးညူသံများပင် ဖြစ်သည်။

ဝေ့ဝူယင်က ထိုအသံများကို ပြန်လည် လျစ်လျူကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ “ယင်ရှေးဟောင်း နယ်မြေ”သည် လူများ ဖန်တီးထားသည့် ဂူတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ၎င်း၏ နံရံများမှာ ဝင်္ကပါများနှင့် ပြည့်နှက်နေပြီး ယန်စွမ်းအင် ထူထဲစေရန် အစီအရင်များဖြင့် မွမ်းမံထားသည်။

“နယ်မြေ” ဟု အမည်ပေးထားရသည့် အကြောင်းရင်းမှာ ၎င်း၏ ကြမ်းပြင်ကြောင့်ပင် ဖြစ်သည်။ ဝေ့ဝူယင်သည် ထိုနေရာ၌ မရိတ်သိမ်းရသေးသည့် မုယောစပါးနှင့် ဆင်တူသည့် ရွှေဝါရောင် အနှံများကို မြင်တွေ့ရ၏။ ၎င်းတို့သည် လေ၏ ပွတ်တိုက်ခြင်း ခံရသကဲ့သို့ ဘယ်ညာ ယိမ်းနွဲ့ကာ ကခုန်နေကြလေသည်။

ထိုအရာကား အမှန်တကယ်ပင် သေချာ ပြုစုပျိုးထောင်ထားသည့် မုယောစပါး တစ်ခင်းနှင့် ဆင်တူလှသည်။ ဝေ့ဝူယင်သည် အသက်ရှူလိုက်တိုင်း ခန္ဓာကိုယ်ထဲသို့ ယန်စွမ်းအင်များ ဝင်ရောက်လာသလို ခံစားနေရသည်။ ၎င်းတို့သည် စွမ်းအင်ကြောများကို ဖြတ်သန်းကာ သန့်စင်သော ယန်စွမ်းအင်များ အဖြစ် သူ၏ ထျန်းတျန် အတွင်း ဝင်ရောက်နေကြလေသည်။

All Chapters