မိုးကြိုးနတ်ဘုရင်
Vol. 8 Ch. 29
ဖရက်နဲ့ဘာရွန်က လေထုထဲမှာ မျက်နှာချင်းဆိုင်ရပ်နေကြတယ်။ ဖရက်လက်ထဲမှာ မိုးကြိုးဓားကိုကိုင်ထားပြီး ဘာရွန်ကတော့ လက်ပိုက်ပြီးရပ်နေပါတယ်။ သူက ဖရက်ကို ပမာမခန့်တဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။
“မင်းအရင်စရမလား၊ ငါအရင်စရမလား။”
ဖရက်ကတော့ စကားမပြောဘဲ ဓားကိုစဝေ့ယမ်းရင်းနဲ့ပဲ အဖြေပြန်ပေးလိုက်တယ်။ အသံကိုကျော်လွန်နေတဲ့ အမြန်နှုန်းနဲ့အတူ လေထုပေါက်ကွဲသံထွက်လာတယ်။ တစ်ခဏအတွင်းမှာပဲ ဘာရွန်ရှေ့ကို ဖရက်ရောက်လာပြီး မိုးကြိုးဓားနဲ့လည်ပင်းကို ဦးတည်ခုတ်ပိုင်းလိုက်ပါပြီ။
“အားပါတယ်၊ ဟားဟား။” ဘာရွန်က ချီးကျူးလိုက်ပြီး ဖရက်ရဲ့မိုးကြိုးဓားကို တံတောင်နဲ့ပက်ထုတ်ပါတယ်။ မိုးကြိုးဓားက ဘာရွန်ရဲ့လက်နဲ့ထိတာနဲ့ထက်ပိုင်းပြတ်ပြီး ပျောက်ကွယ်သွားလေရဲ့။ ဒါပေမဲ့ ကောင်းကင်ပေါ်မှာ တိမ်တွေစုစည်းလိုက်ပြီးတော့ ခရမ်းရောင်မိုးကြိုးတစ်ချက် ပြန်ပစ်ချလိုက်ပါပြီ။ မိုးကြိုးလျှပ်စီးကြောင်းက ဖရက်လက်ထဲကိုကျဆင်းလာပြီး နောက်ဓားတစ်လက်ဖြစ်ပေါ်လာကာ ဘာမှမဖြစ်တဲ့အတိုင်း ဘာရွန်ကိုဆက်တိုက်ပါတယ်။
“မဆိုးဘူး၊ မဆိုးဘူး။ ဒါပေမဲ့ ဒီအားလောက်နဲ့တော့ ငါ့ကိုဒဏ်ရာရအောင် လုပ်လို့မရဘူးနော်။”
ဘာရွန်ကတော့ ရယ်မောရင်းနဲ့ပဲ ဖရက်ရဲ့ဓားချက်တွေကို အပျင်းပြေခတ်ထုတ်နေပါတယ်။ သိပ်မကြာခင်မှာပဲ ဖရက်ရဲ့အားနည်းလွန်းတဲ့ ဓားချက်တွေကို ခုခံနေရတာ ပျင်းရိတဲ့ပုံစံနဲ့ သူ့လက်ကိုဆန့်ထုတ်ပြီး ဖရက်ရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပါပြီ။ ဒါပေမဲ့ ဖရက်ကလည်း ဘာရွန်ဒီလိုလုပ်လာမှာကို ကြိုတွေးမိပုံပါပဲ။ သူက ပြုံးလိုက်တယ်။
ဂျိန်း... ဂျလိန်း...
ကောင်းကင်တိမ်တိုက်တွေက ရုတ်တရက်မိုင်ယာမီမြို့တစ်ခုလုံးကို ဖုံးအုပ်သွားပြီး မိုးကြိုးလျှပ်စီးသွားပေါင်းရာချီက တစ်ပြိုင်နက်တည်း ဘာရွန်ရဲ့ကိုယ်ပေါ်ကို လှံသွားတွေလိုမျိုး ကျဆင်းလာပါတော့တယ်။
....
“ဒါက ဆရာဖရက်ရဲ့စွမ်းအားလား၊ S rank တွေရဲ့စံနှုန်းနဲ့ဆိုရင်တောင် ရူးလောက်စရာပဲ။”
တိုက်ပွဲကိုကြည့်နေတဲ့ အီဗန်က မှတ်ချက်ချလိုက်ပါတယ်။ ဖရက်ရဲ့မိုးကြိုးနယ်မြေက မိုင်ငါးဆယ်ကျယ်တဲ့ မိုင်ယာမီမြို့ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားပြီး မိုးတိမ်တောင်တွေက ခရမ်းရောင်မိုးကြိုးလျှပ်စီးတွေနဲ့အတူတောက်ပနေတာကြောင့် အံ့မခန်းခမ်းနားတဲ့ တိုက်ပွဲမြင်ကွင်းကို သူတို့မြင်နေရတာပါ။
နှစ်ယောက်လုံးက မြေပြင်ကနေ မီတာသုံးထောင်လောက်ကွာတဲ့ လေထုထဲမှာ တိုက်ခိုက်နေကြတာတောင်မှ မြေပြင်မှာရပ်နေတဲ့သူတွေဟာ အန္တရာယ်အငွေ့အသက်ကို ခံစားမိကြတယ်။
....
“ဟားဟားဟား... အံ့ချီးဖွယ်ရာပဲ... တကယ့်ကို အံ့ချီးဖွယ်ရာပဲ။ ဒါပေမဲ့ ငါ့ကိုဒဏ်ရာရစေဖို့တော့ မလုံလောက်သေးဘူး။”
မိုးကြိုးမုန်တိုင်းအလယ်က ဘာရွန်ဆီကနေပြီး မိုးကွဲလုမတတ် ရယ်သံကြီးထွက်ပေါ်လာတယ်။ ဖရက်က မိုးကြိုးမုန်တိုင်းအတွင်းမှာ အသံမြန်နှုန်းသုံးဆအထိတင်ပြီး ဘာရွန်ကိုမိုးကြိုးဓားနဲ့ဆက်တိုက်ခုတ်နေပါတယ်။ သာမန်မိုးကြိုးတွေကလည်း ဆက်တိုက်ပစ်ချနေပြီးတော့ ဘာရွန်က စမ်းသပ်ခန်းထဲက တက်စလာကွိုင်လိုဖြစ်နေတယ်။ စမ်းသပ်ခန်းရဲ့အကျယ်က မိုင်ယာမီအထက်က မိုးကောင်းကင်ကြီးဖြစ်နေရုံကလွဲလို့ပေါ့။
ဘုန်း....
ဘာရွန်က အတောင်ပံကိုအားနဲ့ခတ်လိုက်တယ်။ အသံကျယ်ကြီးတစ်ခုနဲ့အတူ ပတ်ဝန်းကျင်က မိုးတိမ်တောင်တွေအားလုံး ပြန့်ကျဲကုန်ပါတယ်။ မိုးကြိုးမုန်တိုင်းလည်း တစ်စတစ်စပျောက်သွားပြီး ကြောင်ပြီးရပ်နေမိတဲ့ ဖရက်ရှေ့မှာ ဘာရွန်ပေါ်လာတယ်။ ဘာရွန်က ပိုးကောင်တစ်ပိုင်းဖြစ်နေတာဖြစ်တဲ့အတွက် သူ့အရပ်က ဖရက်ထက်အများကြီးပိုမြင့်နေပြီး ဖရက်က သူ့ရင်ဘတ်လောက်ပဲရှိတော့တယ်။
“အခုက ငါ့အလှည့်ပဲ။” ဘာရွန်က သူ့လက်ကိုမြှောက်ပြီး ဖရက်ရဲ့မျက်နှာကို လက်ပြန်ရိုက်ချတယ်။ ဖရက်က မိုးကြိုးဓားနဲ့ပြန်ပက်ထုတ်ပေမဲ့ မိုးကြိုးစွမ်းအင်ဓားက ချက်ချင်းတစ်စစီပျက်ပြယ်သွားကာ ဖရက်ပါးစပ်ထဲက သွားလေးချောင်းကျွတ်ထွက်သွားတယ်။
ဘုန်း...
“ဖရက်...” မက်ဒါနာက အဲဒီမြင်ကွင်းကြောင့် မျက်လုံးပြူးသွားတယ်။ ဖရက်ရဲ့ခန္ဓာကိုယ်က မိုးပေါ်ကနေ မြေပြင်ကို ချက်ချင်းပြုတ်ကျလာပြီး အနီးအနားက တောင်တစ်ခုကိုဝင်တိုက်တယ်။ တောင်က ထုတ်ချင်းပေါက်သွားပြီး သာမန်လူသာဆိုရင် သေနေလောက်ပါပြီ။
“ပွဲမပြီးသေးဘူးကွ...” ဖရက်က ရေရွတ်လိုက်တယ်။သူ့ခန္ဓာကိုယ်ကို မိုးကြိုးစက်ကွင်းတစ်ခုက ကာကွယ်ပေးနေပြီး ပြုတ်ကျလို့ဖြစ်ပေါ်လာတဲ့ သက်ရောက်အားအများစုကို အဲဒီစက်ကွင်းက ကြားဝင်ခံပေးလို့ အသက်မပျောက်တာပါ။ သူက သက်ရောက်အားကြောင့် မီးတောင်ဝကြီးလိုဖြစ်နေတဲ့ တောင်မျက်နှာပြင်ပေါ်မှာ ပြန်ထရပ်လိုက်တယ်။
“မင်းရန်သူက စောင့်မနေဘူးနော်။” ဘာရွန်က ခနဲ့တဲ့တဲ့စကားနဲ့အတူ ကောင်းကင်ပေါ်ကနေ ဆင်းချလာတယ်။ သူက ကောင်းကင်ပေါ်မှာ အတောင်ကိုခတ်ပြီး ဖရက်ရင်ဝကိုခြေထောက်တစ်ဖက်နဲ့ကန်တယ်။ ဖရက်က မိုးကြိုးဓားတစ်ချောင်းကို ချက်ချင်းဖွဲ့ပြီး သူ့ရင်ဝရှေ့မှာထောင်ကာ ခုခံပါတယ်။
ဂျိန်းဂျလိန်း....
ဖရက်ခန္ဓာကိုယ်ကို ခရမ်းရောင်မိုးကြိုးစက်ဝန်းက ထပ်ပြီးကာကွယ်ပေးထားတယ်။ ဒါပေမဲ့ ဘာရွန်က ရှေ့ဆက်တိုးနေဆဲဖြစ်ပြီး ဖရက် ဒူးတစ်ဖက်ထောက်လိုက်ရတယ်။ မိုးတိမ်တောင်တွေ ပြန်စုစည်းလာပြီး ဖရက်ရဲ့မိုးကြိုးစက်ကွင်းကို ပြန်အားဖြည့်ပေးနေတယ်။ မိုးကြိုးစက်ကွင်းက ပိုသန်မာလာပြီးတော့ အရွယ်အစားပိုကြီးလာကာ ဘာရွန်ကိုပြန်တွန်းလှန်နေတယ်။ ဖရက်ဟာ မိုးကြိုးတွေအလယ်မှာ ဂြိုဟ်ကမ္ဘာတစ်််ခုလိုဖြစ်နေပြီး မိုးကြိုးစက်ဝန်းကတော့ ကမ္ဘာ့သံလိုက်စက်ကွင်းလိုမျိုး ပြင်ပဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးထားတယ်။
“ဟမ်၊ ငါ့ခြေကန်ချက်ကို ခုခံနိုင်တဲ့ ခံစစ်မျိုး မင်းမှာရှိနေတာလား။” ဘာရွန် နည်းနည်းအံ့ဩသွားတယ်။ တကယ်တော့ သူတင်မဟုတ်ပါဘူး။ စိန်ခေါ်ပွဲကို စောင့်ကြည့်နေတဲ့ မက်ဒါနာတို့ပါ အံ့ဩနေကြတာပါ။
....
“သခင်မလေး၊ ဖရက်က အခုထိသူ့ကိုယ်သူကာကွယ်နေနိုင်သေးတယ်။ မိုးကြိုးလျှပ်စီးတွေရဲ့သံလိုက်စွမ်းအားကိုသုံးပြီး မထိုးဖောက်နိုင်တဲ့ ခံစစ်စွမ်းရည်တစ်ခုကို ထုတ်ဖော်ထားပါတယ်။”
အေမီရဲ့မျက်လုံးအိမ်တွေထဲက မှန်ဘီလူးတွေက သိသာစွာလည်ပတ်နေပြီးတော့ အဝေးမှာရှိနေတဲ့ ခရမ်းရောင်မိုးကြိုးစက်ကွင်းကြီးတစ်ခုကိုကြည့်ပြီး ကောက်ချက်ချလိုက်တယ်။ အခုအချိန်မတိုင်ခင်ကအထိ သူတို့တွေက ဘာရွန်ရဲ့ခွန်အားကြီးမားပြီး ကြောက်စရာကောင်းတဲ့တိုက်ကွက်တွေကြောင့် စိုးရိမ်နေခဲ့ကြတာပါ။
.....
ဂရင်းလန်းကျွန်း၊ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က။
ဖရက်တစ်ကိုယ်လုံး အညိုအမည်းတွေအပြည့်နဲ့ နှင်းတွေဖုံးနေတဲ့ မြေပြင်ပေါ်ကို လဲကျသွားတယ်။ ကြောင်နက်ကတော့ ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေပြီးတော့ သူ့လက်ဖဝါးကိုသူ လျှာနဲ့လျက်နေတယ်။ အနီးအနားမြေပြင်မှာတော့ မီးတောင်ဝကြီးတွေလိုထင်ရတဲ့ ကျွင်းကြီးတွေအများကြီးနဲ့ပြည့်နှက်နေပါတယ်။ အကုန်လုံးက သူတို့လေ့ကျင့်မှုရဲ့ရလဒ်တွေပါ။
“ဖရက်၊ မင်းရဲ့တိုက်စစ်စွမ်းအားက မဆိုးဘူး။ တကယ်ကောင်းတယ်။ ဒါပေမဲ့ ခံနိုင်ရည်က ချီးလိုပဲ။ မင်းစိတ်ထဲမှာတော့ ရန်သူတွေကို တစ်ချက်နှစ်ချက်လောက်ရိုက်ပြီး အနိုင်ယူနိုင်ရင် ဟုတ်လှပြီထင်နေမှာပေါ့။ ဒါပေမဲ့ မဟုတ်ဘူးကွ။ ခံနိုင်ရည်က ပိုအရေးကြီးတာ။ လူတစ်ယောက်ယောက်က ဘယ်လောက်သန်မာသန်မာ သူ့ထက်ပိုအင်အားကြီးတဲ့လူဆိုတာ ရှိလာတာပဲ။ အဲဒီလိုရန်သူမျိုးနဲ့တွေ့ရင် တိုက်ဖို့ထက် ခံနိုင်ရည်ရှိဖို့ကို ပိုဦးစားပေးရတယ်။ တစ်နည်း သူများရိုက်တာခံနိုင်ရမယ်ပေါ့ကွာ။”
ဖရက်ကတော့ ကောင်းကင်ပေါ်က တိမ်တိုက်တွေကိုငေးကြည့်ရင်း ပြောလိုက်ပါတယ်။ “ဒါပေမဲ့ ဆရာက မြူတန့်သားရဲတစ်ကောင်လေ။ ကျွန်တော်က လူသားဆိုတော့ လူသားတစ်ယောက် ခံနိုင်ရည်ရှိသလောက်ပဲ ရှိမှာပေါ့ဗျ။”
ဖရက်ဆီက အားလျှော့စကားကိုကြားတော့ ဆရာကြောင် စိတ်ဆိုးသွားပုံပဲ။ သူက ကျောက်တုံးကြီးပေါ်ကနေ ချက်ချင်းဆင်းလာပြီး ဖရက်ရဲ့အရှိုက်ကို နှစ်ချက်လောက် သာသာလေးဆင့်ထိုးလိုက်တယ်။
“အား၊ သေပါပြီဗျ။”
“ဖရက်၊ မင်းငတုံးပဲကွ။ မင်းက လူသားတစ်ယောက်လေ။ မင်းတို့လူသားတွေမှာ ငါတို့မြူတန့်သားရဲတွေထက် အများကြီးပိုသာတာရှိတယ်။ မင်းဦးနောက်ကိုသုံး။”
ဆရာကြောင်ပြောတဲ့စကားကို ပထမတော့ ဖရက်နားမလည်ဘူး။ သုံးရက်သုံးညကြာတဲ့အထိ လေ့ကျင့်ပြီးတိုင်း ကောင်းကင်က တိမ်တွေကိုကြည့်ရင်း စဥ်းစားခါမှ အတွေးပေါက်သွားတာ။
“ဟုတ်သားပဲ၊ ငါတို့လူသားတွေက မြူတန့်သားရဲတွေလို သန်မာတဲ့ခန္ဓာကိုယ်တွေမရှိပေမဲ့ ငါတို့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် တီထွင်ကြံဆကြတယ်မဟုတ်လား။ သိုင်းပညာမှာဆိုရင်လည်း တီထွင်ရင်းနဲ့ပဲ အံ့မခန်းစွမ်းအားကြီးတဲ့ သိုင်းနည်းစနစ်တွေထွက်ပေါ်လာတာ။”
ဖရက်တစ်ယောက် အဲဒီအကြံကို ရရချင်းမှာပဲ ကောင်းကင်ကြီးကို ပက်လက်လှန်မော့ကြည့်နေရာကနေ ထထိုင်လိုက်တယ်။ “ဒါပေမဲ့ ငါက ဘယ်လိုသိုင်းပညာမျိုးကို တီထွင်ရမှာလဲ။ ငါက တိုက်ခိုက်ရေးနည်းစနစ်တွေကိုလေ့လာပေမဲ့ သိုင်းပညာဟီးရိုးမဟုတ်ဘူးလေ။”
ကြံရာမရတော့တဲ့အတွက် ကြောင်နက်ကို ထပ်သွားမေးတော့ ကြောင်နက်က သူ့ကြောင်နှုတ်ခမ်းမွှေးတွေကို လက်နဲ့သပ်ရင်း ပြန်အဖြေပေးပါတယ်။
“မင်းက ပြဿနာကိုဖြေရှင်းဖို့ သိုင်းပညာတစ်ခုကို တီထွင်ချင်တာလား။ ဒါပေမဲ့ ဘယ်ကစရမှန်းမသိဘူးပေါ့။ ဒီတော့ ငါမင်းကို ပြန်မေးမယ်။ လူသားတွေက သိုင်းပညာတွေကို ဘယ်လိုတီထွင်လဲ၊ ကြားဖူးသလောက်ပြောကြည့်။”
ဖရက်ပြန်စဥ်းစားလိုက်ပြီး ပြန်ပြောလိုက်တယ်။ “သိပ်တော့မရင်းနှီးပေမဲ့ ရှောင်လင်ကျောင်းသိုင်းပညာတချို့ သတ္တဝါတွေအပေါ်အခြေခံပြီး ထွင်ကြတာမဟုတ်လား။”
ဖရက်က ပြောပြောဆိုဆိုနဲ့ ဆရာကြောင်နက်ကို သေချာကြည့်လိုက်တယ်။ ကြောင်နက်ကလည်း သူ့တပည့်အကြည့်ကို နားလည်တဲ့ပုံပဲ။ ချက်ချင်းအမွှေးတွေထောင်ထလာပြီး လက်ကိုပိုက်လိုက်တယ်။ ကျောချမ်းသွားတဲ့ပုံပဲ။
“ငါ့လှုပ်ပုံရှားပုံတွေကြည့်ပြီး ကြောင်သိုင်းထွင်ဖို့တော့ မစဥ်းစားနဲ့နော်။ မင်းငါ့ကို မီမှာမဟုတ်ဘူး။”
“ဒါဖြင့် ကျွန်တော်က ဘယ်လိုလုပ်ရမှာလဲ။”
ကြောင်နက်လည်း ဖရက်ရဲ့စိတ်ပျက်စွာပြောလိုက်တဲ့စကားကြောင့် သက်ပြင်းချလိုက်ပြီး။ “ငတုံး၊ မင်းက လည်မလိုလိုနဲ့ အတော်ပိန်းတဲ့ကောင်။ လူသားတွေက သဘာဝတရားကြီးကို လေ့လာပြီး သိုင်းပညာတွေ ထွင်ခဲ့တာမဟုတ်လား။ မင်းလည်း သဘာဝတရားကြီးကို လေ့လာပြီးတစ်ခုခုထွင်လေ။ သွား၊ ငါ့ကိုလာမရှုပ်နဲ့တော့။”
ဆရာကြောင်နက်က သူ့ကိုတာဝန်မဲ့စွာနဲ့ မောင်းထုတ်ခဲ့တာဆိုပေမဲ့ ဖရက်အတွက် နောက်တစ်ဆင့်ကို စတင်နိုင်မယ့် အတွေးစတစ်ခုကို ရရှိသွားတယ်။ “နေဦး၊ မိုးကြိုးလျှပ်စီးဆိုတာကလည်း သဘာဝပတ်ဝန်းကျင်မှာ တည်ရှိနေတဲ့အရာပဲမဟုတ်လား။ ပြီးတော့ ငါနဲ့ရင်းနှီးတဲ့အရာလေ။”
အဲဒီနောက်တော့ ဖရက်က တောင်ပံကိုဖွင့်ကာ ကောင်းကင်ပေါ်ကို ပျံတက်လိုက်တယ်။ အဲဒီနောက် သူ့မိတ်ဆွေတိမ်တိုက်တွေကို ဆင့်ခေါ်ကာ မိုးကြိုးလျှပ်စီးတွေရဲ့ဖြစ်အင်ကို အသေးစိတ်ကျကျစတင်လေ့လာပါတော့တယ်။
‘လျှပ်စီးကြောင်းတွေက အံ့မခန်းအပူစွမ်းအားရှိပြီး၊ သံလိုက်စက်ကွင်းတွေကို ဖန်တီးနိုင်တယ်။ ကမ္ဘာကြီးရဲ့အတွင်းမှာရှိနေတဲ့ ပူနွေးတဲ့အူတိုင်က တစ်ကမ္ဘာလုံးကို ကာကွယ်ပေးနိုင်တဲ့ သံလိုက်စက်ကွင်းကိုဖန်တီးပေးနိုင်တယ်။ ဒီတော့ ဘာလို့ငါ့ကိုယ်ငါကာကွယ်ပေးနိုင်မယ့် သံလိုက်စက်ကွင်းတစ်ခုကို ဘာလို့မဖန်တီးနိုင်ရမှာလဲ။’
....
‘သံလိုက်စက်ကွင်းတွေရဲ့သဘောတရားကို နားလည်ပြီးထိန်းချုပ်ဖို့ ငါအများကြီးကြိုးစားခဲ့ရတာ။ အခုတော့ မမလေးကိုကူညီဖို့ ငါအခွင့်အရေးရခဲ့ပြီကွ။’ ဖရက်က ခံစစ်ကိုအားပိုဖြည့်လိုက်ရင်း တွေးလိုက်တယ်။
“လိပ်လိုအခွံထဲမှာ ပုန်းနေချင်တာလား။” ဘာရွန်က ခြေကိုပြန်ရုပ်လိုက်ပြီး ကိုယ်ကိုတစ်ပတ်ပတ်ကာ နောက်ခြေတစ်ဖက်နဲ့ ထပ်ကန်တယ်။ ပြီးတော့ မတူညီတဲ့ ဦးတည်ရာတစ်ဖက်ကနေ ပြောင်းကန်တာပါ။
“မကောင်းတော့ဘူး။” ဖရက်မျက်လုံးပြူးသွားတယ်။ သူ့သံလိုက်စက်ကွင်းက နေရာတိုင်းကို တန်းတူဖြန့်ကျက်ထားနိုင်တဲ့ အကာအကွယ်မျိုးမဟုတ်ပါဘူး။ တစ်နေရာတည်းကိုပဲ အားစိုက်ကာကွယ်ရတာမျိုးပါ။ ကျန်တဲ့အပိုင်းတွေကလည်း သူ့ကိုကာကွယ်ပေးနေပေမဲ့ အားစိုက်ထားတဲ့အပိုင်းနဲ့ယှဥ်ရင်တော့ အားနည်းပါတယ်။
ဘာရွန်ရဲ့ခြေကန်ချက်က သူနဲ့ထိဖို့ ပိုပိုပြီးနီးလာတယ်။ စက်ကွင်းကို ဦးတည်ရာပြောင်းဖို့ဖြစ်နိုင်ပေမဲ့ အချိန်လိုအပ်တယ်။ ပြီးတော့ ဘာရွန်ရဲ့ခြေကန်ချက်က သူ့ခံစစ်ကို အမြန်ဖောက်ဝင်လာနေတာကြောင့် တုန့်ဆိုင်းနေလို့မရတော့ဘူး။
ဘုန်း....
ဖရက်က သံလိုက်စက်ကွင်းကို ထိန်းချုပ်မနေတော့ဘဲ ဖောက်ခွဲပစ်လိုက်တယ်။ သံလိုက်စွမ်းအားလှိုင်းတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန့်နှံသွားပြီး မီတာတစ်ရာဝန်းကျင်က သစ်ပင်တွေနဲ့ကျောက်စိုင်ကျောက်ခဲတွေကို မှုန့်ညက်နေအောင် ကြေသွားစေတယ်။ ဖရက်ကတော့ အတောင်ကိုအားကုန်ခတ်ပြီး ဘာရွန်ရဲ့တိုက်ကွက်ရောက်မလာခင် ကောင်းကင်ပေါ် ပျံတက်လိုက်တယ်။
ဘုန်း.... ဘုန်း... ဘုန်း....
ဖရက်လွတ်သွားပြီး စက္ကန့်ဝက်လောက်အကြာမှာပဲ ဘာရွန်ရဲ့ခြေထောက်က ဖရက်ရပ်နေခဲ့တဲ့နေရာကို ကျဆင်းသွားတယ်။ တောင်ကြီးတစ်ခုလုံး ရှစ်စိပ်ကွဲထွက်သွားပြီး ကျောက်ဆိုင်ကျောက်ခဲအစအနတွေက လေထုထဲကို မြောက်တက်လာတယ်။ တချို့ကျောက်တုံးကျောက်ခဲကြီးတွေက မိုင်ယာမီမြို့ လူနေရပ်ကွက်တွေပေါ်ကို ကျဆင်းလာပေမဲ့ ပွဲခင်းထဲမှာရှိနေတဲ့ ဆိုဖီယာက ကောင်းကင်ပေါ်ပျံတက်လိုက်ပြီး တားစီးလိုက်ပါတယ်။
တချို့ပိုးကောင်တွေကတော့ မျက်မှောင်ကြုတ်ကြတယ်။ သူတို့က ကျောင်းသားတွေကို တိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ စစ်နတ်သမီးတွေကလည်း ပိုးကောင်တွေကို သေနတ်တွေနဲ့ပြန်ချိန်တယ်။
သူတို့က မက်ဒါနာတို့အုပ်စု တိုက်ပွဲကိုဝင်ရှုပ်တာနဲ့ ကျောင်းသားတွေကိုသတ်ပစ်ဖို့ အသင့်ပြင်ထားကြသူတွေပါ။ တစ်နည်းအားဖြင့် ဝင်ပါတာနဲ့တကယ့်တိုက်ပွဲစပြီလို့ပြောရမယ်။ ဥစာကီအနေနဲ့ လူမသတ်ချင်ရင်တောင် သူ့လူတွေရဲ့တိုက်ပွဲမှာ ဝင်မပါချင်လို့မရပါဘူး။ ဒါပေမဲ့ ဥစာကီက သူ့ကိုလက်ပြပြီးတားခဲ့လို့ သူတို့က တိုက်ပွဲအစစ်စမယ့်အစီအစဥ်ကို ခဏဆိုင်းငံ့ထားလိုက်တာ။
“နှစ်ယောက်ချင်းတိုက်ပွဲကို ဝင်နှောင့်ယှက်မိမှ ငါတို့သဘောတူညီချက် ပျက်မှာမဟုတ်လား။” ဆိုဖီယာက ဘုရင်မဖြစ်တဲ့ ဥစာကီကို မေးလိုက်တော့ ဥစာကီက ခေါင်းညိတ်ပြပြီး ပိုးကောင်တွေကို ပြောလိုက်ပါတယ်။
“သူက ဘာရွန်ကိုတိုက်ဖို့လှုပ်ရှားတာမဟုတ်ဘူး၊ မင်းတို့လက်နက်တွေ ပြန်ချထားလိုက်။” ပိုးကောင် တွေက ခံပြင်းစွာနဲ့ပဲ သူတို့ရဲ့ရွယ်ထားတဲ့လက်တွေကို ပြန်ရုပ်လိုက်တယ်။ ဒါပေမဲ့ သူတို့မျက်နှာတွေပေါ်မှာတော့ မကျေနပ်မှုက အထင်းသား။
....
“မင်းနဲ့ကစားကတာ ထင်ထားတာထက် ပိုပျော်ဖို့ကောင်းသားပဲ။ ကဲ၊ နောက်တစ်ဆင့်တက်ရအောင်။”
ဘာရွန်က သူ့ကျောမှာထွက်နေတဲ့ ပိုးကောင်လက်တံတစ်ချောင်းကို ဆွဲနှုတ်ပြီး ကာတာနာလိုကိုင်လိုက်ပါတယ်။ ဘာရွန်ရဲ့မူလခန္ဓာကိုယ်ပိုင်ရှင်က အိခဲဒပါ။ ဒါကြောင့် ဘာရွန်ကလည်း အိခဲဒရဲ့ဓားသိုင်းကိုသုံးနိုင်ပါတယ်။
“သေလိုက်တော့။” ဘာရွန်က လက်ထဲမှာဓားကိုကိုင်ထားပြီး ရင်းနှီးနေတဲ့ဓားကွက်တွေကို စသုံးတယ်။ “တောင်ဖြိုဓားသိုင်း၊ သုံးဆင့်ခုတ်ပိုင်းခြင်း။” ဓားသုံးချက်က တစ်ချက်တည်းအဖြစ်ပြန်ပေါင်းစည်းသွားပြီး ဖရက်အပေါ်ကိုမိုးကျလာတယ်။
ဖရက်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ထဲကဓားကို ဧရာမလေးကြီးအဖြစ်ပြောင်းလိုက်တယ်။ လေးက စွမ်းအင်လေးဖြစ်ပေမဲ့ အတော်အသေးစိတ်ပြီး စွမ်းအင်နဲ့ဖွဲ့စည်းထားတဲ့ ဒေါင်းတစ်ကောင်ရဲ့အမွှေးအတောင်တွေကိုတောင် မြင်နိုင်ပါတယ်။ ဖရက်က လေးညို့ကိုဆွဲလိုက်တယ်။ မိုးတိမ်တောင်တွေက မိုးကြိုးတွေက မြားတစ်စင်းအဖြစ်ဖွဲ့စည်းသွားပြီး ဖရက်က ဘာရွန်ရဲ့ဓားချက်ကိုတည့်တည့် ပစ်ခွင်းလိုက်တယ်။
ဘုန်း.....
ဘာရွန်ရဲ့လက်ထဲက ပိုးကောင်လက်တံက တစ်စစီကျိုးပဲ့သွားတယ်။ ဒါကြောင့် ဓားချက်လည်းပျက်စီးသွားပါပြီ။ ဖရက်ကတော့ ပင်ပန်းနေပေမဲ့ အသက်ကို ဝဝရှုလိုက်ပြီး နောက်လေးတစ်ချောင်းကိုအသင့်ထပ်ပြင်တယ်။ ဘာရွန်ကတော့ တောင်ပြိုဓားချက် ပျက်သွားတဲ့အတွက် သိပ်ကိုဒေါသထွက်နေပါပြီ။
“မလောက်လေးမလောက်စားကောင်ကများ။” သူ့ခန္ဓာကိုယ်က ရုတ်တရက်ကြီးထွားလာပြီး ဧရာမနားကျယ်ကောင်ကြီးအဖြစ်ပြောင်းသွားတယ်။ ဖရက်က ဘာရွန်ကို ပုံစံအပြည့်ပြောင်းဖို့ ဖိအားပေးနိုင်ခဲ့ပါပြီ။
ဖောင်း... ဖောင်း... ဖောင်း....
ဖရက်က သူ့ဆီကိုပြေးလာနေတဲ့ ဧရာမပိုးကောင်ကြီးကို လေးနဲ့ဆက်တိုက်ပစ်ခွင်းတယ်။ ဒါပေမဲ့ အကြေးခွံတချို့အက်သွားရုံအပြင် ဘာမှမထူးခြားဘူး။ အနားနီးလာချိန်မှာတော့ ဖရက်က လေးကိုဖျကိသိမ်းလိုက်ပြီး ဓားတိုနှစ်လက်အဖြစ်ပြောင်းလိုက်တယ်။
“ဟား.....” ဖရက်က အကျယ်ကြီးကြိမ်းဝါးအော်ဟစ်လိုက်တယ်။ ဘာရွန်ကို သူမနိုင်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ သူလုပ်နိုင်သမျှအကုန်လုံးလုပ်မှာပါ။ သူ့မျက်လုံးတွေထဲမှာ မိုးကြိုးစွမ်းအားတွေပြည့်လာပြီး ခန္ဓာကိုယ်သွေးကြောတွေက ဖောင်းပွလာတယ်။ သူ့ကိုယ်ပေါ်ကို မိုးတိမ်တောင်တွေထဲက မိုးကြိုးတွေ ပစ်ချတဲ့အတွက် တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့လျှပ်စီးတွေနဲ့ပြည့်နှက်လာတယ်။ အဲဒီနောက်တော့ လျှပ်စစ်စီးကြောင်းတွေက ဧရာမသတ္တဝါကြီးတစ်ကောင်ရဲ့ပုံစံဖြစ်ပေါ်လာတယ်။
သတ္တဝါကြီးရဲ့အရွယ်အစားက မီတာသုံးရာနီးပါး ကြီးထွားလာပြီး လက်ထဲမှာ ဖရက်လိုပဲ မိုးကြိုးဓားနှစ်လက်ကို ကိုင်ဆောင်ထားတယ်။ မျက်နှာကိုတော့ သဲသဲကွဲကွဲမမြင်ရပေမဲ့ မျက်လုံးတွေမှာ ခရမ်းရောင်မီးတောက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ခေါင်းမှာတော့ သိုးဦးချိုလို ချိုတစ်စုံကို မထင်မရှားမြင်ရတယ်။ ဒီဘီလူးကြီးက အသက်ရှိနေတာမျိုးမဟုတ်ဘဲ ဖရက်က သူ့ရဲ့သံလိုက်စက်ကွင်းကိုထိန်းကြောင်းနိုင်တဲ့ အတတ်ပညာအသစ်နဲ့ဖန်တီးလိုက်တဲ့ အတုအယောင်ပုံရိပ်ပါ။ ဒါပေမဲ့ စွမ်းအားကြီးလွန်းပြီး ထိန်းချုပ်ရခက်ပါတယ်။ တစ်ကြိမ်လောက် ထုတ်ဖော်တိုက်ခိုက်ဖို့ကိုတောင် ဖရက်က သေမလောက်အားစိုက်ထုတ်ရတယ်။ ပြီးတော့ ဒါက သူ့ရဲ့လေ့ကျင့်မှုကနေရလာတဲ့ နောက်ဆုံးရလဒ်ပါ။
မိုးတိမ်တောင်တွေထဲက မိုးကြိုးစွမ်းအားတွေလည်း ကုန်ဆုံးသွားပုံနဲ့ လုံးဝပျောက်ကွယ်သွားပါပြီ။ ဖရက်က နောက်ဆုံးကျန်နေတဲ့အားနဲ့ မိုးကြိုးနတ်ဘီလူးကြီးကိုထိန်းချုပ်ကာ ဧရာမနားကျယ်ကောင်ကြီးရဲ့ခေါင်းကို ဦးတည်ခုတ်ချလိုက်တယ်။
ဝုန်း... ဝေါ... ဝလော.... ကမ္ဘာပျက်လုမတတ်အသံကျယ်ကြီးနဲ့အတူ မိုးကြိုးလျှပ်စီးတန်းတွေက တိုက်ပွဲမြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါပြီ။