တာဝန်
Vol. 2 Ch. 23
ဝေ့ဝူယင်မှာ မိန်းကလေး၏ အမူအရာကြောင့် အနည်းငယ် အံ့အားသင့်သွား၏။ ထိုမိန်းကလေးကို သူ ဘယ်တုန်းက အပြစ်ပြုမိသနည်း။ ထို့အပြင် သူ့အား ဤတာဝန်၌ လိုက်ပါရန် ဆင့်ခေါ်ခဲ့သူက သူမ၏ ဆရာသာလျှင် ဖြစ်သည်။
“ကောင်းပြီ... သွားကြမယ်... ဆက်ပြီး လေးဖင့်နေမယ် ဆိုရင် နောက်ကျတော့မယ်”
ရန်ကျူးက ပြောလိုက်သည်။ ရုာထူးအရ အကြီးအကဲပင်းသည် အဖွဲ့ခေါင်းဆောင် ဆိုသော်လည်း ရန်ကျူးမှာ ယခု ခရီးစဥ်ကို ဦးဆောင်နေပုံ ရသည်။
အနီးအနား၌ အနက်ရောင် ကြိုးကြာတစ်ကောင်သည် သူတို့အား စောင့်နှင့်နေပြီး ဖြစ်သည်။ ဝေ့ဝူယင် နှုတ်ခွန်းဆက် စကား မဆိုရသေးခင်မှာပင် သူတို့ လေးယောက်စလုံးသည် ကြိုးကြာပေါ် ခုန်တက်ကာ အဆင်သင့် ပြင်လိုက်ကြသည်။ အကြီးအကဲပင်းမှာ ကြိုးကြာအား မောင်းနှင်မည့်ပုံ ရ၏။
ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ သူက လှည့်ကြည့်လိုက်ရာ အကြီးအကဲကျိလည်း မျက်မှောင်ကြုတ် နေသည်ကို တွေ့မြင်ရသည်။ ထိုလူများသည် သူ့အား ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ယခု သူ ရောက်ရှိလာသော အခါတွင်လည်း မသိကျေးကျွန် ပြုနေကြသည်။ ထိုအပြုအမူက မည်သို့နည်း။
“ဒီဟာက တာဝန်တစ်ခုပဲ ဖြစ်ပါစေ...”
ဝေ့ဝူယင်က သက်ပြင်းတစ်ချက်ချ လိုက်၏။ ထို့နောက် သူက မြေကြီးကို ဆောင့်နင်းကာ ကြိုးကြာ၏ ကျယ်ပြန့်သော ကျောထက်သို့ ခုန်တက်လိုက်သည်။
ဝေ့ဝူယင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ရှင်းဖူ၏ ဘေးနားတွင် ထိုင်ခုံတစ်ခု လွတ်နေသည်ကို တွေ့လိုက်ရ၏။ သူက ထိုထိုင်ခုံတွင် ထိုင်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ရှင်းဖူက နှုတ်ခေါင်းရှုံ့ လိုက်၏။
“ကျွန်မဘေးမှာ ရှင့်ကို ဘယ်သူက ထိုင်ခိုင်းလို့လဲ”
သူမ၏ မျက်လုံးများက အထင်အမြင်သေးမှု၊ ရှုံ့ချမှုတို့ဖြင့် ပြည့်နှက်နေသည်။
ဝေ့ဝူယင်၏ အမူအရာမှာ ပြောင်းလဲသွား၏။ သို့သော်လည်း နောက်ဆုံး၌ သူက သက်ပြင်းတစ်ချက်ချကာ ခပ်လှမ်းလှမ်းတွင်သာ သွားရောက် ထိုင်လိုက်သည်။ သူသည် အကျိုးအမြတ် မရှိပဲ မည်သူနှင့်မျှ ပဋိပက္ခ မဖြစ်လိုချေ။
ဟူး... ဟူး...
ကြိုးကြာငှက်ကို တောင်ပံ အစုံကို ခတ်ရင်း ခရီးဆက်နေခဲ့သည်။
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားသည် ကြိုးကြာပေါ် မတက်ခင် အကြီးအကဲကျိ သူ့အား ပေးထားခဲ့သော အရာ ဖြစ်ပြီး ထိုအထဲ၌ ယခု တာဝန်နှင့် ပတ်သက်သည့် အချက်အလက်များကို မှတ်တမ်းတင်ထားသည်။ ဝိညာဥ်အာရုံကို ဖြည့်သွင်းလိုက်သည်နှင့် အထဲရှိ အချက်အလက်များမှာ သူ၏ စိတ်အတွင်း စီးဆင်း ဝင်ရောက်လာလိမ့်မည် ဖြစ်သည်။
“ဒီအထဲမှာ ရေးထားတဲ့ အတိုင်းဆို ငါတို့တွေ မူရေကန်မှာ ရေပဲ့တင်သံဂိုဏ်း၊ ကောင်းကင်ဂားဂိုဏ်းတွေနဲ့ ဆုံရမှာပဲ... နောက်ပြီး အဲဒီ နေရာက ပျောက်ဆုံးမှုတွေ အများဆုံး ဖြစ်နေတဲ့ နေရာတဲ့...”
ကျောက်စိမ်းပြားထဲမှ အချက်အလက်များကို ရယူပြီးနောက် ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ ဤတာဝန်မှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်သည့်အရာ တစ်ခု ဖြစ်သည်။ လူပျောက်ဆုံးမှုများသည် ဂိုဏ်းသုံးခု၏ အုပ်ချုပ်မှု သက်ရောက်သော နေရာများ၌ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။
ပထမ၌ လူများက ထိုအရာမှာ မိစ္ဆာ ကျင့်ကြံသူများ၏ လက်ချက် ဖြစ်လိမ့်မည် ဟု ယူဆ ခဲ့ကြသည်။ အမှောင်လမ်းစဥ်ကို လိုက်သည့် မိစ္ဆာ ကျင့်ကြံသူများသည် လူများ၏ သွေး၊ ဝိညာဥ်၊ အသက်စွမ်းအားတို့ကို အသုံးပြုကာ ကျင့်ကြံလေ့ ရှိကြသည်။ သို့သော်လည်း ဆန်းပြားစွာပင် လူရာပေါင်းများစွာ ပျောက်ဆုံးပြီးသည် အထိ အမှောင် ကျင့်စဥ်၏ အရိပ်အငွေ့ကိုမျှ မတွေ့ခဲ့ရချေ။
ဝေ့ဝူယင်ကမူ ထိုအဖြစ်အပျက်တွင် နတ်ဆိုးတို့၏ ရနံ့များ ပါဝင်နေသည်ဟု ခံစားနေရသည်။ နတ်ဆိုးများသည် ထူးဆန်းသော ဖြစ်တည်မှုများ ဖြစ်ပြီး လူများက သူတို့အား မိစ္ဆာ၊ မကောင်းဆိုးရွား စသဖြင့် ခေါင်းစဥ် အမျိုးမျိုးတပ်ကာ ခေါ်ဆိုလေ့ ရှိကြသည်။ မည်သို့ပင် ဆိုစေ ထိုနတ်ဆိုးများမှာ ထူးဆန်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားကာ လူသားများနှင့် လုံးဝ ခြားနားစွာ ကျင့်ကြံကြသည်။
နတ်ဆိုးများထဲ၌ ဂန္တဝင်တွင်အောင် ဆိုးယုတ်သည့် ကျင့်ကြံသူများ ရှိခဲ့သော်လည်း သူတို့ အားလုံးမှာမူ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာများ မဟုတ်ကြပါချေ။ သို့သော်လည်း ဝူတိုင်းပြည်သည် နတ်ဆိုးများကို ပလိပ်ရောဂါကဲ့သို့ ဆက်ဆံခဲ့ကြသည်။ သူတို့အား အရိပ်တွေ့ရုံဖြင့်ပင် အပြင်းထန်ဆုံး မုန်းတီးမှုနှင့် အတူ လိုက်လံ ရှာဖွေ သတ်ဖြတ်လေ့ ရှိကြသည်။
ဝေ့ဝူယင်မှာ ထိုအကြောင်းကို တွေးရင်း ဝမ်းနည်းသလို ခံစားလိုက်ရသည်။
သူက ခေါင်းကိုခါကာ အတွေးများကို ပြန်လည် စုစည်းလိုက်၏။ သူ့အနေဖြင့် အချိန်ရှိခိုက် ကျင့်ကြံရပေဦးမည်။ ဝေ့ဝူယင်သည် ကောင်းကင်နှင့် မြေကြီး အမတေများကို စုပ်ယူကာ ချီနှလုံးသားထဲသို့ ပို့လွှတ်လိုက်၏။ မြင့်မားသော ကျင့်ကြံခြင်း အခြေခံဖြင့် ထိုကဲ့သို့ ကျင့်ကြံခြင်းမှာ သိပ်အသုံးမဝင်လှသည့်တိုင် ဝေ့ဝူယင်မှာမူ လုံလ စိုက်ထုတ်နေဆဲ ဖြစ်သည်။
နတ်ဘုရား တံခါးပေါက်ဟုင် တင်စားကြသည့် ချီပျစ်ခဲခြင်း အဆင့်ခြောက် “မှားသော အမှန်အဆင့်”သည် ယင်နှင့်ယန်ကို ပြီးပြည့်စုံစွာ ရောနှော၍ ယင်ယန်စွမ်းအင် ဖန်တီးခြင်း ဖြစ်သည်။ ဤနည်းဖြင့် ကျင့်ကြံသူ၏ ချီစွမ်းအင်သည် လောက၏ စီးဆင်းမှုနှင့် ပေါင်းစပ်ကာ ပို၍ စစ်မှန်လာသည်။ ထိုအဆင့်၌ ထာဝရကို ရရှိရန် မဖြစ်နိုင်သေးသည့်တိုင် “ဖန်တီးခြင်း” စွမ်းရည်ကို ပိုင်ဆိုင်လာသည့် အချက်ပင်လျှင် အံ့မခန်းပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“မှားသောအမှန်” အဆင့်သည် ကျင့်ကြံသူကို ဝူတိုင်းပြည်၏ စွမ်းအားရှင် တစ်ယောက် ဖြစ်လာအောင် ပြောင်းလဲပစ်နိုင်ကြောင်း ဝေ့ဝူယင် သိရှိထားသည်။ ကံကောင်းစွာပင် ထိုအဆင့်အား တက်လှမ်းရန် အတွက် သူ့တွင် နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ် ကြိုးစားပိုင်ခွင့် ရှိသေးသည်။
နာရီပေါင်းများစွာ အဆက်မပြတ် ပျံသန်းပြီးနောက် လှပပြီး၊ ကြည်လင်ရှင်းလင်းသည့် ရေကန် တစ်ခုမှာ သူ၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။ ၎င်းသည် တောအုပ်၏ အလယ်၌ ရှိနေကာ သဘာဝကျစွာ သန့်ရှင်းနေသည်။ ဝေ့ဝူယင်သည် ရေကန်အတွင်းမှ ထွက်ပေါ်နေသည့် ရေစွမ်းအင်၏ ထူထဲသော အရှိန်အဝါများကို ခံစား နေရသည်။
မူရေကန်သည် ရေပဲ့တင်သံဂိုဏ်း၏ နယ်နိမိတ် အတွင်း၌ တည်ရှိသည်။ ၎င်းသည် သူတို့၏ ကျင့်ကြံခြင်း နယ်မြေတစ်ခု ဖြစ်သည်။ ဂိုဏ်း၏ တပည့်များစွာမှာ ရေအမျိုးအစား ချီကျင့်စဥ်များကို ထိုနေရာတွင် ကျင့်ကြံလေ့ ရှိကြသည်။ ကျောက်စိမ်းပြားထဲတွင် ဖော်ပြထားသည့် အတိုင်းဆိုလျှင် ရေပဲ့တင်သံဂိုဏ်းသည် ပထဆုံး ပစ်မှတ်ဖြစ်ကာ လူပျောက်ဆုံးမှုများကို အရင်ဆုံး ကြုံတွေ့ရသည့် ဂိုဏ်းလည်း ဖြစ်သည်။ ပျောက်ဆုံးမှု အများစုမှာ ၎င်းတို့၏ နယ်မြေမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ကောင်းကင်ဓားဂိုဏ်းနှင့် နေသွေးနီနီဂိုဏ်းတို့မှာ ရေပဲ့တင်သံဂိုဏ်းထံမှ တောင်းဆိုမှုကို ရရှိသောကြောင့် လာရောက် ပူးပေါင်းကြခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် ဂိုဏ်းနှစ်ခုမှာ မိန်းမလှလေးထံမှ အာရုံစူးစိုက်မှု ရရှိရန် ကြိုးစားနေသော ကောင်လေးများနှင့် တူသည်ဟု တွေးကာ ပြုံးလိုက်မိ၏။
ရေပဲ့တင်သံဂိုဏ်းသည် မိန်းကလေး သီးသန့်ဂိုဏ်း တစ်ခု ဖြစ်သည်။ ပထမ၌ ကျား၊ မ မရွေး တပည့် လက်ခံသည့် ဂိုဏ်းတစ်ခု ဖြစ်ခဲ့သော်လည်း ဂိုဏ်းဆုတ်ယုတ်လုနီးပါး အဖြစ်ဆိုး တစ်ခုကြောင့် ထိုကဲ့သို့ ပြောင်းလဲ သွားရခြင်း ဖြစ်သည်။ ဂိုဏ်းဝင် အားလုံးမှာ မိန်းကလေးများ ဖြစ်၍ သူတို့တွင် အခက်အခဲ အချို့ ရှိသည့်တိုင် သူတို့သည်လည်း လျစ်လျူ၍ မရနိုင်သည့် အင်အားစု တစ်ခု ဖြစ်သည်။
ရေပဲ့တင်သံဂိုဏ်းသည် မဟာဂိုဏ်းကြီး ငါးခုတွင် ချီပျစ်ခဲခြင်း အဆင့်လေး ယင်ဖွဲ့စည်းခြင်း ကျင့်ကြံသူ အများဆုံး ပိုင်ဆိုင်ထားသည့် ဂိုဏ်းဖြစ်သည်။ ထို့အပြင် သူတို့သည် မဟာ ဂိုဏ်းကြီး ငါးခုတွင် ဒုတိယမြောက် အင်အား အကြီးဆုံး ဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်းသည် ပထမ အင်အား အကြီးဆုံးဖြစ်ကာ “အရှင်” နှစ်ပါး အထိ ပိုင်ဆိုင်ထားပေသည်။
သို့သော်လည်း...
“အရှင်” အဆင့် ကျင့်ကြံသူ အရေအတွက်ကို ထည့်မတွက်လျှင်မူ ရေပဲ့တင်သံဂိုဏ်းသာလျှင် အင်အား အကြီးဆုံး ဖြစ်ပေသည်။ သူတို့၏ ချီပျစ်ခဲခြင်း အဆင့်လေးနှင့် အဆင့်ခြောက် အရေအတွက်မှာ အခြားဂိုဏ်းများထက် သိသိသာသာ မြင့်သည်။
တစ်ချိန်တည်း၌ နေသွေးနီနီဂိုဏ်းမှာမူ ချီပျစ်ခဲခြင်း အဆင့်ငါး ကျင့်ကြံသူ အများဆုံး ပိုင်ဆိုင်ထားသည်။ ထိုအရာက ဂိုဏ်းတ္င်း အရင်းအမြစ်များနှင့် တိုက်ရိုက် သက်ဆိုင်မှု ရှိသည်။ နေသွေးနီနီတောင်သည် ယန်စွမ်းအင်နှင့် ဆက်စပ်မှုရှိသည့် သွေးချီကို သဘာဝအတိုင်း ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသည်။
“အဲဒီကို ရောက်ရင် ရှင်ကောင်းကောင်းနေ ကြားလား...”
ရှင်းဖူက ဆို၏။ ဝေ့ဝူယင်က ထိုအရာမှာ သူ့ကို ပြောနေခြင်း ဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။ သူ၏ မျက်ခုံး နှစ်ခုမှာ အနည်းငယ် တွန့်ကွေးသွား၏။ သူသည် ထိုမိန်းကလေးကို နောက်သို့ လွင့်ထွက်သွားသည် အထိ ရိုက်ချင်နေပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ ပျက်ရွင်းနေသော မျက်နှာကို မြင်သည့်တိုင် တစ်ချက်မတုန့်ဆိုင်းပဲ မိန်းကလေးက ဆက်ပြောလိုက်၏။
“ရေပဲ့တင်သံဂိုဏ်းမှာ အလှလေးတွေ အများကြီး ရှိတယ် လို့ ကြားဖူးတယ်... ရှင့် အပြုအမူတွေ ဆင်ခြင်နေ ကြားလား... နွားသိုးကြိုးပြတ် မလုပ်နဲ့... ဂိုဏ်းသိက္ခာကျမယ်”
“...”
ဝေ့ဝူယင်မှာ စိတ်ထဲတွင် အတော် ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ သူမက သူ့အား မည်ကဲ့သို့ လူစားမျိုးဟု ထင်နေသနည်း။
အကြီးအကဲပင်းက ကြိုးကြာငှက်ကို ထိန်းချုပ်ကာ ရေကန်အနီးသို့ ဆင်းသက်စေလိုက်သည်။ တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ သူတို့သည် လူအုပ်စု နှစ်ခုကို တွေ့လိုက်ရ၏။ ပထမ လူအုပ်စုမှာ ရေလှိုင်းများ သဏ္ဌာန် အဆင်းရှိသည့် အပြာရောင် အင်္ကျီများကို ဝတ်ဆင်ထားသည်။ သူတို့ အားလုံးသည် မိန်းကလေးများ ဖြစ်ကြပြီး လှပသည့် ရုပ်ဆင်းအင်္ဂါနှင့် ခန္ဓာကိုယ် အချိုးအစားများကို ပိုင်ဆိုင်ထားသည်။ သူတို့ အုပ်စုတွင် စုစုပေါင်း ခြောက်ယောက် ပါဝင်၏။
ဒုတိယ အုပ်စုတွင်မူ ယောက်ျားလေးနှင့် မိန်းကလေးများ ရောနှောနေသည်။ ယောက်ျားလေး နှစ်ယောက်၊ မိန်းကလေး နှစ်ယောက် ဖြစ်ပြီး သူတို့သည် ကိုယ်ပိုင် အရှိန်အဝါများကို ဝန်းရံကာ ရပ်နေကြသည်။ သူတို့အား ကြည့်ရသည်က ဆရာများနှင့် တပည့်များ ဖြစ်ဟန်ရသည်။
ခန့်ညားသည့် အသက်လတ် အရွယ် လူကြီးသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခါးတွင် ဓားကို ချိတ်ဆွဲထားသည်။ သူ့အား ကြည့်ရသည်က ကျောင်းတော်သား တစ်ယောက်နှင့်ပင် တူနေသေးသည်။ သူ၏ နံဘေးတွင်မူ အနက်ရောင် ဆံပင်၊ အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက် ရှိသည်။ သူ၏ မျက်လုံးများသည် ကြည်လင် သန့်ရှင်းကာ ဉာဏ်ကောင်းမှုများနှင့် ပြည့်နှက်နေသည်။ သူမသည်လည်း ဓားတစ်ချောင်းကို ခါးတွင် ချိတ်ဆွဲထားသည်။
အသက် နှစ်ဆယ် ကျော်ပုံ မရသေးသည့် လှပသော အမျိုးသမီးမှာလည်း အဖြူရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သို့သော်လည်း သူမသည် ဓားကိုမူ ကျောထက်တွင်သာ လွယ်ထားသည်။ သူမသည် ရုပ်ရည်အားဖြင့် ငယ်ရွယ်သည့်တိုင် အရှိန်အဝါမှာ တည်ငြိမ်ပြီး မျက်လုံးများမှာ ရင့်ကျက်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ ဘေး၌ ရပ်နေသော လူငယ်မှာ မျက်လုံးများကို မှိတ်ထားသည်။ သူ၏ ခန္ဓာကိုယ်သည် အခြား သုံးယောက်နှင့် မတူပဲ ထက်ရှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ သူ့အား ကြည့်ရသည်က ထောင်ထားသော ဓားတစ်လက် အလားပင်။
သူတို့ကား ကောင်းကင်ဓားဂိုဏ်းမှ ကျင့်ကြံသူများပင် ဖြစ်သည်။
ဟူး... ဟူး...
ဝေ့ဝူယင်တို့ စီးနင်းလာသော ကြိုးကြာငှက်မှာ မြေပြင်ပေါ် ဆင်းသက်သွား၏။ လူငယ်မှ လွဲ၍ အခြားလူ အားလုံး၏ အကြည့်များမှာ သူတို့ထံ ရောက်ရှိသွားသည်။ ဝေ့ဝူယင်တို့သည် တည်ငြိမ်စွာပင် မြေပြင်ပေါ် ခုန်ဆင်းကာ ရှေ့သို့ လျှောက်လာကြသည်။
အကြီးအကဲပင်းသည် သူတို့အား ခြေဟန်လက်ဟန်ဖြင့် တားကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ ကောင်းကင်ဓားဂိုဏ်းမှ အသက်လတ် လူကြီး၊ မိန်းကလေးတို့နှင့် ရေပဲ့တင်သံဂိုဏ်းမှ မိန်းကလေး ကျင့်ကြံသူ နှစ်ယောက်မှာလည်း ရှေ့သို့ တိုးလာကြ၏။ သူတို့သည် အလယ်၌ ဆုံကာ တစ်စုံတစ်ခုကို ဆွေးနွေး နေကြပုံ ပေါ်သည်။
ထိုအရာများ ဖြစ်ပျက်နေစဥ် ဝေ့ဝူယင်မှာလည်း ဤနေရာသို့ ရောက်ရှိနေသည့် လူအားလုံးကို စစ်ဆေး နေခဲ့သည်။ နာမည်ကြီးသည့်အတိုင်း ရေပဲ့တင်သံဂိုဏ်း၏ တပည့် အားလုံးမှာ ချောမောလှပေသည်။ ကောင်းကင်ဓားဂိုဏ်းကိုမူ ဝေ့ဝူယင် မည်သည့် မှတ်ချက်မှ မပေးနိုင်ခဲ့ချေ။ သူတို့ အားလုံးမှာ ထက်မြသော ဓားရှည်များနှင့် ဆင်တူကာ မာနကြီး၊ ရက်စက်မည့်ပုံ ရကြပေသည်။
သို့သော်လည်း... ကောလဟာလများမှာ အစဥ်အမြဲ မမှန်တတ်ချေ။
“တပည့် ဆယ်ယောက်နဲ့ အကြီးအကဲလေးယောက်...”
ဝေ့ဝူယင်က စိတ်ထဲမှ တိတ်တခိုး ရေတွက်လိုက်၏။ ဂိုဏ်းသုံးဂိုဏ်းမှာ ဤတာဝန်ကို အတော်အတန် အလေးအနက်ထားဟန် ရပေသည်။
အကြီးအကဲ တစ်ယောက်ချင်းစီမှာ ယင်ဖွဲ့စည်းခြင်း အဆင့်၌ ရှိနေကြကာ တပည့်များ အားလုံးမှာလည်း အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်နှစ်တွင် ရှိနေကြသည်။ သူတို့ အားလုံးမှာ ကိုယ်ပိုင်ဂိုဏ်းများမှ အဓိက တပည့်များ ဖြစ်ရပေမည်။
လှည့်ပတ်ကြည့်ရင်း ဝေ့ဝူယင်၏ အကြည့်များမှာ ရေပဲ့တင်သံဂိုဏ်းမှ မိန်းကလေး တစ်ယောက် အပေါ်သို့ ကျရောက်သွား၏။ သူမသည် စတော်ဘယ်ရီရွှေရောင် ဆံပင်များ၊ မျက်လုံးရွဲကြီးများ၊ ခြေတံရှည်များနှင့် ကြီးမား လုံးဝန်းသော ရင်သားများကို ပိုင်ဆိုင်ထားသည်။ သူမ၏ မျက်ဝန်းများထဲတွင် လူတိုင်းကို အထင်ကြီး ကျန်ရစ်စေနိုင်သည့် ယုံကြည်များ ဖြစ်တည်နေ၏။
ချီနှလုံးသားကို ရေချီနှလုံးသား အဖြစ် အသွင်ပြောင်းပြီးသည့် အလား သူမ၏ ခန္ဓာကိုယ်မှာ ရေစွမ်းအင် အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ သူမသာ အမှန်တယ် ရေချီ နှလုံးသားကို ဖွဲ့စည်းပြီးပါက သူမ၏ ကျင့်ကြံခြင်းမှာ ပုံမှန်ထက် သုံးဆခန့် ပိုမို မြင့်တက်လာနေလိမ့်မည် ဖြစ်သည်။
“ကိုယ့်ကိုယ်ကို ထိန်းဦး... ရှင့်နှာခေါင်းကြီး နီနေပြီ”
ရှင်းဖူက ကျယ်လောင်သော အသံဖြင့် လှမ်းအော်လိုက်လေ၏။
***