အပြင်မှ သတင်းများ
Vol. 2 Ch. 22
ဝေ့ဝူယင်က ပြုံးလိုက်သည်။
“အင်း... ခြောက်လ ပြည့်သွားပြီလေ...”
ထို့နောက် သူက ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှု့ လိုက်သည်။ တစ်ခုခု ထူးဆန်းနေသလို ခံစားရသော်လည်း ထိုထူးဆန်းမှုက မည်သည့် အရာမှန်း ရေရေရာရာ သူ မသိချေ။
“ဪ... ဟုတ်သားပဲ... ငါမေ့တော့မလို့”
ဝေ့စီက ဝေ့ဝူယင်၏ ဝင်ခွင့် တံဆိပ်ပြားကို ဆွဲထုတ်ကာ ပြန်ပေးလိုက်၏။ ထိုတံဆိပ်ပေါ်တွင် မူလက “ခြောက်လ” ဟူသော စကားလုံး ရှိနေခဲ့သော်လည်း ယခု အခါတွင်မူ “တစ်ရက်” ဟူသော စကားလုံး မှိန်မှိန်သာလျှင် ကျန်ရှိတော့သည်။ ကြည့်ရသည်က ထိုတစ်ရက် ပြည့်ရန်ပင် တော်တော်လေး နီးကပ်နေပုံ ရသည်။
တံဆိပ်ပြားကို ပြန်လည် ရရှိပြီးသည့်တိုင် ဝေ့ဝူယင်၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်က ရှိနေဆဲ ဖြစ်သည်။ သူက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် လှည့်ပတ် ကြည့်လိုက်ပြန်၏။
ဝေ့စီမှာ ဝေ့ဝူယင်၏ အပြုအမူကို သတိပြုမိဟန် ရသည်။ သူ၏ တောက်ပသော မျက်လုံးများမှာ တဖျပ်ဖျပ် လင်းလက်သွား၏။
“လွန်ခဲ့တဲ့ တစ်လလောက်က ဒီနေရာမှာ ဝိညာဥ် ဝင်္ကပါ တစ်ခုကို ဖွဲ့စည်း ထားခဲ့တယ်လေ”
“ဟုတ်လား...”
သံအမတေ မျက်လုံး အသက်ဝင်လာသည်နှင့် ဝေ့ဝူယင်၏ မျက်လုံးတွင် ငွေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးထဲ၌ မြေပြင်သည် ပုံမှန်နှင့် မတူတော့ပဲ ဆန်းကြယ်သော အရာများနှင့် ချိတ်ဆက်သွားပုံ ရသည်။ စွမ်းအင် ပုံရိပ်ယောင်များသည် လူးလွင့်နေကာ ၎င်းတို့ကို ဝိညာဥ် အာရုံ တစ်ခုက ထိန်းချုပ်ထားသည်။
“ဒါက အချက်ပေး ဝင်္ကပါပဲ... သူတို့က ပုံမှန်ဆိုရင် သတိပေး စနစ်ကို အသုံးပြုတာပါ... ဘာလို့ ဒီနေရာမှာ ဝင်္ကပါ တစ်ခုကို ဖွဲ့စည်းထားရတာလဲ”
ဝေ့ဝူယင်၏ မေးခွန်းကို ဝေ့စီက ပခုံးတွန့်ပြ၍ တုန့်ပြန်လိုက်၏။ ဝင်္ကပါက အန္တရာယ် မရှိရာ ဝေ့စီမှာ အလေးအနက် တွေးစရာမလိုဟု ယူဆထားဟန် ရသည်။
ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် ပုံရိပ်တစ်ခုမှာ ကြိုးကြာကို စီးနင်းလျှက် ရောက်ရှိ လာ၏။ ထိုကြိုးကြာသည် အဓိက တပည့်များ ပိုင်ဆိုင်သည့် ငွေရောင် ကြိုးကြာများနှင့် တူညီခြင်း မရှိပဲ မဟူရာရောင် အဆင်း ရှိသည်။ အရွယ်အစားတွင်လည်း ၎င်းသည် ငွေရောင် ကြိုးကြာများထက် သုံးဆခန့် ပိုမို ကြီးထွားပြီး အစွမ်းထက် ရောင်ဝါများကို ထုတ်လွှတ်နေသည်။
ယင်းတို့ကား အဓိက အကြီးအကဲများ၏ စီးတော်ယာဥ်များပင် ဖြစ်ပေသည်။
“အကြီးအကဲကျိ...”
ဝေ့ဝူယင်က ကြိုးကြာထက်၌ ထိုင်နေသော ဆံပင်ဖြူ အဘိုးအိုကို လှမ်းကြည့်လိုက်၏။ ထိုအဘိုးအိုသည် အစွမ်းထက် ရုပ်တု တစ်ခုကဲ့သို့ ခါးကို မတ်မတ် ဆန့်တန်းကာ ရပ်နေခဲ့သည်။ သူ၏ မျက်နှာသည် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း ကင်းမဲ့ကာ တည်ငြိမ်နေ၏။
အကြီးအကဲကျိက ညင်သာစွာပင် ကြိုးကြာထက်မှ ခုန်ဆင်းလာ၏။ ဝေ့စီက လေးစားသော အမူအရာဖြင့် သူ့အား ခရီးဦးကြိုပြုလိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်ကမူ သာမန် နှုတ်ဆက်ခြင်းမျိုးကိုသာ ပြု၏။
“တစ်ခုခု ဖြစ်သွားသေးလား...”
ဝေ့ဝူယင်က မေးလိုက်သည်။
“ဟမ်...”
အကြီးအကဲကျိ၏ မျက်လုံးများမှာ ဝေ့ဝူယင်ကို ကြည့်ကာ မျက်လုံးများ လေးနက်သွားလေသည်။
“မင်း အဆင့်ငါးကို ရောက်သွားပြီလား...”
အပြင်ပန်း၌ တည်ငြိမ်ဟန် ဖမ်းထားသည့်တိုင် သူ၏ စိတ်များမှာ တုန်ရီနေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့သော ပါရမီမျိုး...။
အရင်းအမြစ် ရှိတိုင်းသာ ချီပျစ်ခဲခြင်း အဆင့်ငါးသို့ ရောက်ရကြေး ဆိုလျှင် ကမ္ဘာပေါ်၌ အဆင့်လေး ကျင့်ကြံသူ ထိုမျှလောက် များပြား နေလိမ့်မည် မဟုတ်ချေ။ လူတစ်ယောက်၏ တိုးတက်မှုနှုန်းမှာ သူ၏ ပါရမီနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ သူ ကိုယ်တိုင်ပင်လျှင် ချီပျစ်ခဲခြင်း အဆင့်ငါးကို ချိုးဖျက်ရန် အတွက် ဆယ်စုနှစ်ပေါင်း များစွာ အချိန်ယူခဲ့ရပြီး ဝေ့ဝူယင်ထက်ပင် ပိုမိုသည့် ရင်းမြစ်များကို သုံးစွဲ ခဲ့ရသည်။
ဝေ့ဝူယင်က အဖြေပြန်မပေးပဲ ပြုံး၍သာ နေလိုက်၏။
အကြီးအကဲကျိ၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။ သို့သော်လည်း မကြာခင်မှာပင် သူ၏ နှုတ်ခမ်းသည် အနည်းငယ် တွန့်ကွေးကာ ပြုံးယောင်သမ်းသွားသည်။ သူ၏ တည်ငြိမ်အေးစက်သော မျက်နှာမှာလည်း ပေါ့ပါး လာသယောင် ရ၏။
“ငါဒီကို လိုက်လာခဲ့တာ ဂိုဏ်းက မင်းကို တာဝန် တစ်ခု ပေးထားတယ် ဆိုတဲ့ အကြောင်း ပြောပြဖို့ပဲ... ကံကောင်းတော့ မင်းထွက်တဲ့ အချိန်နဲ့ ကွက်တိ ဖြစ်သွားတာပေါ့”
“တာဝန်...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ အနည်းငယ် ကျဥ်းမြောင်းသွား၏။ ဂိုဏ်းမှ သူ့အား နောက်ဆုံး ပေးခဲ့သည့် တာဝန်မှာ “လခရမ်းဂိုဏ်း” အကြွင်းအကျန်များကို လိုက်လံ ရှင်းလင်းရန် ဖြစ်သည်။ ထိုတာဝန်ကို ထမ်းဆောင်စဥ် အတွင်း၌ သူသည် ချီပျစ်ခဲခြင်း အဆင့်သုံး ရန်သူ တစ်ယောက်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ အကယ်၍ သူသာ အဆင့်လေးသို့ ရောက်နေခဲ့ခြင်း မရှိပါက ထိုလုပ်ကြံမှုတွင် အသတ်ခံသွားရလောက်ပြီ ဖြစ်သည်။
အကြီးအကဲကျိက ရှင်းပြလိုက်၏။
“ဒီတာဝန်ကို အခြားဂိုဏ်း နှစ်ခုနဲ့ ပူးပေါင်းပြီး ထမ်းဆောင်ရမှာ... ရေပဲ့တင်သံဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းတွေပေါ့... ဂိုဏ်းက မင်း အပြင် ရန်ကျူး၊ ရှုယင်၊ ရှင်းဖူနဲ့ အကြီးအကဲပင်းတို့ကိုပါ တာဝန်ပေးထားတာ”
“အကြီးအကဲပင်း၊ ရှင်းဖူ...”
အကြီးအကဲပင်းမှာ ရန်ကျူး၏ အဖွဲ့နှင့် မဟာမိတ် ပြုထားသည့် အဓိက အကြီးအကဲ တစ်ဦး ဖြစ်သည်။ သူမသည် ချီပျစ်ခဲခြင်း အဆင့်လေး ယင်ဖွဲ့စည်းခြင်း အဆင့်၌ ရှိနေကာ အဆင့်မြင့် ဒြပ်စင် တစ်ခု ဖြစ်သော ချီ-ရေခဲကို မွေးဖွားထားနိုင်သူ ဖြစ်သည်။ သူမသည် အဓိက အကြီးအကဲများထဲတွင်ပင် ထိပ်တန်း အဆင့်၌ ရှိသည်။
သို့သော်လည်း ရှင်းဖူ ဆိုသော နာမည်ကိုမူ ဝေ့ဝူယင် တစ်ခါမှ မကြားဖူးချေ။
“ရှင်းဖူက အကြီးအကဲပင်းရဲ့ တပည့်မလေးလေ... သူက မကြာသေးခင်ကပဲ အဓိက တပည့် တစ်ယောက် ဖြစ်လာတာ”
အကြီးအကဲကျိက ရှင်းပြလိုက်သည်။ ဝေ့ဝူယင်က နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်၏။ သူ စဥ်းစားနေသော အရာက သူ့အား ဤတာဝန်ကို အဘယ်ကြောင့် ပေးရသနည်း။
“ဒါနဲ့ ဘာလို့ ကျွန်တော့်ကို ဒီတာဝန်ပေးတာပဲ ခင်ဗျားသိလား... ရှုယင်နဲ့ ရန်ကျူးက မဟာမိတ် ဖွဲ့ထားတာ ဆိုတော့ သူ့ကို ခေါ်တာ ကျွန်တော် နားလည်နိုင်တယ်... ဒါပေမဲ့ ကျွန်တော်က သူတို့ နှစ်ယောက်စလုံးနဲ့ သိပ် ဆက်စပ်မှု ရှိတဲ့လူ မဟုတ်ဘူးလေ... ကျွန်တော်အစား အခြား မိန်းကလေး တစ်ယောက်ကို ရွေးပြီး သူတို့ဘာသာ မိန်းကလေး ငါးယောက်သွားတာက ပိုကောင်းတယ် မဟုတ်ဘူးလား”
ဝေ့ဝူယင်မှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။
အကြီးအကဲကျိက ပြုံးလိုက်၏။
“အဲဒါကတော့ မင်းကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြီးအကဲကျိပဲ သိလိမ့်မယ်... ငါ သေချာမပြောတတ်ဘူး... ကျူးလန်ကို မခေါ်ချင်လို့လဲ ဖြစ်နိုင်တာပဲ”
“ထားလိုက်ပါတော့လေ... တာဝန်က ဘယ်လိုမျိုးလဲ”
ဝေ့ဝူယင်က သက်ပြင်းချရင်း မေးလိုက်သည်။
ရုတ်တရက်... အကြီးအကဲကျိ၏ အမူအရာမှာ လေးနက်သွား၏။
“လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတယ်... စုစုပေါင်း ယောက်ျား မိန်းမ သောင်းချီရှိမယ်... အဲဒီ အထဲမှာ ချီပျစ်ခဲခြင်း အဆင့်နှစ် ကျင့်ကြံသူတွေတောင် ပါတယ်”
“ပျောက်ဆုံးမှုတွေ ဖြစ်နေတဲ့ ဧရိယာရော၊ ပျောက်ဆုံးသွားတဲ့ လူတွေရောက ဂိုဏ်းသုံးခု စလုံးနဲ့ ဆက်စပ်နေတယ်... ဒါကြောင့်ပဲ ဂိုဏ်းသုံးခုက အတူတကွ ကိုင်တွယ်ဖို့ ယာယီ သဘောတူလိုက်ကြတာ... သူတို့ အကုန်လုံးအတွက် ဒီကိစ္စက အရေးကြီးနေတယ်”
အကြီးအကဲကျိ၏ လေးနက်သော လေသံနှင့် စကားလုံးများက ဝေ့ဝူယင်၏ စိတ်ဝင်စားမှုကို တူးဆွသွားသည်။ ဂိုဏ်းမှ အဓိက တပည့်များနှင့် အကြီးအကဲများအား စေလွှတ်ခြင်းကို ကြည့်၍ ထိုကိစ္စမှာ အရေးကြီးကြောင်း ဝေ့ဝူယင် ခန့်မှန်းနိုင်သည်။ အခြားဂိုဏ်း နှစ်ဂိုဏ်းမှာလည်း နေသွေးနီနီဂိုဏ်း ကဲ့သို့ပင် ထိုကိစ္စကို အလေးအနက်ထားလိမ့်မည် ဟု ဝေ့ဝူယင် ခန့်မှန်းမိသည်။
“ကောင်းပြီလေ... သူတို့ ဘယ်အချိန် စထွက်မယ် ပြောလဲ”
ဝေ့ဝူယင်က မေးလိုက်၏။
“အခုပဲ... သွားကြစို့...”
အကြီးအကဲကျိက အနက်ရောင် ကြိုးကြာထက်သို့ တက်ကာ ပျံသန်းရန် ပြင်ဆင်လိုက်သည်။ ဝေ့ဝူယင်ကလည်း ဝေ့စီအား နှုတ်ဆက်စကားဆိုကာ အကြီးအကဲကျိ၏ နောက်သို့ လိုက်လိုက်သည်။
ဝှစ်...
ကြိုးကြာငှက်သည် လေဟုန်ကို ဖြိုခွင်းကာ ကောင်းကင်သို့ ထိုးတက် ပျံသန်းသွား၏။ ဝေ့ဝူယင်သည် ငှက်၏ ကြောထက်၌ ထိုင်ရင်း သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ ဆုံမှတ်ရှိရာသို့ ပျံသန်းနေစဥ်အတွင်း၌ အကြီးအကဲကျိသည် လွန်ခဲ့သည့် ခြောက်လ အတွင်း ဖြစ်ပျက်ခဲ့သည်များကို ဝေ့ဝူယင်အား ပြန်လည် ရှင်းပြနေခဲ့သည်။
“ပထမဆုံး တစ်ခုက မေ့မေ့ရဲ့ ဒဏ်ရာတွေ ပြန်ပျောက်ကင်းသွားခဲ့တယ်... သူက အဓိက တပည့်ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပြီး နေရာတစ်ခုကို ပြန်ရယူနိုင်ခဲ့တယ်... သူ ဒဏ်ရာတွေကို ဘယ်လို လျှင်လျှင်မြန်မြန် ကုသခဲ့လဲ ဆိုတာတော့ ဘယ်သူမှ မသိဘူး... လူမြင်ကွင်းကို ပေါ်ထွက်လာတဲ့ အချိန်မှာ သူက ချီပျစ်ခဲခြင်း အဆင့်သုံးကိုတောင် ရောက်နေခဲ့ပြီ”
“နောက်ပြီး ကျူးလန်နဲ့ လမ့်ရတို့ကလည်း အဆင့်သုံးမှာပဲ... ရှုယင်ကတော့ ရှုယန်ရဲ့ နောက်လိုက်တွေကို ယာယီ ထိန်းသိမ်းထားပြီး ရှုယန် ပြန်ကောင်းလာနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်”
“ရှင်းဖူ၊ ကျန်းဝေ့နဲ့ ကျန်းပိုင်တို့ကတော့ တောက်ကွေ့၊ ဟယ်လုံနဲ့ ရှုယန်တို့ရဲ့ နေရာတွေ အတွက် အစားထိုး အဓိက တပည့်တွေ ဖြစ်လာကြတယ်”
ဝေ့ဝူယင်၏ မျက်ခုံးများမှာ အပေါ်သို့ အနည်းငယ် မြင့်တက်သွား၏။
“ကျန်းညီနောင်လား...”
ဝေ့ဝူယင် ထိုနှစ်ယောက်ကို ကောင်းစွာ သိပေသည်။ သူတို့သည် သူ့ကဲ့သို့ပင် မေ့မေ့၏ အဖွဲ့သားများ ဖြစ်ပြီး တစ်ချိန်က အတူတကွ လက်တွဲကာ တိုက်ခိုက်ဖူးခဲ့သည်။
“ဟုတ်တယ်... သွေးထွက်သံယို တိုက်ပွဲတွေ အပြီးမှာ သူတို့က အဲဒီနေရာတွေကို ရယူနိုင်ခဲ့တယ်လေ”
အကြီးအကဲကျိက ခေါင်းညိတ်လိုက်သည်။
“ဪ...”
ဝေ့ဝူယင်မှာ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက် အဓိက တပည့် ဖြစ်လာခြင်း အတွက် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ထိုနှစ်ယောက်သည် ယခုဆိုလျှင် သူနှင့် ခြေရာချင်း တိုင်းနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
မကြာခင်မှာပင် အနက်ရောင် ကြိုးကြာသည် နေသွေးနီနီတောင်ခြေရှိ အရှေ့တံခါးနားသို့ ရောက်ရှိ လာခဲ့သည်။ ထိုနေရာသည် ဂိုဏ်း၏ သေမျိုးများနှင့် ကျင့်ကြံခြင်း မိသားစုများ မှီတင်းနေထိုင်ရာ နေရာလည်း ဖြစ်ပေသည်။
လူးလာတုံခေါက် သွားလာနေသော လူများကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသား အတွင်း၌ ခံစားချက် တစ်ခု ပေါက်ဖွားလာသည်။ အတိတ်၏ လွမ်းမောဖွယ် မှတ်ဉာဏ်များ စီးဆင်းလာသည်နှင့် အမျှ နှလုံးသားကို လက်ကြီးတစ်ခုနှင့် ဖျစ်ညှစ်ထားသလို ခံစားလိုက်ရသည်။
“သူတို့ ရောက်နေပြီ...”
အကြီးအကဲကျိ၏ အသံက ဝေ့ဝူယင်၏ ခံစားချက်များကို လွင့်ပါးသွားစေ၏။ သူက အကြီးအကဲကျိ ညွှန်ပြရာ နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာ၌ မိန်းကလေး လေးယောက် ရပ်နေခဲ့သည်။
ရှုယင်၊ ရန်ကျူး၊ အကြီးအကဲပင်းနှင့် ရှင်းဖူတို့ပင် ဖြစ်သည်။ ဝေ့ဝူယင်က ရှင်းဖူကို သတိထား၍ ကြည့်လိုက်၏။ သူမသည် မည်သည့် ထူးခြားမှုမှ မရှိသည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ သူမ၏ အရပ်သည် သာမန် မိန်းကလေးများထက် နိမ့်ကာ သူမ၏ ရင်သားနှင့် တင်ပါးများမှာလည်း ရှိသင့်ရှိထိုက်သည်ထက် ပို၍ သေးငယ်သည်။ ဝေ့ဝူယင်သည် သူမကို ကြည့်ကာ စုမေ့ကိုပင် သတိရလိုက်မိသည်။
ဝှစ်...
ဝေ့ဝူယင်က ကြိုးကြာထက်မှ ခုန်ဆင်းလိုက်၏။ သူ၏ ငွေရောင် မျက်လုံး၊ ချောမောသော ရုပ်ရည်နှင့် ခိုင်မာသော အရှိန်အဝါတို့သည် မိန်းကလေးများ၏ အကြည့်များကို ဆွဲဆောင်သွားသည်။
“ဟွန့်... နောက်ဆုံးတော့ ရှင်ရောက်လာပြီပေါ့”
ရှင်းဖူက နှုတ်ခမ်းကို စူကာ ဆိုလိုက်လေ၏။
***