ငယ်ရွယ်သည့် ‘ဆရာဦးလေး’
Vol. 79 Ch. 1102
အခန်း (၁၁၀၂) ငယ်ရွယ်သည့် ‘ဆရာဦးလေး’
အေးစက်ပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်မည်ဖြစ်သော အနက်ရောင်ဝတ် ပိုးသားဧကရာဇ်နှင့် နှိုင်းယှဉ်ပါက အဖြူရောင်ဝတ်ပိုးသားဧကရာဇ်က စိတ်ထားပိုမိုဖြောင့်စင်းမည်ဖြစ်သည်။ သို့ဖြစ်ရာ အနက်ရောင်ပိုးသားဧကရာဇ်က တိုက်ပွဲတွင် သေချာပေါက် အမြတ်ထွက်ပေလိမ့်မည်။
ရန်ကျောက်ကဲက အဖြူရောင်ပိုးသားဧကရာဇ်ကို အနိုင်ရစေချင်သည့်တိုင် အနက်ရောင်ပိုးသားဧကရာဇ် အနိုင်ရရန် အခွင့်အလမ်းပိုမိုများပြားမည်ဟု အာရုံခံမိသည်။
ကျိုးကြောင်းဆီလျော်သူတစ်ယောက်ဆိုသည်က ခံစားချက်ကြောင့် စိတ်ဓာတ်မယိမ်းယိုင်သည်ဖြစ်ရာ အောင်မြင်မှုများကို ပိုမိုဆုပ်ကိုင်နိုင်ပေမည်။
အခြားသူများ၏ ခံစားချက်များက သူတို့ကို ထိခိုက်စေခြင်းမျိုး မရှိနိုင်ပေ။
ထို့ကြောင့် ခံစားချက်ကင်းမဲ့သူများက အကျိုးအမြတ်များစွာ ရရှိကြပြီး သူတို့ကြောင့် ထိခိုက်နစ်နာရသူများလည်း ရှိနိုင်သည်။
လူအများစု၏ လုပ်ဆောင်ချက်များကို ခံစားချက်ကင်းမဲ့သူများက အပြစ်အနာအဆာများစွာရှိသည်ဟု ဝေဖန်သုံးသပ်ကြပြီး သူတို့က ကိုယ့်ဘက်ကိုယ်ကြည့်ကာ ဆုံးဖြတ်ကြသည်။
ထို့အတူ လူအများစု၏ သိသာထင်ရှားသော ရွေးချယ်မှုများကို သူတို့မျက်လုံးထဲတွင် မှားယွင်းသော ရွေးချယ်မှုများဟု မှတ်ယူနိုင်သည်။
ခံစားချက်ကင်းမဲ့သူများက လူအများနှင့် မိမိကြားမှ ကွာဟချက်ကို လုံးဝ နားမလည်သော မျက်ကန်းများ ဖြစ်ကြသည်။
သို့သော် ၎င်းကွာဟချက်ကို နားလည်သွားမည်ဆိုလျှင် ထိုသူကို အပြည့်အဝ ခံစားချက်ကင်းမဲ့သည်ဟု မဆိုနိုင်တော့ဘဲ ကြားနေဝါဒဟု သတ်မှတ်ရပေမည်။
ဤသည်က အနက်ရောင် ပိုးသားဧကရာဇ်ကဲ့သို့ ခံစားချက်ကင်းမဲ့သူများနှင့် ပြင်ပလောကမှလူများ အပြန်အလှန်ဆက်ဆံခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။
သူနှင့် အဖြူရောင်ပိုးသားဧကရာဇ် တိုက်ပွဲတွင်တော့ သူက တတ်နိုင်သမျှ လျှို့ဝှက်ထားပြီး ရန်သူ့ဘက်မှ မည်သည့်ပွင့်လင်းမှုကိုမဆို အခွင့်အရေးယူရန် ရှာဖွေမည် ဖြစ်သည်။
ရန်ကျောက်ကဲက မန်ဝမ်နှင့်အတူ ငရဲကိုးထပ် နယ်မြေကို ဖြတ်ကျော်လာရင်း...
“ပြင်ပအင်အားစုတွေ ဝင်မပါဘူးဆိုရင်တော့... ပိုးသားဧကရာဇ် (၂)ယောက်ကြားက တိုက်ပွဲက ရှည်ကြာနေလိမ့်မယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီကိစ္စကိုအာရုံစိုက်တဲ့သူ နည်းနည်းလောက်တော့ ရှိနိုင်မယ် မဟုတ်လား”
“အနက်ရောင်ပိုးသားဧကရာဇ်က မင်းနဲ့ ကြာပန်းနီဒေဝီ’ဖုထင်’ ကို သတ်ဖြတ်ပစ်ဖို့ အချိန်တိုင်း စဉ်းစားနေမှာပဲ ၊ ဒါပေမဲ့ အဖြူရောင်ဝတ်ပိုးသားဧကရာဇ်ကတော့ မင်းတို့နှစ်ယောက်ကို ကာကွယ်ပေးလိမ့်မယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ပြောရရင်တော့... အနက်ရောင်ပိုးသားဧကရာဇ် ရှုံးသွားရင် မင်းနဲ့မင်းအစ်မ အန္တရယ်ကင်းပြီပေါ့”
“လောလောဆယ်မှာတော့ အမတမှော်ဝင်ပစ္စည်းဖြစ်တဲ့ စစ်ထိုက်ရှန်းထျန်းအလံကိုရဖို့ သူတို့ ကြိုးစားကြလိမ့်မယ် ၊ အဲဒီပစ္စည်းကို အရင်ဆုံးထိန်းချုပ်နိုင်တဲ့သူက တိုက်ပွဲမှာ အသာစီးရမှာပဲ”
ထိုစကားများကို နားထောင်ရင်း မန်ဝမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ရန်ကျောက်ကဲနှင့် မန်ဝမ် ငရဲကိုးထပ်ကို ဖြတ်သန်းခရီးသွားစဉ် နတ်ဆိုးငယ်လေးများဖြင့်သာ ရင်ဆိုင်ရပြီး အထူးတလည် အနှောက်အယှက်မရှိသောကြောင့် ခရီးစဉ် အတော်လေး ချောမွေ့နေသည်။
သို့သော် စိုးရိမ်စရာကိစ္စက ‘ငရဲကိုးထပ်’ မှ ‘သေမျိုးလူသားကမ္ဘာ’ သို့ ဘယ်လိုပြန်သွားမည်လဲ ဆိုသည့်အချက်ပင်။
ငရဲကိုးထပ်ဆိုသည်က မိုးမြေတစ်ခွင်ကို ဖောက်ပြန်ပျက်ဆီးစေပြီး လူသားမျိုးနွယ်၏ ရန်သူ ဖြစ်သည်။
ထို့ကြောင့် ငရဲကိုးထပ် အက်ကွဲကြောင်းတံခါးတွေ့ရှိသည်နှင့် လူသားများအနေဖြင့် အမြန်ဆုံး ချိတ်ပိတ်ကြသည်မှာ ဓမ္မတာပင်။
ဤသည်က ငရဲကိုးထပ် လူသားနယ်ပယ်ကို မထိပါးစေရန် တားဆီးခြင်း ဖြစ်သည့်တိုင် ရန်ကျောက်ကဲတို့အတွက်တော့ ပြန်လမ်းမဲ့သွားစေသည်။
ရန်ကျောက်ကဲက သူတို့ဝင်ရောက်လာခဲ့သည့် အေးစိမ့်စမ်းချောင်းနယ်မြေအား ပြန်လည်ခြေရာကောက်ယူပြီး အထက်ဘုံကမ္ဘာသို့ပြန်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်သည်။ သို့သော် ထိုနေရာတွင် အမတခုံရုံးမှ ကျင့်ကြံသူများ စောင့်ဆိုင်းနေမည်ဆိုလျှင် သူ့အနေဖြင့် ထောက်ချောက်ထဲ ကျသွားနိုင်၏။
ငရဲကိုးထပ်ကို သတိထားဖြတ်ကျော်သွားရင်း အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ အခြေအနေမည်သို့ရှိမည်ကို စဉ်းစားနေမိသည်။
ပုံမှန်ဆိုလျှင်တော့ ပိုးသားဧကရာဇ် ပြောသကဲ့သို့ပင် လွှမ်းခြုံဧကရာဇ် ဘာမှဖြစ်နိုင်မည် မဟုတ်ပေ။
တကယ်တော့ အမတခုံရုံး အဓိကပစ်မှတ်ထားသည်က ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ပင် မဟုတ်ပါလား။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အကြောင်း စဉ်းစားမိတော့ ရန်ကျောက်ကဲ အနည်းငယ် စိတ်ပူပန်သွားမိသည်။
ထိုအရာက လမ်းမှန်တာအိုလိုက်လျှောက်သော လက်နက်တစ်ခုဖြစ်လေရာ အမတခုံရုံးလူများလက်မှ လွတ်မြောက်သွားစေရန် မျှော်လင့်မိသည်။
အစောပိုင်း တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပြန်ရောက်လာတော့ မြေပြင်အနေအထားက မမှတ်မိနိုင်တော့လောက်အောင် ပျက်ဆီးနေပေပြီ။
သို့သော် ထိုနေရာတွင် အဝေးတစ်နေရာအထိ ရှည်လျားစွာ ဝင်ရောက်သွားသော နီရဲသည့် မီးလျှံလမ်းကြောင်းတစ်ခု ရှိနေသည်။
ထိုမီးလမ်းကြောင်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ချန်ထားခဲ့သော လမ်းကြောင်းဖြစ်ပြီး သူ ထွက်ပြေးသွားခဲ့သည်မှာ ထင်ရှားသည်။
သို့ပေသိ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့လိုက်သွားသော အခြားသူများ၏ အကြွင်းအကျန် ခြေရာလက်ရာများလည်း ရှိနေသေးသည်။
ထို မီးလျှံလမ်းကြောင်းကိုကြည့်ရင်း ရန်ကျောက်ကဲ ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် ထိုလမ်းကြောင်းအတိုင်းလိုက်သွားရန် ဆုံးဖြတ်လိုက်ပြီး ဦးတည်ရာ ပြောင်းလဲလိုက်၏။
အချိန်အတန်ကြာပြီးနောက်...
ရန်ကျောက်ကဲစိတ်ထဲ ဆတ်ခနဲ တုန်ခါသွားသည်။
အနည်းငယ်ရှ့ဆက်သွားလိုက်တော့ ငရဲကိုးထပ်မှပြန်တက်သည့် မထင်ရှားသော အက်ကွဲကြောင်းတံခါးတစ်ခုကို တွေ့မြင်လိုက်ရသည်။
ရန်ကျောက်ကဲ ကျေနပ်စွာ ခေါင်းတစ်ချက်ညိတ်ရင်း...
“ပြင်ပဗလာနယ်ထဲကို ဦးတည်နေတဲ့ ဗလာနယ်အက်ကွဲကြောင်းတစ်ခုပဲ ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တခြား အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုကို ထွက်ပေါက်အဖြစ် ရှာတွေ့သွားတာပဲ”
ငရဲကိုးထပ်က များပြားလှသော ဗလာနယ်အာကာသများကြားတွင် အေးစိမ့်စမ်းချောင်းနယ်မြေ အနည်းငယ် ဖန်တီးထားခဲ့သည်။ သို့သော် ထိုနယ်မြေများက အလွန်တရာ ရှာဖွေရ ခက်ခဲ၏။
ယခု သူတို့ရောက်ရှိလာသော အေးစိမ့်စမ်းချောင်းနယ်မြေက အထက်ဘုံကမ္ဘာမှ ဖြတ်သန်းဝင်ရောက်လာသော အေးစိမ့်စမ်းချောင်းနယ်မြေမဟုတ်ဘဲ အခြားတစ်နေရာမှ အေးစိမ့်စမ်းချောင်းနယ်မြေ ဖြစ်သည်။
ရန်ကျောက်ကဲက မန်ဝမ်ကိုခေါ်ကာ အေးစိမ့်စမ်းချောင်းနယ်မြေကိုဖြတ်သန်း ခရီးနှင်လာသည်။ နောက်ဆုံးတော့ ငရဲကိုးထပ်နယ်မြေမှ ထွက်ခွာလာနိုင်ခဲ့ပြီပင်။
သူ ဤလမ်းကြောင်းအတိုင်းလိုက်ခဲ့ခြင်းမှာ အလစ်ချောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး ယခုတော့ အရာအားလုံး အဆင်ပြေသွားခဲ့သည်။
အေးစိမ့်စမ်းချောင်းနယ်မြေတစ်နေရာတွင်တော့ ပိုမိုထင်ရှားသည့် မီးလျှံလမ်းကြောင်းတစ်ခု ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။
ထိုမီးလျှံလမ်းကြောင်းနောက်သို့ လိုက်ပါသွားသူများ ရှိသည်မှာလည်း ထင်ရှားသည်။ သို့သော် တိုက်ခိုက်သံအနည်းငယ် ကြားရပြီးနောက် အမတခုံရုံးဧကရာဇ်များက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို တားဆီးနိုင်ခဲ့ကြပုံ မပေါ်ပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် လွတ်မြောက်ရန်အခွင့်အရေးရှိကြောင်း တွေးမိသည့်အခါ ရန်ကျောက်ကဲခံစားချက်များ ပိုမိုကောင်းမွန်သွားသည်။
အမတခုံရုံးမှ ဧကရာဇ်များက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဝိုင်းဝန်းတိုက်ခိုက်ကြသည့်တိုင် ငရဲကိုးထပ်မြေပြင်အနေအထားက ရှုတ်ထွေးလွန်းသည်ဖြစ်ရာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အတွက် လွတ်မြောက်ရန် အခွင့်အရေး ရှိနိုင်သည်။
ပြီးတော့ ငရဲကိုးထပ်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ ရောက်ရှိလာပါက အမတခုံရုံးမှ ဧကရာဇ်များသည်လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခြင်းမရှိတော့ဘဲ အဟန့်အတား ရင်ဆိုင်ရမည်မှာ သေချာသည်။
ရန်ကျောက်ကဲက မီးလျှံလမ်းကြောင်းအတိုင်းလိုက်သွားပြီး အေးစိမ့်စမ်းချောင်းနယ်မြေကို ဖြတ်ကျော်ကာ အဆုံးမရှိသော ပြင်ပဗလာနယ်ထဲသို့ ရောက်ရှိသွားသည်။
အေးစိမ့်စမ်းချောင်းနယ်မြေက အလွန်ကျယ်ဝန်းလှသဖြင့် ထိုနေရာမှထွက်ခွာရန်ပင် အချိန်အတော်ကြာခဲ့သည်။
ယခုတော့ သူနှင့်မန်ဝမ် ပြင်ပဗလာနယ်ထဲသို့ရောက်ရှိလာပြီး အထက်ဘုံကမ္ဘာသို့ပြန်ရမည့်လမ်းကြောင်းကို ရှာဖွေရန် ကြိုးစားရတော့၏။
ရန်ကျောက်ကဲ ဗလာနယ်တာအိုတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ထားသဖြင့် ထိုသို့ လမ်းကြောင်းရှာဖွေနိုင်ခြင်း ဖြစ်သည်။ ဗလာနယ်တာအိုကို သိရှိသူမဟုတ်ပါက အာကာသထဲတွင် လမ်းပျောက်သွားပေမည်။
ရက်အတန်ကြာ သွားလာပြီးနောက် လမ်းကြောင်းမှန်ဖြင့် နီးစပ်လာသည်ဟု ရန်ကျောက်ကဲ အာရုံခံမိသည်။
သူတို့အရှေ့တွင် ကမ္ဘာတစ်ခုကိုတွေ့ရပြီး ထိုကမ္ဘာက အထက်ဘုံကမ်ဘာအနည်းငယ်ဆင်တူသည်ဟု ယောင်ဝါးဝါး ခံစားလိုက်မိသည်။
ရန်ကျောက်ကဲက...
“ဒီနေရာများဖြစ်မလား...”
သို့သော် အဝေးဆီမှ ဓားအလင်တန်းများ တောက်ပလာသည့်အတွက် ရန်ကျောက်ကဲ အတွေးပျက်သွားသည်။
ချောမောခန့်ညားသော လူငယ်တစ်ယောက် ဦးဆောင်သည့် အုပ်စုတစ်စု သူတို့အနားရောက်လာကြောင်း တွေ့ရသည်။
ထိုလူငယ်ကိုတွေ့တော့ ရန်ကျောက်ကဲ အတော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။
ထိုလူငယ်မှာ အရင်က အထက်ဘုံကမ္ဘာ ၊ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တွင် ရန်ကျောက်ကဲကဲ့သို့ ဟန်ဆောင်ခဲ့ဖူးသော စန့်ချင်အဆက်အနွယ်မှ အသိအကျွမ်းဟောင်း ‘စွန်းကျုန်းတာ့’ ပင် ဖြစ်သည်။
ရန်ကျောက်ကဲကိုတွေ့တော့ စွန်းကျုန်းတာ့ မှင်တက်သွားပြီးနောက် အံ့အားသင့်သွားသည်။
သူ့ကိုတွေ့သည်နှင့် စွန်းကျုန်းတာ့မှာ အမြီးခွေကာ လှည့်ပြေးချင်စိတ်ပေါက်သွားကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။
သို့သော် တကယ်တမ်းတွင်တော့ ထွက်ပြေးခြင်းမရှိဘဲ တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် လမ်းလျှောက်လာပြီး...
“ဆရာ... ဆရာဦးလေး’ရန်’...”
အခြားသော စန့်ချင်အဆက်အနွယ်မှ တပည့်များကလည်း ရန်ကျောက်ကဲကို စူးစမ်းဟန်ဖြင့် ကြည့်နေကြရင်းမှ တညီတညွတ်တည်းဦးညွှတ်လိုက်ရင်း...
“ဆရာဦးလေး’ရန်’ ကို ဂါရဝပြုပါတယ်”
စွန်းကျုန်းတာ့နှင့်အခြားတပည့်များမှာလည်း ကောင်းချင်ကဲ့သို့ပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ၊ ချင်းဖိန်တောင် ၊ ရှောက်ပိုင်တောင်ထွတ်မှဆင်းသက်လာသော အဆက်အနွယ်များ ဖြစ်ကြသည်။
ချင်းဖိန်တောင် ၊ ရှောက်ပိုင်တောင်ထွတ်၏ အရှင်သခင်မှာ ကောင်းရွှယ်ပေါ် ဖြစ်သည်။ သူက ကောင်းချင်၏ အဘိုးဖြစ်ပြီး လုန်ချွမ်ဧကရာဇ်နှင့် ရွှမ်ဟွမ်ဧကရီ၏ အကြီးဆုံးသားဖြစ်၏။
ရန်တိက လုန်ချွမ်ဧကရာဇ်၏ ဂိုဏ်းတူအစ်ကို ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ နှင့် ရွှမ်ဟွမ်ဧကရီ၏ ဂိုဏ်းတူညီမ ကျိကျီဧကရီ ‘တိချင်းလျန်’ တို့၏ သားဖြစ်လေရာ ကောင်းရွှယ်ပေါ်နှင့် ဝါစဉ်တူညီသည်ဟု ဆိုနိုင်သည်။
ထိုအခါ စွန်းကျုန်းတာ့က ရန်ကျောက်ကဲထက် ဝါစဉ်ငယ်သူဖြစ်လာပြီး ရန်ကျောက်ကဲက စွန်းကျုန်းတာ့တို့မျိုးဆက်၏ ဆရာဦးလေး ဖြစ်လာခဲ့သည်။
အထက်ဘုံကမ္ဘာ ၊ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရန်ကျောက်ကဲနှင့် ရန်တိတို့ မည်သူမည်ဝါဖြစ်ကြောင်း တစ်လောကလုံး သိရှိခဲ့ကြသည်။
ထိုသတင်းရရှိသည်နှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ လုန်ချွမ်ဧကရာဇ်ကလည်း ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးခဲ့သည်။
ထိုအခါမှ အငယ်တန်းမျိုးဆက်များဖြစ်သော ကောင်းချင်နှင့် အခြားသူများမှာ သူတို့နှင်ဆုံတွေ့ခဲ့ဖူးသော ရန်ကျောက်ကဲက သူတို့အားလုံးနှင့် နက်နဲစွာပတ်သက်သူတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ကြရသည်။
စွန်းကျုန်းတာ့သည်လည်း ခြွင်းချက်မရှိ ဤအကြောင်းကို သိရှိသည်ပင်။
ထို့ကြောင့် သူက ရန်ကျောက်ကဲကိုတွေ့သည့်အခါ အဆင်မပြေသလို ခံစားလိုက်ရပြီး အမြီးခွေကာ ပြန်လှည့်ပြေးလိုစိတ် ပေါက်သွားခြင်း ဖြစ်၏။
ရန်ကျောက်ကဲက မနေနိုင်ဘဲ ပြုံးလိုက်ရင်း...
“အဲဒီလောက် လုပ်စရာမလိုပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ပြင်ပဗလာနယ်ထဲ မျက်စိလည်နေပြီး မထင်မှတ်ဘဲ ဒီနေရာကိုရောက်လာတာ ၊ ကြည့်ရတာ ဒီနေရာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့ နီးမယ်ထင်တယ်”